ကျော်ကြားသောဥယျာဉ်အချို့ကို ဆန်းစစ်ခြင်း
လူသည် မျက်မှောက်ခေတ်တူရကီနိုင်ငံရှိ ဗင်ရေကန်အနီး၌ဖြစ်ကောင်းဖြစ်မည့် ဧဒင်ဟုခေါ်သောအရပ်ရှိဥယျာဉ်တစ်ခု၌ ပရဒိသုအတွေ့အကြုံကိုစတင်ခံစားခဲ့သည်။ “ဥယျာဉ်ကိုပြုစုစောင့်” ကြရသည့်အာဒံနှင့်ဧဝအတွက် မြစ်တစ်သွယ်သည် လေးဖြာကွဲ၍ဥယျာဉ်ကိုစွတ်စိုစေခဲ့သည်။ ‘အဆင်းလှ၍၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုး’ စုံလင်များပြားလှသည့်ဥယျာဉ်တစ်ခုကို တာဝန်ယူရခြင်းသည် တကယ့်ကောင်းချီးတစ်ရပ်ဖြစ်မည်!—ကမ္ဘာဦး ၂:၈-၁၅။
ဧဒင်ဥယျာဉ်သည် စုံလင်ပြည့်ဝသောစံအိမ်ဖြစ်ခဲ့သည်။ အာဒံ၊ ဧဝနှင့် သူတို့သားသမီးများသည် ယင်း၏နယ်နိမိတ်ကိုချဲ့ထွင်ဖို့ဖြစ်သည်။ သူတို့၏ပုံနမူနာအဖြစ် ဘုရားသခင်၏လက်ရာမြောက်လှသော မူလဒီဇိုင်းကိုအသုံးပြုကြရမည်မှာ သံသယရှိစရာမလိုပေ။ အတန်ကြာလေသော် ကမ္ဘာတစ်ခုလုံးသည် လူများဖြင့်ပြည့်နေသည့် စိတ်ချမ်းမြေ့ဖွယ်ရာပရဒိသုတစ်ခု ဖြစ်လာလိမ့်မည်တည်း။ သို့ရာတွင် ကျွန်ုပ်တို့၏ကနဦးမိဘများသည် စိတ်လိုကိုယ်လျောက်မနာခံခဲ့ကြသောကြောင့် ဤဘေးမဲ့အရပ်မှနှင်ထုတ်ခံခဲ့ကြရသည်။ ဝမ်းနည်းစရာမှာ လူ့မိသားစုမှ အခြားသူအားလုံးသည် ဤဧဒင်စံအိမ်အပြင်ဘက်၌ မွေးဖွားခဲ့ကြခြင်းပင်ဖြစ်သည်။
မည်သို့ဆိုစေကာမူ လူသည် ပရဒိသုတွင်နေထိုင်ရန် ဖန်ဆင်းရှင်ရည်ရွယ်ထားတော်မူသည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်များသည် ယင်း၏ပုံတူများတွင် နေထိုင်ဖို့ကြိုးစားကြမည်ကား သဘာဝပင်ဖြစ်တော့သည်။
အစောပိုင်း ဥယျာဉ်များ
ဗာဗုလုန်မိုးပျံဥယျာဉ်များကို ရှေးခေတ်အံ့ဖွယ်တစ်ခုအဖြစ် ချီးမြှောက်ထားသည်။ ယင်းတို့ကို မွေးရပ်တောင်တန်းဒေသကိုလွမ်းသည့် မေဒိကြင်ယာတော်အတွက် လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ကျော်က နေဗုခဒ်နေဇာမင်းကြီးဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ၇၅ ပေအမြင့်ရှိ အဆင့်ဆင့်ဆောက်လုပ်ထားသော ဤမုခ်ခုံးအခန်းများတွင် အပင်များစွာစိုက်ပျိုးထားပြီး သစ်ပင်ကြီးများပါစိုက်ပျိုးရန် မြေဆီအလုံအလောက်ရှိထားသည်။ အိမ်ကိုလွမ်းသည့်မိဖုရားသည် ဤလှေကားထစ်ပုံရှိ ဧဒင်အရပ်ကဲ့သို့သောဒေသတွင် လျှောက်သွားစဉ် ဖြေသိမ့်မှုရရှိခဲ့ပေမည်။
