အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
တစ်ဦးတစ်ယောက်ကိုအသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဟု ချွင်းချက်မရှိခေါ်နိုင်မည်လော။ လူတစ်ဦး၏ကြီးမြတ်မှုကို မည်သည့်အရာဖြင့်တိုင်းတာမည်နည်း။ စစ်မှုထူးချွန်ခြင်းဖြင့်လော။ ကာယခွန်အားဖြင့်လော။ ရဲစွမ်းသတ္တိဖြင့်လော။
သမိုင်းဆရာအိပ်ချ်ဂျီဝဲလ်စ်က လူတစ်ဦး၏ကြီးမြတ်ခြင်းကို ‘ကြီးပွားဖို့သူထားခဲ့သည့်အရာ၊ နည်းလမ်းသစ်တို့ကို သူ့နောက်ပိုင်းလူများအပတ်တကုတ် လိုက်စဉ်းစားစေရန် အစပြုသည့်အချက်’ တို့နှင့်တိုင်းတာသည်ဟုဆိုသည်။ ဝဲလ်စ်သည်မိမိကိုယ်ကို ခရစ်ယာန်ဟုမဆိုငြားလည်း “ဤစံချိန်နှင့်ယေရှုအကိုက်ညီဆုံး” ဟုဝန်ခံသည်။
မဟာအလက်ဇန္ဒား၊ ရှားလမိန်း (အသက်ရှင်ကတည်းက “မဟာ” ဘွဲ့ရသူ) နှင့်နပိုလီယံဘိုနာပတ်တို့သည် တန်ခိုးကြီးအာဏာရှင်များဖြစ်ခဲ့ကြသည်။ သူတို့၏ကြောက်မက်ဖွယ်အသွင်ဖြင့် လက်အောက်ငယ်သားများကို အလွန်သြဇာလွှမ်းမိုးသည်။ သို့သော်နပိုလီယံ၏စကားကို မှတ်တမ်းကဤသို့ဖေါ်ပြသည်။ “ယေရှုခရစ်သည် မျက်မြင်ရခန္ဓာဖြင့်ရှိမနေဘဲနှင့် ကိုယ်တော့်လက်အောက်ခံသူတို့ကိုသြဇာညောင်း၍ အမိန့်ပေးခဲ့သည်။”
ယေရှု၏ထိရောက်သောသွန်သင်ချက်များ၊ ယင်းတို့နှင့်အညီ အသက်ရှင်နေထိုင်မှုများသည် အနှစ်နှစ်ထောင်နီးပါးတစ်လျှောက် အသက်ရှင်ခဲ့သူတို့၏ဘဝကို အလွန်သြဇာသက်ရောက်ခဲ့သည်။ စာရေးသူတစ်ဦးလျော်ကန်စွာ ဖေါ်ပြသကဲ့သို့ဖြစ်သည်။ “ချီခဲ့သမျှသောကြည်းတပ်များ၊ တည်ခဲ့သမျှသောရေတပ်များ၊ ဖွဲ့ခဲ့သမျှသောလွှတ်တော်များ၊ အုပ်စိုးခဲ့သမျှသောဧကရာဇ်များအားလုံးပေါင်းလိုက်လျှင်ပင် ကမ္ဘာပေါ်အသက်ရှင်ခဲ့သူလူသားတို့၏ဘဝကို ကိုယ်တော့်လောက် တန်ခိုးပါပါနှင့်ထိရောက်စွာ လွှမ်းမိုးနိုင်စွမ်းမရှိပါ။”
သမိုင်းဝင်ပုဂ္ဂိုလ်
သို့သော်တစ်မူထူး၍ အချို့ကယေရှုသည် တကယ်အသက်မရှင်ခဲ့ပါ။ ပထမရာစုသားအချို့၏လုပ်ဇာတ်ကောင်သာဖြစ်သည်ဟု ဆိုကြသည်။ လေးစားခံရသောသမိုင်းဆရာဝီလ်ဒူးရဲန့်က ဤယုံမှားမှုကို ဤသို့ချေပသည်။ “လူမျိုးတစ်ဆက်အတွင်း ထိုသာမန်လူအနည်းငယ်သည် ဤမျှသြဇာကြီးမားပြီး ဆွဲဆောင်မှုရှိသောဥပဓိရုပ်တစ်ခု၊ ဤမျှမြင့်မားသောကျင့်ဝတ်စံချိန်တစ်ခု၊ ဤမျှလှုံ့ဆော်မှုဖြစ်စေသည့် လူ့ညီအစ်ကိုအသင်းအပင်းကိုဖန်တီးပေးနိုင်ခဲ့မည်ဆိုလျှင် ယင်းတို့သည်ခရစ်ဝင်ကျမ်းပါ အံ့ဖွယ်အမှုများထက် ပိုမို၍မယုံနိုင်စရာဖြစ်လိမ့်မည်။”
