ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၄/၈ စာ. ၁၂-၁၃
  • အမျိုးသမီးများအတွက် အဘယ်အနာဂတ်ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမျိုးသမီးများအတွက် အဘယ်အနာဂတ်ရှိသနည်း
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခင်ပွန်းသည်များနှင့် ဖခင်များကိုပညာပေးခြင်း
  • အမျိုးသမီးများအတွက် ဘုရားသခင်၏စိုးရိမ်မကင်းဖြစ်မှု
  • လေးစားခံရသောအမျိုးသမီးများ
  • တည်မြဲသောဖြေရှင်းမှု
  • အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားသခင်ရှုမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခရစ်ယာန်အမျိုးသမီးများ ဂုဏ်တင်လေးစားခံထိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အမျိုးသမီးတွေကို ဘုရားသခင် ဂရုစိုက်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၄/၈ စာ. ၁၂-၁၃

အမျိုးသမီးများအတွက် အဘယ်အနာဂတ်ရှိသနည်း

“လူ့သမိုင်းသည် အမျိုးသားများက အမျိုးသမီးများကို အကြိမ်ကြိမ် ထိခိုက်အနာတရဖြစ်စေခဲ့သည့် သမိုင်းဖြစ်သည်၊ အဓမ္မသိမ်းပိုက်ခဲ့သည့် အတ္ထုပ္ပတ္တိတစ်ခုဖြစ်၏။” အမျိုးသမီးများအပေါ် မတရားပြုခြင်းကို ဆန့်ကျင်မှုတစ်ခုအနေနှင့် လွန်ခဲ့သောနှစ် ၁၅၀ ကအမေရိကားတွင် ရေးသားထုတ်ပြန်ခဲ့သည့် နယူးယောက်စီနီကာဖောလ် သဘောထားများဆိုင်ရာကြေညာစာတမ်းတွင် ယင်းသို့ဖတ်ရသည်။

ထိုအချိန်ကတည်းက တိုးတက်မှုရှိခဲ့သည်ကို သံသယဖြစ်စရာမရှိသော်လည်း ကုလသမဂ္ဂကထုတ်ဝေသော ၁၉၉၅ ခု၊ ကမ္ဘာ့အမျိုးသမီးများစာအုပ်ကဖော်ပြထားသကဲ့သို့ ရှေ့ဆက်တိုးတက်စရာများစွာရှိနေဆဲပင်။ “များသောအားဖြင့် အမျိုးသမီးများနှင့်အမျိုးသားများသည် ပညာရေး၊ အလုပ်အကိုင်အခွင့်အရေးများ၊ ကျန်းမာရေး၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့်အားလပ်ချိန်တို့နှင့်ပတ်သက်သည့် အခွင့်အရေးများမတူသည့်သီးခြားကမ္ဘာများ” တွင်နေထိုင်လျက်ရှိကြသည်ဟု ယင်းကဖော်ပြသည်။

