စဉ်းစား၍ပင်မရနိုင်သော နှိပ်စက်ညှဉ်းပန်းသည့်ကိရိယာများ
ထိတ်ခတ်ခြင်း၊” “နှိပ်စက်ညှဉ်းပန်းခြင်း” နှင့် “ကွပ်မျက်ခြင်း” စသည့်စကားလုံးများက သင့်ကို ထိတ်လန့်စေသည်မဟုတ်ပေလော။ ဥရောပ၌ (၁၃ ရာစုနှင့် ၁၉ ရာစုနှစ်ကြား) ဘာသာရေးစစ်ကြောမေးမြန်းခန်းနှင့် စုန်းကဝေခုံရုံးတို့၏သားကောင် ထောင်ပေါင်းများစွာတို့အတွက် ယင်းတို့သည် နာကြည်းဖွယ်ရာများဖြစ်သည်။ ဤတွင်ဖော်ပြထားသော ကိရိယာများသည် ထိုအချိန်က အသုံးပြုခဲ့သည့်ကိရိယာများဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ရိုင်းမြစ်ရှိ ရဒါဇမ်ပြတိုက်ပိုင်ဖြစ်သည်။ ၎င်းတို့က သားကောင်တို့ခံစားခဲ့ရသည့် ဆင်းရဲခြင်းကို ကျွန်ုပ်တို့အား အရိပ်အမြွက်ဖော်ပြ၏။
သနားစဖွယ်သားကောင်သည် ချွန်ထက်သောဆူးများနှင့် ပြည့်နှက်နေသည့် စစ်ကြောမေးမြန်းကုလားထိုင်တွင် စစ်ဆေးမေးမြန်းခြင်းအတွက် ကိုယ်လုံးတီးထိုင်ရသောအခါ ဖော်ပြ၍မရနိုင်သော ပြင်းထန်သည့်ဝေဒနာ ခံစားရပေမည်။ သားကောင်၏လက်မောင်းများ၊ ခြေထောက်များ သို့မဟုတ် အရိုးအဆစ်များသည် ဆုတ်ဖြဲခြင်း သို့မဟုတ် ဒူးညှပ်ဝက်အူဖြင့် ဖျက်ဆီးပစ်ခြင်းခံခဲ့ရ၏။ ကြောင်လက်သည်းသည် သူ၏အသားကို အမြှောင်းလိုက်စုတ်စေဖို့အသုံးပြုပြီး ကိုယ်ခန္ဓာ၌ မည်သည့်နေရာကိုမျှ ချန်လှပ်ထားခဲ့ခြင်းမရှိချေ။ ဆူးလည်ထောက်သည် သားကောင်၏လည်ပင်း၊ ပခုံးနှင့် မေးရိုးရှိတစ်သျှူးများကို သေစေပြီး လျင်မြန်စွာပင်သွေးဆိပ်တက်စေကာ သေဆုံးစေ၏။
. . . ချာ့ချ်မှ ခန့်အပ်ထားသော စစ်ဆေးမေးမြန်းသူများသည် အယူဆန့်ကျင်သူများ—အများအားဖြင့် ညှဉ်းပန်းခြင်းဖြင့် သူတို့အား “ဝန်ခံခြင်း” ပြုဖို့ဖိအားပေးခံရကာ ရှုတ်ချခြင်းခံရသည့် သာမညလူများ—ကိုမေးမြန်းရန် အဆိုပါကိရိယာများနှင့် အလားတူကိရိယာများကိုအသုံးပြုကြသည်။ အမှန်မှာ ဝေါလ်ဒဲ့န်စီဇ်ဂိုဏ်းသားများကို ပုပ်ရဟန်းမင်းကိုယ်တိုင်စစ်ဆေးသည့် ဘာသာရေးစစ်ကြောမေးမြန်းခန်းအတွင်း အဆိုပါနှိပ်စက်ညှဉ်းပန်းသည့်ကိရိယာများကို သန့်ရှင်းသောရေဖြင့်ပင်ပက်ဖျန်းခဲ့ကြသည်။
ခရစ်ယာန်ဘောင်သည် အဆိုပါစစ်ကြောမေးမြန်းခန်းများအတွက် အပြစ်ဆိုင်ရာကြီးလေးသောဝန်တင်ရှိနေကြသည်။ သမိုင်းဆရာ ဝေါလ်တာ နစ်ဂ်ကဤသို့ရှင်းပြသည်– “ခရစ်ယာန်ဘောင်သည် စစ်ကြောမေးမြန်းခန်းတွင် ကျူးလွန်ခဲ့သောအပြစ်များကို—ပွင့်ပွင့်လင်းလင်းနှင့် စိတ်ရင်းမှန်ဖြင့်—ဝန်မခံသ၍၊ ဘာသာရေးကိုအမည်ခံ၍ ပြုလုပ်ခဲ့သည့်အကြမ်းဖက်မှုမှန်သမျှကို ဟန်ဆောင်ခြင်းမရှိ၊ ခြွင်းချက်မရှိ မစွန့်လွှတ်သရွေ့ ကောင်းချီးမင်္ဂလာများ ထပ်မံရရှိမည်မဟုတ်ချေ။”
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံများ]
စစ်ကြောမေးမြန်းကုလားထိုင်
ဒူးညှပ်ဝက်အူ
ကြောင်လက်သည်း
ဆူးလည်ထောက်
[Credit Line]
ရုပ်ပုံအားလုံး Mittelalterliches Foltermuseum Rüdesheim/Rhein