ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၀/၈ စာ. ၁၂-၁၇
  • ကမ္ဘာကို လှစ်ဟဖော်ပြသူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာကို လှစ်ဟဖော်ပြသူ
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလယ်ခေတ်မင်းလုလင်ဘဝမှ ရေကြောင်းသွားလာသူသတ္တိခဲအဖြစ်သို့
  • စပိန်ဘုရင်က နားထောင်မည်လော
  • “သမိုင်းတွင် အကြီးမားဆုံးသော ရေကြောင်းဆိုင်ရာထူးခြားမှု”
  • ပစိဖိတ်အတွင်း တုန်လှုပ်ချောက်ချားဖွယ်အတွေ့အကြုံ
  • ကြေကွဲဖွယ်ရာဖြစ်ရပ်ကြောင့် စိတ်ကူးပြိုပျက်သွားရ
  • အိမ်ပြန်လမ်းတွင် နှောင့်ယှက်မှုဘေးကြုံခြင်း
  • မက်ဂျလန်၏နာမည် ဆက်ရှင်သန်နေ
  • ဗာစကိုဒဂါးမား၏ မှတ်သားဖွယ် ရေကြောင်းခရီး
    နိုးလော့!—၂၀၀၁
  • ကမ္ဘာ့ရက်သတ်မျဉ်းကို ဖြတ်ကျော်ခြင်း
    နိုးလော့!—၂၀၀၂
  • ကမ္ဘာကြီးကို နှစ်ခြမ်းကွဲစေတဲ့ အမိန့်စာ
    နိုးလော့!—၂၀၁၅
  • ယေဟောဝါကို ကျွန်မတို့ ပုံအပ်ယုံကြည်ကိုးစားတတ်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၀/၈ စာ. ၁၂-၁၇

ကမ္ဘာကို လှစ်ဟဖော်ပြသူ

ဩစတြေးလျမှ နိုးလော့! သတင်းထောက်ပေးပို့သည်

လကမ္ဘာသို့ လူတို့ ဦးဆုံးသွားသည့်အချိန်က မိမိတို့ မည်သည့်နေရာသို့သွားကြမည်၊ မည်သို့ရောက်ရှိနိုင်မည်ကို ဂဃနဏတွက်ချက်၍ အစီအစဉ်ချရေးဆွဲခဲ့ကြ၏။ ကမ္ဘာမြေနှင့် အဆက်အသွယ်လည်းပြုလုပ်နိုင်ခဲ့သည်။ သို့သော် အများစုမှာ မျက်မှောက်ခေတ်နောက်တွဲရေယာဉ်ငယ်ကဲ့သို့ အလျားပေ ၇၀ ခန့်ရှိသော ဖာဒီနန် မက်ဂျလန်၏a သစ်သားသင်္ဘောယာဉ်ငယ်ငါးစီးသည် ၁၅၁၉ တွင်စပိန်မှထွက်၍ မသိသောနေရာသို့ ရွက်လွှင့်ခဲ့ကြ၏။ ထို့အပြင် သူတို့ထီးတည်းသာလျှင်ဖြစ်သည်။

အချိန်ကာလများတစ်လျှောက် ရေကြောင်းဆိုင်ရာမှတ်သားလောက်သည့် ရဲရင့်မှုအရှိဆုံး၊ အစွမ်းသတ္တိအရှိဆုံး လုပ်ဆောင်မှုများထဲတွင် မက်ဂျလန်၏ရေကြောင်းခရီးရှည်သည် စူးစမ်းရှာဖွေခြင်းခေတ်ကာလ—ရဲစွမ်းသတ္တိရှိမှုနှင့် ကြောက်ရွံ့မှု၊ စိတ်ဓာတ်တက်ကြွမှုနှင့် ပူဆွေးမှု၊ ဘုရားသခင်နှင့် ချမ်းသာကြွယ်ဝမှုခေတ်ကာလတစ်ခု—၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ သို့ဖြင့် ပေါ်တူဂီမြောက်ပိုင်း၌ ဖာဒီနန် မက်ဂျလန်မွေးဖွားချိန်၊ လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၈၀ ခန့်သို့ နောက်ကြောင်းပြန်၍ ကမ္ဘာကို လှစ်ဟဖော်ပြခဲ့သော အာဂလူတစ်ဦးနှင့် သူ၏သမိုင်းဝင်ခရီးရှည်များကို ကြည့်ကြစို့။

အလယ်ခေတ်မင်းလုလင်ဘဝမှ ရေကြောင်းသွားလာသူသတ္တိခဲအဖြစ်သို့

မက်ဂျလန်မိသားစုသည် ဆွေကြီးမျိုးကြီးများထဲမှဖြစ်ရာ ထုံးစံအရ ဖာဒီနန်သည် ငယ်စဉ်ကတည်းက မင်းလုလင်အဖြစ် နန်းတွင်းသို့ဆင့်ခေါ်ခြင်းခံခဲ့ရ၏။ ဤတွင် ကျောင်းပညာဆည်းပူးခြင်းအပြင် ကျော်ကြားသောဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းစု (အင်ဒိုနီးရှား) သို့ရောက်သည့် အနောက်ပင်လယ်ရေကြောင်းလမ်းကို တွေ့ရှိပြီးနောက် အမေရိကသို့သွားရာမှ မကြာသေးမီကပြန်ရောက်လာသည့် ခရစ္စတိုဖာ ကိုလံဘတ်စ်ကဲ့သို့သော စူးစမ်းရှာဖွေသူတို့ထံမှ သူတို့၏ စွန့်စားလုပ်ဆောင်မှုများကို သူတိုက်ရိုက်သိရှိခဲ့ရသည်။ မကြာမီ လူငယ်ဖာဒီနန်သည် မိမိ၏အထက်တွင် ရွက်လွှင့်သံတဗြန်းဗြန်းကိုကြားနေရပြီး စူးစမ်းရှာဖွေမှုမပြုရသေးသော သမုဒ္ဒရာမှရေစက်ရေမှုန်များ မိမိ၏မျက်နှာပေါ်သို့ကျရောက်ခြင်း ခံစားရမည့်အချိန်ကို စိတ်ကူးယဉ်မိတော့သည်။

