ဖြောင့်မတ်ခြင်းတရားအတွက် ညှဉ်းဆဲခံရ
ယေဟောဝါသက်သေများ တရားရေးကိစ္စများနှင့်ပြဿနာတက်ကြောင်း၊ အချို့အစိုးရတို့၏ပိတ်ပင်မှုကိုခံရကြောင်း၊ သူတို့သည် သူမတူအောင်ဆိုးသူများဖြစ်ကြောင်း စသည်တို့ကိုသင့်ဆွေမျိုးမိတ်ဆွေတို့ထံမှကြားရကောင်းကြားရမည်။ အဘယ့်ကြောင့်ဤသို့ဆန့်ကျင်ပြောဆိုခံရကြသနည်း။
ယေဟောဝါသက်သေတို့သည် တရားဥပဒေကိုမလေးစားသောကြောင့်မဟုတ်ဘဲ၊ ယေရှု၏ခြေတော်ရာကိုလိုက်လျှောက်ကြသောကြောင့်ဖြစ်သည်။ သူတို့ကဲ့ရဲ့ခံရမည့်အကြောင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းခံရမည့်အကြောင်း၊ မဟုတ်မမှန်လုပ်ကြံ၍ မတရားပြောဆိုခံရမည့်အကြောင်း တပည့်တော်တို့အား ယေရှုပြောခဲ့သည်။ သို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏ရန်သူကြီးစာတန်မာရ်နတ်သည် ဤလောက၏ဘုရားဖြစ်နေပြီး ဘုရားသခင်ကိုဝတ်ပြုသူများ ဝတ်ပြုရာမှရှောင်လွဲထွက်သွားစေလိုသောကြောင့်ဖြစ်သည်။—မဿဲ ၅:၁၀-၁၂၊ ၁၀:၁၆-၂၂၊ ၃၄-၃၉၊ ၂၄:၉၊ ၁၀။ ယောဟန် ၁၅:၁၇–၁၆:၃။ ၂ တိမောသေ ၃:၁၂။ ၁ ပေတရု ၅:၈။ ဗျာဒိတ် ၁၂:၁၇။
တမန်တော်များဖမ်းဆီးခံရပြီး တရားရုံးရောက်ရခြင်းမှာ သူတို့သည်ရာဇဝတ်ကောင်များ၊ အကြမ်းဖက်သမားများ၊ သူပုန်ထရန်လှုံ့ဆော်သူများဖြစ်သောကြောင့်မဟုတ်ပါ။ သူတို့သတင်းကောင်းဟောကြသောကြောင့်ဖြစ်သည်။ ခရစ်ယာန်တစ်ဦးအနေနှင့် သတင်းကောင်းဟောပြောခြင်းအခွင့်အရေးကို ကာကွယ်ရန်နှင့်တရားဝင်ဖြစ်စေရန် တရားရုံးတွင်တမန်တော်ပေါလုအယူခံဝင်ခဲ့သည်။—တမန်တော် ၄:၁၈-၂၀၊ ၅:၂၈-၃၂။ ဖိလိပ္ပိ ၁:၇။
ယနေ့ယေဟောဝါသက်သေတို့သည် ဥပဒေကိုနာခံလိုက်လျှောက်သူများ၊ အခွန်မှန်မှန်ဆက်သူများ၊ မင်းအာဏာပိုင်တို့ကိုလေးစားသူများဖြစ်ကြသည်။ သူတို့သည်ကဲသာ၏ဥစ္စာကို ကဲသာထံဆက်ပြီး ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်ထံဆက်သူများဖြစ်ကြသည်။ သူတို့သည်တစ်စုံတစ်ရာသောအစိုးရအာဏာပိုင်နှင့် ဆန့်ကျင်ဘက်ဖြစ်လျှင် ယင်းအစိုးရသည် သူတို့၏ဟောပြောခြင်းကို အသိအမှတ်မပြုခြင်း သို့မဟုတ် တိုင်းနိုင်ငံများအရေးကိစ္စတွင် သူတို့ကြားနေရပ်တည်ခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော်၊ ဤကိစ္စတွင်ယေဟောဝါသက်သေတို့သည် “လူ့စကားထက်ဘုရားသခင်၏စကားကိုနားထောင်ရမည်” ဟူသောတမန်တော်များပြောခဲ့၊ ရပ်တည်ခဲ့သည့်လမ်းစဉ်အတိုင်းသာလိုက်လျှောက်ရမည်ဖြစ်သည်။—တမန်တော် ၅:၂၉။ မာကု ၁၂:၁၇။ ယောဟန် ၁၈:၃၆။ တိတု ၃:၁၊ ၂။
ယေဟောဝါသက်သေတို့သည် နှိပ်စက်ညှဉ်းပန်းမှုအစား အေးချမ်းငြိမ်သက်သောအသက်တာဖြင့်သာ ပို၍နေလိုကြသည်။ သို့သော်၊ ဘုရားသခင့်ပညတ်တော်နှင့်ယေရှုခရစ်တော်၏ပုံသက်သေကို လိုက်လျှောက်သောကြောင့် နှိပ်စက်ညှဉ်းပန်းခံရမည်ဆိုလျှင် ပျော်ပျော်ကြီးခံရပ်မည့်သူများဖြစ်ကြသည်။—မဿဲ ၅:၁၀-၁၂။ တမန်တော် ၅:၄၀၊ ၄၁။ ၁ ကောရိန္သု ၄:၁၂။ ၁ တိမောသေ ၂:၂။ ၁ ပေတရု ၃:၁၄၊ ၁၅၊ ၄:၁၂-၁၆။
• ယေဟောဝါ၏ကျေးကျွန်များ အဘယ်ကြောင့်ကဲ့ရဲ့ရှုတ်ချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းခံရကြသနည်း။
• ရှေးခရစ်ယာန်တမန်တော်များနည်းတူ ယေဟောဝါသက်သေတို့သည် ရံဖန်ရံခါအစိုးရအာဏာပိုင်တို့၏ဆန့်ကျင်မှုကို အဘယ်ကြောင့်ခံရကြသနည်း။
• နှိပ်စက်ညှဉ်းပန်းမှုကို ယေဟောဝါ၏ကျေးကျွန်တို့ မည်သို့ယူမှတ်ကြသနည်း။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံများ]
ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းကြောင့် ပိလတ်မင်းရှေ့ယေရှုဆွဲငင်ခေါ်ဆောင်ခံရပြီး တမန်တော်ပေါလုထောင်ချခံရသည်