ကိုယ်ကိုမေးကြည့်ပါ။ တစ်ခါမျှမရှိခဲ့ဘူးသော လူတစ်ဦးသည် လူ့သမိုင်းကိုအလွန်မှတ်သားလောက်အောင်သြဇာသက်ရောက်စေနိုင်မည်လော။ The Historian’s History of the World စာစောင်က “ယေရှု၏သမိုင်းတွင်သည့်လုပ်ရပ်တို့သည် လောကီရေးရာရှုထောင့်သက်သက်ကကြည့်လျှင်ပင် အခြားမည်သည့်သမိုင်းဝင်ပုဂ္ဂိုလ်တို့၏လုပ်ရပ်ထက်မဆို အရေးပါအရာရောက်သည်။ ယဉ်ကျေးမှုထွန်းကားသူလူအများစုလက်ခံထားသည့် ခေတ်သက္ကရာဇ်သည် ကိုယ်တော်မွေးဖွားသည့်အချိန်မှစတင်ရေတွက်သည်” ဟုဖေါ်ပြသည်။
စဉ်းစားကြည့်ပါ။ ယနေ့ပြက္ခဒိန်တို့သည် ယေရှုမွေးဖွားသည်ဟုယူဆသောနှစ်ကိုမူတည်ထားသည်။ The World Book Encyclopedia ကဤသို့ရှင်းပြသည်။ “ထိုနှစ်မတိုင်မီ နေ့စွဲတို့ကို ဘီစီ သို့မဟုတ် ခရစ်မတိုင်မီ ဟုသတ်မှတ်ပြီး ထိုနှစ်နောက်ပိုင်းနေ့စွဲတို့ကို အေဒီ သို့မဟုတ် အန်နိုဒိုမီနီ (ငါတို့သခင်၏နှစ်အတွင်း) ဟုသတ်မှတ်ကြသည်။”
ဝေဖန်သူတို့က သမ္မာကျမ်းစာတစ်ခုတည်းကဖော်ပြ၍သာ ယေရှုအကြောင်း ကျွန်ုပ်တို့သိရသည်၊ ကိုယ်တော်တည်ရှိခဲ့ကြောင်း အခြားစင်ပြိုင်မှတ်တမ်းများမရှိဟု ထောက်ပြကြသည်။ အိပ်ချ်ဂျီဝဲလ်စ်ရေးသကဲ့သို့ဖြစ်သည်။ “ရှေးရောမသမိုင်းဆရာတို့သည် ယေရှုကိုလုံးဝလက်မခံကြချေ။ ‘သူ့အချိန်နှင့်ပတ်သက်၍ စွဲမှတ်ဖွယ်ရာဇဝင်မှတ်တမ်းတစ်ခုမျှမထားခဲ့’ ဟုသူတို့ပြောကြသည်။” သို့သော် ယင်းသည်မှန်သလော။
ယေရှုနှင့်ပတ်သက်သော ရှေးသမိုင်းဆရာတို့၏ကိုးကားချက် မဆိုစလောက်သာရှိသော်လည်း ထိုကိုးကားချက်များ အမှန်တည်ရှိသည်။ အများလေးစားခံရသော ပထမရာစုသမိုင်းဆရာကော်နေးလိယပ်စ်တပ်စီးတပ်စ်က “[ခရစ်ယာန်] ဟူသောအမည်သည် တိဗေရိမင်းနန်းစံချိန်က ဘုရင်ခံပုန္တပိလတ်သတ်ခဲ့သည့် ခရစ်ဟူသောပုဂ္ဂိုလ်မှဆင်းသက်လာသည်” ဟုရေးသည်။ စူတိုးနီးယပ်စ်၊ ပလင်နီနှင့်အခြားသောရောမခေတ် စာရေးဆရာများလည်း ခရစ်တော်ကို ကိုးကားခဲ့သည်။ ထို့ပြင် ပထမရာစုဂျူးသမိုင်းဆရာ ဖလေးဗီးယပ်စ်ဂျိုစီဖတ်စ်သည်ယာကုပ်ကို “ခရစ်တော်ခေါ်ယေရှု၏ညီ” အဖြစ် ရည်ညွှန်းရေးသားခဲ့သည်။
