ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၇ စာ. ၇၆-၈၉
  • အိမ်တွင်း၌ဆန့်ကျင်သူတစ်ဦး ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်တွင်း၌ဆန့်ကျင်သူတစ်ဦး ရှိသလော
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆန့်ကျင်သူဆိုသည်မှာ အဘယ်သို့သောသူနည်း
  • ဆန့်ကျင်ခြင်းအကြောင်းတရားများ
  • မသိကျိုးကျွန်ပြုသောဧလိနှင့် ချုပ်ချယ်သောရောဗောင်
  • အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ဆန့်ကျင်မှုကို တားဆီးနိုင်သည်
  • သားသမီးများ အခက်အခဲကြုံရသော်
  • ခေါင်းမာသောဆန့်ကျင်သူကို ကိုင်တွယ်ခြင်း
  • သင့်ဆယ်ကျော်သက်ကလေးကို ရင့်သန်ဖွံ့ဖြိုးအောင် ကူညီပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၇ စာ. ၇၆-၈၉

အခန်း ခုနစ်

အိမ်တွင်း၌ဆန့်ကျင်သူတစ်ဦး ရှိသလော

၁၊ ၂။ (က) ဂျူးဘာသာရေးခေါင်းဆောင်များ၏ သစ္စာမဲ့မှုကိုထင်ရှားပေါ်လွင်စေရန် အဘယ်ပုံဥပမာကို ယေရှုပေးတော်မူသနည်း။ (ခ) လူပျိုပေါက်အပျိုပေါက်များနှင့်ပတ်သက်၍ အဘယ်သင်ခန်းစာကို ယေရှု၏ပုံဥပမာမှ ကျွန်ုပ်တို့ရရှိနိုင်သနည်း။

ယရှု အသေခံတော်မမူမီ ရက်အနည်းငယ်အလိုတွင် ဂျူးဘာသာရေးခေါင်းဆောင်တစ်စုအား အလေးအနက်စဉ်းစားစရာ ပုစ္ဆာတစ်ခုမေးတော်မူခဲ့၏။ “သင်တို့အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ဦးတွင် သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွားပြီးလျှင် ‘ငါ့သား၊ ယနေ့ စပျစ်ဥယျာဉ်သို့သွား၍ လုပ်ကိုင်လော့’ ဟုဆို၏။ ဤသားက ‘သွားပါမည်အရှင်’ ဟုဆိုသော်လည်း မသွားဘဲနေ၏။ ဖခင်သည် ဒုတိယသားထံသို့သွား၍ ရှေးနည်းတူပြော၏။ ဤသားက ‘မသွားလိုပါ’ ဟုဆိုသော်လည်း နောက်မှနောင်တရ၍ သွားလေ၏။ ထိုသားနှစ်ယောက်အနက် အဘယ်သူသည် ဖခင်၏အလိုကိုဆောင်သနည်း” ဟုမေးတော်မူ၏။ ဂျူးဘာသာရေးခေါင်းဆောင်တို့က “ဒုတိယသားဆောင်ပါသည်” ဟုဖြေကြားကြ၏။—မဿဲ ၂၁:၂၈-၃၁၊ ကဘ။

၂ ဤတွင် ယေရှုက ဂျူးဘာသာရေးခေါင်းဆောင်တို့၏ သစ္စာမဲ့မှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ သူတို့သည် ပထမသားကဲ့သို့ ဘုရားသခင့်အလိုတော်ဆောင်ပါမည်ဟု ကတိပေးပြီးမှ ကတိမတည်သူများဖြစ်ကြ၏။ သို့သော် ယေရှု၏ထိုပုံဥပမာသည် မိသားစုဘဝအကြောင်း ကောင်းစွာနားလည်ခြင်းအပေါ် အခြေပြုထားသည်ကို မိဘအများသိမြင်ကြပေမည်။ ယေရှု ရှင်းလင်းစွာပြဆိုသည့်အတိုင်း လူငယ်များ၏အတွေးကိုသိရှိရန်၊ သူတို့ဘာလုပ်မည်ကို ကြိုတင်ခန့်မှန်းရန် တစ်ခါတစ်ရံ မလွယ်ကူလှပေ။ လူငယ်တစ်ယောက်သည် လူပျိုပေါက်အရွယ်၌ ပြဿနာအမျိုးမျိုးပေးပြီးနောက်မှ တာဝန်သိတတ်သော၊ အလွန်လေးစားခြင်းခံရသော လူကြီးတစ်ဦးအဖြစ် ကြီးပြင်းလာတတ်သည်။ ထို့ကြောင့် ဆယ်ကျော်သက်ပုန်ကန်မှုပြဿနာအကြောင်း ဆွေးနွေးသည့်အခါ ဤအကြောင်းကို စိတ်ထဲ ကောင်းစွာစွဲမှတ်ထားသင့်သည်။

ဆန့်ကျင်သူဆိုသည်မှာ အဘယ်သို့သောသူနည်း

၃။ မိဘတို့အနေဖြင့် မိမိတို့၏ကလေးကို ဆန့်ကျင်သူဟု အဘယ်ကြောင့် အစောတလျင် မသတ်မှတ်သင့်သနည်း။

၃ မိဘတို့ကို တိတိလင်းလင်းဆန့်ကျင်သည့် ဆယ်ကျော်သက်များအကြောင်း ရံဖန်ရံခါ သင်ကြားဖူးပေမည်။ ဆယ်ကျော်သက်သားသမီးကို ထိန်း၍မရသည့်မိသားစုတစ်ခုခုကိုပင် သင်ကိုယ်တိုင် သိရှိကောင်းသိရှိမည်။ သို့ရာတွင် ကလေးတစ်ယောက်သည် ဆန့်ကျင်သူတကယ်ဟုတ်မဟုတ် သိရှိရန်ကား အမြဲတစေလွယ်ကူသည်မဟုတ်။ ၎င်းပြင် တစ်အိမ်ထောင်ထဲမှ ကလေးများပင်ဖြစ်လင့်ကစား အဘယ်ကြောင့် အချို့ကဆန့်ကျင်၍ အချို့က မဆန့်ကျင်ဘဲနေသည်ကို နားမလည်နိုင်ဘဲရှိတတ်သည်။ မိဘတို့အနေဖြင့် မိမိတို့၏သားသမီးတစ်ယောက်ယောက်သည် လုံးလုံးလျားလျားဆန့်ကျင်သူ တစ်စတစ်စ ဖြစ်လာနေသည်ဟု သင်္ကာမကင်းဖြစ်လျှင် မည်သို့ပြုသင့်သနည်း။ အဖြေရရှိရန် ဆန့်ကျင်သူဆိုသည်မှာ မည်သို့သောသူကိုဆိုလိုကြောင်း ဦးစွာဆွေးနွေးသင့်သည်။

၄-၆။ (က) ဆန့်ကျင်သူဆိုသည်မှာ အဘယ်နည်း။ (ခ) မိဘတို့အနေဖြင့် မိမိတို့၏ဆယ်ကျော်သက်သားသမီး တစ်ခါတစ်ခါတွင် နာခံမှုမရှိပါက အဘယ်အကြောင်းကိုသတိရသင့်သနည်း။