ယင်းကိုပို၍သိလာခြင်းက တိုင်းနိုင်ငံများအား အမျိုးသမီးများ၏အခွင့်အရေးများကို ကာကွယ်ဖို့ ဥပဒေများထုတ်ပြန်စေသည်။ သို့သော် ဥပဒေများသည် မတရားမှုနှင့် စိတ်စွန်းကွက်မှုတည်ရာရင်းမြစ်ဖြစ်သည့် နှလုံးသားများကိုမပြောင်းလဲနိုင်ချေ။ ဥပမာ၊ မိန်းကလေးပြည့်တန်ဆာများ၏အခြေအနေကို သုံးသပ်ကြည့်ပါ။ ဤအပြည်ပြည်ဆိုင်ရာဂုဏ်အသရေပျက်မှုကို နယူးစ်ဝိခ်ကဤသို့ဆိုသည်– “ကလေးသူငယ်များအပေါ် လိင်ဆိုင်ရာအမြတ်ထုတ်ခြင်းကို ရပ်တန့်စေရန်ရည်ရွယ်၍ ဥပဒေပြုခြင်းသည် ရည်ရွယ်ရင်းကောင်းသော်လည်း အကျိုးသက်ရောက်မှုမရှိဘဲဖြစ်တတ်၏။” အလားတူစွာ ဥပဒေရှိနေခြင်းကိုယ်နှိုက်က အကြမ်းဖက်မှုကို တားဆီးမပေးနိုင်ပါ။ “အထောက်အထားများက အမျိုးသမီးများအား အကြမ်းဖက်မှုသည် နေရာအနှံ့ဖြစ်သောကမ္ဘာချီအခက်အခဲတစ်ခုဖြစ်လာမည်” ဟု ၁၉၉၅ ခု၊ လူသားဖွံ့ဖြိုးမှုအခြေအနေကဖော်ပြသည်။ “လက်ရှိ ယဉ်ကျေးမှုနှင့် လူမှုရေးစံနှုန်းများ မပြောင်းလဲလျှင် ဥပဒေအများစုသည် ထိုသို့သောအကြမ်းဖက်မှုကိုရပ်တန့်စေရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။”—ကျွန်ုပ်တို့စာလုံးစောင်းထား။

“ယဉ်ကျေးမှုနှင့်လူမှုရေးစံနှုန်းများ” သည် အများအားဖြင့် ပြောင်းလဲရန်အလွန်တရာခက်ခဲသည့် အမြစ်စွဲနေသောမိရိုးဖလာအပေါ်တွင် အခြေခံထားသည်။ “အမျိုးသမီးများကို ချစ်ဖို့အစား အသုံးတော်ခံစေဖို့၊ ပြုစုစောင့်ရှောက်ဖို့အစား ခိုင်းစားဖို့ဖြစ်သင့်သည်ဟု အမျိုးသားများကို မိရိုးဖလာကယူဆစေသည်” ဟုအရှေ့အလယ်ပိုင်းမှ အမျိုးသမီးတစ်ဦးကဆိုသည်။ “ရလဒ်အနေဖြင့် အမျိုးသမီးတစ်ဦးသည် ပြောပိုင်ခွင့်မရှိ၊ အခွင့်အရေးမရှိဖြစ်ကာ သူမ၏အခြေအနေကိုတိုးတက်စေဖို့အခွင့်အလမ်းမရှိသလောက်ဖြစ်ရသည်။”

ခင်ပွန်းသည်များနှင့် ဖခင်များကိုပညာပေးခြင်း

တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့တွင်ပြုလုပ်သည့် ၁၉၉၅ ခုနှစ်၊ အမျိုးသမီးများဆိုင်ရာကမ္ဘာ့ညီလာခံတစ်ခုတွင် အဆိုပြုတင်သွင်းခဲ့သော အရေးယူလုပ်ဆောင်ရေးဆိုင်ရာ ကြေညာစာတမ်းက “အားလုံး နှောင့်နှေးမှုမရှိဘဲ စုပေါင်းအားထုတ်ဆောင်ရွက်” မှသာအမျိုးသမီးများလေးစားခံရမည့် “ငြိမ်းချမ်းပြီး တရားမျှတမှုရှိသော အကြင်နာတရားပြည့်ဝသည့်လောက” ကိုရရှိနိုင်မည်ဟု ကြေညာခဲ့သည်။

အမျိုးသမီးများ၏ဘဝကို ပို၍ ‘ငြိမ်းချမ်း၊ တရားမျှတပြီး အကြင်နာတရားရှိ’ စေရန်တစ်စုံတစ်ရာကိုလုပ်ဆောင်ရာတွင် ခင်ပွန်းသည်များနှင့် ဖခင်များအနေဖြင့် အိမ်တွင်းမှစတင်ရမည်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာပညာရေးသည် အောင်မြင်ဖို့သော့ချက်ဖြစ်ကြောင်း ယေဟောဝါသက်သေများ ယုံကြည်လက်ခံထားကြသည်။ သူတို့သည် ၎င်းတို့၏ဇနီးများနှင့်သမီးများကို လေးလေးစားစားနှင့် စာနာထောက်ထား၍ဆက်ဆံဖို့ ဘုရားသခင်မျှော်လင့်ကြောင်း သိရှိကြသည့်အခါ ယင်းကိုနှလုံးသွင်းပြီး လုပ်ဆောင်ကြသည်ကို တွေ့ ရှိရ၏။