မြေသြဇာကောင်းသောအီဂျစ်နိုင်းလ်တောင်ကြားတွင် ဥယျာဉ်ခြံရှုခင်း ပြုပြင်စီမံခြင်း ခေတ်စားခဲ့သည်။ “အီဂျစ်နိုင်ငံသည် ကမ္ဘာ့ရှေးအကျဆုံးဥယျာဉ်ရှုခင်းများစတင်ရာဖြစ်ပြီး ထူးကဲစွာရှည်လျားသည့် . . . ဥယျာဉ်စိုက်ပျိုးခြင်းဓလေ့ တည်ရှိခဲ့သည့်နေရာဖြစ်သည်” ဟုအောက်စ်ဖို့ဒ်ဥယျာဉ်လက်စွဲစာအုပ်တွင်ဖော်ပြထားသည်။ ဘီ.စီ.အီး. ၁၄၀၀ ခန့်က သဲဗ်စ်မြို့တွင်နေထိုင်ခဲ့သော အီဂျစ်အရာရှိတစ်ဦး၏ဥယျာဉ်ပန်းခြံ စီမံပြင်ဆင်မှုပုံစံတစ်ခုတွင် ရေကန်များ၊ သစ်ပင်များစီတန်းစိုက်ထားသော ရိပ်သာလမ်းများနှင့် မဏ္ဍပ်များကို ဖော်ပြထားသည်။ တော်ဝင်ဥယျာဉ်များပြီးနောက် ဗိမာန်ဥယျာဉ်များသည် ဝမ်းဘဲ၊ ငါးနှင့် ပဒုမ္မာကြာနှင်းပန်းပင်ပေါများသော ရေကန်များနှင့်ရေအိုင်များမှ ရေပေးစိုက်ပျိုးထားသော သစ်တောငယ်များ၊ ပန်းနှင့် ဆေးပင်များဖြင့်စည်ကားဝေဆာလှသည့်ဥယျာဉ်များဖြစ်သည်။—ထွက်မြောက်ရာ ၇:၁၉ နှိုင်းယှဉ်။
ပါးရှားလူမျိုးများသည်လည်း ကမ္ဘာ့ဥယျာဉ်စိုက်ပျိုးသူများအဖြစ် ထူးချွန်သူများဖြစ်ခဲ့ကြသည်။ ပါးရှားနှင့်အီဂျစ်ဥယျာဉ်များသည် စွဲမက်ဖွယ်ကောင်းသောကြောင့် ဘီ.စီ.အီး. လေးရာစုတွင် မဟာအလက်ဇန္ဒား၏အောင်ပွဲရတပ်များ ဂရိပြည်သို့ပြန်လာကြသောအခါ မျိုးစေ့များ၊ အပင်များနှင့် စိတ်ကူးများတို့ကို စုဆောင်းသယ်ယူလာခဲ့ကြသည်။ အေသင်မြို့တွင် အရစ္စတိုတယ်နှင့် သူ၏တပည့် သီအိုဖရပ်စတပ်စ်တို့သည် အပင်များကိုလေ့လာပြီး အမျိုးအစားခွဲခြားသတ်မှတ်ရန် ဒေသအပင်အမျိုးပေါင်းများစွာကိုစုဆောင်းကာ ရုက္ခဗေဒဥယျာဉ်တစ်ခုအစပြုတည်ထောင်ခဲ့ကြသည်။ ချမ်းသာသောဂရိလူမျိုးများစွာသည် ၎င်းတို့မတိုင်မီက အီဂျစ်လူမျိုးများနှင့် ပါးရှားလူမျိုးများကဲ့သို့ပင် စည်ကားဝေဆာသောဥယျာဉ်များ ရှိခဲ့ကြသည်။
