အစားအစာ အရေးထားရမည့် ကိစ္စတစ်ခု
“သွားလော့။ ဝမ်းမြောက်သောစိတ်နှင့်အစာစားလော့” ဟုဒေသနာ ၉:၇ ၌သမ္မာကျမ်းစာဆိုထားသည်။ မှန်ပါသည်၊ စားခြင်းသည် လိုအပ်ရာဖြစ်ရုံမက ဘဝတွင် နှစ်လိုဖွယ်အကောင်းဆုံးအရာတစ်ခုလည်းဖြစ်သည်။
၃၄ နှစ်အရွယ် သောမတ်စ်ကိုသုံးသပ်ကြည့်ပါ။ သူသည်အသားကို အလွန်ကြိုက်သည်။ ယင်းကြောင့် နေ့တိုင်းစားသည်—တစ်နေ့လျှင်အကြိမ်များစွာစားသည်။ သူ၏ပုံမှန်နံနက်စာတွင် နို့၊ ဥအချို့၊ ထောပတ်သုတ်ထားသော ပေါင်မုန့် သို့မဟုတ် ပေါင်မုန့်ကင်နှင့် ဝက်အူချောင်း သို့မဟုတ် ဝက်သားခြောက်တို့ပါဝင်သည်။ အမြန်ရအစာရရှိသည့်ဆိုင်များတွင် ချိစ်ညှပ်ပေါင်မုန့်၊ ပြင်သစ်အာလူးကြော်နှင့် နို့အေးတို့ကိုမှာယူစားသောက်သည်။ အပြင်၌စားသောက်သောအခါ အဓိကဟင်းလျာအဖြစ် အမဲကြော်ကိုမှရွေးစားသည်။ စားသောက်ဆိုင်မှ သူအနှစ်သက်ဆုံးဟင်းပွဲများမှာ ၂၄ အောင်စရှိအသားကြော်နှင့် မလိုင်ချဉ်သုတ်ထားသော အာလူးပေါင်းတို့ဖြစ်သည်။ ချောကလက်ရေခဲမုန့်ဖြူးအုပ်ထားသော ချောကလက်ကိတ်သည် သူအကြိုက်ဆုံးအချိုပွဲဖြစ်သည်။
သောမတ်စ်သည် ငါးပေဆယ်လက်မရှိပြီး ကိုယ်အလေးချိန် ၁၉၆ ပေါင်ရှိသည်; ၁၉၉၅ အမေရိကန်အစိုးရအစားအစာလမ်းညွှန်အရပေါင် ၂၀ ပိုလေးနေသည်။ “ကျွန်တော့်အလေးချိန်ကြောင့် နေရထိုင်ရမခက်ပါဘူး” ဟုသောမတ်စ်ပြောသည်။ “ကျွန်တော့်ကျန်းမာရေးဟာ အလွန်ကောင်းနေတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း အလုပ်တစ်ရက်မှမပျက်ကွက်ခဲ့ဘူး။ အများအားဖြင့် ကျွန်တော်ဟာ ကျန်းမာရေးကောင်းပြီး သွက်လက်ဖျတ်လတ်နေပါတယ်—အသားကြော် ၂၄ အောင်စစားပြီးတဲ့အချိန်ကလွဲလို့ပေါ့။”
သို့သော် သောမတ်စ်၏အစားအစာသည် ဆိုးကျိုးသက်ရောက်ပြီး တဖြည်းဖြည်းနှင့် ရုတ်တရက် နှလုံးရောဂါဖိစီးမှု မဖြစ်စေနိုင်ပေလော။ ဒေါက်တာရှဝင်နူးလန်က မည်သို့သေရပုံဟူသောသူ၏စာအုပ်တွင် ‘အန္တရာယ်ဖြစ်စေသောဘဝပုံစံ’ အကြောင်းပြောဆိုကာ ယင်းတို့တွင် ‘အမဲသား၊ ဆိတ်သား၊ သိုးသား၊ ဝက်သားခြောက်အချပ်ထူထူနှင့် ထောပတ်စသော’ အစားအစာပါဝင်သည်။
အချို့သောအစာများသည် လူများစွာ၌နှလုံးရောဂါကို မည်သို့ဖြစ်စေသနည်း။ ၎င်းတို့အထဲတွင် အန္တရာယ်ဖြစ်စေသောအရာကားအဘယ်နည်း။ ဤမေးခွန်းများကို မဆွေးနွေးမီ ကျန်းမာရေးအန္တရာယ်ရှိစေသည့် ကိုယ်အလေးချိန်လွန်ကဲခြင်းကို အသေအချာသုံးသပ်ကြည့်ကြစို့။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
အဆိုပါအစားအစာသည် အဘယ်ကြောင့်အလေးထားရမည့်အရာဖြစ်သနည်း