ဗဟိုအာဖရိကရှိ သားသမီးလေးယောက်ရှိသော အိမ်ထောင်သည်အမျိုးသားတစ်ဦးဖြစ်သည့် ပက်ဒရိုသည် ယခုအခါ ဇနီး၏လိုအပ်ရာများကိုဖြည့်ဆည်းပေးနေပြီဖြစ်သည်။ သူသည် ကလေးများကိုကူညီစောင့်ရှောက်ပေးပြီး မိသားစုနှင့်အတူ ဧည့်သည်များစားသောက်ကြသောအခါ အစားအစာများကိုပင် သူတည်ခင်းပေး၏။ ယင်းထောက်ထားစာနာသည့်သဘောထားသည် သူ၏နိုင်ငံတွင် အများအားဖြင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ချေ။ သူ၏ဇနီးကိုလေးမြတ်ပြီး သူမနှင့်အတူပူးပေါင်းလုပ်ဆောင်ဖို့ သူ့အား အဘယ်အရာကဖြစ်စေသနည်း။

“ကျွန်တော်ကျမ်းစာစလေ့လာတဲ့အခါ ခင်ပွန်းသည်ရဲ့ကဏ္ဍနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့မူနှစ်ခုကိုသိရှိခဲ့တယ်။ အဲဒါတွေက ကျွန်တော့်ဇနီးအပေါ်ရှုမြင်ပုံကို အကြီးအကျယ်အကျိုးသက်ရောက်စေတယ်။ ပထမအနေနဲ့ ၁ ပေတရု ၃:၇ မှာ ခင်ပွန်းသည်တစ်ယောက်ဟာ ဇနီးဖြစ်သူကို “အားနည်းသောသူ” အဖြစ် ဂုဏ်တင်သင့်တယ်လို့ရှင်းပြထားတယ်။ ဒုတိယအနေနဲ့ ဧဖက် ၅:၂၈၊ ၂၉ မှာခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူကို ‘ကိုယ့်အသားလို’ သဘောထားသင့်တယ်လို့ဆိုထားတယ်။ အဲဒီအကြံပေးချက်ကို ကျွန်တော်လိုက်လျှောက်ကတည်းက ကျွန်တော်တို့ပိုပြီးရင်းနှီးလာကြတယ်။ ဒါကြောင့် ကျွန်တော်တို့အမျိုးသားတွေဟာ ဒေသခံဓလေ့ထုံးစံတွေထက် ဘုရားသခင်ရဲ့ဆုံးမမှုကို ပိုပြီးတန်ဖိုးထားလိုက်လျှောက်ရမယ်” ဟုပက်ဒရိုကရှင်းပြသည်။