၄ ရိုးရိုးပြောရလျှင် ဆန့်ကျင်သူဆိုသည်မှာ အထက်အာဏာပိုင်ကို ခေါင်းမာမာနှင့်တစ်သမတ်တည်း အာခံခြင်း၊ သို့မဟုတ် ခုခံခြင်း၊ ဖီဆန်ခြင်းဖြစ်သည်။“မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ” သည်မှာ ဆိုဖွယ်မရှိ။ (သု. ၂၂:၁၅) ထို့ကြောင့် ကလေးသူငယ်မှန်သမျှသည် မိဘအခွင့်အာဏာနှင့် အခြားသောအခွင့်အာဏာတို့ကို တစ်ချိန်မဟုတ်တစ်ချိန်တွင် ဖီဆန်မိကြပေမည်။ ကာယနှင့် စိတ်လှုပ်ရှားမှုဘက် ဖွံ့ဖြိုးရင့်သန်သည့်ကာလဖြစ်သော အပျိုပေါက်လူပျိုပေါက်အရွယ်တွင် ဤသို့ အထူးသဖြင့်ဖြစ်တတ်သည်။ လူတစ်ဦး၏ဘဝတွင် ပြောင်းလဲမှုတစ်ခုခုဖြစ်သည့်အခါတိုင်း စိတ်ဖိစီးမှုဖြစ်ပေါ်တတ်သည်။ ကြီးကောင်ဝင်အရွယ်တွင် အပြောင်းအလဲများပြားလှသည်။ သင်၏ဆယ်ကျော်သက်သား၊ သို့မဟုတ် သမီးသည် ကလေးဘဝကိုကျော်လွန်၍ လူကြီးဘဝသို့တက်လှမ်းလျက်ရှိသည်။ ယင်းကြောင့် ကြီးကောင်ဝင်အရွယ်တွင် မိဘအချို့တို့သည် သားသမီးများနှင့် အဆင်မပြေမှုများဖြစ်တတ်ကြသည်။ များသောအားဖြင့် မိဘတို့က ကူးပြောင်းမှုအရှိန်ကိုနှေးကွေးစေရန် သဘာဝအလျောက် ကြိုးစားတတ်ကြသော်လည်း ဆယ်ကျော်သက်များကမူ ကူးပြောင်းမှုအရှိန်ကို မြှင့်တင်လိုကြသည်။

၅ ဆန့်ကျင်သူဆယ်ကျော်သက်တစ်ဦးသည် မိဘတို့၏အကျင့်စရိုက်စံနှုန်းများကို ကျောခိုင်းတတ်သည်။ သို့သော် နာခံမှုမရှိသည့်လုပ်ရပ် အနည်းငယ်လုပ်မိရုံမျှနှင့် ဆန့်ကျင်သူဖြစ်မသွားနိုင်ပါ။ ဝိညာဉ်ရေးကိစ္စနှင့်ပတ်သက်လာလျှင် အချို့ကလေးတို့သည် အစတွင် ကျမ်းစာအမှန်တရားကို သိပ်စိတ်ဝင်စားမှုမရှိကြပေ။ သို့မဟုတ် လုံးဝစိတ်မဝင်စားဘဲရှိတတ်သည်။ သို့သော်လည်း ဆန့်ကျင်သူဖြစ်ချင်မှဖြစ်မည်။ မိဘတစ်ဦးအနေနှင့် သင့်ကလေးကို ဆန့်ကျင်သူအဖြစ် လျင်မြန်စွာ မသတ်မှတ်လိုက်ပါနှင့်။

၆ လူငယ်လူရွယ်အားလုံး ကြီးကောင်ဝင်အရွယ်တွင် မိဘတို့၏အခွင့်အာဏာကို ဆန့်ကျင်တတ်သည့် ဝိသေသလက္ခဏာရှိတတ်ကြသလော။ လုံးဝမဟုတ်ပါ။ စင်စစ်ဆိုလျှင် ဆယ်ကျော်သက်အနည်းစုကသာ ကြီးလေးသည့် ကြီးကောင်ဝင်ဆန့်ကျင်မှုပြုတတ်ကြောင်း သက်သေအထောက်အထားများက ပြဆိုနေပုံရသည်။ သို့ဖြစ်သည့်တိုင်အောင် ပြောမရဆိုမရဘဲ တစ်ချိန်လုံး ကလန်ကဆန်လုပ်တတ်သည့်ကလေးကို မည်သို့ဆိုမည်နည်း။ ဤသို့ပုန်ကန်သည့်သဘောမျိုး အဘယ်ကြောင့်ဖြစ်ပေါ်ရသနည်း။

ဆန့်ကျင်ခြင်းအကြောင်းတရားများ

၇။ စာတန့်ဝန်းကျင်က ကလေးတစ်ယောက်ကို ဆန့်ကျင်သူဖြစ်စေရန် မည်သို့သြဇာလွှမ်းမိုးနိုင်သနည်း။

၇ အဓိက ဆန့်ကျင်ခြင်းအကြောင်းတရားတစ်ခုမှာ စာတန့်သြဇာလွှမ်းမိုးသည့် ဤလောကဝန်းကျင်ဖြစ်သည်။ “တစ်လောကလုံးသည် [စာတန်] ၏လက်တွင်း၌ ရှိနေ” ၏။ (၁ ယောဟန် ၅:၁၉၊ သမ) စာတန့်ဩဇာအောက်၌ရှိသော ဤလောကသည် ခရစ်ယာန်များဘက်ပြိုင်ရသည့် ဘေးအန္တရာယ်များသောယဉ်ကျေးမှုတစ်ခုကို ပေါ်ပေါက်လာစေသည်။ (ယောဟန် ၁၇:၁၅) ထိုယဉ်ကျေးမှုအများစုမှာ ယခင်ကထက် ပို၍ရုန့်ရင်းကြမ်းတမ်းပြီး ပို၍လည်းအန္တရာယ်ကြီးမားလာသည့်ပြင် မကောင်းသောသြဇာလည်း ပို၍များပြားလာသည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) မိဘတို့အနေဖြင့် မိမိတို့၏သားသမီးများအား ပညာပေးခြင်း၊ သတိပေးခြင်း၊ ကာကွယ်ခြင်းမပြုလျှင် ကလေးငယ်တို့သည် “ငြင်းဆန်သောသူတို့၌ ​ယခုပြုပြင်သော ​ဝိညာဉ်” ၏လွှမ်းမိုးခြင်းအောက် လွယ်လွယ်နှင့်ရောက်သွားနိုင်သည်။ (ဧဖက် ၂:၂၊ သမ္မာ) ယင်းနှင့်ဆက်နွှယ်သည့်အရာမှာ သက်တူရွယ်တူတို့၏ဖိအားပင်ဖြစ်သည်။ ကျမ်းစာက “လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” ဟုဆို၏။ (သု. ၁၃:၂၀) ထိုနည်းတူ ဤလောက၏စိတ်ဝိညာဉ်မျိုး ပြည့်နေသူတို့နှင့် အမြဲပေါင်းသင်းသူသည် ထိုစိတ်ဝိညာဉ်၏လွှမ်းမိုးခြင်း ခံရမည်မလွဲဖြစ်သည်။ လူငယ်တို့အနေဖြင့် ဘုရားတရားဆိုင်ရာ အခြေခံမူများကိုနာခံခြင်းသည် အကောင်းဆုံး ဘဝလမ်းစဉ်၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း နားလည်သိရှိလိုလျှင် အကူအညီ အဆက်မပြတ်လိုအပ်သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

