သမ္မာကျမ်းစာရှုထောင့်
ခရစ်ယာန်များသည်စစ်ဆန့်ကျင်ဝါဒီများ ဖြစ်သင့်သလော
“ခရစ်ယာန်ဘာသာ၏ ပထမရာစုများကကဲ့သို့ ချာ့ချ်များသည်စစ်ဆန့်ကျင်ဝါဒီပြန်ဖြစ်သင့်သည်။”—အိုင်းရစ်ရှ်စာရေးဆရာ ဟယူးဗတ် ဘတ်တလာ။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ယူဂိုစလားဗီးယားသို့အလည်သွားပြီးနောက် ဟယူးဗတ် ဘတ်တလာသည် ၁၉၄၇ ခုနှစ်တွင်ရေးသားခဲ့သော်လည်း လွန်ခဲ့သည့်နှစ် [၁၉၉၆] အထိ ထုတ်ဝေခြင်းမပြုခဲ့ရသော သူ၏စာစီစာကုံးတစ်ခုတွင် အထက်ပါစကားများကို ရဲရင့်စွာရေးသားခဲ့သည်! “ခရစ်ယာန်ချာ့ချ်သည် စစ်အတွင်း ကမ်းကုန်အောင်ဆိုးသွမ်းမှုများကို မသိကျိုးကျွန်ပြုပြီး ခရစ်တော်၏သွန်သင်ချက်များမှ အကြီးအကျယ်သွေဖည်ခဲ့ခြင်း” ကို သူအထိတ်တလန့်ဖြစ်ခဲ့သည်။
ဘတ်တလာသည် လူကြိုက်မများသည့်အကြောင်းကိစ္စများ သို့မဟုတ် အုပ်စုများအတွက်ပြောဆိုပေးရန် မကြောက်ရွံ့ခဲ့ပါ။ ပြောဆိုသည့်အခါတွင်လည်း အများအားဖြင့် သူတစ်ဦးတည်းသာဖြစ်လေ့ရှိသည်။ သူသည် ချာ့ချ်များ၏အပြုအမူနှင့် “ဘာသာရေးဂိုဏ်းဂဏအားလုံးတွင် အပြစ်မဲ့နှင့် နိုင်ငံရေးတွင် ဝင်မစွက်သည့် အပြစ်ဆိုဖွယ်မရှိဆုံးသူများ” ဟုအိုင်းရစ်ရှ်တိုင်းမ် တွင်ဖော်ပြခံရသော ယေဟောဝါသက်သေများ၏ ရဲရင့်သည့်ရပ်တည်မှုကို နှိုင်းယှဉ်ပြရာ၌ မကြောက်မရွံ့ဖော်ပြပြောဆိုခဲ့ပါသည်။ “ယူဂိုစလားဗီးယားမှသတင်း” ဟူသောသူ၏စာစီစာကုံးတွင် ဘတ်တလာက “စစ်ဖြစ်ရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးနှင့်ဘာသာရေးလှုပ်ရှားမှုခေါင်းဆောင်များ၏ ဆင်ခြေဆင်လက်အားလုံးကို ငြင်းပယ်” သောသက်သေခံများသည် စစ်လှုပ်ရှားမှု၌ပါဝင်ရန်ငြင်းဆိုမှုကြောင့် ယူဂိုဆလပ်အာဏာပိုင်များ၏ ရုံးတင်စစ်ဆေးခံခဲ့ကြရကြောင်း ရေးသားထားသည်။
သို့သော် ယေဟောဝါသက်သေများကို စစ်ဆန့်ကျင်ဝါဒီများဟုဖော်ပြခြင်းသည် မှန်ကန်ပါသလော။ ဤအကြောင်းကိုရှင်းလင်းရန်မှာ “စစ်ဆန့်ကျင်ဝါဒီ” ဟူသောစကားလုံး၏အဓိပ္ပာယ်အပေါ်မူတည်ပေမည်။ ကြီးမားသောကိုယ်ကျိုးနစ်နာမှုခံရကြငြား လက်နက်ကိုင်တိုက်ခိုက်ရန်ငြင်းဆိုသော သက်သေခံများ၏သတ္တိကိုချီးကျူးရန် ဘတ်တလာသည် ယင်းဝေါဟာရကိုအသုံးပြုထားပါသည်။ သို့သော် ဝမ်းနည်းစရာမှာ စစ်သွေးကြွနေသူများက စစ်ဆန့်ကျင်ဝါဒီတစ်ဦးအား “သူရဲဘောကြောင်သူ သို့မဟုတ် သစ္စာဖောက်၊ နိုင်ငံ့တာဝန်မထမ်းဘဲ ခေါင်းရှောင်လိုသူတစ်ဦး” အဖြစ်သာမြင်ကြသည်။ ထိုအမြင်သည် မှန်ကန်ပါသလော။
