အမျိုးသမီးများအား အကြမ်းဖက်မှု
နိုင်ဂျီးရီးယားမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ကုလသမဂ္ဂ၏ လူ့ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ၊ ၁၉၉၅ အရအမျိုးသမီးများသည် မွေးလာသည့်အချိန်ကစပြီး သေဆုံးသည့်အထိ အကြမ်းဖက်မှု၏သားကောင်ဖြစ်ရကြသည်။ ကမ္ဘာတစ်ဝန်းမှ လေ့လာမှုများက အောက်ပါအတိုင်းဖော်ပြသည်–
မမွေးဖွားမီ။ နိုင်ငံအချို့တွင် သန္ဓေသားသည် ယောက်ျားလေးလော၊ မိန်းကလေးလော သိရှိဖို့အတွက် စမ်းသပ်မှုများပြုလုပ်ကြသည်။ မိန်းကလေးများကို ဖျက်ချလေ့ရှိသည်။
ကလေးဘဝတွင်။ ဘာဘေးဒိုးစ်၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေးနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အမျိုးသမီး ၃ ဦးအနက် ၁ ဦးသည် ကလေးဘဝ သို့တည်းမဟုတ် မြီးကောင်ပေါက်အရွယ်အတွင်း လိင်ဆိုင်ရာမတော်တရားပြုမူခြင်း ခံရကြသည်ဟု သတင်းများရရှိသည်။ အာရှနှင့် အခြားနေရာများတွင်လည်း နှစ်စဉ် ကလေးတစ်သန်းခန့်—အများအားဖြင့် မိန်းကလေးများ—ကိုပြည့်တန်ဆာလုပ်ဖို့ အတင်းအကျပ်ခိုင်းကြသည်။ ကမ္ဘာချီ သန်းပေါင်းများစွာသော မိန်းကလေးတို့သည် လိင်အင်္ဂါများကို ဖျက်ဆီးခံရကြသည်။
လူကြီးဘဝတွင်။ ချီလီ၊ မက္ကစီကို၊ ပါပူဝါနယူးဂီနီနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် အိမ်ထောင်သည် အမျိုးသမီး ၃ ဦးအနက် ၂ ဦးသည် အိမ်တွင်းအကြမ်းဖက်မှု၏ သားကောင်များဖြစ်ရကြသည်။ ကနေဒါ၊ နယူးဇီလန်၊ အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ အမျိုးသမီး ၆ ဦးအနက် ၁ ဦးသည် ဗလက္ကာရပြုခြင်းခံရသည်။
နောက်ပိုင်းအသက်တာတွင်။ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကင်ညာ၊ ပါပူဝါနယူးဂီနီနှင့် ထိုင်းတို့ရှိ အမျိုးသမီးထက်ဝက်ကျော် သေဆုံးရခြင်းမှာ ယခင် သို့မဟုတ် လက်ရှိအိမ်ထောင်ဖက်တို့က သတ်လိုက်ခြင်းကြောင့် ဖြစ်သည်။ အာဖရိက၊ တောင်အမေရိက၊ များစွာသောပစိဖိတ်ကျွန်းနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အမျိုးသမီးများကိုယ့်ကိုယ်ကို သတ်သေရခြင်းမှာ ခင်ပွန်းသည်၏အကြမ်းဖက်မှုကြောင့်ဖြစ်သည်။
အမျိုးသမီးများအား အကြမ်းဖက်မှုမှာ များစွာသောသူတို့သည် “မတော်မတရားပြုသောသူ၊” “ကြင်နာမှုကင်းမဲ့သောသူ၊” “ရက်စက်ကြမ်းကြုတ်သောသူ၊” များဖြစ်လာမည်ဟု သမ္မာကျမ်းစာကဆိုထားသည့် “နောက်ဆုံးကာလ” ၏ရုပ်လုံးဖြစ်သည်။ (၂ တိမောသေ ၃:၁-၅၊ အမေရိကန်သမ္မာကျမ်းစာသစ်) အဆိုပါဆင်းရဲမှုမြားမြောင်လှသည့် “နောက်ဆုံးကာလ” ပြီးဆုံးသွားပြီးနောက် မြေကြီးသားအားလုံးသည် “အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာနေရကြ” မည့်ငြိမ်သက်သောကမ္ဘာသစ်ကို ယေဟောဝါဘုရားသခင်ပြုလုပ်ပေးမည်ဟူသော ကတိတော်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်နိုင်ပါသည်။ (ယေဇကျေလ ၃၄:၂၈; ၂ ပေတရု ၃:၁၃) ဘုရားသခင့်နိုင်ငံတော်အောက်တွင် ယေရှုခရစ်သည် “ဟစ်ခေါ်လျက်နွမ်းပါးသူနှင့် ခိုကိုးရာမဲ့ ဆင်းရဲသားတို့ကို ကယ်လွှတ်ခြင်း၊ အားနည်းသူနှင့်နွမ်းပါးသူတို့ကို သနားလျက် အဓမ္မမှုနှင့် ကြမ်းကြုတ်မှုမှ အသက်ကိုရွေးနုတ်ခြင်း ပြုတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂၊ ၁၄၊ သမ။