ကမ္ဘာ့ရေတွက်မကုန် သက်ရှိအဖုံဖုံ—ဤနေရာသို့ မည်သို့ရောက်ရှိလာသနည်း
ယခုအထိ သိပ္ပံပညာရှင်များက အမည်တပ်ခေါ်ထားသော တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁.၅ သန်းကျော်ရှိပြီး တစ်သန်းခန့်မှာ အင်းဆက်ပိုးများဖြစ်သည်။ သိရှိပြီးသား အင်းဆက်ပိုးအားလုံးကို တန်းစီရေးချရန် စွယ်စုံကျမ်း၏စာမျက်နှာ ၆,၀၀၀ လိုအပ်လိမ့်မည်တကား! ဤသတ္တဝါများ မည်သို့စတင်ဖြစ်ပေါ်လာသနည်း။ အဘယ်ကြောင့် ယင်းတို့ အလွန်အမင်းများပြားနေရသနည်း။ ယင်းသည် မတော်တဆတိုက်ဆိုင်မှု၊ အကြိမ်ပေါင်း သန်းကုဋေချီပြီး “တိုက်ဆိုင်မှု” ဖြစ်စေသည့် သဘာဝစွမ်းအားစုကြောင့် ဖြစ်လာခြင်းလော။ သို့မဟုတ် ပုံစံပြုထား၍လော။
ဦးဆုံး ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ပေါ်ရှိ အခြားသက်ရှိအမျိုးမျိုးထဲမှ အချို့ကို အကျဉ်းချုံးဂရုပြုကြစို့။
အံ့ဖွယ်ငှက်များ
အံ့ဖွယ်အဆင်အသွေးရှိ ခြားနားသောငှက်မျိုးစိတ်ပေါင်း ၉,၀၀၀ ကျော်နှင့်ပတ်သက်၍ အသို့ဆိုမည်နည်း။ အချို့ငှက်ပိတုန်းသည် ပျားကြီးအရွယ်တမျှ သေးငယ်သော်လည်း ပျံသန်းရာတွင် အဆင့်အမြင့်ဆုံးရဟတ်ယာဉ်ထက်ပင် သာ၍ကျွမ်းကျင်ပြီး ညက်ညောသည်။ အာတိတ်စင်ရော်ကဲ့သို့သော အခြားငှက်များသည် နှစ်စဉ်မိုင်ပေါင်းထောင်ချီ၍ ရွှေ့ပြောင်းနေထိုင်ကြရာ ခရီးစဉ်တစ်ခုလျှင် မိုင်ပေါင်း ၂၂,၀၀၀ မျှပျံသန်းကြသည်။ ၎င်းတို့တွင် ကွန်ပျူတာ၊ လေကြောင်းသွားလာရေးကိရိယာမရှိသည့်တိုင် လိုရာခရီးပန်းတိုင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်။ ဤပင်ကိုစွမ်းရည်ရှိနေခြင်းမှာ မတော်တဆလော၊ ပုံစံပြုထား၍လော။
စိတ်ဝင်စားဖွယ်ရာ သစ်ပင်အမျိုးမျိုး
ထို့အပြင် အလွန်များပြားပြီး လှပလွန်းလှသော—သစ်ပင်မျိုးစိတ်ပေါင်း ၃၅၀,၀၀၀ ထက်မက အပင်များရှိသည်။ ယင်းတို့ထဲမှ ခန့်မှန်းခြေ ၂၅၀,၀၀၀ ခန့်မှာ အပွင့်ဆောင်ကြ၏! ကမ္ဘာပေါ်၌ အကြီးမားဆုံးသောသက်ရှိများမှာ—ကြီးမားသော စီကွိုင်ယာသစ်ပင်များ—အပင်များဖြစ်သည်။
သင့်ဥယျာဉ် သို့မဟုတ် သင့်အရပ်ဒေသတွင် အပွင့်ဆောင်ပင်အမျိုးပေါင်း မည်မျှရှိသနည်း။ ၎င်းပန်းပွင့်တို့၏အလှအပ၊ အချိုးအစားညီခြင်းနှင့် မွှေးရနံ့ကြိုင်လှိုင်ခြင်း—အသေးငယ်ဆုံးသော သဲကန္တာရပန်း၊ ဒေစီပန်း၊ သို့မဟုတ် ဗတ်တာကပ်ပန်းမှသည် အနုစိတ်သောသစ်ခွအမျိုးမျိုးအထိ—တို့က လူတစ်ဦးကို အံ့အားသင့်စေသည်။ ကျွန်ုပ်တို့ ထပ်မံမေးလိုပါသည်– ၎င်းတို့ မည်သို့ဖြစ်ပေါ်လာသနည်း။ မတော်တဆလော၊ ပုံစံပြုထား၍လော။
သက်ရှိဖြင့် ဖွေးဖွေးလှုပ်နေသည့် သမုဒ္ဒရာများ
