ကျွန်တော့်ရဲ့ပျားတွေက ကြက်ကလေးတွေ ပေါက်လာအောင်ဝပ်ပေးခဲ့တယ်!
ကျွန်တော်ကတော့ ဆွီဒင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ယာခင်းလေးတစ်ခုမှာနေပါတယ်။ မကြာသေးခင်တုန်းက ကျွန်တော့်ရဲ့ကြက်မနှစ်ကောင် သူတို့ရဲ့ဥတွေကိုစပြီးဝပ်တဲ့အခါ အဖြစ်အပျက်တွေကို ကျွန်တော်သတိထားစောင့်ကြည့်ခဲ့တယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက် ပထမဆုံးကြက်ကလေးတွေပေါက်လာခဲ့တယ်၊ တချို့ကြက်ပေါက်လေးတွေဟာ အပြင်ထွက်လျှောက်သွားကြပြီး ဒုတိယကြက်မနဲ့တွေ့ခဲ့တယ်။ ကြက်မဟာ သူ့ရဲ့ကလေးတွေလို့ ထင်တဲ့အတွက် သူ့ရဲ့ဥတွေကိုထားပြီး ချက်ချင်းထသွားတယ်၊ ပြီးတော့ ကြက်ကလေးတွေကို သူ့အောက်ကိုစုရုံးလိုက်တယ်။ ကြက်ကလေးတွေက သူတို့ကိုဘယ်ကြက်မကစောင့်ရှောက်တယ်ဆိုတာကို မသိကြပုံပေါက်တယ်။
ကျွန်တော်က “အခိုးခံရတဲ့” ကြက်ကလေးတွေကိုပြန်ထားဖို့နဲ့ ကြက်မကိုယူပြီး သူ့ရဲ့ဥတွေကိုပြန်ဝပ်ဖို့ ကြိုးစားပေမဲ့လည်း ကျွန်တော်ကြိုးစားတာဟာ အလကားဖြစ်ခဲ့တယ်။ စွန့်ပစ်ခံထားရတဲ့ကြက်ဥတွေကို ကျွန်တော်ပစ်လိုက်ရုံပဲရှိတော့တဲ့အချိန်မှာ ကျွန်တော်ရပ်ပြီးစဉ်းစားခဲ့တယ်၊ ‘ဒီထဲမှာ အသက်ရှိနိုင်သေးတယ်!’ ဒါနဲ့ပဲ ကျွန်တော်အကြံတစ်ခုရခဲ့တယ်။
ပျားအုပ်ကြီးတစ်အုပ်ဟာ ပျားအုံအထဲမှာ ၉၃ ဒီဂရီဖာရင်ဟိုက်လောက်ရှိတဲ့အပူချိန်ကို အဆက်မပြတ်ထိန်းထားနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥတွေကိုယူပြီး ကျွန်တော့်ပျားအုံတွေထဲက ပျားအုံတစ်ခုရဲ့အတွင်းပိုင်း အကန့်လေးရဲ့ထိပ်ပေါ်က ဝါဂွမ်းအလွှာပေါ်မှာ ထားလိုက်တယ်။ အဲ့ဒီနောက် “အသိုက်” ကိုစိုထိုင်းစေဖို့ ရေနှစ်ခွက်ထားပေးခဲ့တယ်။ ဥဝပ်နေတဲ့ကြက်မကိုအတုခိုးတဲ့အနေနဲ့ နေ့တိုင်း ကြက်ဥတွေကိုလှည့်ပေးခဲ့တယ်။
ရက်အနည်းငယ်ကြာပြီးတဲ့နောက် ကြက်ဥတချို့ကနေ တစာစာမြည်သံကို ပီပီသသကြားခဲ့ရတယ်။ ခဏလေးကြာတော့ စိုစွတ်နေတဲ့ကြက်ကလေးတစ်ကောင် သူ့ရဲ့ဥခွံထဲကနေ ထွက်လာပါလေရော! ကျွန်တော်ချက်ချင်းကောက်ယူလိုက်ပြီး သူရဲ့ဥတွေကိုပစ်သွားတဲ့ကြက်မရဲ့အောက်ကို ကျွန်တော်ထည့်လိုက်တယ်။ ဝမ်းသာစရာက သူလည်းကြက်ကလေးကိုလက်ခံခဲ့တယ်။ မကြာခင်မှာပဲ သူဟာ အလုပ်များတဲ့ပျားတွေရဲ့ကျေးဇူးကြောင့် အမွေးနုလေးတွေနဲ့ဖုံးနေတဲ့ ကြက်ပေါက်ကလေး ၁၂ ကောင်ကိုကြည့်ရှုစောင့်ရှောက်ခဲ့ရတယ်။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။
[Picture Credit Line on page 23]
ရုပ်ပုံအားလုံး– Foto,Roland Berggren, Västerbottens-Kuriren, Sverige