The New Encyclopœdia Britannica က ဤသို့မှတ်ချက်ချသည်။ “ဤဘက်မလိုက်သောမှတ်တမ်းများက ရှေးခေတ်ခရစ်ယာန်ဘာသာဆန့်ကျင်သူများပင် ယေရှုတကယ်ရှိခဲ့သည်ကို သံသယမဖြစ်ကြကြောင်း သက်သေထူသည်။ ယင်းကိစ္စကို အကြောင်းအချက်မခိုင်လုံဘဲ ၁၈ ရာစုကုန်လောက်က စဆွေးနွေးငြင်းခုံခဲ့ကြရာ ၂၀ ရာစုအစပိုင်းထိပင်ဖြစ်သည်။”
သို့တစေ ယေရှုနှင့်ပတ်သက်၍သိနိုင်သမျှကို ပထမရာစုနောက်တော်လိုက်တို့က အလုံအလောက်မှတ်တမ်းတင်ခဲ့ကြသည်။ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်တို့ရေးသော ခရစ်ဝင်ကျမ်းစောင်များက ယင်းမှတ်တမ်းများကိုဆက်လက်ထိန်းသိမ်းထားသည်။ ဤမှတ်တမ်းများက ယေရှုမည်သူမည်ဝါဖြစ်ကြောင်း ဘာပြောသနည်း။
အမှန်သော် သူမည်သူနည်း
ပထမရာစုရှိယေရှုအပေါင်းအဖော်များ ထိုမေးခွန်းကိုဆင်ခြင်သုံးသပ်ခဲ့ကြသည်။ လှိုင်းလေထန်သောပင်လယ်ကို အံ့သြဖွယ် ယေရှုငြိမ်သက်စေခဲ့စဉ်က သူတို့အံ့သြမိန်းမောခဲ့ကြသည်။ “ဤသူကား အမှန်တကယ် မည်သူနည်း။” အခြားတစ်ချိန်တွင် ယေရှုသည် တမန်တော်များအား “သင်တို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ဟုဆိုကြသနည်း” ဟုမေးတော်မူခဲ့သည်။—မာကု ၄:၄၁။ မဿဲ ၁၆:၁၅။
ထိုသို့အမေးခံရလျှင် သင်မည်သို့ဖြေဆိုမည်နည်း။ ယေရှုသည် အမှန်ပင်ဘုရားဖြစ်သလော။ ဖြစ်သည်ဟု ယနေ့လူအများပြောကြသည်။ သို့သော် ကိုယ်တော်၏အပေါင်းအပါတို့သည် ကိုယ်တော်ကို ဘုရားဖြစ်သည်ဟု မည်သည့်အခါမျှမယူမှတ်ခဲ့ကြချေ။ ယေရှုအမေးကို တမန်တော်ပေတရုဖြေကြားရာ၌ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်” ဟုဆိုခဲ့ကြသည်။—မဿဲ ၁၆:၁၆။