ဝမ်းနည်းစရာမှာ ၁၄၉၅ တွင် သူ၏သခင်၊ ဂျွန်ဘုရင် လုပ်ကြံခံရပြီး စူးစမ်းရှာဖွေမှုတွင်မဟုတ်ဘဲ ချမ်းသာကြွယ်ဝမှုကိုသာစိတ်ဝင်စားသော ဒရူခ်. မန်ဝဲလ်က နန်းဆက်ခံသည်။ အကြောင်းတစ်ခုကြောင့် မန်ဝဲလ်သည် ၁၅ နှစ်အရွယ်ဖာဒီနန်ကိုမနှစ်မြို့သဖြင့် ပင်လယ်တွင်းသို့သွားလိုသော သူ၏တောင်းဆိုချက်ကို နှစ်နှင့်ချီ၍လျစ်လျူရှုခဲ့၏။ သို့သော် ဗာစကိုဒဂါးမားသည် ဟင်းခတ်အမွှေးအကြိုင်များသယ်ဆောင်၍ အိန္ဒိယမှပြန်လာရာ မန်ဝဲလ်သည် အလွန်ချမ်းသာကြွယ်ဝနိုင်သည့်အလားအလာကို သတိပြုမိလေသည်။ နောက်ဆုံး ၁၅၀၅ ခုနှစ်တွင် သူသည် မက်ဂျလန်ကို ပင်လယ်တွင်းသို့သွားခွင့်ပြုလိုက်၏။ မက်ဂျလန်သည် အာရပ်ကုန်သည်များမှ ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်မှုကို ထိန်းချူပ်မှုအားထောက်ကူရန် ပေါ်တူဂီစစ်သင်္ဘောတစ်စုဖြင့် အရှေ့အာဖရိကနှင့် အိန္ဒိယသို့ ခရီးစတင်သည်။ ထို့နောက် သူသည် သာ၍ဝေးသောအရှေ့ဘက်ကျသည့်မလက္ကာသို့ အခြားစစ်ဘက်ဆိုင်ရာစူးစမ်းရှာဖွေရေးအဖွဲ့နှင့် ရွက်လွှင့်လေ၏။

မက်ဂျလန်သည် ၁၅၁၃ တွင် မော်ရိုကို၌ဖြစ်ပွားသော တိုက်ပွဲငယ်တစ်ခုအတွင်း ဒူးခေါင်း၌ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့၏။ ထို့ကြောင့် သူ့ဘဝတစ်လျှောက်လုံး ထော့နဲ့ထော့နဲ့ဖြင့်နေသွားရသည်။ မိမိ၏ လစာငွေတိုးမြှင့်ပေးဖို့ မန်ဝဲလ်ကိုတောင်းဆို၏။ သို့သော် မကြာသေးမီကမှဖြစ်သော မက်ဂျလန်၏ စူးစမ်းရှာဖွေမှု၊ ကိုယ်ကျိုးစွန့်မှုနှင့် ရဲစွမ်းသတ္တိတို့သည် မန်ဝဲလ်၏ရန်ငြိုးကို စိုးစဉ်းမျှလျော့မသွားစေနိုင်ခဲ့ချေ။ သူ့ကို မျိုးရိုးမြင့်မြတ်သောဆင်းရဲသားတစ်ဦးအဖြစ် နေနိုင်၊ စားနိုင်ရုံလောက်သာ လစာပေးပြီး လွှတ်လိုက်လေသည်။

ဤကဲ့သို့ မက်ဂျလန်ဘဝ၏အနိမ့်ကျဆုံးအချိန်၌ သူ၏မိတ်ဆွေဟောင်းတစ်ဦးဖြစ်သည့် နာမည်ကျော် ရေကြောင်းသွားလာသူ ဂျိုအို ဒီ လစ္စဘိုရာသည် သူ့ထံ အလည်အပတ်ရောက်လာ၏။ ထိုသူနှစ်ဦးသည် အဲလ်ပါဆို—တောင်အမေရိကကိုဖြတ်သွားသည်ဟု ဆိုကြသောရေလက်ကြား—မှတစ်ဆင့် အနောက်တောင်သို့သွား၍ မကြာသေးမီက ဘောလ်ဘိုးအားသည် ပနားမားကျွန်းဆက်ကိုဖြတ်စဉ် တွေ့ရှိခဲ့သည့်သမုဒ္ဒရာကိုဖြတ်ပြီး ဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းစုသို့ ရောက်နိုင်သည့်လမ်းများအကြောင်း ဆွေးနွေးကြသည်။ သူတို့က ဤသမုဒ္ဒရာ၏အခြားအစွန်းတစ်ဖက်တွင် ထိုကျွန်းစုတည်ရှိမည်ဟု ယုံကြည်ကြ၏။

ယခုအခါ မက်ဂျလန်သည် ကိုလံဘတ်စ်အောင်မြင်မှုမရခဲ့သော အလုပ်ကို လုပ်လိုစိတ်ပြင်းပြခဲ့သည်။ ၎င်းမှာ အရှေ့တိုင်းသို့ အနောက်ဘက်မှသွားသည့်လမ်းကိုရှာဖွေရန်ဖြစ်ပြီး ယင်းလမ်းသည် အရှေ့ဘက်မှသွားသောလမ်းထက် ပို၍တိုသည်ဟု သူယုံကြည်သည်။ သို့သော် ငွေကြေးအထောက်အပံ့လိုသည်။ သို့ဖြစ်၍ မန်ဝဲလ်၏အမျက်ဒေါသမကျေနပ်မှုကို အပြင်းအထန်ခံရစဉ်ပင် အစောပိုင်းနှစ်အနည်းငယ်က ကိုလံဘတ်စ်ပြုလုပ်ခဲ့သည့်နည်းတူ သူသည် စပိန်ဘုရင်၏အားပေးထောက်ပံ့မှုရရန် ကြိုးစားခဲ့၏။