ထို့အပြင် ကမ္ဘာပေါ်ရှိ မြစ်များ၊ အင်းအိုင်များနှင့် သမုဒ္ဒရာများတွင် အဘယ်သက်ရှိပုံစံများကို တွေ့ မြင်ရသနည်း။ သိပ္ပံပညာရှင်များမှ ပြောဆိုချက်အရ ရေချိုငါး မျိုးစိတ်ပေါင်း ၈,၄၀၀ ခန့်နှင့် ရေငန်ငါးမျိုးစိတ်ပေါင်း ၁၃,၃၀၀ နီးပါးခန့်မှာ သိရှိနှင့်ပြီးသားဖြစ်သည်။ အသေးငယ်ဆုံးသောငါးမှာ အိန္ဒိယသမုဒ္ဒရာတွင်တွေ့ရသော ဂိုဗီငါးလေးဖြစ်၏။ ၎င်းသည် တစ်လက်မ၏တစ်ဆယ်ပုံလေးပုံခန့်သာရှည်သည်။ အကြီးမားဆုံးမှာ ပေ ၆၀ အထိရှည်သည့် ဝေလငါးမန်းကြီးဖြစ်သည်။ ဤမျိုးစိတ်အရေအတွက်များထဲတွင် ကျောရိုးမဲ့သတ္တဝါများ (ကျောရိုးမရှိခြင်း) သို့မဟုတ် ရှာဖွေတွေ့ရှိဦးမည့် မျိုးစိတ်များကို ထည့်မတွက်ချေ။
မယုံကြည်နိုင်လောက်အောင်ဖြစ်သော ဦးနှောက်
ထိုထက်ကား လူ့ဦးနှောက်သည်—အနည်းဆုံး နဗ်ကြောဆဲလ်သန်းပေါင်း တစ်သောင်းပါဝင်ပြီး ဆဲလ်တစ်ခုစီတွင် နဗ်ကြောဆုံများ သို့မဟုတ် အခြားနဗ်ကြောဆဲလ်များကို ဆက်သည့်နေရာများ ၁,၀၀၀ ထက်မကရှိနိုင်ရာ—မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်သည်။ နဗ်ကြောဆရာဝန် ဒေါက်တာ ရစ်ချက်ဒ် ရက်စ်တက်ခ်က ဤသို့ပြောသည်– “ဦးနှောက် နဗ်ကြောစနစ်၏ များပြားလှသောကွန်ရက်အတွင်း ဆက်သွယ်ချက်များ၏ စုစုပေါင်းအရေအတွက်မှာ အမှန်တကယ်ပင် မိုးထိဘနန်းဖြစ်သည်။” (ဦးနှောက်) သူကထပ်ဆင့်၍ ဤသို့ပြောသည်– “ဦးနှောက်တွင် တစ်ဆယ်ထရီလီယံမှ တစ်ရာထရီလီယံအထိ နဗ်ကြောဆုံများရှိသည်။” ထို့နောက်တွင် သူက မေးထိုက်သောမေးခွန်းတစ်ခု မေးလေသည်– “ဦးနှောက်ကဲ့သို့သော ဆဲလ်သန်းတစ်သောင်းမှ သန်းတစ်သိန်းအထိရှိသော အင်္ဂါတစ်ခုသည် ဆဲလ်တစ်ခုတည်းဖြစ်သောဥမှ အဆက်မပြတ်မည်သို့ပွားလာနိုင်မည်နည်း။” ဦးနှောက်သည် သက်မဲ့ဖြစ်သော သဘာဝ၏မတော်တဆမှုနှင့် ကြက်ကန်းဆန်အိုးတိုးမှုတို့မှ ဖြစ်ပေါ်လာခြင်းလော။ သို့မဟုတ် ယင်းအားလုံး၏နောက်ဝယ် ပညာပါသောဒီဇိုင်းရေးဆွဲမှုရှိသလော။
မှန်ပါသည်၊ ရေတွက်မကုန်ဟု ယူဆရန်ရှိသည့် သက်ရှိအမျိုးမျိုးအဖုံဖုံနှင့် ပုံစံတို့မှာ မည်သို့ဖြစ်ပေါ်လာကြသနည်း။ ယင်းသည် တိုက်ဆိုင်မှု၊ စမ်းကြည့်မှု၊ ဆင်ခြင်မဲ့ ဆင့်ကဲကံစမ်းမဲနှိုက်မှုတစ်ခုသာဖြစ်သည်ဟု သင် သင်ကြားခံခဲ့ရဖူးသလော။ ထိုသို့ဖြစ်လျှင် ဇီဝဗေဒဆိုင်ရာ သိပ္ပံပညာရပ်အားလုံး၏ အခြေခံဟု ခေါ်ဆိုကြသော ဆင့်ကဲဖြစ်စဉ်အယူအဆနှင့်ပတ်သက်၍ စိတ်ရိုးမှန်ဖြင့် မေးခွန်းထုတ်နေကြသည့် သိပ္ပံပညာရှင်အချို့၏မေးခွန်းများကို သိရှိရန် ဆက်လက်ဖတ်ရှုပါလေ။
[စာမျက်နှာ ၄ ပါ ဇယား]
ရိုးရှင်းလှသောကင်မရာတစ်လုံးကို ပုံစံရေးဆွဲသူတစ်ဦးရှိလျှင် သာ၍များစွာရှုပ်ထွေးလှသည့် လူ့မျက်စိနှင့်ပတ်သက်၍ အသို့ဆိုမည်နည်း
မှန်ဘီလူးဝန်းကျင်
(ပုံကြီးချဲ့ထားခြင်းဖြစ်သည်)
မျက်စိရည်ကြည်
သူငယ်အိမ်
မျက်ကြည်
မှန်ဘီလူး
မျက်နက်ဝန်း
မျှင်ပွားကိုယ်
မျက်စိအပြည့်အစုံ
စက္ခု နဗ်ကြော
မျက်စိရည်ပျစ်
မြင်လွှာ
မျက်လုံးသွေးမြှေး
မျက်ဖြူ