အာဖရိကတိုက်အနောက်ပိုင်းမှ မိုက်ကယ်သည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစမလေ့လာမီအထိ သူ၏ဇနီးကိုကောင်းစွာမဆက်ဆံခဲ့ဟုဝန်ခံသည်။ “ကျွန်တော်စိတ်ဆိုးတဲ့အခါမှာ ရိုက်နှက်တတ်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်တော့်ရဲ့ဘဝလမ်းစဉ်ကို ပြောင်းလဲသင့်တယ်ဆိုတာကိုသင်ပေးခဲ့တယ်။ အခု ကျွန်တော်ဟာ ကျွန်တော့်ဒေါသကိုထိန်းဖို့နဲ့ ကျွန်တော့်ရဲ့ဇနီးကို ကိုယ့်အသားလိုချစ်ဖို့ အပြင်းအထန်ကြိုးစားနေတယ်။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ပိုပြီးပျော်လာကြတယ်” ဟုသူဝန်ခံသည်။ (ကောလောသဲ ၃:၉၊ ၁၀၊ ၁၉) သူ၏ဇနီးဖြစ်သူ ကမ်ဖော့ဒ်က ဤသို့ဖော်ပြသည်– “အခု မိုက်ကယ်ဟာ ကျွန်မတို့အသိုင်းအဝိုင်းမှာရှိတဲ့ ခင်ပွန်းသည်အများစုရဲ့ဓလေ့ထုံးစံတွေထက် ကျွန်မအပေါ် ပိုပြီးလေးလေးစားစား၊ ချစ်ချစ်ခင်ခင်နဲ့ဆက်ဆံတယ်။ ကျွန်မတို့ရဲ့အခက်အခဲတွေကိုပြောနိုင်ဆိုနိုင်ကြပြီး အတူတကွပေါင်းစည်းလုပ်ဆောင်နိုင်ကြတယ်။”

အမျိုးသမီးများကိုမတရားပြုခြင်းသည် ဖန်ဆင်းရှင်၏စိတ်တော်နှင့်မတွေ့ကြောင်း ရှင်းလင်းစေသည့် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သွန်သင်ချက်များကိုနှလုံးသွင်းခဲ့ကြသောကြောင့် သူတို့၏ဇနီးများကို လေးစားပြီးယုယမြတ်နိုးဖို့ပက်ထရိုနှင့် မိုက်ကယ်တို့ သိရှိခဲ့ကြသည်။

အမျိုးသမီးများအတွက် ဘုရားသခင်၏စိုးရိမ်မကင်းဖြစ်မှု

ဘုရားသခင်သည် အမျိုးသမီးများနှင့်၎င်းတို့၏အကျိုးကို အမြဲစိုးရိမ်မကင်းဖြစ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ကနဦးမိဘများပုန်ကန်မှုကြောင့် အမျိုးသမီးများ ‘စိုးမိုးခံ’ ရမည်ဟုမိန့်တော်မူခဲ့သော်လည်း ယင်းသည် ဘုရားသခင့်ရည်ရွယ်ချက်မဟုတ်ချေ။ (ကမ္ဘာဦး ၃:၁၆) ကိုယ်တော်သည် ဧဝကို အာဒံအတွက် “အထောက်အမ” အဖြစ်နှင့် အဖော်မွန်အဖြစ် ဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၂:၁၈) ရှေးဣသရေလလူမျိုးကိုပေးခဲ့သော မောရှေပညတ်တွင် အထူးသဖြင့် မုဆိုးမများအားမတော်မတရားပြုမူခြင်းကို ယေဟောဝါရှင် ပြစ်တင်ရှုတ်ချတော်မူပြီး သူတို့ကို ကြင်နာစွာဆက်ဆံကာ ထောက်မပေးဖို့ ဣသရေလလူများကိုသွန်သင်ခဲ့သည်။—ထွက်မြောက်ရာ ၂၂:၂၂; တရားဟောရာ ၁၄:၂၈၊ ၂၉; ၂၄:၁၇-၂၂။

မိမိ၏ကောင်းကင်ခမည်းတော်ကိုတုပခြင်းဖြင့် ယေရှုသည် အမျိုးသမီးများကိုနှိမ်သော မိမိခေတ်ရှိအများလက်ခံသော မိရိုးဖလာကိုမလိုက်ခဲ့ချေ။ ကိုယ်တော်သည် မကောင်းသတင်းထွက်နေသည့် အမျိုးသမီးများကိုပင် ကြင်နာစွာပြောဆိုခဲ့သည်။ (လုကာ ၇:၄၄-၅၀) ထို့အပြင် ယေရှုသည် ကျန်းမာရေးချို့တဲ့သည့်အမျိုးသမီးများကို ဝမ်းပန်းတသာကူညီပေးခဲ့သည်။ (လုကာ ၈:၄၃-၄၈) တစ်ခါက ကိုယ်တော်သည် တစ်ဦးတည်းသောသားသေဆုံး၍ ဝမ်းနည်းကြေကွဲနေသောမုဆိုးမကို တွေ့မြင်သောအခါ ချက်ချင်းဖြစ်ပျက်ရာသို့သွားပြီး လူငယ်ကိုထမြောက်စေခဲ့သည်။—လုကာ ၇:၁၁-၁၅။