စပိန်ဘုရင်က နားထောင်မည်လော

မက်ဂျလန်သည် စပိန်နိုင်ငံ၏ ပထမမြောက်လူငယ်ချားလ်စ်ဘုရင်အား ပင်လယ်မြေပုံကိုဖွင့်ကာ သူ၏အဆိုကိုတင်ပြသည်။ ပေါ်တူဂီတို့၏သင်္ဘောလမ်းကြောင်းထဲ ဝင်ရောက်ဖြတ်သန်းစရာမလိုဘဲ ဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းစုသို့ဦးတည်သွားနိုင်သည့် မက်ဂျလန်၏အနောက်ဘက်မှသွားသည့်လမ်းကြောင်းကို သူအလွန်စိတ်ဝင်စားသွား၏။ ထိုထက်ကား မက်ဂျလန်သည် သူ့အား ဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းစုမှာ အမှန်အားဖြင့် ပေါ်တူဂီပိုင်တွင်မဟုတ်ဘဲ စပိန်ပိုင်နက်နယ်မြေတွင်ပါဝင်ကြောင်း ပြောလေသည်တကား!—“တောဒီစလက်စ် စာချုပ်” လေးထောင့်ကွက်ကိုရှု။

ချားလ်စ်က ယုံကြည်စိတ်ချ၏။ သူသည် မက်ဂျလန်အား သင်္ဘောဟောင်းငါးစင်းကိုပေးကာ စူးစမ်းရှာဖွေရေးခရီးစဉ်အတွက် ယင်းတို့ကိုပြန်လည်ပြင်ဆင်စေပြီး သူ့ကိုလည်း သင်္ဘောစု၏ကပ္ပတိန်ချုပ်အဖြစ်ခန့်အပ်ကာ ဟင်းခတ်အမွှေးအကြိုင်များယူဆောင်လာသောအခါ ရရှိသည့်အကျိုးအမြတ်ကို ခွဲဝေပေးမည်ဟုကတိပြုသည်။ မက်ဂျလန်သည် ချက်ချင်းပင်အလုပ်စတင်သည်။ သို့သော် ဘုရင်မန်ဝဲလ်သည် အဆိုပါစီမံကိန်းပျက်သွားစေရန် စဉ်းလဲစွာဖြင့်ကြိုးစားအားထုတ်ရာ မော်ကွန်းတင်လောက်သော အဆိုပါရေကြောင်းခရီးအတွက် သင်္ဘောစုကို နောက်ဆုံးအဆင့် အသင့်ဖြစ်စေရန် တစ်နှစ်ကျော်ကြာလေသည်။

“သမိုင်းတွင် အကြီးမားဆုံးသော ရေကြောင်းဆိုင်ရာထူးခြားမှု”

၁၅၁၉ ခု၊ စက်တင်ဘာ ၂၀ ရက်တွင် ကြီးစဉ်ငယ်လိုက်ဖြစ်သည့် စန် အဲန်တိုနီအို၊ ကွန်ဆက်ပ်စီယွန်၊ ဗစ်တိုးရီးယားနှင့် စန်တီရေးဂိုးသင်္ဘောတို့သည် ဒုတိယအကြီးမားဆုံးဖြစ်သော မက်ဂျလန်၏ ထရီဒက်အမည်ရှိ ဦးစီးသင်္ဘောနောက်သို့လိုက်ပါ၍ တောင်အမေရိကသို့ရွက်လွှင့်ကြ၏။ ဒီဇင်ဘာ ၁၃ တွင် ဘရာဇီးသို့ရောက်ရှိပြီး ငေးမောရလောက်အောင်ခမ်းနားမြင့်မားသော ပေအို ဒီ အစူးကား သို့မဟုတ် စူဂါးလွတ်ဖ်တောင်တန်းအောက်၊ လှပသော ရီယိုဒီဂျနေရိုပင်လယ်အော်သို့ ပြင်ဆင်မှုနှင့်ရိက္ခာအတွက် ဝင်ရောက်ကြ၏။ ထို့နောက် သူတို့သည် ယခု အာဂျင်တီးနားဟုခေါ်သော တောင်ဘက်သို့ခရီးဆက်၍ နောက်သမုဒ္ဒရာတစ်ခုသို့ဖြတ်ကူးသော ရှာရခက်သည့်လမ်းကြောင်း အဲလ်ပါဆိုကို တစ်ချိန်လုံးရှာဖွေကြသည်။ ထိုအချိန်၌ အေးသည်ထက်ပိုအေးလာရာ ရေခဲတောင်များဖြစ်ပေါ်လာ၏။ နောက်ဆုံး ၁၅၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်တွင် အလွန်အေးသော စန် ဟူလယန်းဆိပ်ကမ်း၌ဆောင်းခိုရန် မက်ဂျလန်ကဆုံးဖြတ်လိုက်သည်။

ယခု အဆိုပါရေကြောင်းခရီးသည် အတ္တလန်တိတ်သမုဒ္ဒရာကို ကိုလံဘတ်စ်ဦးဆုံးအကြိမ်ဖြတ်သန်းခဲ့စဉ်ကထက် ခြောက်ပြန်ခရီးရှည်သော်လည်း ရေလက်ကြားလုံးဝမရှိပါတကား! စန် ဟူလယန်းမိုးလေဝသကဲ့သို့ပင် လူတို့၏စိတ်ဓာတ်ရေးရာမှာအေးစက်စက်ဖြစ်လာကြရာ ကပ္ပတိန်များနှင့်အရာရှိများအပါအဝင် အချို့တို့သည် အိမ်ပြန်ရန်အရူးအမူးဖြစ်နေကြ၏။ ထို့ကြောင့် ဖီဆန်ပုန်ကန်မှု ပေါ်ပေါက်လာခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ သို့သော် မက်ဂျလန်ဘက်မှ မြန်ဆန်၍ပြတ်သားသည့်အရေးယူဆောင်ရွက်မှုကြောင့် ယင်းသည် ပျက်ပြားသွားပြီး ပုန်ကန်သူခေါင်းဆောင်နှစ်ဦး ကျဆုံးခဲ့၏။