ရောမမြို့သားများသည် ကျဉ်းကျပ်သောမြို့လပ်တွင် အိမ်နှင့်ဥယျာဉ်ခြံတည်ဆောက်ခဲ့ကြသည်။ ချမ်းသာသူများသည် ၎င်းတို့၏ကျေးလက်ရိပ်မြုံများတွင် အလွန်နှစ်လိုဖွယ်ကောင်းသောဥယျာဉ်ခြံကြီးများကို ပြုလုပ်ဖန်တီးခဲ့ကြသည်။ မင်းဆိုးနီရိုပင်လျှင် သူ၏ဧဒင်ကို အလိုရှိခဲ့သည်၊ ထို့ကြောင့် ရာနှင့်ချီသောမိသားစုများကို ရက်ရက်စက်စက်နှင်ထုတ်ကာ သူတို့၏အိမ်များကိုဖျက်ဆီးပစ်ပြီး သူ၏နန်းတော်ပတ်လည်တွင် ၁၂၅ ဧကကျော်သော သီးသန့်ဥယျာဉ်တစ်ခုကိုပြုလုပ်ခဲ့သည်။ နောက်ပိုင်း စီ.အီး. ၁၃၈ ခန့်တွင် တစ်ဗလီရှိဧကရာဇ်ဟေဒရီယန်၏ရိပ်မြုံတွင် ရောမဥယျာဉ်ပန်းခြံ စီမံပြင်ဆင်မှုသည် အထွတ်အထိပ်သို့ရောက်ခဲ့သည်။ ထိုရိပ်မြုံသည် ဧက ၆၀၀ ကျယ်ဝန်းပြီး ပန်းခြံများ၊ အင်းအိုင်များ၊ ရေကန်များတို့ဖြင့် ပြည့်နှက်နေသည်။
ရှေးဣသရေလလူမျိုးများသည်လည်း ဥယျာဉ်ခြံများပိုင်ဆိုင်ခဲ့ကြသည်။ ယေရုရှလင်မြို့မှ ရှစ်မိုင်မှဆယ်မိုင်ခန့်ရှိ အီတမ်ဟုခေါ်သောနေရာတွင် စမ်းချောင်းများစွာရှိသော ကြည်နူးဖွယ်ပန်းခြံများအကြောင်း ဂျူးသမိုင်းဆရာဂျိုစီဖတ်စ်က ရေးသားခဲ့သည်။ ရှောလမုန်သည် ‘မိမိအတွက်စီမံ’ သည်ဟု သမ္မာကျမ်းစာဆိုထားသော ‘ဥယျာဉ်များ၊ ပန်းခြံများ၊ အင်းအိုင်များနှင့်တောတို့’ တွင်အီတမ်ပန်းခြံများပါဝင်နိုင်ပေသည်။ (ဒေသနာ ၂:၅၊ ၆) ယေရုရှလင်မြို့ပြင် သံလွင်တောင်ပေါ်တွင် ယေရှုခရစ်ကြောင့်ကျော်ကြားခဲ့သော ဂေသရှေမန်ဥယျာဉ်ရှိသည်။ ဤနေရာတွင် တပည့်တော်များကို အေးဆေးစွာသွန်သင်ပေးနိုင်သည့်နေရာတစ်ခုကို ယေရှုတွေ့ရှိခဲ့သည်။—မဿဲ ၂၆:၃၆; ယောဟန် ၁၈:၁၊ ၂။
အာရပ်ဥယျာဉ်များမှ အင်္ဂလိပ်ဥယျာဉ်များအထိ