စစ်မှု သို့မဟုတ် အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်း
ဝက်ဘ်စတား၏ နဝမကောလိပ်အဘိဓာန်သစ် က စစ်ဆန့်ကျင်ဝါဒီတစ်ဦးဆိုသည်မှာ “ပဋိပက္ခနှင့် အထူးသဖြင့်စစ်ကို ခိုင်မာစွာနှင့်တက်ကြွစွာဆန့်ကျင်သူဖြစ်သည်” ဟုဆိုထားသည်။ ယင်းက “စစ်ဆန့်ကျင်ဝါဒ” ကို “အငြင်းပွားမှုများ၏ ဖြေရှင်းနည်းအဖြစ် စစ်တိုက်ခြင်း သို့မဟုတ် အကြမ်းဖက်မှုပြုခြင်းကို ဆန့်ကျင်ခြင်း; တိတိကျကျအားဖြင့်–လူ့ကျင့်ဝတ် သို့မဟုတ် ဘာသာရေးအပေါ်အခြေခံလျက် လက်နက်ကိုင်ရန် ငြင်းဆန်ခြင်းဖြစ်သည်။” ယင်းဖွင့်ဆိုချက်များသည် အစောပိုင်းခရစ်ယာန်အသင်းတော်၏ ယုံကြည်သူများနှင့် မည်သို့သက်ဆိုင်မည်နည်း။
သူတို့သည် လူ့ကျင့်ဝတ်နှင့်ဘာသာရေးကိုအခြေခံပြီး လက်နက်ကိုင်ရန်ငြင်းဆိုခဲ့ကြပြီး ‘ပဋိပက္ခနှင့် စစ်မှန်သမျှကို’ ရှောင်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှုက မိမိ၏နောက်တော်လိုက်များသည် “လောကီနှင့်မဆက်ဆံ”ကြောင်းနှင့် “ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်ကို သူတို့သိကြသောကြောင့်ဖြစ်သည်။ (ယောဟန် ၁၅:၁၉; မဿဲ ၂၆:၅၂) အစောပိုင်းချာ့ချ်နှင့်လောက စာအုပ်တွင် သမိုင်းပညာရှင်တစ်ဦးက “ယုတ်စွအဆုံး မားကပ်စ် ဩရဲလီယပ်စ် အုပ်စိုးချိန်အထိ [စီ.အီး. ၁၆၁-၁၈၀] နှစ်ခြင်းခံပြီးနောက် မည်သည့်ခရစ်ယာန်မျှ တပ်သားမလုပ်တော့ချေ” ဟုကျွန်ုပ်တို့အားသိစေသည်။ လောကဟောင်းရှိ ကမ္ဘာသစ်အုတ်မြစ် စာအုပ်တွင် အခြားတစ်ဦးက ဤသို့ဆိုသည်– “အစောပိုင်းခရစ်ယာန်များက တိုက်ခိုက်ခြင်းသည် မှား၏ဟုယူမှတ်ခဲ့ကြပြီး အင်ပါယာတွင် စစ်သားများလိုအပ်နေသည့်တိုင် စစ်မှုမထမ်းကြပါ” ဟုဆိုသည်။
ခရစ်ယာန်များ၏တာဝန်မှာ သတင်းကောင်းဟောပြောရန်ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သူတို့သည် ဘုရားသခင်၏အာဏာသားများဖြစ်ဘိသကဲ့သို့ပြုမူပြီး ကိုယ်တော့်ရန်သူများကိုစစ်တိုက်ရန် ဘုရားသခင့်ထံတော်မှတာဝန်မရကြောင်း သဘောပေါက်ထားကြသည်။ (မဿဲ ၅:၉; ရောမ ၁၂:၁၇-၂၁) ဘတ်တလာဖော်ပြခဲ့သည့်အတိုင်း ခရစ်ယာန်အမည်ခံသူများသည် ‘ခရစ်တော်၏သွန်သင်ချက်များမှ အကြီးအကျယ်သွေဖည်’ သည့်အခါ၌သာ တိုင်းနိုင်ငံများ၏စစ်ပွဲများတွင် သူတို့ကျော့မိကြလေသည်။ ထိုအခါ ဓမ္မဆရာများသည် များသောအားဖြင့် ပဋိပက္ခတစ်ခုမှနှစ်ဖက်စလုံးရှိ တပ်များကိုကောင်းချီးပေးပြီး အောင်ပွဲရရန် ဆုတောင်းပေးလေ့ရှိသည်။ (ယောဟန် ၁၇:၁၆; ၁၈:၃၆ နှိုင်းယှဉ်။) ဥပမာ၊ လွန်ခဲ့သည့်ရာစုနှစ်များက ပရိုတက်စတင့်နှင့် ကက်သလစ်တို့သည် သွေးချောင်းစီးတိုက်ပွဲများ ဆင်နွှဲခဲ့ကြရာ “အနောက်ဥရောပတွင် ထိတ်လန့်ဖွယ်များဖြစ်ပျက်ခဲ့ပြီး နှစ်ဖက်စလုံးက သူတို့ကိုယ်ကို ဘုရားသခင့်အမျက်တော်၏လက်ပါးစေများအဖြစ် ကြွေးကြော်ခဲ့ကြ” ကြောင်းကဲန္နက်သ်ကလာ့ခ်က သူ၏ယဉ်ကျေးမှု စာအုပ်တွင် ရေးသားထားသည်။ ဤကဲ့သို့သော စစ်မှုမျိုးဆင်နွှဲရခြင်းအတွက်ပေးသည့် ဆင်ခြေများသည် “အရပ်ဘက်အာဏာပိုင်များကို ကျေနပ်စေလိုသောဆန္ဒမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းတို့သည် ရှေးခရစ်ယာန်အယူဝါဒနှင့်လည်းကောင်း၊ သတင်းကောင်း၏သဘောတစ်ခုလုံးနှင့်လည်းကောင်း ဆန့်ကျင်ကြောင်း ထင်ရှားပါသည်” ဟုမက်ကလင်းတော့နှင့် စထရောင်းတို့၏ သမ္မာကျမ်းစာ၊ ဓမ္မပညာနှင့် ခရစ်ယာန်သာသနာဆိုင်ရာစာပေစွယ်စုံကျမ်း ကဆိုသည်။—ယာကုပ် ၄:၄။
စစ်မှုကို လုံးလုံးဆန့်ကျင်ခြင်းလော
သို့သော် ‘ရှေးခရစ်ယာန်အယူဝါဒနှင့် သတင်းကောင်း၏သဘောတစ်ခုလုံးသည် အမှန်တကယ် စစ်ဆန့်ကျင်ဝါဒီဖြစ်ပါသလော။ အစောပိုင်းခရစ်ယာန်များကို အထက်တွင်အနက်ဖွင့်ခဲ့သကဲ့သို့ စစ်ဆန့်ကျင်ဝါဒီများအဖြစ် ဖော်ပြနိုင်ပါသလော။ မဖော်ပြနိုင်ပါ! အဘယ်ကြောင့်နည်း။ အကြောင်းတစ်ခုမှာ သူတို့သည် ဘုရားသခင်၏ စစ်ဆင်နွှဲပိုင်ခွင့်ကို အသိအမှတ်ပြုကြပါသည်။ (ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄; ၁၅:၁-၄; ယောရှု ၁၀:၁၄; ဟေရှာယ ၃၀:၃၀-၃၂) ထို့အပြင် ဘုရားသခင်သည် မြေကြီးပေါ်တွင်ကိုယ်တော်၏ တစ်ခုတည်းသော အသုံးတော်ခံအဖြစ် ရှေးဣသရေလလူမျိုး အမှုထမ်းခဲ့စဉ်က ၎င်းကို ကိုယ်တော့်အတွက်တိုက်ခိုက်ပေးရန် ဘုရားသခင်၏အမိန့်ပေးခွင့်ရှိခြင်းကို သူတို့တစ်ခါမျှမငြင်းခုံခဲ့ကြပါ။—ဆာလံ ၁၄၄:၁; တမန်တော် ၇:၄၅; ဟေဗြဲ ၁၁:၃၂-၃၄။
မြေကြီးပေါ်မှ လူဆိုးများကိုဖယ်ရှားရန် ဘုရားသခင်၌လုပ်ပိုင်ခွင့်ရှိရုံမက တရားမျှတသောကြောင့် တာဝန်လည်းရှိတော်မူသည်။ ဒုစရိုက်သမားများစွာသည် သူတို့၏လမ်းစဉ်ကိုပြုပြင်ရန် ဘုရားသခင်စိတ်ရှည်စွာတောင်းဆိုခြင်းကို မည်သည့်အခါမျှ လက်ခံလိမ့်မည်မဟုတ်ပါ။ (ဟေရှာယ ၄၅:၂၂; မဿဲ ၇:၁၃၊ ၁၄) ဆိုးသွမ်းမှုကို ဘုရားသခင့်ခွင့်ပြုထားခြင်းမှာ အကန့်အသတ်ရှိသည်။ (ဟေရှာယ ၆၁:၂; တမန်တော် ၁၇:၃၀) ထို့ကြောင့် အဆုံး၌ မြေကြီးပေါ်မှ လူဆိုးများကို ဘုရားသခင်သည် အင်အားသုံး၍ ဖယ်ရှားပစ်မည်ကို ခရစ်ယာန်များ အသိအမှတ်ပြုကြပါသည်။ (၂ ပေတရု ၃:၉၊ ၁၀) သမ္မာကျမ်းစာ၌ ကြိုတင်ပြောထားသည့်အတိုင်း “သခင်ယေရှုခရစ်သည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ” ထိုသို့ဖြစ်လိမ့်မည်။—၂ သက်သာလောနိတ် ၁:၆-၉။
သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်က ဤတိုက်ပွဲကို “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” သို့မဟုတ် အာမဂေဒုန်အဖြစ် ဖော်ပြထားပါသည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၅) ယေရှုခရစ်သည် “တရားသဖြင့်စစ်တိုက်တတ်” ကြောင်းနှင့် ၎င်းတွင် ကိုယ်တော်ဦးစီးမည်ဟုဆိုထားသည်။ (ဗျာဒိတ် ၁၉:၁၁၊ ၁၄၊ ၁၅) ယေရှုခရစ်သည် “ငြိမ်သက်ခြင်းအရှင်” ဟုမှန်ကန်စွာ သမုတ်ခံရသည်။ (ဟေရှာယ ၉:၆) သို့သော် ကိုယ်တော်သည် စစ်ဆန့်ကျင်ဝါဒီတစ်ဦး မဟုတ်ပါ။ ကိုယ်တော်သည် ဘုရားသခင်အားပုန်ကန်သောရန်သူအားလုံးကို ကောင်းကင်မှရှင်းပစ်ရန် ကောင်းကင်တွင်စစ်ပွဲတစ်ခုကို ဆင်နွှဲနှင့်ပြီးဖြစ်သည်။ (ဗျာဒိတ် ၁၂:၇-၉) ကိုယ်တော်သည် မကြာမီ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ရန်အခြားသောစစ်ပွဲတစ်ခုကို တိုက်ခိုက်လိမ့်မည်။ သို့သော် မြေကြီးပေါ်ရှိ ကိုယ်တော်၏နောက်တော်လိုက်များသည် ထိုမြင့်မြတ်သောတရားစီရင်ခြင်းတွင် ပါဝင်ကြမည်မဟုတ်ပါ။—ဗျာဒိတ် ၁၁:၁၇၊ ၁၈။
စစ်မှန်သောခရစ်ယာန်များသည် ငြိမ်သက်ခြင်းကို မြတ်နိုးကြသည်။ သူတို့သည် လောကစစ်ရေး၊ နိုင်ငံရေးနှင့် လူမျိုးစုပဋိပက္ခများတွင် လုံးလုံးလျားလျားကြားနေကြပါသည်။ သို့သော် အမှန်အတိုင်းဆိုရလျှင် သူတို့သည် စစ်ဆန့်ကျင်ဝါဒီများ မဟုတ်ကြပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့သည် နောက်ဆုံးတွင်မြေကြီးပေါ်၌ ကိုယ်တော့်အလိုတော်ကို ပြည့်စုံစေမည့် ဘုရားသခင်၏စစ်ပွဲ—စကြဝဠာပိုင်သအုပ်စိုးမှု မဟာအရေးကိစ္စကို ပြီးပြတ်စေပြီး မြေကြီးပေါ်မှ ငြိမ်သက်ခြင်း၏ရန်သူအားလုံးကို အပြီးအပိုင်ဖယ်ရှားပစ်မည့်စစ်ပွဲ—ကို ကြိုဆိုကြသောကြောင့်ဖြစ်သည်။—ယေရမိ ၂၅:၃၁-၃၃; ဒံယေလ ၂:၄၄; မဿဲ ၆:၉၊ ၁၀။
[Picture Credit Line on page 18]
Christ Mocked/The Doré Bible Illustrations/Dover Publications, Inc.