ဖြစ်လေ့ရှိသကဲ့သို့ပင် ဆိပ်ကမ်းတွင် တိုင်းတစ်ပါးမှ သင်္ဘောများရှိနေခြင်းက သန်မာ၍ထွားကြိုင်းသော ဒေသခံတို့၏သိလိုစိတ်ပြင်းပြမှုကို လှုံ့ဆော်ပေးသည်။ ဤကြီးမားသောသူတို့နှင့်နှိုင်းစာလျှင် လူပုလေးများကဲ့သို့ခံစားကြရသဖြင့် သူတို့က အဆိုပါဒေသကို “ကြီးမားသောခြေထောက်” ဟုအဓိပ္ပာယ်ရသည့် စပိန်စကားဖြစ်သော ပက်တဂိုနီးယာဟုခေါ်ဆိုပြီး ယင်းနာမည်သည် ယနေ့ထိတွင်နေ၏။ သူတို့သည် ‘နွားပေါက်လောက်အကောင်ရှိသည့် ပင်လယ်ဝံပုလွေများနှင့် ရေတွင်ကူးခတ်ပြီး ငါးတို့ကိုစားသောက်နေသော ကျီးကန်းကဲ့သို့ နှုတ်သီးရှိသည့် ငန်းဖြူနှင့် ငန်းနက်များ’ ကိုလည်းတွေ့ မြင်ကြသည်။ သင်မှန်းဆကြည့်ပါလေ ပင်လယ်ဖျံများနှင့် ပင်ဂွင်းငှက်များပင်!

ဝင်ရိုးစွန်းလတ္တီတွဒ်သည် ရုတ်တရက်ပြင်းထန်သောမုန်တိုင်းများ ကျရောက်လေ့ရှိရာ ဆောင်းဥတုမကုန်မီတွင် အဆိုပါသင်္ဘောစုထဲမှ အငယ်ဆုံးဖြစ်သော စန်တီရေးဂိုးမှာ ဦးဆုံးပျက်စီးသွားသည်။ သို့သော်အကြောင်းလှစွာပင် သင်္ဘောပျက်မှ သင်္ဘောသားတို့ကို ကယ်ဆယ်လိုက်နိုင်၏။ ထို့နောက် ကျန်သင်္ဘောလေးစင်းသည် တောင်ပံနာနေသည့်ပိုးဖလံလေးများကဲ့သို့ ဆိုးဝါး၍အေးစိမ့်သောလေပြင်းတိုက်ခတ်မှုအောက်၊ ပို၍ပို၍အေးသောရေပြင်ရှိရာ တောင်ဘက်သို့ အောက်တိုဘာ ၂၁ ရက်အထိ တရွေ့ရွေ့သွားနေသည်။ ရေမှုန်ရေမွှားနှင့် မိုးနှင်းကြားရွက်လွှင့်ရင်း သူတို့အားလုံး အနောက်ဘက်သို့သွားသော လမ်းဝကိုတစ်ချိန်လုံးရှာဖွေကြသည်။ အဲလ်ပါဆိုကိုလော။ မှန်ပါသည်! နောက်ဆုံး သူတို့သည် မက်ဂျလန်ရေလက်ကြားအဖြစ် နောက်ပိုင်းသိလာသော ရေလက်ကြားထဲသို့ကွေ့ဝင်လေသည်တကား! သို့တိုင် ဤအချိန်၌ပင် အောင်ပွဲခံမှုမှေးမှိန်သွားသည်။ စန် အဲန်တိုနီအိုသည် အဆိုပါရေလက်ကြားဝင်္ကပါထဲတွင် တမင်တကာခြေရာဖျောက်၍ စပိန်သို့ပြန်သွား၏။

ကျန်သင်္ဘောသုံးစင်းမှာ အေးစိမ့်နေပြီး တောင်ထိပ်၌နှင်းများထူထပ်နေသည့် မြင့်မားသောတောင်ကမ်းပါးယံများရံလျက်ရှိသည့် ကွေ့ကောက်သောရေလက်ကြားတစ်လျှောက် မဆုတ်မနစ်ခရီးနှင်ကြ၏။ တောင်ဘက်တွင် အင်ဒီယန်းစခန်းတို့မှဖြစ်နိုင်သည့် မရေမတွက်နိုင်သော မီးလျှံများကိုတွေ့ မြင်ကြရာ အဆိုပါနေရာကို တီရာ ဒီလ် ဖူရ်ဂို၊ “မီးမြေ” ဟုခေါ်ဆိုကြသည်။

ပစိဖိတ်အတွင်း တုန်လှုပ်ချောက်ချားဖွယ်အတွေ့အကြုံ

ငါးပတ်ကြာအလူးအလဲခံရပြီးနောက် သူတို့သည် ပစိဖိတ်ဟုမက်ဂျလန်အမည်ပေးလိုက်သော အလွန်ငြိမ်သက်သာယာသည့်ပင်လယ်ထဲသို့ ရွက်လွှင့်ဝင်ရောက်လေ၏။ ထိုသူတို့သည် ဆုတောင်း၍ဓမ္မတေးသီဆိုကြပြီး သူတို့၏ အောင်မြင်မှုကို အမြောက်များဖြင့်ဂုဏ်ပြုကြသည်။ သို့သော် သူတို့၏ပျော်ရွှင်မှုမှာ ခဏတာပင်။ ဖြစ်ခဲ့သမျှတွင်အဆိုးရွားဆုံးဖြစ်ပြီး တစ်ခါမျှမတွေ့ ကြုံဖူးသည့်ဘေးဒုက္ခက သူတို့ကို စောင့်ကြိုနေသည်။ အကြောင်းမှာ သူတို့မျှော်လင့်ထားသကဲ့သို့ သေးငယ်သောသမုဒ္ဒရာမဟုတ်ဘဲ၊ ယင်းသည် အဆုံးမရှိနိုင်ပုံရှိကာ သူတို့သည် ပို၍ငတ်မွတ်၊ အင်အားချည့်နဲ့လာကာ ဖျားနာလာ၏။