၈။ အဘယ်အခြေခံအကြောင်းများက ကလေးတစ်ယောက်အား ဆန့်ကျင်စေတတ်သနည်း။

၈ ဆန့်ကျင်ခြင်းအကြောင်းတရား နောက်တစ်ခုမှာ အိမ်တွင်းစရိုက်လက္ခဏာဝန်းကျင်ဖြစ်သည်။ သာဓကအနေဖြင့် မိဘတစ်ဦးက အရက်စွဲသူဖြစ်လျှင်၊ မူးယစ်ဆေးဝါးအလွဲသုံးလျှင်၊ သို့မဟုတ် ကျန်မိဘတစ်ဦးအား အကြမ်းဖက်လျှင် ဆယ်ကျော်သက်တို့၏ ဘဝအမြင်ဖောက်ပြန်တတ်သည်။ အတော်အတန် အေးချမ်းငြိမ်သက်သည့်အိမ်ထောင်၌ပင် ကလေးတစ်ယောက်က သူ့ကိုမိဘတို့ ပစ်ထားသည်ဟူသောအထင်ရှိလာလျှင် ဆန့်ကျင်မှုဖြစ်ပေါ်လာတတ်သည်။ သို့သော် ဆယ်ကျော်သက်ဆန့်ကျင်မှုသည် အမြဲတစေ ပြင်ပသြဇာကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်။ အချို့ကလေးသူငယ်တို့သည် ဘုရားတရားဆိုင်ရာမူများ ကျင့်သုံးသည့်မိဘတို့ရှိပြီး၊ သူတို့ကို ပတ်ဝန်းကျင်လောကမှ အထိုက်အလျောက် အကာအကွယ်ပေးထားပါလျက်ကယ် မိဘတို့၏အကျင့်စရိုက်စံနှုန်းများကို ကျောခိုင်းပစ်ပယ်တတ်ကြသည်။ အဘယ်ကြောင့်နည်း။ ပြဿနာရင်းမြစ်နောက်တစ်ခုဖြစ်သည့် လူ့မစုံလင်မှုကြောင့် ဖြစ်ကောင်းဖြစ်မည်။ “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့်ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုပေါလုဆို၏။ (ရောမ ၅:၁၂) အာဒံသည် တစ်ကိုယ်ကောင်းဆန်သော ဆန့်ကျင်သူဖြစ်သဖြင့် နောင်လာနောက်သားရှိသမျှတို့အား အမွေအနှစ်ဆိုးများထားခဲ့လေသည်။ အချို့သောလူငယ်တို့သည် သူတို့၏ဘိုးဘေးနည်းတူ ပုန်ကန်သည့်လမ်းစဉ်ကို တမင်တကာရွေးချယ်ကြသည်။

မသိကျိုးကျွန်ပြုသောဧလိနှင့် ချုပ်ချယ်သောရောဗောင်

၉။ သားသမီးမွေးမြူရာ၌ အဘယ်အစွန်းရောက်မှုများက သားသမီးဆန့်ကျင်မှုဖြစ်စေတတ်သနည်း။

၉ ဆယ်ကျော်သက်ဆန့်ကျင်မှုဖြစ်စေသည့် အခြားအကြောင်းတစ်ခုမှာ သားသမီးမွေးမြူခြင်းနှင့်ပတ်သက်၍ မိဘတို့ဘက်မှ မျှတသောအမြင်မရှိခြင်းကြောင့်ဖြစ်သည်။ (ကောလောသဲ ၃:၂၁) အသိစိတ်ဖြင့် တာဝန်ကျေပွန်သော မိဘအချို့က သားသမီးတို့ကို အလွန်အမင်း ချုပ်ချယ်ကန့်သတ်ဆုံးမတတ်ကြသည်။ အခြားမိဘတို့မူကား မသိကျိုးကျွန်ပြုပြီး အတွေ့အကြုံနုနယ်သည့် မိမိတို့၏ ကြီးကောင်ဝင်သားသမီးများအတွက် ကာကွယ်မှုပေးနိုင်သည့် လမ်းညွှန်မှုများမပေးဘဲ လွှတ်ထားတတ်ကြသည်။ ဤအစွန်းနှစ်ဖက်ကြားတွင် အတိမ်းအစောင်းမရှိ ချိန်ခွင်လျှာညီအောင်ထိန်းဖို့ဆိုသည်မှာ အစဉ်လွယ်ကူသည်မဟုတ်ပါ။ ၎င်းပြင် ကလေးတစ်ယောက်စီ၌ လိုအပ်ချက်တစ်မျိုးစီရှိသည်။ တစ်ယောက်သည် အခြားတစ်ယောက်ထက် ပို၍ကြပ်မကြည့်ရှုရန် လိုအပ်ပေမည်။ မည်သို့ဆိုစေ ကျမ်းစာသာဓကနှစ်ခုက ချုပ်ချယ်ခြင်းနှင့် မသိကျိုးကျွန်ပြုခြင်း အစွန်းနှစ်ဖက်ရောက်ခြင်း၏ ​အန္တရာယ်ကို ရှင်းလင်းစွာဖော်ပြထားသည်။

၁၀။ ဧလိသည် သစ္စာရှိသောယဇ်ပုရောဟိတ်မင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ညံ့ဖျင်းသောမိဘ မည်သို့ဖြစ်သနည်း။

၁၀ ရှေးဣသရေလ ယဇ်ပုရောဟိတ်မင်းဧလိသည် ဖခင်တစ်ဦးဖြစ်သည်။ အနှစ် ၄၀ ကြာ အမှုတော်ထမ်းခဲ့သည်။ ဘုရားသခင့်ပညတ်တရားကို ကောင်းစွာကျွမ်းကျင်တတ်မြောက်မည်မှာ ယုံမှားဖွယ်မရှိ။ သူ၏ ပုံမှန်ယဇ်ပုရောဟိတ်တာဝန်ကို အတန်အသင့်သစ္စာရှိရှိ ထမ်းဆောင်ခဲ့ပုံရသည့်ပြင် သားဖြစ်သူ ဟောဖနိနှင့် ဖိနဟတ်တို့အားလည်း ဘုရားသခင့်တရားတော်ကို ကျေကျေညက်ညက် သင်ကြားပေးခဲ့ပေမည်။ သို့သော် ဧလိသည် သားတို့ကို အလွန်အလိုလိုက်သည်။ ဟောဖနိနှင့် ဖိနဟတ်တို့သည် ယဇ်ပုရောဟိတ်တာဝန် ထမ်းဆောင်သူများဖြစ်ကြသော်လည်း ‘အသုံးမကျသူများ’ ဖြစ်ကြသည်။ သူတို့၏ အာသာဆန္ဒနှင့် ကိုယ်ကျင့်တရားဖောက်ပြန်သော အာသီသများပြည့်ဝရေးအတွက်သာ စိတ်ဝင်စားကြသည်။ သို့ဖြစ်လင့်ကစား မြင့်မြတ်သောမြေပေါ်တွင် ရှက်ဖွယ်ကောင်းသောလုပ်ရပ်များကို သားဖြစ်သူတို့ပြုလုပ်ကြသော်လည်း ဧလိသည် သူတို့ကို ရာထူးမှဖယ်ရှားပစ်ရန် သတ္တိမရှိခဲ့ချေ။ ဝတ်ကျေတမ်းကျေသဘောလောက်သာ ပြစ်တင်ကြိမ်းမောင်းခဲ့သည်။ ဤသို့မသိကျိုးကျွန်ပြုခြင်းအားဖြင့် ဧလိသည် ဘုရားသခင်ထက် သားတို့ကိုဂုဏ်တင်ခဲ့သည်။ ရလဒ်အနေနှင့် သူ့သားတို့သည် ယေဟောဝါ၏ စင်ကြယ်သောကိုးကွယ်မှုကို ပုန်ကန်ကြသည့်ပြင် ဧလိ၏အိမ်ထောင်တစ်ခုလုံးလည်း ဘေးဆိုးကြုံရလေသည်။—၁ ဓမ္မရာဇဝင် ၂:၁၂-၁၇၊ ၂၂-၂၅၊ ၂၉; ၃:၁၃၊ ၁၄; ၄:၁၁-၂၂။