စီ.အီး. ခုနစ်ရာစုတွင် အာရပ်တပ်များသည် အရှေ့နှင့်အနောက်သို့နယ်ချဲ့လာကြသောအခါ အလက်ဇန္ဒားကဲ့သို့ပင် သူတို့လည်း ပါးရှားဥယျာဉ်များကို တွေ့ရှိခဲ့ကြသည်။ (ဧသတာ ၁:၅ နှိုင်းယှဉ်။) “ပါးရှားဥယျာဉ်များသည် ကူရ်အာန်ကျမ်းတွင် သစ္စာရှိသူတို့အားကတိပေးထားသောပရဒိသုနှင့် အလွန်ဆင်တူကြောင်း အာရပ်များတွေ့ရှိခဲ့ကြသည်” ဟုဟောင်ဝဒ်လော့စ်တန်က ရေးသားထားသည်။ စပိန်မြေရိုင်းလွင်ပြင်မှ ကက်ရှ်မီးယားဒေသအထိရှိ အာရပ်ဥယျာဉ်သည် ပါးရှားဥယျာဉ်ပုံစံအတိုင်း အလယ်ဗဟိုတွင် ရေကန် သို့မဟုတ် ရေပန်းတစ်ခုမှစီးဆင်းသော စမ်းချောင်းလေးသွယ်ဖြင့် လေးပိုင်းပိုင်းထားရာ ဧဒင်ဥယျာဉ်၏မြစ်မလေးသွယ်ကို ပြန်လည်အမှတ်ရစေသည်။
အိန္ဒိယမြောက်ပိုင်း၊ လှပသောကက်ရှ်မီးယားချိုင့်ဝှမ်းရှိ ဒီလ်ရေအိုင်အနီးတွင် ၁၇ ရာစုကမွန်ဂိုမင်းများသည် ပရဒိသုဥယျာဉ် ၇၀၀ ကျော်စိုက်ပျိုးထားကြသည်။ ၎င်းတို့ကြောင့် ရာနှင့်ချီသော ရေပန်းများ၊ လှေကားထစ်များနှင့် ရေတံခွန်များတို့ဖြင့် စီခြယ်ထားသည့် တောက်ပသောရောင်စုံပန်းချီဆေးစပ်ပြားပုံစံထွက်နေသည်။ ဒီလ်ရေအိုင်ကမ်းခြေတွင် ရှားဘုရင်ဂျဟန် (တပ်ဂ်ျမဟာလ်ကို ဆောက်လုပ်သူ) တည်ဆောက်ထားသည့် အနက်ရောင်စကျင်ကျောက်အဆောက်အဦပေါ်တွင် ဤကမ္ပည်းကျောက်စာကိုတွေ့ရှိရဆဲဖြစ်သည်– “ကမ္ဘာမြေမဟီတွင် ပရဒိသုရှိမည်ဆိုလျှင် ဤနေရာဖြစ်သည်၊ ဤနေရာဖြစ်သည်၊ ဤနေရာဖြစ်သည်။”
ယင်းမတိုင်မီ အစောပိုင်းရာစုနှစ်အနည်းငယ်တွင် ဥရောပသည် အလယ်ခေတ်မှ ၁၄ ရာစုပြန်လည်ဆန်းသစ်ရေးကာလသို့ကူးပြောင်းခဲ့သည်။ စီ.အီး. ငါးရာစုတွင် အလယ်ခေတ်စတင်ခဲ့သောအခါက ပျက်စီးသွားသည့် ဥယျာဉ်စိုက်ပျိုးသည့်ရောမဓလေ့သည် ယခုချာ့ချ်ဩဇာအောက် တစ်ဖန်ဆန်းသစ်လာသည်။ ခရစ်ယာန်ဘောင်သည် ဥယျာဉ်ကို ‘ယာယီပရဒိသု’ တစ်ခုအဖြစ် တွေ့ရှိခဲ့ကြသည်။ ကိုးရာစုမှ ဘုန်းတော်ကြီးကျောင်းတစ်ခု၏ပုံစံတွင် “ပရဒိသု” အမည်ရှိဥယျာဉ်နှစ်ခုကိုဖော်ပြထားသည်။ ခရစ်ယာန်ဘောင်ဥယျာဉ်များသည် မကြာမီတွင် ပိုကြီးမားခန့်ညားလာကြသော်လည်း ယင်းတို့သည် ဝိညာဉ်ရေးစံနမူနာများဖြစ်ကြရမည့်အစား အများအပြားသည် ဩဇာအာဏာနှင့် စည်းစိမ်ချမ်းသာ၏လက္ခဏာများ ဖြစ်လာကြလေသည်။