ကြံ့ခိုင်သောအီတာလျံလူမျိုးဖြစ်သူ အန်တိုနီယို ပီဂါဖက်တာက ခရီးစဉ်ကိုမှတ်တမ်းတင်သည်။ သူဤသို့ရေးသားသည်– “၁၅၂၀ ပြည့်နှစ်၊ နိုဝင်ဘာ နှစ်ဆယ့်ရှစ်ရက် ဗုဒ္ဓဟူးနေ့မှာ ကျွန်တော်တို့ဟာ . . . ပစိဖိတ်သမုဒ္ဒရာထဲ ဝင်ရောက်ခဲ့ကြပြီး ရိက္ခာမဖြည့်နိုင်ဘဲ သုံးလနဲ့ရက်နှစ်ဆယ်ကြာ နေခဲ့ရတယ် . . . ကြေမွပြီးပိုးကောင်အပြည့်နဲ့ ဟောင်းနွမ်းမှိုတက်နေတဲ့ ဘီစကွတ်မုန့်ကိုပဲစားရပြီး မုန့်တွေဟာ ကြွက်တွေစွန့်ထားတဲ့ အညစ်အကြေးတွေကြောင့်ပုပ်စော်နံဟောင်နေတယ်၊ . . . ပြီးတော့ ကျွန်တော်တို့ဟာ ဝါကြန့်ကြန့်နဲ့ နံစော်နေတဲ့ရေကို သောက်ကြရတယ်။ နွားသားရေ . . . လွှစာမှုန့်နဲ့ တစ်ကောင်ကို နှစ်သျှီလင်ခွဲတန်ဖိုးရှိတဲ့ ကြွက်တွေကိုလည်းစားခဲ့ကြပြီး လောက်တောင်မလောက်ခဲ့ဘူး။” သို့နှင့် ကုန်သည်လေက ရွက်လွှင့်မှုကိုအားဖြည့်ပေးပြီး ကြည်လင်သောရေက သူတို့၏သင်္ဘောကိုယ်ထည်ကို ပွတ်တိုက်လှုပ်ရှားချိန်တွင် သူတို့သည်စကာဗီရောဂါရကာ အခြေအနေဆိုးဝါးနေကြသည်။ ၁၅၂၁ ခု၊ မတ် ၆ ရက်တွင် မားရီးယားနားကျွန်းစုသို့ သူတို့ဆိုက်ရောက်ချိန်၌ တဆယ့်ကိုးယောက်သေဆုံးခဲ့၏။

သို့သော် ဤနေရာတွင် ကျွန်းသားများ၏ရန်လိုမှုကြောင့် ဆက်၍ရွက်မလွှင့်မီ လတ်ဆတ်သောအစားအစာအနည်းငယ်သာ သူတို့စုဆောင်းမိလိုက်နိုင်သည်။ နောက်ဆုံး မတ် ၁၆ ရက်တွင် သူတို့သည် ဖိလစ်ပိုင်ကျွန်းစုကို မြင်ရ၏။ အဆုံးတွင် ထိုသူအားလုံး ကောင်းစွာစားရ၍ အနားကောင်းကောင်းရကာ ကျန်းမာရေးပြန်ကောင်းလာပြီး အစွမ်းခွန်အားပြန်ပြည့်လာသည်။

ကြေကွဲဖွယ်ရာဖြစ်ရပ်ကြောင့် စိတ်ကူးပြိုပျက်သွားရ

ဘာသာရေးကိုင်းရှိုင်းသူ မက်ဂျလန်သည် ထိုနေရာ၌ ဌာနေတိုင်းရင်းသားများစွာနှင့် သူတို့အား အုပ်ချူပ်သူတို့ကို ကက်သလစ်ဘာသာဝင်ဖြစ်စေခဲ့၏။ သို့သော် သူ၏စိတ်အားထက်သန်မှုက သူ၏ပျက်စီးမှုကိုလည်းဖြစ်စေသည်။ လူမျိုးစုများကြား အငြင်းပွားမှုတွင် ပါဝင်ပတ်သက်ခဲ့ရာမှ လူအင်အား ၆၀ မျှဖြင့် ဒူးလေး၊ ပြောင်းချောသေနတ်ကိုကိုင်ဆောင်လျက် ဘုရားသခင်သည် မိမိတို့ကို အောင်ပွဲခံစေမည်ဟုယုံကြည်စိတ်ချကာ ဌာနေတိုင်းရင်းသား ၁,၅၀၀ ခန့်နှင့်တိုက်ခိုက်ကြသည်။ ယုံကြည်သည်အတိုင်းဖြစ်မလာဘဲ သူနှင့် သူ့လူတော်တော်များများ အသတ်ခံလိုက်ရ၏။ မက်ဂျလန်၏အသက်မှာ ၄၁ နှစ်ဖြစ်သည်။ သစ္စာရှိသူ ပီဂါဖက်တာက ဝမ်းနည်းကြောင်းဤသို့ဖော်ပြသည်– ‘သူတို့ဟာ ကျွန်တော်တို့ရဲ့စံပြ၊ ဉာဏ်အလင်း၊ နှစ်သိမ့်မှုနဲ့ ဦးဆောင်လမ်းပြသူအစစ်ကို သတ်လိုက်ကြပြီ။’ ရက်အနည်းငယ်ကြာပြီးနောက် မိမိတို့သင်္ဘောများ၏ ဘေးကင်းလုံခြုံသောနေရာများမှ ကြည့်ရုံသာကြည့်နေကြသည့် အရာရှိ ၂၇ ဦးခန့်ကို တစ်ချိန်ကခင်မင်ရင်းနှီးခဲ့သော အကြီးအမှူးများက ကွပ်မျက်လိုက်ကြ၏။