၁၁။ ဧလိ၏ မှားယွင်းသောစံနမူနာမှ မိဘများ အဘယ်သင်ခန်းစာယူနိုင်သနည်း။

၁၁ ၎င်းအဖြစ်အပျက်များ ဖြစ်ပျက်သည့်အချိန်၌ ဧလိ၏သားသမီးများသည် အရွယ်ရောက်သောလူကြီးများ ဖြစ်နေကြပြီဖြစ်သော်လည်း ဤသမိုင်းကြောင်းက မဆုံးမ မပဲ့ပြင်လျှင် ဖြစ်တတ်သည့်အန္တရာယ်ကို အလေးအနက်ဖော်ပြသည်။ (သု. ၂၉:၂၁ နှိုင်းယှဉ်။) အချို့မိဘများက သားသမီးတို့ ဘာလုပ်လုပ် မသိကျိုးကျွန်ပြုခြင်းကို သားသမီးတို့ကိုချစ်ခြင်းနှင့် ရောထွေးတတ်ကြသဖြင့် ရှင်းလင်း၍ ရှေ့နောက်ညီညွတ်ပြီး အကျိုးသင့်အကြောင်းသင့်ဖြစ်သော စည်းကမ်းချက်များချမှတ်၍ လိုက်နာစေခြင်းမပြုဘဲ နေတတ်ကြသည်။ သားသမီးများက ဘုရားတရားဆိုင်ရာမူများကို ဖောက်ဖျက်သည့်တိုင်အောင် မေတ္တာဖြင့်ဆုံးမပဲ့ပြင်ရန် ပျက်ကွက်တတ်ကြသည်။ ဤသို့ မသိကျိုးကျွန်ပြုခြင်းကြောင့် သူတို့၏သားသမီးများသည် မိဘတို့၏အခွင့်အာဏာ၊ သို့မဟုတ် အခြားမည်သည့်အခွင့်အာဏာကိုမျှ ဂရုမစိုက်သည့်အခြေသို့ ဆိုက်ရောက်သွားတတ်သည်။—ဒေ. ၈:၁၁ နှိုင်းယှဉ်။

၁၂။ အခွင့်အာဏာကျင့်သုံးရာ၌ ရောဗောင်သည် အဘယ်အမှားပြုမိသနည်း။

၁၂ ရောဗောင်မူကား အခွင့်အာဏာကျင့်သုံးရာ၌ အခြားတစ်ဖက်စွန်းသို့ရောက်ပြန်သည်။ သူသည် ဣသရေလပြည်ထောင်စုနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော်လည်း မင်းကောင်းမဟုတ်ခဲ့ချေ။ ရောဗောင်သည် ခမည်းတော် ရှောလမုန်တင်သည့် ဝန်ထုပ်ဝန်ပိုးကြောင့် မကျေမနပ်ဖြစ်နေကြသော ပြည်သူများကိုအုပ်ချုပ်ရန် ထီးနန်းဆက်ခံခဲ့သူဖြစ်သည်။ ရောဗောင်သည် နားလည်စာနာမှုပြခဲ့သလော။ မပြပါ။ ဖိနှိပ်ချုပ်ချယ်သည့် လုပ်ငန်းစဉ်အချို့ကိုဖယ်ရှားပေးရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က တောင်းဆိုလာသည့်အခါ သက်ကြီးအကြံပေးပုဂ္ဂိုလ်တို့၏ ရင့်ကျက်သောအကြံဉာဏ်ကို ပယ်ချသည့်အပြင် ပြည်သူတို့၏ထမ်းပိုးကို ပို၍လေးလံစေရန် အမိန့်ထုတ်လေ၏။ သူ၏မောက်မာမှုကြောင့် မြောက်ပိုင်းဆယ်နွယ်က ထောင်ထားခြားနားသဖြင့် နိုင်ငံတော်နှစ်ခြမ်းကွဲသွားလေသည်။—၃ ဓမ္မရာဇဝင် ၁၂:၁-၂၁; ၂ ရာဇဝင်ချုပ် ၁၀:၁၉။

၁၃။ ရောဗောင်၏အမှားမျိုးကို မိဘများ မည်သို့ရှောင်ရှားနိုင်သနည်း။

၁၃ မိဘတို့အနေဖြင့် ရောဗောင်အကြောင်း ကျမ်းစာမှတ်တမ်းမှ အရေးကြီးသောသင်ခန်းစာအချို့ သင်ယူနိုင်သည်။ သူတို့သည် ဆုတောင်း၍ ‘ယေဟောဝါကိုရှာ’ ရန်၊ မိမိတို့၏သားသမီး မွေးမြူသည့်နည်းနာများကို ကျမ်းစာအခြေခံမူ၏အလင်းတော်ဖြင့် ဆန်းစစ်ရန်လိုသည်။ (ဆာလံ ၁၀၅:၄) “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏” ဟုဒေ. ၇:၇ ကဆို၏။ ကောင်းစွာစဉ်းစားပြီးမှ ချမှတ်သည့်ကန့်သတ်ချက်များသည် ကြီးကောင်ဝင်တို့အား ဘေးအန္တရာယ်မှကာကွယ်ပေးပြီး ကြီးပြင်းရန်နေရာလည်းပေးသည်။ သို့သော် သားသမီးများသည် ကိုယ့်အားကိုယ်ကိုးတတ်မှုနှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှု အထိုက်အလျောက် ဖွံ့ဖြိုးရင့်သန်ခြင်းကို ပိတ်ဆို့ဟန့်တားသည့် တင်းကျပ်ကျဉ်းမြောင်းသော စရိုက်လက္ခဏာဝန်းကျင်မျိုးတွင် မရှိသင့်ပေ။ မိဘတို့အနေဖြင့် မျှတသောလွတ်လပ်မှုနှင့် ရှင်းလင်းပြတ်သားစွာသတ်မှတ်သည့် ခိုင်မြဲသောနယ်နိမိတ်နှစ်ရပ်စပ်ကြား ချိန်ခွင်လျှာညီအောင် ထိန်းထားမည်ဆိုလျှင် ဆယ်ကျော်သက်အများသည် ဆန့်ကျင်လိုသည့်သဘော ရှိလှတော့မည်မဟုတ်။

အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ဆန့်ကျင်မှုကို တားဆီးနိုင်သည်

၁၄၊ ၁၅။ သားသမီးတို့၏ ကြီးထွားဖွံ့ဖြိုးမှုကို မိဘတို့ မည်သို့သဘောထားသင့်သနည်း။

၁၄ မိဘတို့သည် မိမိတို့၏ကလေးများ ကလေးအရွယ်မှ လူကြီးအရွယ်သို့ ကာယရေးအရ ကြီးပြင်းလာသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ကြသော်လည်း မိမိတို့၏ကြီးကောင်ဝင်သားသမီးက မိမိတို့အပေါ် အမှီအခိုလျော့လာပြီး ကိုယ့်အားကိုယ်ကိုးလာသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်မိကြမည်။ ဤစပ်ကူးမပ်ကူးကာလအတွင်း ဆယ်ကျော်သက်သားသမီးက ရန်ဖန်ရံခါ တစ်ဇွတ်ထိုးနိုင်ပြီး ဆိုဆုံးမမရဖြစ်ခဲ့သော် အံ့သြခြင်းမရှိပါနှင့်။ ခရစ်ယာန်မိဘတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ တည်ငြိမ်ရင့်ကျက်၍ တာဝန်သိတတ်သောခရစ်ယာန်တစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရန်ဖြစ်ကြောင်း အစဉ်နှလုံးသွင်းထားပါ။—၁ ကောရိန္သု ၁၃:၁၁; ဧဖက် ၄:၁၃၊ ၁၄ နှိုင်းယှဉ်။