၁၄၉၅ တွင်အီတလီ၊ နေပဲလ်ဇ်မြို့ကို ပြင်သစ်ဘုရင်ရှစ်ပါးမြောက်ချားလ်စ်က သိမ်းပိုက်ခဲ့စဉ်က အိမ်သို့ဤသို့စာရေးပို့ခဲ့သည်– “ဤမြို့တွင် ကျွန်ုပ်ပိုင်ဆိုင်သည့် လှပသောဥယျာဉ်ကို သင်မြင်မှယုံလိမ့်မည်။ . . . မြေကြီးပရဒိသုတစ်ခုဖြစ်စေဖို့ရန် အာဒံနှင့်ဧဝသာလိုတော့သည့်ပုံရှိသည်။” သို့ရာတွင် ချားလ်စ်သည် ၁၇ ရာစုအထိအသက်ရှင်ခဲ့မည်ဆိုလျှင် လူးဝစ်ဘုရင် ၁၄ ၏အလွန်ကြီးမားသောဥယျာဉ်များကို ပြင်သစ်မြေပေါ်တွင် တွေ့ခဲ့မည်ဖြစ်သည်။ သည်ဂါးဒဲန် စာအုပ်က ဗာဆိုင်းနန်းတော်ရှိဥယျာဉ်များကို “ကမ္ဘာ့အကြီးမားဆုံးနှင့် အခန့်ညားဆုံးဖြစ်သည်ဟု ဆိုနိုင်ပါသေးသည်” ဟုအခိုင်အမာဖော်ပြထားသည်။
သို့ရာတွင် ပြန်လည်ဆန်းသစ်ရေးကာလတွင် ပရဒိသုကိုအနက်အသစ်ဖွင့်ဆိုခဲ့ကြသည်– မြေရိုင်းအားလုံးကိုရှင်းလင်းခြင်းဖြင့် စနစ်ကျနသောဥယျာဉ်ကိုစိုက်ပျိုးရန်တာဝန်ရှိသော အသိဉာဏ်ရှိလူသည် သဘာဝကိုစေစားရမည်။ အပင်များနှင့်ပန်းမန်တို့ကို ဂျီသြမေတြီသဏ္ဌာန်တိတိကျကျ စီမံစိုက်ပျိုးထားသည်။ ထို့ကြောင့်အစောပိုင်းရောမတိဖြတ်မှုပညာ—သစ်ပင်များ၊ ချုံများကို ပုံသဏ္ဌာန်အမျိုးမျိုးပေါ်အောင်တိဖြတ်သည့်အတတ်—သည် အကြီးအကျယ်ပြန်လည်ဆန်းသစ်လာပေသည်။
ထို့နောက် ၁၈ နှင့် ၁၉ ရာစုများတွင် ရေကြောင်းဖြင့်စူးစမ်းရှာဖွေခြင်းနှင့် ကုန်သွယ်မှုတို့ကြောင့် အပင်နှင့် ဥယျာဉ်စိုက်ပျိုးနည်းသစ်များကို အနောက်တိုင်းလောကက သိရှိလာလေသည်။ ဥယျာဉ်ပုံစံဖော်ပညာကိုအသုံးချရန် အင်္ဂလန်အလှည့်ဖြစ်လေသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ် က “၁၈ ရာစုအင်္ဂလန်တွင် လူသည် မိမိပါဝင်သည့် သဘာဝလောကအကြောင်းကို တိုး၍သိရှိလာလေသည်။ သဘာဝလောကကို လူတီထွင်သည့်ဂျီသြမေတြီအစီအစဉ်အတိုင်းဖြစ်စေမည့်အစား မိမိတို့၏ဘဝကို ၎င်းနှင့်အညီ ပြုပြင်ပေးရန်စတင်သုံးသပ်လေတော့သည်။” ဝီလျံကဲန့်ထ်နှင့် လန်းစလတ်ဘရောန်းကဲ့သို့သောသူများသည် ဥယျာဉ်ပန်းခြံ စီမံပြင်ဆင်မှုတွင် ထူးချွန်လာခဲ့ကြသည်။ ဘရောန်းသည် အင်္ဂလန်တွင် နှစ်ရာကျော်မကသောအိမ်ယာခြံမြေများကို ပုံစံထုတ်ရေးဆွဲပေးခဲ့ပါသည်။ အမေရိကန်သမ္မတများဖြစ်လာကြသော သောမတ်စ်ဂျက်ဖာဆန်နှင့် ဂျွန်အဲဒမ်စ်တို့သည် အင်္ဂလိပ်ဥယျာဉ်များကိုလေ့လာရန် ၁၇၈၈ တွင်အင်္ဂလန်၌ ခရီးလှည့်လည်ခဲ့ကြသည်။
