အပင်မျိုးပေါင်းများစွာမျိုးသုဉ်းနေခြင်း—အဘယ်ကြောင့်နည်း
တရုတ်နိုင်ငံတွင် ၁၉၄၉ ခုနှစ်၌ ဂျုံအမျိုးပေါင်း ၁၀,၀၀၀ နီးပါးစိုက်ပျိုးခဲ့သည်။ သို့သော် ၁၉၇၀ ပြည့်လွန်နှစ်များရောက်သော် အသုံးပြုဆဲဂျုံအမျိုး ၁,၀၀၀ သာကျန်သည်။ အမေရိကန်ပြည်ထောင်စုတွင် ၁၈၀၄ နှင့် ၁၉၀၄ ခုနှစ်ကြားတွင် မှတ်တမ်းအရ ပန်းသီးအမျိုးပေါင်း ၇,၀၉၈ မျိုးစိုက်ပျိုးခဲ့သော်လည်း ၈၆ ရာခိုင်နှုန်းခန့်မှာ ပျောက်သွားခဲ့သည်။ ထို့ပြင် အစားအစာနှင့်စိုက်ပျိုးရေးအတွက် ကမ္ဘာ့အပင်မျိုးရိုးဗီဇရင်းမြစ်၏ အခြေအနေနှင့်ပတ်သက်သည့် မှတ်တမ်းအရ “ဂေါ်ဖီထုပ်မျိုး ၉၅ ရာခိုင်နှုန်း၊ ပြောင်းမျိုး ၉၁ ရာခိုင်နှုန်း၊ ပဲမျိုး ၉၄ ရာခိုင်နှုန်းနှင့် ခရမ်းချဉ်သီးမျိုး ၉၄ ရာခိုင်နှုန်းတို့သည် လုံးဝမျိုးသုဉ်းကုန်ကြောင်း ထင်ရှားသည်။” ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာတွင် အလားတူအခြေအနေများ ဖော်ပြလျက်ရှိကြသည်။ အဘယ်ကြောင့် ဤသို့ရုတ်တရက်ကျဆင်းမှုဖြစ်ရသနည်း။ အဓိကအကြောင်းရင်းတစ်ရပ်မှာ မျက်မှောက်ခေတ်စီးပွားဖြစ် စိုက်ပျိုးရေးကျယ်ပြန့်လာခြင်း၏အကျိုးဆက်အနေနှင့် အစဉ်အလာအရ အလွန်ကွဲပြားခြားနားသည့် ကောက်ပဲသီးနှံအမျိုးမျိုးကို စိုက်ပျိုးလေ့ရှိသော မိသားစုလယ်ကွက်ငယ်များ ပျောက်ဆုံးကုန်ခြင်းကြောင့် ဖြစ်သည်ဟူ၍ အချို့ကဆိုကြသည်။
အပင်မျိုးများပျက်စီးခြင်းသည် ကောက်ပဲသီးနှံအထွက်တိုးကို ပိုမိုကျဆင်းစေနိုင်သည်။ ဥပမာ၊ အာလူးခင်းအများစုတွင် အပင်ပိုးကျသောအခါ ငတ်ပြတ်မှုကြောင့် လူပေါင်း ၇၅၀,၀၀၀ ခန့်သေဆုံးခဲ့ရသည့် ၁၈၄၅-၄၉ ခုနှစ်အတွင်းက အိုင်ယာလန်၌အကြီးအကျယ်အာလူးရှားပါးမှုကို သုံးသပ်ကြည့်ပါ။ ဤအဖြစ်ဆိုးကိုဖြစ်ပေါ်စေသည့် ဇီဝလှုံ့ဆော်မှုကား အဘယ်နည်း။ “မျိုးရိုးဗီဇအပြောင်းအလဲမရှိခြင်း” ဟူ၍ယူအဲန်ကဆိုသည်။
အပင်မျိုးရိုးဗီဇရင်းမြစ်များ စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်လွန်များအတွင်း ကမ္ဘာအနှံ့တွင် မျိုးရိုးဗီဇဘဏ် ၁,၀၀၀ ကျော်ကို တည်ဆောက်ခဲ့သည်။ သို့သော် အဆိုပါမျိုးရိုးဗီဇဘဏ်များစွာသည် အလျင်အမြန်ပျက်စီးလျက်ရှိပြီး ထိုထဲမှအချို့ကို ပိတ်လိုက်ရပြီဖြစ်သည်။ မှတ်တမ်းအရ ယခုအခါ နိုင်ငံ ၃၀ ခန့်လောက်တွင်သာ အပင်မျိုးစေ့များကို လုံလုံခြုံခြုံအချိန်ကြာမြင့်စွာ သိုလှောင်ရန်နှင့်ထိန်းသိမ်းရန်အတွက် သင့်လျော်သောအဆောက်အဦများရှိသည်။
ခရစ်တော်၏နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ ယေဟောဝါသည် “ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ . . . စီရင်တော်မူလိမ့်မည်” ဟူ၍သမ္မာကျမ်းစာက ကတိပေးထားသည်။ (ဟေရှာယ ၂၅:၆) “ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူ” ပြီးမျိုးရိုးဗီဇအမျိုးမျိုးကို ဖန်ဆင်းပေးသောအရှင် ယေဟောဝါဘုရားသခင်သည် လူသားတို့၏အစားအသောက်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမည်ဟူသောအချက်အတွက် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်နိုင်ပါသည်တကား!—ဆာလံ ၁၃၆:၂၅; ကမ္ဘာဦး ၁:၂၉။