၁၅ မည်မျှပင်ခက်ခဲပါစေ၊ မိဘတို့ဖျောက်ဖျက်သင့်သော အကျင့်တစ်ခုမှာ ကြီးကောင်ဝင်သားသမီးက လွတ်လပ်မှု ပို၍တောင်းဆိုလာသည့်အခါတိုင်း ငြင်းပယ်တတ်သည့်အကျင့်ပင်ဖြစ်သည်။ ကလေးတစ်ယောက်သည် အကျိုးပြုသည့်နည်းဖြင့် လူတစ်လုံးသူတစ်လုံးအဖြစ် ကြီးပြင်းရန်လိုသည်။ အမှန်ဆိုရလျှင် အချို့ဆယ်ကျော်သက်တို့သည် ငယ်ငယ်ရွယ်ရွယ်နှင့် လူကြီးအတွေးအမြင် ရှိတတ်ကြသည်။ သာဓကအားဖြင့် ကျမ်းစာက ယောရှိမင်းသည် “အသက်တော်ငယ်စဉ် [၁၅ နှစ်ခန့်အရွယ်] . . . တွင် အဘဒါဝိဒ်၏ဘုရားသခင်ကို ဆည်းကပ်စပြု၏” ဟုဆို၏။ ထူးချွန်သောဤဆယ်ကျော်သက်သည် တာဝန်သိတတ်သောပုဂ္ဂိုလ်ဖြစ်သည်မှာ ထင်ရှားသည်။—၂ ရာဇဝင်ချုပ် ၃၄:၁-၃။

၁၆။ သားသမီးများအား တာဝန်တိုး၍ပေးလာသည်နှင့်အမျှ အဘယ်အရာကို သူတို့နားလည်သဘောပေါက်စေသင့်သနည်း။

၁၆ သို့ရာတွင် လွတ်လပ်မှုနှင့်အတူ ရှင်းလင်းချက်ပေးရမည့်တာဝန်လည်း လိုက်ပါလာသည်။ ထို့ကြောင့် ကြီးကောင်ဝင်စ သင့်သားသမီးအား သူ၏ဆုံးဖြတ်ချက်နှင့် အပြုအမူအချို့၏အကျိုးဆက်များကို ခံစားခွင့်ပြုပါ။ “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်” ဟူသောအခြေခံမူသည် ဆယ်ကျော်သက်များနှင့်သော်လည်းကောင်း၊ လူကြီးများနှင့်သော်လည်းကောင်း သက်ဆိုင်ပေသည်။ (ဂလာတိ ၆:၇) သားသမီးများကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ထားနိုင်မည်မဟုတ်။ သို့သော် သင့်ကလေးက သင်လုံးဝလက်မခံနိုင်သည့်အရာတစ်ခုခုကို ပြုလုပ်ချင်ပါက မည်သို့ပြုမည်နည်း။ တာဝန်ကျေပွန်သည့် ​မိဘတစ်ဦးအနေနှင့် “မလုပ်ရ” ဟုသင်ပြောရပေမည်။ သဘောမတူရခြင်းအတွက် အကျိုးအကြောင်းနှင့်ရှင်းပြမည်ဖြစ်သော်လည်း “မလုပ်ရ” ဟုပြောပြီးသားစကားကို မည်သည့်အကြောင်းကြောင့်မျှ “လုပ်နိုင်သည်” ဟူ၍ ပြောင်းလဲသွားခြင်းမရှိစေရပါ။ (မဿဲ ၅:၃၇ နှိုင်းယှဉ်။) သို့တစေ၊ “မလုပ်ရ” ဟူသောစကားကို စိတ်အေးဆေးတည်ငြိမ်စွာနှင့် အကျိုးသင့်အကြောင်းသင့်ပြောပါ။ အကြောင်းမှာ “ဖြည်းညင်းစွာပြန်ပြောခြင်းသည် ဒေါသကိုငြိမ်းစေတတ်” သောကြောင့်ဖြစ်သည်။—သု. ၁၅:၁၊ သမ္မာ။

၁၇။ ဆယ်ကျော်သက်သားသမီးများ၌ မိဘတို့ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်အချို့ကား အဘယ်နည်း။

၁၇ လူငယ်လူရွယ်တို့သည် ကန့်သတ်ချုပ်ချယ်မှုနှင့် စည်းကမ်းချက်များကိုလက်ခံရန် အမြဲတမ်းအသင့်မရှိသည့်တိုင်အောင် ရှေ့နောက်ညီညွတ်၍ တစ်သမတ်တည်းကျသော ဆုံးမပဲ့ပြင်ခြင်းမှထွက်ပေါ်သည့်လုံခြုံမှုကို သူတို့လိုအပ်၏။ အကယ်၍ မိဘတို့၏စိတ်နေစိတ်ထားကိုလိုက်၍ စည်းကမ်းချက်များ မကြာမကြာပြောင်းလဲနေပါက စိတ်ပျက်စရာကောင်းပေမည်။ ၎င်းပြင် ဆယ်ကျော်သက်များသည် မဝံ့မရဲဖြစ်ခြင်း၊ ရှက်ရွံ့ ခြင်း၊ သို့မဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းကို ကိုင်တွယ်ဖြေရှင်းရာ၌ လိုအပ်သည့်အားပေးကူညီမှု ရရှိကြမည်ဆိုလျှင် သူတို့လေးသည် ပို၍ရင့်ကျက်တည်ငြိမ်ရှိသူများအဖြစ် ကြီးပြင်းလာရန်အလားအလာများသည်။ ဆယ်ကျော်သက်များသည် သူတို့ရသင့်ရထိုက်သည့် ယုံကြည်အားထားမှုမျိုး ရရှိသည့်အခါ၌လည်း အလွန်တန်ဖိုးထားတတ်ကြသည်။—ဟေရှာယ ၃၅:၃၊ ၄; လုကာ ၁၆:၁၀; ၁၉:၁၇ နှိုင်းယှဉ်။

၁၈။ ဆယ်ကျော်သက်ကလေးများနှင့်ပတ်သက်သည့် အားတက်ဖွယ်အမှန်တရားအချို့ကား အဘယ်နည်း။

၁၈ အိမ်ထောင်အတွင်း၌ ငြိမ်သက်ခြင်း၊ တည်ငြိမ်ခြင်းနှင့် ချစ်ခြင်းတရားတို့ ကိန်းအောင်းတည်ရှိနေလျှင် သားသမီးများလည်း အများအားဖြင့် ရှင်သန်ဖွံ့ဖြိုးတတ်ကြောင်းသိရှိခြင်းဖြင့် မိဘတို့ ကျေနပ်နှစ်သိမ့်နိုင်ကြသည်။ (ဧဖက် ၄:၃၁၊ ၃၂; ယာကုပ် ၃:၁၇၊ ၁၈) စင်စစ်ဆိုလျှင် ကလေးသူငယ်အများအပြားသည် အရက်စွဲခြင်း၊ အကြမ်းဖက်ခြင်း၊ သို့မဟုတ် အခြားမကောင်းသောသြဇာများ လွှမ်းမိုးသည့်မိသားစုမှ ကြီးပြင်းလာသူများဖြစ်ကြသော်လည်း ယင်းမကောင်းသောအိမ်ထောင်ဝန်းကျင်ကို အောင်နိုင်ကျော်လွှားပြီး လူကြီးလူကောင်းအဖြစ် ကြီးပြင်းလာခဲ့ကြသည်။ ထို့ကြောင့် သင့်ဆယ်ကျော်သက်သားသမီးများ၏စိတ်ထဲတွင် လုံခြုံနွေးထွေးမှုရှိပြီး မေတ္တာ၊ ချစ်ခင်ယုယမှုနှင့် ဂရုစိုက်မှုခံရမည်ဟူသောအသိ ကိန်းအောင်းလာအောင် အိမ်ထောင်ကိုဖန်တီးထားမည်ဆိုလျှင် ကျမ်းစာအခြေခံမူများနှင့်အညီ အကျိုးသင့်အကြောင်းသင့် ကန့်သတ်ချုပ်ချယ်ပြီး ဆုံးမပဲ့ပြင်ခြင်းပြုသည့်တိုင်အောင် သားသမီးတို့သည် သင်ဂုဏ်ယူစရာလူကြီးများအဖြစ် ကြီးပြင်းလာရန်အခွင့်အလမ်း အလွန်များပေမည်။—သု. ၂၇:၁၁ နှိုင်းယှဉ်။