အမျိုးသမီးများသည် ယေရှု၏ကနဦးတပည့်တော်များအဝင်ဖြစ်ခဲ့ကြပြီး ကိုယ်တော်ရှင်ပြန်ထမြောက်ကြောင်း ဦးဆုံးမျက်မြင်သက်သေများဖြစ်ခဲ့ကြသည်။ ဧည့်ဝတ်ကျေပွန်ကာ ထောက်ထားစာနာတတ်ပြီး ရဲရင့်သည့် လုဒိ၊ ဒေါ်ကာနှင့် ပြစ်ကိလ အစရှိသည့်အမျိုးသမီးများအကြောင်းကို သမ္မာကျမ်းစာတွင် ချီးမွမ်းထားသည်။ (တမန်တော် ၉:၃၆-၄၁; ၁၆:၁၄၊ ၁၅; ရောမ ၁၆:၃၊ ၄) ထို့အပြင် ကနဦးခရစ်ယာန်များသည် အမျိုးသမီးများကိုလေးစားမှုပြရန် သင်ကြားခံရကြသည်။ တမန်တော်ပေါလုက သူ၏သာသနာပြုအဖော်တိမောသေအား “အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သောအခြင်းအရာနှင့်တကွ နှမကဲ့သို့လည်းကောင်းမှတ်၍” ဆက်ဆံရန်ပြောဆိုခဲ့သည်။—၁ တိမောသေ ၅:၂။

လေးစားခံရသောအမျိုးသမီးများ

သင်သည် ခရစ်ယာန်အမျိုးသားတစ်ဦးဖြစ်မည်ဆိုလျှင် အမျိုးသမီးများအပေါ် ထပ်တူလေးစားမှုမျိုး တင်ပြမည်သာ။ သူတို့ကိုမတော်မတရားပြုမူဖို့ ဆင်ခြေတစ်ခုအဖြစ် မိရိုးဖလာကိုဘယ်တော့မျှအသုံးပြုလိမ့်မည်မဟုတ်ချေ။ ထို့အပြင် အမျိုးသမီးများကိုလေးစားစွာဆက်ဆံခြင်းသည် သင့်ယုံကြည်ခြင်းအတွက် သက်သေခံချက်ကောင်းဖြစ်နိုင်၏။ (မဿဲ ၅:၁၆) အာဖရိကတိုက်မှ အမျိုးသမီးငယ်တစ်ဦးဖြစ်သူ ဆာလီမာက အပြုအမူတွင် ခရစ်ယာန်မူများကိုလိုက်လျှောက်ခြင်းမှ သူမည်သို့အကျိုးခံစားရပုံကိုဖော်ပြခဲ့သည်။

“အမျိုးသမီးတွေနဲ့မိန်းကလေးတွေကို ဆိုးဆိုးရွားရွားပြုမူဆက်ဆံတဲ့ အသိုင်းအဝိုင်းမှာ ကျွန်မကြီးပြင်းလာခဲ့တယ်။ ကျွန်မအမေဟာ တစ်နေ့ကို ၁၆ နာရီအလုပ်လုပ်ရတယ်၊ ဒါပေမဲ့ တစ်ခုခုကိုမလုပ်မိဘဲကျန်သွားခဲ့တယ်ဆိုရင် အကြီးအကျယ်အပြစ်တင်ခံရတော့တာပဲ။ ပိုပြီးဆိုးတာကတော့ ကျွန်မအဖေဟာ အရက်အလွန်မူးလာတဲ့အခါမှာ အမေ့ကိုရိုက်တတ်တယ်။ ကျွန်မတို့ဒေသမှာရှိတဲ့တခြားအမျိုးသမီးတွေလည်း အလားတူပါပဲ။ ကျွန်မတို့ရဲ့ဘဝကို စိတ်ပျက်စေတဲ့အပြင် မပျော်ရွှင်မှုတွေနဲ့ပြည့်ဝစေတဲ့ အဲဒီဆက်ဆံမှုမျိုးဟာ မှားမှန်းကျွန်မသိခဲ့တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ပြောင်းလဲစေမယ့်နည်းမရှိပုံပေါက်နေတယ်။