မက်ဂျလန်သည် သူနှင့်ကျွမ်းဝင်သောဝန်းကျင်တွင် သေဆုံးခဲ့၏။ တောင်ပိုင်းရှိမဝေးလှသည့်နေရာတွင် ဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းစုရှိပြီး အနောက်ဘက်တွင် ၁၅၁၁ ခုနှစ်၌ သူစစ်ဆင်နွှဲခဲ့သော မလက္ကာရှိသည်။ သမိုင်းပညာရှင်အချို့တွေးဆသကဲ့သို့ သူသည် မလက္ကာတိုက်ပွဲပြီးနောက် ဖိလစ်ပိုင်ကျွန်းစုသို့ ရွက်လွှင့်ခဲ့သည်မှန်လျှင် ခရီးစဉ်တစ်ခုတည်းဖြင့်မဟုတ်စေကာမူ ရေကြောင်းဖြင့် ကမ္ဘာကိုအမှန်ပင်ပတ်ခဲ့သည်။ သူသည် ဖိလစ်ပိုင်ကျွန်းစုသို့ အရှေ့ဘက်နှင့် အနောက်ဘက်လမ်းနှစ်လမ်းစလုံးမှ ရောက်ရှိခဲ့ပေသည်။

အိမ်ပြန်လမ်းတွင် နှောင့်ယှက်မှုဘေးကြုံခြင်း

ယခု လူအနည်းငယ်သာကျန်ရှိရာ သင်္ဘောသုံးစင်းကို ကြပ်မတ်ရခြင်းသည်မဖြစ်နိုင်သောကြောင့် ကွန်ဆက်ပ်စီယွန်ကိုနစ်မြှုပ်လိုက်ပြီး ကျန်နှစ်စင်းဖြင့် မိမိတို့၏နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းစုသို့ ရွက်လွှင့်ကြ၏။ ထို့နောက် အမွှေးအကြိုင်များတင်ဆောင်ကာ သင်္ဘောနှစ်စင်းသည် လမ်းခွဲလိုက်ကြသည်။ သို့တစေ ထရီဒက်ကိုစီးနင်းလာသော သင်္ဘောသားတို့သည် ပေါ်တူဂီတို့၏ ဖမ်းဆီးထောင်ချခြင်းကိုခံလိုက်ရ၏။

သို့သော် ယခင်ပုန်ကန်သူ ခွမ်န် စီဘတ်စ်တီယန်း ဒီ အဲလ်ကန်နို၏ ဦးဆောင်မှုအောက်တွင် ဗစ်တိုးရီးယားမှာ လွတ်မြောက်သွားသည်။ ဆိပ်ကမ်းတစ်ခုမှလွဲ၍ ကျန်အားလုံးကိုရှောင်ပြီး ဂွတ်ဟုပ်အငူတစ်ဝိုက်ရှိ ပေါ်တူဂီတို့၏သွားနေကျလမ်းကြောင်းမှ အရဲစွန့်၍ဖြတ်လာကြသည်။ ရိက္ခာအတွက် လုံးဝရပ်နားမှုမပြုခြင်းက ဆုံးရှုံးမှုများကိုဖြစ်စေ၏။ နောက်ဆုံး ၁၅၂၂ ခု၊ စက်တင်ဘာ ၆ ရက်—သူတို့ထွက်ခဲ့သည့်အချိန်မှစ၍ သုံးနှစ်ကြာ—တွင်စပိန်သို့ ပိန်ချုံး၍ဖျားနာနေသော လူ ၁၈ ဦးသာလျှင်ပြန်ရောက်နိုင်ခဲ့ကြသည်။ သို့ဖြစ်သည့်တိုင် သူတို့သည် ကမ္ဘာကို ရေကြောင်းဖြင့်ဦးဆုံးပတ်ခဲ့ကြသူများဖြစ်ကြောင်း ငြင်းဆိုစရာမရှိချေ။ ဒီ အဲလ်ကန်နိုသည် လူစွမ်းကောင်းဖြစ်သွားသည်။ မယုံနိုင်စရာမှာ ဗစ်တိုးရီးယားသင်္ဘောဖြင့်သယ်ဆောင်လာသော ဟင်းခတ်အမွှေးအကြိုင် ၂၆ တန်သည် စူးစမ်းရှာဖွေမှုခရီးစဉ်တစ်ခုလုံးအတွက် စရိတ်ကျေသွားစေခြင်းပင်တည်း!

မက်ဂျလန်၏နာမည် ဆက်ရှင်သန်နေ

မက်ဂျလန်သည် သမိုင်းတွင် သူ၏နေရာမှန်အတွက် နှစ်နှင့်ချီ၍ငြင်းဆိုခြင်းခံခဲ့ရ၏။ ပုန်ကန်သူကပ္ပတိန်တို့၏ တလွဲပြောဆိုချက်ကြောင့် စပိန်တို့က သူအား ကြမ်းတမ်း၍အစွမ်းအစမရှိသူဟုပြောဆိုခြင်းဖြင့် သူ၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည်။ ပေါ်တူဂီတို့က သူအား သစ္စာဖောက်ဟုအမည်တပ်ကြသည်။ ဝမ်းနည်းစရာမှာ သူသေဆုံးသွားသောအခါ သူ့ရေကြောင်းခရီးစဉ်မှတ်တမ်းပျောက်ဆုံးသွားခြင်းဖြစ်သည်၊ ဖြစ်နိုင်သည်မှာ ယင်းတွင် မိမိတို့၏အဖြစ်မှန်ဖော်ထုတ်ထားခြင်းခံရသူများက ဖျက်ဆီးပစ်လိုက်ခြင်းတည်း။ သို့သော် စွမ်းစွမ်းတမန်လုပ်ဆောင်ခဲ့သူ ပီဂါဖက်တာ—ကမ္ဘာပတ်ခဲ့သူ ၁၈ ဦးမှတစ်ဦးဖြစ်သူ—နှင့် စူးစမ်းရှာဖွေမှုခရီးတွင်ပါဝင်ခဲ့သည့် အခြားသူ ၅ ဦးခန့်တို့ကြောင့် ယုတ်စွအဆုံး ကြေကွဲဖွယ်ရာကောင်းသော်လည်း ထူးခြားသည့်ပင်လယ်ခရီးမှတ်တမ်းအချို့ကို ကျွန်ုပ်တို့ရရှိလိုက်သည်။