ယေရှုသည် မိမိကိုယ်ကို ဘုရားဟုမည်သည့်အခါမျှ အဆိုမပြုခဲ့ချေ။ သို့သော် မိမိသည် ကတိတော်ရှိရာမေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်ကြောင်းကိုဝန်ခံသည်။ မိမိသည် ဘုရားမဟုတ်၊ “ဘုရားသားတော်” ဖြစ်ကြောင်းလည်းပြောသည်။ (ယောဟန် ၄:၂၅၊ ၂၆၊ ၁၀:၃၆) သို့သော် ယေရှုသည် အခြားသူများကဲ့သို့ သာမန်လူတစ်ယောက်အဖြစ် ကျမ်းစာမပြောပေ။ ကိုယ်တော်သည် အလွန်ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ဦးစွာဖန်ဆင်းခဲ့သူဖြစ်သောကြောင့်တည်း။ (ကောလောသဲ ၁:၁၅) စကြဝဠာမတည်ရှိမီ နှစ် သန်းကုဋေပေါင်းများစွာကတည်းက ယေရှုသည် နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ကောင်းကင်တွင် မိမိ၏ခမည်းတော် မဟာဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်။—သု၊ ၈:၂၂၊ ၂၇-၃၁။
လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ခန့်က ဘုရားသခင်သည် မိမိသားတော်အသက်ကို လူမိန်းမတစ်ဦး၏သားအိမ်အတွင်းသို့ပြောင်းရွှေ့ခဲ့သည်။ ထိုအခါ ယေရှုသည် ဘုရားသခင်၏လူ့သားတော်အဖြစ် လူမိန်းမမှ သာမန်အတိုင်း မွေးဖွားလာသည်။ (ဂလာတိ ၄:၄) သားအိမ်အတွင်းကြီးထွားလာပြီး လူယောက်ျားလေးအဖြစ် ဖွားမြင်ကြီးပြင်းလာစဉ်တစ်လျှောက် ဘုရားသခင်ရွေးချယ်ထားသော သူ့လူသားမိဘများအပေါ် မှီခိုခဲ့ရသည်။ နောင်တွင် ယေရှုလူကြီးဖြစ်လာသောအခါ ယခင်က ကောင်းကင်တွင်ရှိခဲ့သော ဘုရားသခင်နှင့်ဆက်ဆံရေးကိုလုံးဝပြန်သတိရလာသည်။—ယောဟန် ၈:၂၃။ ၁၇:၅။
ကိုယ်တော်ကို ကြီးမြတ်စေသောအရာ
မိမိ၏ကောင်းကင်ခမည်းတော်ကိုတုပသောကြောင့် ယေရှုသည် အသက်ရှင်ခဲ့သူတို့တွင် အကြီးမြတ်ဆုံးလူသားဖြစ်ခဲ့သည်။ သစ္စာရှိသားတစ်ယောက်အနေနှင့် ခမည်းတော်ကိုမည်မျှတိကျစွာလိုက်လံတုပသနည်းဟူမူ တပည့်တော်တို့ကို ဤသို့ပင်ပြောနိုင်ခဲ့သည်။ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” (ယောဟန် ၁၄:၉၊ ၁၀) မြေကြီးပေါ်ရှိခဲ့စဉ်က အရာရာ၌ ခမည်းတော်ကိုတုပလုပ်ကိုင်ခဲ့သည်။ ကိုယ်တော် ဤသို့ရှင်းပြသည်။ “ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည့်အတိုင်း ငါဟောပြောသည်။” (ယောဟန် ၈:၂၈) ထို့ကြောင့် ယေရှု၏ဘဝကို ကျွန်ုပ်တို့လေ့လာသောအခါ ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်ကြောင်း သရုပ်သကန်ပေါ်လာသည်။