“ဒါပေမဲ့ ကျွန်မဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာ ယေဟောဝါသက်သေတွေနဲ့ စပြီးကျမ်းစာလေ့လာခဲ့တယ်။ အမျိုးသမီးများကို လေးစားစွာဆက်ဆံရမယ်ဆိုတဲ့ တမန်တော်ပေတရုရဲ့စကားတွေကို ကျွန်မဖတ်ရတဲ့အခါမှာ အရမ်းစွဲမှတ်သွားခဲ့တယ်။ ဒါပေမဲ့ ‘လူတွေဟာ အထူးသဖြင့် ကျွန်မတို့၏ရိုးရာထုံးတမ်းစဉ်လာကြောင့် ဒီဆုံးမစာကိုလိုက်လျှောက်ဖို့ဆိုတာမဖြစ်နိုင်ဆုံးဘဲ’ လို့ထင်ခဲ့တယ်။

“ဒါပေမဲ့၊ ယေဟောဝါသက်သေတွေစည်းဝေးကျင်းပတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမကိုရောက်သွားတဲ့အခါမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေကပါ ကျွန်မကိုကြင်နာစွာဆက်ဆံခဲ့ကြတယ်။ ပိုပြီးအံ့သြသွားစေတာက အဲဒီမှာရှိတဲ့ခင်ပွန်းသည်တွေဟာ သူတို့ရဲ့ဇနီးတွေကိုတကယ်ပဲဂရုစိုက်ကြခြင်းပါပဲ။ အဲဒီမှာရှိတဲ့လူတွေကို ကျွန်မပိုသိလာတာနဲ့အမျှ ဒါဟာသက်သေခံအားလုံး လုပ်ဆောင်ရမယ့်အရာဖြစ်တယ်ဆိုတာကို သိခဲ့ရတယ်။ အမျိုးသားတချို့ဟာ ကျွန်မလိုဘဝနောက်ခံရှိကြပေမဲ့ အခု အမျိုးသမီးတွေကို လေးလေးစားစားနဲ့ဆက်ဆံနေကြတယ်။ ကျွန်မလည်း ဒီကြီးမားလှတဲ့မိသားစုအဝင်ဖြစ်ချင်ခဲ့တယ်။”

တည်မြဲသောဖြေရှင်းမှု

ဆာလီမာတွေ့ရှိခဲ့ရာသည် တိုက်ဆိုင်မှုမဟုတ်ပါချေ။ ယင်းသည် ဘုရားသခင်ပြုတော်မူသကဲ့သို့ အချင်းချင်းတန်ဖိုးထားစေသည့် ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ်အခြေခံထားသော သွန်သင်ခြင်းအစီအစဉ်၏အကျိုးဆက်ဖြစ်၏။ ယခုပင် ပြုနိုင်သည့်အရာနှင့် ကမ္ဘာတစ်ခုလုံးကို ဘုရားသခင့်နိုင်ငံတော်အုပ်စိုးသောအခါ နေရာတိုင်း၌ဖြစ်ပျက်လာမည့်အရာတို့ကို ဖော်ပြနေခြင်းဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၁၀) ဤကောင်းကင်အစိုးရသည် မတရားမှုမှန်သမျှကို ဖယ်ရှားပစ်ပါလိမ့်မည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဤသို့အာမခံထားသည်– “မြေပေါ်မှာအမှုကိုစစ်ကြောစီရင်တော်မူသောအခါ၊ လောကီသားတို့သည်တရားကိုသင်ကြ၏။”—ဟေရှာယ ၂၆:၉။