အရှေ့တိုင်း ဥယျာဉ်ပန်းခြံများ
အီဂျစ်၊ ဂရိနှင့် ရောမ ဥယျာဉ်စိုက်ပျိုးခြင်းဓလေ့ထုံးစံများသည် အနောက်တိုင်းယဉ်ကျေးမှုကို လွှမ်းမိုးခဲ့သကဲ့သို့ တရုတ်ဥယျာဉ်စိုက်ပျိုးခြင်းဓလေ့ထုံးစံသည် အရှေ့တိုင်းယဉ်ကျေးမှုကို လွှမ်းမိုးသည်။ တရုတ်လူမျိုးများသည် အစကနဦးတွင် နတ်ဘာသာကိုလိုက်စားခဲ့ကြပြီး ၎င်းအရ မြစ်များ၊ ချောင်းများ၊ ကျောက်ဆောင်များနှင့် တောင်များတို့သည် ရုပ်အသွင်ယူထားသည့်နာမ်ဝိညာဉ်များ ဖြစ်ကြရာ ယင်းတို့ကို အလွန်ရိုသေထိုက်၏ဟုဆိုကြသည်။ ထို့နောက် တာအိုဘာသာ၊ ကွန်ဖြူးရှပ်ဘာသာနှင့် . . . တို့သည် ယင်းနယ်ပယ်အတွင်းဝင်ရောက်လာပြီး ၎င်းတို့၏ကိုယ်ပိုင်ဥယျာဉ်ပုံစံများကို စိုက်ပျိုးကြလေသည်။
ဂျပန်ပင်လယ်၏တစ်ဖက် ဂျပန်ဥယျာဉ်များသည် ကိုယ်ပိုင်ပုံစံများဖော်ထား၏။ ထိုတွင် အရောင်ထက် ပုံပန်းသဏ္ဌာန်ကိုဦးစားပေးပြီး အရာအားလုံး သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေသည်။ မြေကွက်ငယ်တွင် သဘာဝရသများနှင့် ကွဲပြားမှုများကို ဥယျာဉ်မှူးသည် ကြိုးစားပုံဖော်ရန် သူ၏ဥယျာဉ်တွင် ကျောက်တုံးများကို နေရာတကျချထား၍ အပင်များကိုဂရုတစိုက်ပြုစုပျိုးထောင် လေ့ကျင့်ပေးပါသည်။ ယင်းကို ဘွန်ဇိုင်း (အဓိပ္ပာယ်မှာ “အိုးနှင့်စိုက်သောအပင်”) စိုက်ပျိုးနည်းတွင် တွေ့ရှိရသည်။ ၎င်းမှာ အပင်ငယ်တစ်ပင် သို့မဟုတ် တောအုပ်ငယ်တစ်ခုကို အလိုရှိသောပုံစံနှင့် အချိုးကျစေရန် လေ့ကျင့်ပေးခြင်းပညာဖြစ်သည်။
၎င်းပုံစံများသည် အနောက်တိုင်းပုံစံများနှင့်ကွဲပြားသော်လည်း အရှေ့တိုင်းဥယျာဉ်သည်လည်း ပရဒိသုကိုတမ်းတကြောင်းဖော်ပြပါသည်။ သာဓကအနေဖြင့် ဂျပန်နိုင်ငံတွင် ဟေဟန်ကာလ (၇၉၄-၁၁၈၅) အတွင်း ဥယျာဉ်မှူးများသည် “ကမ္ဘာ့ပရဒိသု” ၏ဝန်းကျင်တစ်ခုဖြစ်ပေါ်ဖို့ကြိုးပမ်းခဲ့ကြသည်ဟု ဂျပန်ဥယျာဉ်သမိုင်းဆရာ ဝက်ဘီကောတတ်က ရေးသားခဲ့သည်။