သားသမီးများ အခက်အခဲကြုံရသော်

၁၉။ သူငယ်သွားရာလမ်းဝ၌ မိဘတို့ဆုံးမသွန်သင်ပေးရမည်ဖြစ်သော်လည်း ကလေး၌လည်း အဘယ်တာဝန်ရှိသနည်း။

၁၉ မိဘတို့ ကောင်းစွာကြပ်မတ်ပေးမှုသည် အရေးပါလှ၏။ နယပုံပြင်ကျမ်း ၂၂:၆ ၌ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွဲ၊ လိုက်သွားလိမ့်မည်” ဟုဆို၏။ သို့သော် မိဘတို့ဘက်မှ ကောင်းစွာတာဝန်ကျေပွန်ပါလျက်နှင့် သားသမီးများ၌ ကြီးလေးသည့်ပြဿနာရှိနေပါက မည်သို့ဆိုမည်နည်း။ ဤသို့သောအခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါသလော။ ဖြစ်နိုင်ပါသည်။ နယပုံပြင်ကျမ်းမှဤစကားများကို ကောင်းစွာနားလည်နိုင်ရန် ဆက်နွှယ်မှုရှိသည့်အခြားကျမ်းချက်များကိုပါ ထည့်သွင်းစဉ်းစားရမည်။ ၎င်းကျမ်းချက်များက သားသမီးတို့ဘက်မှ မိဘစကားကို “နားထောင်” ရန်၊ မိဘကိုနာခံရန်တာဝန်ရှိကြောင်း အလေးအနက်ဖော်ပြသည်။ (သု. ၁:၈) မိသားစုစည်းလုံးညီညွတ်ခြင်းရှိလိုပါက ကျမ်းစာအခြေခံမူကို လက်တွေ့ကျင့်သုံးရာ၌ မိဘနှင့်သားသမီးနှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်ရပေမည်။ မိဘနှင့်သားသမီး လက်တွဲဆောင်ရွက်ခြင်းမရှိပါက ပြဿနာဖြစ်ပေါ်လာနိုင်သည်။

၂၀။ ဆင်ခြင်စဉ်းစားခြင်းမရှိ၍ အမှားပြုမိသည့် သားသမီးတစ်ဦးကို မိဘတို့ အမြော်အမြင်ရှိရှိ မည်သို့ကိုင်တွယ်သင့်သနည်း။

၂၀ ဆယ်ကျော်သက်သားသမီးက အမှားလုပ်မိ၍ ဒုက္ခရောက်သည့်အခါ မိဘတို့မည်သို့တုံ့ပြန်သင့်သနည်း။ ထိုသို့သောအချိန်မျိုး၌ သားငယ်သမီးငယ်သည် ဖေးမကူညီမှုအထူးလိုအပ်သည်။ မိဘတို့အနေဖြင့် မိမိတို့သည် အတွေ့အကြုံနုနယ်သည့်လူငယ်တစ်ဦးနှင့် ဆက်ဆံနေရကြောင်းသတိရမည်ဆိုလျှင် လက်လွန်ခြေလွန်ဖြစ်တတ်သည့်သဘောကို လွယ်ကူစွာတွန်းလှန်နိုင်မည်ဖြစ်သည်။ “လူသည် သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် . . . သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့” ဟူ၍ အသင်းတော်ရှိ ပါရမီရင့်ကျက်သူတို့ကို ပေါလုကအကြံပေးခဲ့သည်။ (ဂလာတိ ၆:၁) ဆင်ခြင်စဉ်းစားခြင်းမရှိ၍ အမှားပြုမိသည့် သားငယ်သမီးငယ်တစ်ဦးကို ကိုင်တွယ်သည့်အခါ၌ မိဘတို့အနေဖြင့် ဤနည်းအတိုင်းလိုက်နာနိုင်သည်။ သူ၏အပြုအမူ အဘယ်ကြောင့်မှားကြောင်း၊ နောက်ထပ်မမှားရအောင် မည်သို့ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ရှင်းလင်းစွာရှင်းပြသည့်အခါ၌ မကောင်းသည့်အရာမှာ သားသမီးတို့မဟုတ်ဘဲ သူတို့၏မကောင်းသောအပြုအမူသာဖြစ်ကြောင်း သဘောပေါက်အောင်ရှင်းပြသင့်သည်။—ယုဒ ၂၂၊ ၂၃ နှိုင်းယှဉ်။

၂၁။ သားသမီးများက ကြီးလေးသည့်အပြစ်ကျူးလွန်မိပါက မိဘတို့အနေဖြင့် ခရစ်ယာန်အသင်းတော်၏ စံနမူနာကိုလိုက်၍ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။

၂၁ သားသမီးကျူးလွန်မိသည့်ပြစ်မှုသည် အလွန်တရာကြီးလေးသည်ရှိသော် မည်သို့ပြုမည်နည်း။ သို့ဖြစ်ပါက သင့်သားသမီးသည် အထူးတလည်ဖေးမကူညီမှုနှင့် ကျွမ်းကျင်သောလမ်းညွှန်မှုလိုအပ်သည်။ အသင်းသားတစ်ဦး ကြီးလေးသောအပြစ်ပြုမိသည့်အခါ နောင်တရရန်နှင့် အကြီးအကဲများထံမှ အကူအညီရယူရန် အားပေးခံရသည်။ (ယာကုပ် ၅:၁၄-၁၆) ထိုသူနောင်တရသည်နှင့် အကြီးအကဲများသည်​ဝိညာဉ်ရေးနာလန်ပြန်ထူလာရန် သူနှင့်အတူ လက်တွဲလုပ်ဆောင်ကြသည်။ မိသားစုတွင် မိဘဖြစ်သူတို့သည် အကြီးအကဲများနှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်သော်လည်း ပြစ်မှားသော ဆယ်ကျော်သက်သားသမီးအား ကူညီရမည့်တာဝန်မှာ မိဘတို့၏တာဝန်သာဖြစ်သည်။ သားသမီးကျူးလွန်မိသည့် ကြီးလေးသောမည်သည့်အပြစ်ကိုမျှ အကြီးအကဲအဖွဲ့အား အသိမပေးဘဲဖုံးကွယ်ရန် မကြိုးစားသင့်ပေ။

၂၂။ သားသမီးက ကြီးလေးသည့်အမှားတစ်ခုကျူးလွန်မိပါက မိဘတို့အနေဖြင့် ယေဟောဝါကိုတုပ၍ အဘယ်စိတ်သဘောထားကို တင်ပြသင့်သနည်း။

