ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
◼ “မီဒီယာများတွင် တင်ဆက်သည့် အကြမ်းဖက်မှုနှင့် ဆယ်ကျော်သက်များ၏ရန်လိုစိတ် ဆက်နွှယ်မှုသည် ဆေးလိပ်သောက်ခြင်းနှင့် အဆုတ်ကင်ဆာ ဆက်နွှယ်နေသကဲ့သို့ပင်ဖြစ်၏။”—ဩစတြေးလျဆေးပညာဂျာနယ်။
◼ အာဖရိကဒေသတချို့တွင် လူတို့စားသုံးသည့် လင်းဆွဲများသည် “အီဗိုလာရောဂါပိုးအတွက် သဘာဝကျသော ရှင်သန်ကြီးထွားရာနေရာတစ်ခု ဖြစ်နိုင်သည်” ဟုဖော်ပြသော သက်သေအထောက်အထားကို တွေ့ရှိခဲ့ပြီ။—MACLEANS မဂ္ဂဇင်း၊ ကနေဒါ။
◼ မက္ကဆီကိုနိုင်ငံတွင် လွန်ခဲ့သောရှစ်နှစ်အတွင်း ကလေး အနည်းဆုံး ၁၃၀,၀၀၀ သည် ရောင်းစားရန်၊ လိင် သို့မဟုတ် အလုပ်တွင် အမြတ်ထုတ်ရန်၊ သူတို့၏ကိုယ်အင်္ဂါများကို ဖြတ်ထုတ်ရောင်းစားရန်အတွက် ပြန်ပေးဆွဲခံခဲ့ကြရသည်ဟု ထိုနိုင်ငံရှိ နိုင်ငံတော်ရှေ့နေချုပ်ရုံးမှ အချက်အလက်များက ဖော်ပြသည်။—MILENIO သတင်းစာ၊ မက္ကဆီကို။
အဘယ်ကြောင့် တစ်ဆယ့်နှစ်နှစ်ကြာ အကျဉ်းချခံရ
လွန်ခဲ့သည့် ၁၂ နှစ်က အရှေ့အာဖရိက၊ အဲရိထရိအာနိုင်ငံ၊ ဆာဝါဒေသရှိ ယေဟောဝါသက်သေသုံးဦးသည် အကျဉ်းချခံခဲ့ရ၏။ သူတို့အပေါ် စွဲချက်တင်ခြင်း၊ အမှုစစ်ဆေးခြင်း မရှိခဲ့ချေ။ သူတို့သည် မိသားစုဝင်များအပါအဝင် မည်သည့်ဧည့်သည်နှင့်မျှ တွေ့ခွင့်မရချေ။ အဘယ်ကြောင့်နည်း။ စစ်မှုထမ်းရန် ငြင်းဆိုခြင်းကြောင့်ဖြစ်သည်။ အဲရိထရိအာနိုင်ငံ၏ဥပဒေသည် ဘာသာရေးခံယူချက်ကြောင့် စစ်မှုထမ်းရန်ငြင်းဆိုခြင်းကို အသိအမှတ်မပြုချေ။ ငယ်ရွယ်သူအမျိုးသားများ ဖမ်းဆီးခံရပါက စစ်စခန်းတစ်ခုတွင် ထိန်းသိမ်းကာ မညှာမတာရိုက်နှက်၍ ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ညှဉ်းပန်းကြသည်။
တောရိုင်းတိရစ္ဆာန်များကို ခြိမ်းခြောက်နေသော အင်တာနက်
“အင်တာနက်သည် အာဖရိကဆင်မျိုးကို မြန်မြန်မျိုးသုဉ်းနေစေသလော” ဟု New York Times သတင်းစာကမေး၏။ ထိုအတိုင်းဖြစ်နေသည့်အပြင် အခြားမျိုးစိတ်များစွာလည်း အန္တရာယ်ကြုံနေရသည်ဟု တိရစ္ဆာန်များ၏ကောင်းကျိုးကို ထောက်ခံပြောဆိုသူအချို့က ယူဆကြသည်။ အင်တာနက်နည်းပညာ တိုးတက်လာသည်နှင့်အမျှ တရားမဝင်အွန်လိုင်းကုန်သွယ်မှု တိုးများလာသည်ဟု ဆိုကြသည်။ သုံးလအတွင်း အင်္ဂလိပ်ဘာသာစကားဝက်ဘ်ဆိုက်များကို စူးစမ်းရှာဖွေမှုများပြုလုပ်ရာ လိပ်ခွံများ၊ ဆင်ရိုးပန်းပုလက်ရာများနှင့် ကျားသစ်နက်အရှင်များအပါအဝင် “တရားမဝင်သော သို့မဟုတ် တရားမဝင်ဖြစ်လာနိုင်သော တိရစ္ဆာန်ထွက်ပစ္စည်း ၆,၀၀၀ ကျော်ရောင်းရန်ရှိသည်” ကိုတွေ့ရှိခဲ့ရသည်။