အချိန်တန်သော် သမိုင်းက ယင်း၏ထင်မြင်ချက်ကို ပြန်လည်ချင့်ချိန်သုံးသပ်မှုပြုလုပ်ခဲ့ပြီး ယနေ့ မက်ဂျလန်၏အမည်ကို သင့်မြတ်လျော်ကန်စွာပင် ဂုဏ်ပြုထားသည်။ ရေလက်ကြားကို သူ၏အမည်ဖြင့်မှည့်ထားသည်၊ မက်ဂျလန်နဂါးငွေ့တန်း—သူ၏သင်္ဘောသားကဦးဆုံးပြခဲ့သည့် မှုန့်မွှားသော တောင်ပိုင်းရှိနဂါးငွေ့တန်းနှစ်ခု—နှင့် မက်ဂျလန်စူးစမ်းရှာဖွေရေးကိရိယာတို့လည်း အလားတူဖြစ်သည်။ ထို့အပြင် မက်ဂျလန်၏ကျေးဇူးကြောင့် ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာ၏အမည်—ပစိဖိတ်—ကို ကျွန်ုပ်တို့ရခဲ့သည်။

အမှန်မှာ “၎င်းမှနှစ်ပေါင်း ၄၄၇ နှစ်ကြာပြီးနောက် အပိုလို ၁၁ သည်လကမ္ဘာပေါ်သို့ ရောက်ရှိသည့်အချိန်အထိ လူ့သမိုင်းတွင် ယင်းကဲ့သို့သော အရေးပါသည့်ခရီးရှည် လုံးဝမရှိခဲ့ချေ” ဟု ရစ်ချက် ဟမ်ဘယ်လ်က မက်ဂျလန်၏ရေကြောင်းခရီးစာအုပ်တွင် ရေးသားထားသည်။ အဆိုပါရေကြောင်းခရီးသည် အဘယ်ကြောင့် ဤမျှအရေးပါသနည်း။ ဦးဆုံးအနေနှင့် ယင်းက အမေရိကတိုက်များသည် ကိုလံဘတ်စ်တွေးဆခဲ့သကဲ့သို့ အာရှတိုက်၏အစိတ်အပိုင်းသော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း မတည်ရှိကြောင်းကို သက်သေထူ၏။ ဒုတိယကား ရေကြောင်းခရီး၏အဆုံးတွင် တစ်ရက်တာခြားနားမှုက ကမ္ဘာ့ရက်သတ်မျဉ်းလိုအပ်ကြောင်းညွှန်ပြသည်။ နောက်ဆုံးအချက်ကား သိပ္ပံစာရေးဆရာ အိုင်းဇက် အဇစ်ခ် ပြောသကဲ့သို့ ယင်းက ကမ္ဘာကြီးသည် စက်ဝန်းဖြစ်ကြောင်းဖော်ပြ၏။ အမှန်ပင်၊ ဤနောက်ဆုံးအချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာကိုယ်နှိုက်က လွန်ခဲ့သည့် နှစ်ပေါင်း ၂,၂၅၀ ကတည်းကပြောထားသည့်အရာကို မက်ဂျလန်က လက်တွေ့ကျသောနည်းလမ်းဖြင့် သက်သေပြခဲ့သည်။ (ဟေရှာယ ၄၀:၂၂; ယောဘ ၂၆:၇ နှိုင်းယှဉ်။) ကမ္ဘာကိုလှစ်ဟဖော်ပြပေးခဲ့သော အဆိုပါဘာသာတရားကိုင်းရှိုင်းသူသည် ယင်းနှင့်ပတ်သက်၍ အမှန်ပင်ကျေနပ်ဝမ်းမြောက်ခဲ့မည်မှာ သေချာပါ၏။

[အောက်ခြေမှတ်ချက်]

a သူ၏ပေါ်တူဂီအမည်မှာ ဖနေယွန် ဒီ မဂလျင်ရှ် ဖြစ်သည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

