ရုရှားသူလေးတစ်ဦး၏ မျှော်လင့်ချက်
ရုရှားနိုင်ငံ မော်စကိုမြို့၏အရှေ့မြောက်ဘက် မိုင် ၈၀၀ ကျော်ကွာဝေးပြီး လူဦးရေ ၁၀၀,၀၀၀ ကျော်နေထိုင်သည့် အုခ်တာမြို့မှ အသက် ၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦးသည် မြေကြီးပေါ်တွင် သာ၍ကောင်းသောအခြေအနေဖြစ်ပေါ်လာရန် အလွန်လိုလားတောင့်တကြောင်း ဖော်ပြခဲ့သည်။ သူသည် ရုရှားနိုင်ငံ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ရေးသော အောက်ဖော်ပြပါစာတွင် ယင်းကို ရှင်းပြခဲ့ခြင်းဖြစ်သည်–
“ကျွန်မရဲ့သူငယ်ချင်းက ယေရှုခရစ်ရဲ့အသက်တာအကြောင်းကို ရေးသားထားတဲ့ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်အကြောင်းကို ပြောပြခဲ့တယ်။ သင်တို့ရဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ဘရိုရှာတွေကို ကျွန်မအရမ်းစိတ်ဝင်စားတယ်။ ဘာကြောင့်ဒီလိုစိတ်ဝင်စားလာရတယ်ဆိုတာကို ရှင်းပြပါရစေ။ ရေဒီယိုနဲ့ တယ်လီဖုန်းအတွက်ကျသင့်ငွေရှင်းဖို့ ကြေးနန်းရုံးကို ကျွန်မသွားတဲ့အချိန်ကနေစခဲ့တာပါ။ အဲ့ဒီကကြမ်းပြင်ပေါ်မှာ ဝေစာတစ်စောင်ကို ကျွန်မတွေ့ခဲ့တယ်။ ဘဝသည် အဘယ်ကြောင့်ပြဿနာများနှင့် ဤမျှပြည့်နှက်နေသနည်း လို့ခေါင်းစဉ်တပ်ထားတဲ့ဝေစာဖြစ်ပြီး ကျွန်မကောက်ယူလိုက်တယ်၊ ဖုန်တွေကိုခါလိုက်တယ်၊ ပြီးတော့ကျွန်မစဖတ်ခဲ့တယ်။
“လူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းဖတ်ခဲ့ရပြီး ဝေစာရဲ့မျက်နှာဖုံးက ပရဒိသုမှာ ဘဝသစ်နဲ့သက်ဆိုင်တဲ့ကတိတော်ကို ပုံနဲ့သရုပ်ဖော်ထားတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာမယ်လို ကျွန်မမျှော်လင့်တယ်။ လူတွေအားလုံးဟာ ပျော်ရွှင်၊ ကျေနပ်ရောင့်ရဲပြီး ကျန်းကျန်းမာမာရှိကြတာကို ကျွန်မတကယ်မြင်ချင်တယ်၊ နောက်ပြီး သေဆုံးသွားတဲ့ဆွေမျိုးတွေကိုလည်း ပြန်တွေ့ချင်တယ်။ . . . မြေကြီးပရဒိသုမှာ အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကိုရရှိဖို့ ကျွန်မဘာလုပ်သင့်တယ်ဆိုတာကို သိချင်ပါတယ်။ ကျွန်မဆီကို မှတ်သားသင့်တဲ့အချက်အလက်တချို့ ဒါမှမဟုတ် စာအုပ်တချို့ကိုပို့ပေးဖို့တောင်းပန်ပါတယ်။ အဲ့ဒါတွေအတွက် ကုန်ကျတဲ့တန်ဖိုးကို ကျွန်မပေးပါ့မယ်။”
မြေကြီးပရဒိသုတွင် အသက်ရှင်ခြင်းနှင့်ပတ်သက်သော စိတ်ချနိုင်သည့်ကျမ်းစာအခြေခံမျှော်လင့်ချက်ကိုရရှိရန် အကူအညီဖြစ်စေသည့်စာအုပ်စာတမ်းကို သင်လည်းရယူနိုင်ပါသည်။ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကိုလက်ခံရရှိလိုပါက သို့မဟုတ် သင်နှင့်အတူ အခမဲ့ကျမ်းစာသင်အံမှုကိုကျင်းပရန် သင်၏အိမ်သို့တစ်ဦးတစ်ယောက်ကိုလာစေလိုပါက ကင်းမျှော်စင် ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်သောလိပ်စာသို့ ကျေးဇူးပြု၍စာရေးဆက်သွယ်ပါ။