ထို့ကြောင့် “ဘုရားသခင်ကိုမည်သူမျှမမြင်စဖူး” ဟုတမန်တော်ယောဟန်ဝန်ခံသော်လည်း “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုသူရေးသားနိုင်ခဲ့သည်။ (ယောဟန် ၁:၁၈။ ၁ ယောဟန် ၄:၈) ခမည်းတော်၏ပြည့်ဝစုံလင်သောသဏ္ဌာန်တော်ဆောင်သည့်ယေရှုမှတစ်ဆင့် ဘုရားသခင့်မေတ္တာတော်ကို ယောဟန်သိနားလည်သောကြောင့်ဖြစ်သည်။ ယေရှုသည် သနားကြင်နာမှု၊ နှိမ့်ချမှုရှိပြီး ချဉ်းကပ်ရန်လွယ်ကူသည်။ အားနည်းသူများ၊ အနှိမ်ခံရသူများသည် ကိုယ်တော်အားဖြင့် သက်သာမှုရသကဲ့သို့ ယောက်ျား၊ မိန်းမ၊ ကလေး၊ သူဌေး၊ ဆင်းရဲသား၊ အာဏာကြီးသူနှင့် ကြီးလေးသောအပြစ်ပြုသူများပင် ထိုနည်းတူဖြစ်သည်။ စိတ်နှလုံးဆိုးသွမ်းသူများသာ ကိုယ်တော်ကိုမနှစ်သက်ကြချေ။
အမှန်မှာ ယေရှုသည် နောက်တော်လိုက်အချင်းချင်းချစ်ရန် သွန်သင်ခဲ့ခြင်းမျှသာမဟုတ်၊ မည်သို့ချစ်ရန်ကိုပါပြခဲ့သည်။ “ငါသည် သင်တို့ကိုချစ်သည်နည်းတူ သင်တို့အချင်းချင်းချစ်ကြလော့။” (ယောဟန် ၁၃:၃၄) တမန်တော်တစ်ပါးက “ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာကို သိနားလည်ခြင်း” ဟုရှင်းပြသည်။ (ဧဖက် ၃:၁၉) ခရစ်တော်တင်ပြခဲ့သောမေတ္တာတော်သည် အသိပညာသက်သက်ထက် များစွာထူးကဲသာလွန်ပြီး ယင်းမေတ္တာကိုတုံ့ပြန်ရန် လူများကိုအနိုင်အထက်သွေးဆောင်သည်။ (၂ ကောရိန္သု ၅:၁၄) အထူးသဖြင့် ယေရှု၏ထူးကဲသောမေတ္တာပုံသက်သေက ကိုယ်တော်အား အသက်ရှင်ခဲ့သူများတွင် အကြီးမြတ်ဆုံးလူသားဖြစ်စေသည်။ ကိုယ်တော်၏မေတ္တာတော်သည် နှစ်ရာစုများတစ်လျှောက် လူသန်းပေါင်းများစွာ၏နှလုံးကို ထိမိပြီး သူတို့၏ဘဝကောင်းစားဖို့အတွက် ဩဇာညောင်းခဲ့သည်။
သို့သော် အချို့ကန့်ကွက်ကြမည်။ ‘ခရစ်တော်နာမည်ယူပြီး ရာဇဝတ်မှုတွေကျူးလွန်လိုက်ကြတာ၊ ခရူးဆိတ်စစ်ပွဲတွေ၊ ယုံကြည်ခြင်းမတူသူတွေကို နှိပ်ကွပ်တဲ့တရားရုံးတွေ၊ ခရစ်ယာန်အမည်ခံပြီး စစ်ပွဲတွေမှာ သန်းချီသတ်ဖြတ်မှုတွေ’ ကိုကြည့်ပါအုံး။ အမှန်မှာ ထိုသို့ပြုသူများသည် မိမိတို့ခရစ်ယာန်အဖြစ်ကို အထင်အမြင်လွဲမှားစေခြင်းဖြစ်သည်။ ကိုယ်တော်၏သွန်သင်ချက်များနှင့်ဘဝပုံစံက သူတို့အပြုအမူကို ပြစ်တင်ရှုတ်ချသည်။ ဟိန္ဒူဘာသာဝင် မိုဟမ်းဒတ်စ်ဂန္ဒဤသို့ပြောသည်။ “ခရစ်တော်ကို ကျွန်တော်ချစ်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်တွေဟာ ခရစ်တော်လိုအသက်မရှင်ကြလို့ သူတို့ကို ကျွန်တော်ရွံမုန်းတယ်။”