၂၂ သားသမီးများ ကြီးလေးသည့်ပြဿနာဖြစ်လာပါက မိဘတို့အဖို့ အလွန်တရာစိတ်ပင်ပန်းဆင်းရဲစရာဖြစ်မည်။ မိဘတို့သည် စိတ်နောက်ကျိသဖြင့် ထိန်းမနိုင်သိမ်းမရသောကလေးကို ဒေါသဖြင့်ဆူပူကြိမ်းမောင်းချင်စိတ်ရှိပေမည်။ သို့သော် ဤသို့ပြုပါက ကလေးကို စိတ်နာကြည်းစေရုံသာရှိမည်။ ကလေး၏နောင်ရေးသည် ခဲယဉ်းသောဤကာလပိုင်းအတွင်း ဆက်ဆံခံရပုံအပေါ်မူတည်ကြောင်းကို မမေ့ပါနှင့်။ ယေဟောဝါသည် မိမိ၏လူမျိုးတော် လမ်းမှန်မှသွေဖည်သည့်အခါ၌ နောင်တသာရမည်ဆိုလျှင် အပြစ်လွှတ်ရန်အသင့်ရှိသည်ကိုလည်း သတိရပါ။ ကိုယ်တော်၏ မေတ္တာပြည့်ဝသည့်စကားကို နားထောင်ကြည့်ပါ– “ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှနီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။” (ဟေရှာယ ၁:၁၈) မိဘတို့အဖို့ ကောင်းမြတ်လှသည့်စံနမူနာပါတကား။

၂၃။ သားသမီးတစ်ယောက်ယောက်က ကြီးလေးသည့်အပြစ်ပြုမိသည့်အခါ မိဘတို့ မည်သို့ပြုမူသင့်သနည်း။ မည်သို့မပြုမိအောင် ရှောင်သင့်သနည်း။

၂၃ ထို့ကြောင့် ထိန်းမနိုင်သိမ်းမရသောကလေးအား သူ၏လမ်းစဉ်ပြောင်းလဲရန် ကြိုးစား၍အားပေးကူညီပါ။ အတွေ့အကြုံရှိသောမိဘများနှင့် အသင်းတော်အကြီးအကဲများထံမှ အကြံဉာဏ်ကောင်းများတောင်းခံပါ။ (သု. ၁၁:၁၄) သင့်သားသမီး သင့်ရင်ခွင်ထဲသို့ ပြန်လှည့်ဝင်လာရန် ခက်ခဲစေမည့်အရာများကို စိတ်လိုက်မာန်ပါ ပြုမူပြောဆိုမိခြင်းမရှိရအောင် စိတ်ကိုကြိုးစားထိန်းပါ။ ဒေါသအိုးပေါက်ကွဲခြင်း၊ နာနာကြည်းကြည်း ပြောဆိုခြင်းတို့ကိုရှောင်ပါ။ (ကောလောသဲ ၃:၈) အလျင်စလို လက်မလျှော့လိုက်ပါနှင့်။ (၁ ကောရိန္သု ၁၃:၄၊ ၇) မကောင်းမှုကိုရွံမုန်းရာ၌ သင့်ကလေးအပေါ် ခက်ထန်ခြင်းမရှိအောင်ရှောင်ကြဉ်ပါ။ အရေးအကြီးဆုံးမှာ စံနမူနာကောင်းပြရန်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းခိုင်ခံ့နေရန် ကြိုးပမ်းအားထုတ်သင့်သည်။

ခေါင်းမာသောဆန့်ကျင်သူကို ကိုင်တွယ်ခြင်း

၂၄။ ခရစ်ယာန်မိသားစုအတွင်း တစ်ခါတစ်ရံ အဘယ်ဝမ်းနည်းဖွယ် အခြေအနေမျိုး ဖြစ်ပေါ်တတ်သနည်း။ မိဘတို့ မည်သို့ကိုင်တွယ်သင့်သနည်း။

၂၄ တစ်ခါတစ်ရံ လူငယ်တစ်ဦးသည် ဆန့်ကျင်ရန်၊ ခရစ်ယာန်တန်ဖိုးများကို လုံးလုံးလျားလျားပစ်ပယ်ရန် တိကျပြတ်သားစွာဆုံးဖြတ်ထားသည်ကို တွေ့ရတတ်သည်။ ဤသို့ဖြစ်လျှင် မိဘတို့အနေဖြင့် ကျန်မိသားစုဝင်များအပေါ်အာရုံပြောင်း၍ မိသားစုဘဝကိုထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းသင့်သည်။ ကျန်သားသမီးများကို လျစ်လျူရှုမိသည့်အထိ ပုန်ကန်သူသားသမီးအပေါ် သင်၏အစွမ်းခွန်အားရှိရှိသမျှကို ပုံအပ်ခြင်းမရှိစေရန် သတိပြုပါ။ ပြဿနာကို ကျန်မိသားစုဝင်များမသိအောင် ကြိုးစားဖုံးဖိမည့်အစား သူတို့စိတ်သက်သာစေရန် သင့်တော်သည့်အတိုင်းအတာတစ်ခုအထိ သူတို့နှင့် ၎င်းအကြောင်းကို ဆွေးနွေးပြောဆိုသင့်သည်။—သု. ၂၀:၁၈ နှိုင်းယှဉ်။

၂၅။ (က) သားသမီးတစ်ယောက်သည် သန္နိဋ္ဌာန်ခိုင်မာသည့်ဆန့်ကျင်သူဖြစ်လာပါက မိဘတို့အနေဖြင့် ခရစ်ယာန်အသင်းတော်၏စံနမူနာကိုလိုက်လျက် မည်သို့ဆက်လက်အရေးယူရမည်နည်း။ (ခ) သားသမီးတစ်ယောက် ဆန့်ကျင်ခဲ့သည်ရှိသော် အဘယ်အကြောင်းကို မိဘတို့နှလုံးသွင်းသင့်သနည်း။

၂၅ တမန်တော်ယောဟန်က အသင်းတော်ထဲမှ ပဲ့ပြင်၍မရသောဆန့်ကျင်သူတစ်ဦးအကြောင်း ဤသို့ဆို၏– “သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။” (၂ ယောဟန် ၁၀) မိဘတို့အနေဖြင့် မိမိတို့၏ကလေးသည် ဥပဒေပြဋ္ဌာန်းချက်အရ အရွယ်ရောက်သူဖြစ်သည့်အပြင် လုံးလုံးလျားလျား ကလန်ကဆန်လုပ်သူလည်းဖြစ်လျှင် အလားတူအရေးယူရန်လိုအပ်သည်ဟု ယူဆကောင်းယူဆမည်။ ဤကဲ့သို့အရေးယူခြင်းသည် အလွန်ခက်ခဲပြီး စိတ်ထိခိုက်နာကြည်းစရာ ဖြစ်သော်ငြားလည်း ကျန်မိသားစုဝင်များကို ကာကွယ်သည့်အနေနှင့် ရံဖန်ရံခါ ဤသို့ပြုရန်လိုအပ်သည်။ သင့်အိမ်ထောင်သည် သင်၏ကာကွယ်မှုနှင့် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲမှုလိုအပ်၏။ ထို့ကြောင့် ရှင်းလင်းပြတ်သား၍ အကျိုးသင့်အကြောင်းသင့်ဖြစ်သော အပြုအမူဆိုင်ရာနယ်နိမိတ်များကို ဆက်၍ထိန်းသိမ်းထားပါ။ အခြားသားသမီးများနှင့် ဆက်သွယ်ပြောဆိုပါ။ ကျောင်းနှင့်အသင်းတော်တွင် သူတို့မည်သို့ပြုမူကြသည်ကို စိတ်ဝင်စားပါ။ ၎င်းပြင် ဆန့်ကျင်သူသားသမီး၏ အပြုအမူများကို သင်မနှစ်သက်သော်လည်း သူ့ကိုမမုန်းကြောင်း သူတို့အားသိစေပါ။ မကောင်းသောအပြုအမူကို ပြစ်တင်ရှုတ်ချပါ။ ကလေးကိုပြစ်တင်ရှုတ်ချခြင်း မပြုပါနှင့်။ ယာကုပ်၏သားနှစ်ယောက်၏ ရက်စက်သည့်အပြုအမူကြောင့် မိသားစုတစ်ခုလုံး ဝိုင်းပယ်ခံရသည့်အခါ ယာကုပ်က ထိုသားနှစ်ယောက်ကိုယ်နှိုက်ကို ကျိန်ဆိုခြင်းမပြုဘဲ သူတို့၏ပြင်းထန်သောဒေါသကိုသာ ကျိန်ဆိုခဲ့သည်။—ကမ္ဘာဦး ၃၄:၁-၃၁; ၄၉:၅-၇။