တောဒီစလက်စ် စာချုပ်

သူတို့ရှေ့မှောက်တွင် ကျယ်ပြောသောကမ္ဘာလှစ်ဟဖွင့်ထားရာ ပေါ်တူဂီနှင့် စပိန်တို့သည် ကူးသန်းရောင်းဝယ်မှုနှင့် နယ်မြေသစ်များကိုပိုင်သအုပ်စိုးမှုတွင် ဝေမျှယူကြဖို့ သဘောတူညီချက်စာချုပ် ချုပ်ဆိုကြ၏။ သို့နှင့် ဆဋ္ဌမမြောက်ပုပ်ရဟန်းမင်း အလက်ဇန္ဒားနှင့် ဒုတိယမြောက်ပုပ်ရဟန်းမင်းဂျူးလီယက်စ်တို့၏ညွှန်ကြားမှုအောက်တွင် သူတို့သည် ယနေ့ဘရာဇီးနိုင်ငံကိုဖြတ်ကာ လောင်ဂျီတွဒ်မျဉ်းကိုရေးဆွဲခဲ့ကြသည်။ ဤမျဉ်း၏အရှေ့ဘက်တွင် ရှာဖွေတွေ့ ရှိသောနိုင်ငံများမှာ ပေါ်တူဂီပိုင်ဖြစ်၍ ကျန်မြေမှာ စပိန်ပိုင်နက်ဖြစ်၏။ မက်ဂျလန်သည် ပေါ်တူဂီဘုရင် မန်ဝဲလ်အား အဆိုပါမျဉ်းသည် ဝင်ရိုးစွန်းများကိုဖြတ်၍ ကမ္ဘာ့ကျန်အခြမ်းအထိဆက်ဆွဲမည်ဆိုလျှင် ဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းစုသည် စပိန်နယ်နိမိတ်အတွင်းအမှန်ပင်ကျရောက်နိုင်သည်ဟု ပညာမဲ့စွာဖြင့်အဆိုပြုခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာသည် အလွန်သေးငယ်သည်ဟု ရေပန်းစားလျက်ရှိသောအယူအဆပေါ်အခြေခံသည့် ဤရိုးသားသောအကဲဖြတ်မှုကြောင့် သူသည် ပြစ်တင်ကြိမ်းမောင်းမှုအပြင်းအထန်ခံခဲ့ရ၏။ ထင်သလိုဖြစ်မလာဘဲ မက်ဂျလန်မှာ မှားယွင်းခဲ့သည်။ သို့ဖြစ်စေကာမူ သူ့ယုံကြည်ချက်က စပိန်ဘုရင်၏အားပေးထောက်ပံ့မှုကို ရရှိရန်ကြိုးစားအားထုတ်ဖို့အကြောင်းတစ်ရပ် ဖြစ်စေခဲ့၏။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အတိတ်က သင်္ဘောသားတို့ရင်ဆိုင်ရသော တုန်လှုပ်ဖွယ်အတွေ့အကြုံ

အထူးသဖြင့် စူးစမ်းရှာဖွေခြင်းရေကြောင်းခရီးရှည်သည် ရံဖန်ရံခါနှစ်နှင့်ချီ၍ကြာရှည်ရာ နိမ့်ကျစွာနေထိုင်ရသော သင်္ဘောသား၏ဘဝသည် အပျော်ခရီးစဉ်မဟုတ်ချေ။ အောက်ပါတို့မှာ သင်္ဘောသားတို့ခံခဲ့ရသော နမူနာအချို့မျှသာဖြစ်သည်–

• သနားစဖွယ်ကောင်းစွာပင် သူတို့၏နေရာထိုင်ခင်းမှာ ပြွတ်သိပ်နေပြီး တစ်ကိုယ်တည်းသီးသန့်နေရခြင်းမရှိ

• ကပ္ပတိန်၏စိတ်ရူးပေါက်ရာပေါ်မူတည်ပြီး ရက်စက်စွာအပြစ်ပေးခြင်းခံရလေ့ရှိ

• ဗီတာမင်စီ လျော့ပါးခြင်းကြောင့် စကာဗီရောဂါဖြစ်ခြင်းနှင့် သေဆုံးမှုများရှိ

• သင်္ဘောပျက်ခြင်း၊ အစာပြတ်ခြင်း၊ ရေငတ်ခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ ဒေသခံတို့ကြောင့် အသက်ဆုံးရှုံးမှုရှိ

• အနံ့ဆိုးနှင့် ပုပ်ဟောင်သောရေမှ ဝမ်းရောဂါ သို့မဟုတ် အူရောင်ငန်းဖျားဖြစ်

• ပုပ်သိုး၍ ပိုးကောင်များရှိသောအစာကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်

• ဆာလောင်နေသောကြွက်များ၏ အကိုက်ခံရခြင်းကြောင့် ကြွက်ကိုက်ဖျားဖြစ်

• ညစ်ပေနေသောကိုယ်ခန္ဓာနှင့် အဝတ်ပေါ်ရှိ သန်းများကြောင့် တိုက်ဖတ်အဖျားရောဂါဖြစ်

• အများအားဖြင့် အသက်ရှင်လျက် အိမ်ပြန်ရောက်နိုင်သည့်အခွင့်အရေး ၅၀ ရာခိုင်နှုန်းသာရှိ

[Credit Line]

ရာစုနှစ်မဂ္ဂဇင်း

[စာမျက်နှာ ၁၇ ပါ မြေပုံ/ရုပ်ပုံများ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

မက်ဂျလန်၏ရေကြောင်းခရီးစဉ်၊ ၁၅၁၉-၂၂

⇦••• မက်ဂျလန်ရေလက်ကြား □ ခရီးစဉ်အစနှင့်အဆုံး

လမ်းကြောင်း

မက်ဂျလန်သည် ဖိလစ်ပိုင်ကျွန်းစုတွင် အသတ်ခံခဲ့ရသည်

ခွမ်န် စီဘတ်စ်တီယန်း ဒီ အဲလ်ကန်နို ရွက်လွှင့်ခဲ့သော နောက်ဆုံးခရီးတစ်ထောက်

[Credit Line]

မက်ဂျလန်– Giraudon/Art Resource, NY; world map: Mountain High Maps® Copyright © 1995 Digital Wisdom, Inc.; astrolabe: Courtesy of Adler Planetarium

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဖာဒီနန် မက်ဂျလန်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

“ဗစ်တိုးရီးယား” သည်ရေကြောင်းခရီးဖြင့် ဦးဆုံးကမ္ဘာကိုပတ်ခဲ့သော သင်္ဘောဖြစ်သည်။ သူ၏သင်္ဘောငါးစင်းအနက် ယင်းသည် အရွယ်အစားတွင် စတုတ္ထမြောက်ဖြစ်ပြီး လူ ၄၅ ဦးစီးနင်းနိုင်သည်။ အဆိုပါသင်္ဘောသည် အလျားပေ ၇၀ ခန့်ရှည်၏

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံများ]

ရေကြောင်းဆိုင်ရာ ကိရိယာများ– သဲနာရီက အချိန်ကိုဖော်ပြ၍ အက်စရိုလက်ခေါ်ထောင့်တိုင်းကိရိယာက သင်္ဘောရောက်ရှိနေသည့် လတ္တီတွဒ်ကို သတ်မှတ်ပေးသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