ကိုယ်တော့်အကြောင်းလေ့လာ၍ အကျိုးရယူ
ယေရှုဘဝနှင့်ဓမ္မအမှုကိုလေ့လာခြင်းထက် သာ၍အရေးကြီးသောလေ့လာမှုမရှိနိုင်သည်အမှန်။ တမန်တော်ပေါလုက “ယေရှုကို စေ့စေ့ကြည့်” ရန်အားပေးသည်။ “ထိုသူကို စေ့စေ့ထောက်ရှုဆင်ခြင်ပါ။” ဘုရားသခင်ကိုယ်တော်တိုင် မိမိသားတော်နှင့်ပတ်သက်၍ “သူ၏စကားကိုနားထောင်ကြလော့” ဟုအမိန့်ပေးခဲ့သည်။ ဤသို့ပြုနိုင်ရန် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်က သင့်အား အကူအညီပေးမည်။—ဟေဗြဲ ၁၂:၂၊ ၃။ မဿဲ ၁၇:၅။
ယေရှု၏သြဝါဒများ၊ အံ့ဖွယ်အမှုများ၊ ပုံဥပမာများအပါအဝင် ခရစ်ဝင်ကျမ်းများပါ မြေကြီးအသက်တာဆိုင်ရာအဖြစ်အပျက်အားလုံးကို ကြိုးစားတင်ပြထားသည်။ အခြေအနေခွင့်ပြုသ၍ အဖြစ်အပျက်တို့ကိုဖြစ်စဉ်အတိုင်း ပြန်လည်ဖော်ပြထားသည်။ အခန်းတစ်ခုပြီးဆုံးတိုင်း အခြေခံသည့်ကျမ်းချက်များပါရှိသည်။ ဤကျမ်းချက်တို့ကိုဖတ်ပြီး ပြန်သုံးသပ်ရန်နှင့်မေးခွန်းများကိုဖြေဖို့ သင့်ကိုအားပေးပါသည်။
မကြာမီက ချီကာဂိုတက္ကသိုလ်မှ ပညာရှင်တစ်ဦးက “ယေရှုအကြောင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်ကထက် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က ပိုမိုရေးသားခဲ့သည်” ဟုဆိုသည်။ သို့သော် ခရစ်ဝင်ကျမ်းမှတ်တမ်းများကို ကိုယ်တိုင်ဆင်ခြင်သုံးသပ်ရန် အရေးကြီးသည်။ အကြောင်းမှာ The Encyclopœdia Britannica က “ခေတ်ကျောင်းသားများစွာတို့သည် မူရင်းအခြေအမြစ်တို့ကို သူတို့ကိုယ်တိုင်လေ့လာရန်လျစ်လျူရှုသည်အထိ ယေရှုနှင့်ခရစ်ဝင်ကျမ်းတို့နှင့်ဆန့်ကျင်သောသီအိုရီများတွင် အာရုံစိုက်ခဲ့ကြသည်” ဟုဆိုသည်။
ခရစ်ဝင်ကျမ်းတို့ကို ဘက်မလိုက်တမ်းစေ့စေ့စပ်စပ်ဆင်ခြင်သုံးသပ်ခြင်းဖြင့် လူ့ရာဇဝင်တွင် အကြီးကျယ်ဆုံးအဖြစ်အပျက်သည် ရောမဘုရင် ကဲသာသြဂုတ္တုနန်းစံချိန်၊ နာဇရက်မြို့သားယေရှု မြေကြီးပေါ်၌ပေါ်ထွန်း၍ ကျွန်ုပ်တို့အတွက်အသက်ပေးခဲ့သောအချိန်တွင်ဖြစ်ပျက်ခဲ့ကြောင်း သင်သဘောတူပေမည်။