၂၆။ သားသမီးတစ်ယောက် ပုန်ကန်ခဲ့သည်ရှိသော် အသိစိတ်ဖြင့်တာဝန်ကျေပွန်သောမိဘတို့အနေဖြင့် အဘယ်အရာမှ နှစ်သိမ့်အားပေးမှုရယူနိုင်သနည်း။

၂၆ သင့်မိသားစုအတွင်း ဖြစ်ပျက်သမျှအတွက် သင်၌တာဝန်ရှိသည်ဟု သင်ယူမှတ်ပေမည်။ သို့သော် သင့်အနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်ခဲ့သည့်အပြင် ယေဟောဝါ၏အကြံပေးချက်အတိုင်းလည်း အတတ်နိုင်ဆုံး လိုက်နာခဲ့သည်ရှိသော် မိမိကိုယ်ကိုမလျော်မကန် အပြစ်တင်နေစရာမလိုပါ။ ခြောက်ပြစ်ကင်းသဲလဲစင်သော မိဘဟူ၍မရှိသော်လည်း သင့်အနေဖြင့် မိဘကောင်းတစ်ဦးဖြစ်ဖို့ အသိရှိရှိတာဝန်သိသိ ကြိုးစားခဲ့သည်ဟူသောအသိစိတ်ဖြင့် အားယူပါလေ။ (တမန်တော် ၂၀:၂၆ နှိုင်းယှဉ်။) မိသားစုထဲတွင် အလွန်ဆိုးသောဆန့်ကျင်သူတစ်ယောက် ရှိနေခြင်းသည် ရင်ကွဲပက်လက်ဖြစ်စရာကောင်းသော်လည်း ဤသို့သောအဖြစ်မျိုးကြုံလာပါက သင့်အခြေအနေကို ဘုရားသခင်ကောင်းစွာနားလည်သည့်အပြင်သစ္စာရှိသောအမှုတော်ထမ်းများကို မည်သည့်အခါမျှ စွန့်ပစ်တော်မူမည်မဟုတ်ကြောင်း စိတ်ချယုံကြည်ပါ။ (ဆာလံ ၂၇:၁၀) ထို့ကြောင့် ကျန်ရှိသောသားသမီးများအဖို့ သင့်အိမ်ထောင်ကို ဘေးကင်းလုံခြုံသည့် ဝိညာဉ်ရေးခိုနားရာအဖြစ် ဆက်လက်တည်ရှိနေစေရန် သန္နိဋ္ဌာန်ချပါလေ။

၂၇။ ဆန့်ကျင်သည့်သားသမီးရှိသည့် မိဘတို့အနေဖြင့် ဖြုန်းတီးသောသား ပုံဥပမာကိုအောက်မေ့လျက် အဘယ်အရာကို အစဉ်အမြဲမျှော်လင့်နိုင်သနည်း။

၂၇ ၎င်းပြင် မျှော်လင့်ချက်ကို ဘယ်သောအခါမျှမစွန့်ပါနှင့်။ ယခင်က သားသမီးများကို ကောင်းစွာလေ့ကျင့်ထားခြင်းက နောက်ဆုံးတစ်နေ့တွင် လမ်းမှားရောက်နေသောသားသမီး၏နှလုံးအပေါ် အကျိုးသက်ရောက်ပြီး အသိတရားပြန်ဝင်လာစေဖွယ်ရှိသည်။ (ဒေ. ၁၁:၆) ခရစ်ယာန်မိသားစုအတော်များများလည်း သင့်တွေ့ကြုံမှုမျိုးတွေ့ကြုံခဲ့ကြပြီး အချို့မိသားစုသည် ယေရှု၏ဖြုန်းတီးသောသားပုံဥပမာမှဖခင် တွေ့ကြုံရသကဲ့သို့ သူတို့၏ ထိန်းမနိုင်သိမ်းမရသောသားသမီးများ ပြန်လှည့်လာကြသည်ကို မြင်တွေ့ကြရသည်။ (လုကာ ၁၅:၁၁-၃၂) အလားတူအဖြစ်မျိုး သင်လည်းတွေ့ကြုံနိုင်ပေသည်။

အိမ်ထောင်အတွင်း ကြီးလေးသည့်ပုန်ကန်မှုမဖြစ်ပေါ်ရအောင် မိဘတစ်ဦးအား. . . ဤကျမ်းစာမူများက မည်သို့ထောက်ကူနိုင်သနည်း

ဖေးမကူညီမှုမရရှိလျှင် ကလေးတစ်ယောက်သည်လောကစိတ်ဝိညာဉ်ကြောင့် ကိုယ်ကျင့်တရားပျက်စီးနိုင်သည်။—သု. ၁၃:၂၀; ဧဖက် ၂:၁၊ ၂။

မိဘတို့သည် ချုပ်ချယ်ကန့်သတ်မှုနှင့် မသိကျိုးကျွန်ပြုမှုနှစ်ရပ်ကြားတွင် အလယ်အလတ်လမ်းလိုက်ရမည်။—ဒေ. ၇:၇; ၈:၁၁။

အပြုအမူမှားကို တည့်မတ်ပေးရမည်၊ သို့သော်နူးညံ့သိမ်မွေ့သည့်သဘောနှင့်ပြုရမည်။—ဂလာတိ ၆:၁။

ကြီးလေးသည့်အပြစ်ကျူးလွန်မိသူတို့သည် နောင်တရ၍ကူညီမှုကိုလက်ခံမည်ဆိုလျှင် “ရောဂါကင်းပျောက်” နိုင်သည်။—ယာကုပ် ၅:၁၄-၁၆၊ သမ။

အတွင်းရေးကိစ္စများကို ပြောပြပါ

လူပျိုပေါက်အပျိုပေါက်များသည် တိုးလာသည့်လွတ်လပ်မှုနှင့်ဆက်နွှယ်သည့် သံသယနှင့်စိုးရိမ်သောကများကို တွေ့ ကြုံကြရမည်ဖြစ်သည်။ ​လူ့လောကအတွင်း မည်သို့ ကျင့်ကြံပြုမူရေးနှင့်ပတ်သက်၍ မိမိတို့၏အရည်အသွေးကို သိပ်စိတ်မချဘဲ ဖြစ်နေပေမည်။ ချောကျိသောလမ်းပေါ်လျှောက်ရသည်နှင့်တူသည်။ လူငယ်တို့ သင်တို့တွေ့ ကြုံနေရသည့် စိုးရိမ်ပူပန်မှုများကို မိဘတို့အား ဖွင့်ပြောပါ။ (သု. ၂၃:၂၂) မိဘတို့က သင့်အပေါ် ချုပ်ချယ်လွန်းသည်ဟုထင်လျှင် လွတ်လပ်မှု ပိုမိုရလိုကြောင်း မိဘတို့ကိုဖွင့်ပြောပါ။ သင်ကိုယ်တိုင် စိတ်အေးလက်အေးရှိသည့်အချိန်၊ မိဘတို့လည်း အလုပ်မရှုပ်သည့်အချိန်တွင် ပြောဆိုရန်စီစဉ်ပါ။ (သု. ၁၅:၂၃) တစ်ဖက်သား၏ရင်ဖွင့်သံကို အမှန်တကယ်နားထောင်ရန် အချိန်ပေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