တစ်ကမ္ဘာလုံးကြိုက်နှစ်သက်ရာ
“သဘာဝ” ဥယျာဉ်များ—တောများ၊ သစ်တောများနှင့် မြက်ခင်းပြင်များ—တွင်နေထိုင်ကြသော မုဆိုးအနွယ်များပင်အပါအဝင် တစ်ကမ္ဘာလုံး ဥယျာဉ်ကိုကြိုက်နှစ်သက်ကြသည်။ “မက္ကစီကို အက်ဇ်တက်ခ်လူမျိုးများနှင့် ပီရူး အင်ကာလူမျိုးများ” တို့နှင့်ပတ်သက်၍ “နယ်သိမ်းစစ်သူရဲများသည် တောင်စောင်းများ၊ တောအုပ်ငယ်များ၊ ရေပန်းများနှင့် အလှဆင်ထားသောရေကန်များဖြင့် ကောင်းစွာစီမံထားကြသည့် . . . အနောက်တိုင်းရှိ ခေတ်ပြိုင်ဥယျာဉ်များနှင့်ဆင်တူသော ဥယျာဉ်ပန်းခြံများတွေ့ရှိခဲ့ကြသည်” ဟုဗြိတဲန်နီကာကဆိုသည်။
မှန်ပါသည်၊ နိုင်းမြစ်ကိုခွထားသော ရှေးတောအုပ်များ၊ အရှေ့တိုင်းပန်းခြံစီမံပြင်ဆင်မှုများ၊ မျက်မှောက်ခေတ်မြို့တော်ပန်းခြံများနှင့် ရုက္ခဗေဒဥယျာဉ်များသည် အဘယ်အရာကိုဖော်ပြသနည်း။ လူသား၏ ပရဒိသုကိုတမ်းတခြင်းဖြစ်သည်။ အစဉ်အဆက်ရှိခဲ့သည့် “ပရဒိသုကိုတမ်းတခြင်း” ကိုသတိပြုကာ စာရေးဆရာတယ်ရီကိုမီတိုက ဤသို့ဆိုသည်– “ဥယျာဉ်များသည် လူတို့စံပျော်ရာအရပ်များဖြစ်သည်။” သို့ဖြင့် ‘ကျွန်ုပ်၏အိမ်သည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သည်’ ဟုမပြောဆိုလိုသောသူ အဘယ်သူရှိပါမည်နည်း။ သို့ရာတွင် ချမ်းသာသူများအတွက်သာမဟုတ်သော ကမ္ဘာချီဧဒင်ဥယျာဉ်သည် အိပ်မက်မျှသာလော။ သို့မဟုတ် ယင်းသည် အနာဂတ်တွင် ဧကန်ရှိမည်လော။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပန်းချီဆရာ ပုံဖော်ထားသော ဗာဗုလုန်မိုးပျံဥယျာဉ်များ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဗာဆိုင်း၊ ပြင်သစ်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဂျပန်နိုင်ငံရှိ ဂန္ထဝင်ဥယျာဉ်တစ်ခု
လူသားများသည် သမိုင်းတစ်လျှောက် ပရဒိသုကိုတမ်းတခဲ့ကြ
[Credit Line]
ပြင်သစ် Government Tourist Office/Rosine Mazin