ဂေဟဗေဒဆိုင်ရာ ဗဟိုအပူပေးစနစ်
“ယခုအခါ သံလွင်စေ့များကို လောင်စာအဖြစ်အသုံးပြုသည့် ဗဟိုအပူပေးစနစ်ကို ရရှိနိုင်ပြီ” ဟု စပိန်မဂ္ဂဇင်း El País ကဖော်ပြ၏။ ဤစွမ်းအင်ရင်းမြစ်ကြောင့် မက်ဒရစ်မြို့ရှိ အနည်းဆုံး အိမ်ခြေ ၃၀၀ သည် အပူဓာတ်နှင့် ရေနွေးရရှိသည်။ လောင်စာအနေနှင့် သံလွင်စေ့များသည် ရေနံထက် ၆၀ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးထက် ၂၀ ရာခိုင်နှုန်း အကုန်အကျသက်သာသည်။ ယင်းတို့လောင်ကျွမ်းနေစဉ်အတွင်း ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏသည် သဘာဝအလျောက်ဆွေးမြည့်စဉ် ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏနှင့်တူသောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေပါ။ နောက်ထပ်အကျိုးကျေးဇူးတစ်ခုလည်း ရှိသေးသည်။ သံလွင်စေ့များသည် သံလွင်သီးများမှ ဆီထုတ်ပြီးနောက်ရရှိသည့် ဘေးထွက်ပစ္စည်းဖြစ်၏။ စပိန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သံလွင်ဆီထုတ်လုပ်ရာ၌ နံပါတ်တစ်ဖြစ်သည်ဟု နာမည်ရထားသည်။
နှစ်ပေါင်းလေးထောင်သက်တမ်းရှိ ခေါက်ဆွဲများ
“ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးခေါက်ဆွဲများ” ကို မိမိတို့ဖော်ထုတ်တွေ့ရှိခဲ့ပြီဟု သိပ္ပံပညာရှင်များပြောဆိုကြကြောင်း New York Times သတင်းစာကဖော်ပြသည်။ ထိုခေါက်ဆွဲများသည် အမျှင်သေးကာ အဝါရောင်ဖြစ်ပြီး လက်မ ၂၀ ရှည်၏။ ယင်းကို တရုတ်ပြည်ထွက် နှံစားပြောင်းဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ယင်းတို့ကို တရုတ်ပြည်အနောက်မြောက်ပိုင်း၊ ဟွမ်မြစ်အနီး ဆယ်ပေထူသော ရွှံ့နွံများအောက်ရှိ အလုံပိတ်မြေခွက်ထဲတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။ Nature ဂျာနယ်အရ ထိုနေရာသည် လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ခန့်က မြေငလျင်နှင့် “ရေလွှမ်းမိုးဘေး” တစ်ခုကြောင့် ပျက်စီးခဲ့ဖွယ်ရှိသည်။ အစောဆုံးခေါက်ဆွဲထွက်ရှိရာဒေသမှာ အီတလီ၊ အရှေ့အလယ်ပိုင်း သို့မဟုတ် အရှေ့တိုင်းဖြစ်သည်ဟူသော အငြင်းပွားမှုနှင့်ပတ်သက်၍ Times မဂ္ဂဇင်း၏အဆိုအရ ရှာဖွေတွေ့ရှိသူများအနက် တစ်ဦးဖြစ်သည့် တရုတ်သိပ္ပံတက္ကသိုလ်မှ ဟိုယွန်လူ က ဤသို့ဆို၏– “အစောဆုံး ခေါက်ဆွဲထုတ်လုပ်ရာဒေသမှာ တရုတ်ပြည်ဖြစ်ကြောင်း ဤလေ့လာမှုက သက်သေထူခဲ့ပြီ။”