ယခုပင် ဖြောင့်မတ်ခြင်းဆိုင်ရာပညာရေးသည် သန်းနှင့်ချီသောလူတို့၏လမ်းစဉ်ကိုပြောင်းလဲစေလျက်ရှိသည်။ အသက်ရှင်သောလူသားအားလုံး ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံဖြစ်ကြချိန်ဝယ် ဤပညာရေးသည် ကမ္ဘာတစ်ဝန်းဆက်လက်ပျံ့နှံ့သွားမည်ဖြစ်ပြီး အာဒံ၏ပြစ်မှားမှုဆိုးကျိုးဖြစ်သည့် အမျိုးသားများက အမျိုးသမီးများကိုနှိပ်ကွပ်မှု အဆုံးတိုင်သွားပါလိမ့်မည်။ ဘုရားသခင့်ခန့်အပ်ခံဘုရင်ယေရှုခရစ်သည် ကိုယ်တော့်အုပ်စိုးမှုကိုပျက်ပြားစေရန် အမျိုးသမီးများကိုမတရားပြုခွင့်ပေးလိမ့်မည်မဟုတ်ချေ။ ခရစ်တော်၏အုပ်စိုးမှုကိုဖော်ပြရန် သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍၊ သူတို့အသွေးကိုနှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂-၁၄။

ဤအခန်းဆက်ဆောင်းပါးသည် အမျိုးသမီးများ၏အခက်အခဲများကို အဓိကအာရုံစိုက်ထား၏။ သို့ရာတွင် အမျိုးသားများစွာသည်လည်း ဆိုးဆိုးရွားရွားပြုမူဆက်ဆံခံရကြောင်းကို အသိအမှတ်ပြုပါသည်။ သမိုင်းတစ်လျှောက် အစွမ်းထက်ပြီး ဆိုးယုတ်သည့်အမျိုးသားများသည် မိန်းမများကိုသာမက ယောက်ျားများကိုလည်း ပြောမပြနိုင်အောင်ဆိုးရွားစွာပြုခဲ့ကြသည်။ ထို့အပြင် အမျိုးသမီးတချို့သည် အလားတူပြုခဲ့ကြသည်။ ဥပမာ၊ ယေဇဗေလ၊ အာသလိနှင့် ဟေရောဒိတို့ကဲ့သို့သော ဆိုးယုတ်သည့်အမျိုးသမီးများကြောင့် အပြစ်မဲ့သူများ၏သွေးသွန်းခဲ့မှုကို သမ္မာကျမ်းစာကဖော်ပြသည်။—၃ ဓမ္မရာဇဝင် ၁၈:၄၊ ၁၃; ၂ ရာဇဝင်ချုပ် ၂၂:၁၀-၁၂; မဿဲ ၁၄:၁-၁၁။

ထို့ကြောင့် လူသားအားလုံးသည် ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုအောက်ရှိ ကမ္ဘာသစ်ကိုလိုနေကြ၏။ များမကြာမီ ထိုအချိန်ရောက်ရှိသောအခါ အမျိုးသမီးများဖြစ်စေ၊ အမျိုးသားများဖြစ်စေ ဆိုးဆိုးရွားရွားဆန့်ကျင်မှု သို့မဟုတ် ပြုမူဆက်ဆံမှုကို ဘယ်တော့မျှခံရတော့မည်မဟုတ်ချေ။ ယင်းအစား တစ်နေ့ချင်းစီသည် လူတိုင်းအတွက် “များပြားသောငြိမ်သက်ခြင်း” နေ့ရက်ဖြစ်လာပါလိမ့်မည်။—ဆာလံ ၃၇:၁၁။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ခရစ်ယာန်ခင်ပွန်းသည်များသည် သမ္မာကျမ်းစာလမ်းညွှန်ချက်များကို လိုက်လျှောက်ကြပြီး ၎င်းတို့၏ဇနီးများကိုရိုသေလေးစားကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