ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၁၇ စာ. ၁၁၄-၁၂၀
  • ဘုရားသခင့် ဆုတောင်းရာ အိမ်တော်သို့ တစ်ပါးအမျိုးသားတို့ကို စုဝေးခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် ဆုတောင်းရာ အိမ်တော်သို့ တစ်ပါးအမျိုးသားတို့ကို စုဝေးခဲ့
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကယ်တင်ခြင်းအတွက် လိုအပ်ရာ
  • တစ်ပါးအမျိုးသားနှင့် မိန်းမစိုးအတွက် နှစ်သိမ့်မှု
  • မိန်းမစိုးများသည် မပျောက်ပျက်နိုင်သော ထာဝရ နာမကို လက်ခံရရှိကြ
  • တစ်ပါးအမျိုးသားများသည် ဘုရားသခင့်လူမျိုးနှင့်အတူ ဝတ်ပြုကိုးကွယ်ကြ
  • မျက်စိကန်းသော ကင်းစောင့်များ၊ အ၍ မဟောင်နိုင်သော ခွေးများ
  • မျက်မှောက်ခေတ် ကင်းစောင့်များ
  • အခြားသိုးနှင့် ပဋိညာဉ်သစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေဘုရားသခင်သင့်အားကြိုဆို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဥပုသ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • “ခေတ္တတည်းခိုသူများ” စစ်မှန်တဲ့ဝတ်ပြုရေးမှာ တစည်းတလုံးရှိကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၁၇ စာ. ၁၁၄-၁၂၀

အခန်း ဆယ့်ခုနစ်

ဘုရားသခင့် ဆုတောင်းရာ အိမ်တော်သို့ တစ်ပါးအမျိုးသားတို့ကို စုဝေးခဲ့

ဟေရှာယ ၅၆:၁–၁၂

၁၊ ၂။ ၁၉၃၅ ခုနှစ်တွင် အဘယ် စိတ်လှုပ်ရှားဖွယ် ကြေညာချက်ကို ကြေညာခဲ့သနည်း၊ ယင်းသည် အဘယ်အရာ၏ အပိုင်းတစ်ပိုင်း ဖြစ်သနည်း။

၁၉၃၅၊ မေလ ၃၁ ရက်၊ သောကြာနေ့တွင် ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်သည် ဝါရှင်တန်၊ ဒီ.စီ. တွင် ကျင်းပသော စည်းဝေးကြီး တက်ရောက်သူ လူအုပ်စုကြီးကို ဟောပြောချက် ပေးခဲ့သည်။ ရူပါရုံတွင် တမန်တော် ယောဟန် မြင်တွေ့ခဲ့ရသော “လူအုပ်ကြီး” သို့မဟုတ် “အုပ်စုကြီး” သည် မည်သူမည်ဝါ ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ညီအစ်ကို ရပ်သဖော့ဒ်၏ ဟောပြောချက် အထွတ်အထိပ်သို့ ရောက်ချိန်တွင် “မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူအားလုံး ကျေးဇူးပြု၍ မတ်တတ်ရပ်ပေးနိုင်ပါမည်လော” ဟု မေးခဲ့သည်။ တက်ရောက်သူထဲမှ တစ်ဦး၏ အဆိုအရ “ပရိသတ် တစ်ဝက်ကျော် မတ်တတ်ရပ်ခဲ့ကြတယ်။” ထို့နောက် ဟောပြောသူက “ကြည့်လိုက်ပါ! အုပ်စုကြီး!” ဟု ကြေညာခဲ့သည်။ “ပထမတော့ အားလုံး တိတ်ဆိတ်နေတယ်၊ ပြီးတဲ့နောက် ဝမ်းသာအားရစွာ ကြွေးကြော်ကြပြီး အသံကျယ်ကျယ်နဲ့ အကြာကြီး ကြွေးကြော်သြဘာပေးခဲ့ကြတယ်” ဟု တက်ရောက်သူ နောက်တစ်ဦးက ပြန်ပြောပြသည်။—ဗျာဒိတ် ၇:၉၊ ဂျိမ်းစ်ဘုရင် ဘာသာပြန်ကျမ်း။

၂ ယင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂,၇၀၀ ခန့်က ရေးသားခဲ့ပြီး ကျွန်ုပ်တို့၏ ကျမ်းစာတွင် ဟေရှာယ အခန်းကြီး ၅၆ ၌ ပါရှိသော ဆက်လက် ပြည့်စုံနေသည့် ပရောဖက်ပြုချက်ထဲမှ ထူးခြားထင်ရှားသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဟေရှာယကျမ်းတွင် ပါသော အခြားပရောဖက်ပြုချက်များကဲ့သို့ ဤပရောဖက်ပြုချက်တွင် နှစ်သိမ့်မှု ပေးသော ကတိတော်များနှင့် ပြင်းထန်သော သတိပေးချက်များ ပါရှိသည်။ ဦးဆုံး ပြည့်စုံချက်တွင် ဟေရှာယလက်ထက်က ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးတော်နှင့် တိုက်ရိုက်သက်ဆိုင်ခဲ့သည်၊ သို့သော် ၎င်းပြည့်စုံချက်သည် ကျွန်ုပ်တို့ခေတ်အထိ ရာစုနှစ်များစွာ အဓွန့်ရှည်ကြာသည်။

ကယ်တင်ခြင်းအတွက် လိုအပ်ရာ

၃။ ဂျူးလူမျိုးများသည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ရလိုလျှင် အဘယ်အရာ ပြုလုပ်ရမည်နည်း။

၃ ဟေရှာယ အခန်းကြီး ၅၆ ကို ဂျူးလူမျိုးများအား ဆုံးမသည့် စကားဖြင့် အစပြုထားသည်။ သို့ရာတွင် စစ်မှန်သော ဝတ်ပြုသူအားလုံးသည် ပရောဖက်၏ ရေးသားထားချက်များကို ဂရုပြုသင့်သည်။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ ကယ်တင်ခြင်းကျေးဇူး ရောက်ချိန်နှင့်၊ ငါ၏ ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန် ရောက်လုနီးပြီ။ ထိုသို့ ပြုသောသူ၊ အမြဲ စွဲလမ်းသော လူသားသည် ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကို မပြုမည်အကြောင်း မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။’” (ဟေရှာယ ၅၆:၁၊ ၂) ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ရလိုသော ယုဒပြည်သူပြည်သားများသည် မောရှေပညတ်ကို နာခံရမည်၊ တရားမျှတခြင်းကို လိုက်စားပြီး ဖြောင့်မတ်သော အသက်တာဖြင့် ကျင့်ကြံနေထိုင်ရမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါ ကိုယ်တော်တိုင်သည် ဖြောင့်မတ်သောကြောင့် ဖြစ်သည်။ ဖြောင့်မတ်ခြင်းကို လိုက်စားသူများသည် ယေဟောဝါ၏ မျက်နှာသာ ရခြင်းမှ ပျော်ရွှင်မှုကို ခံစားကြရသည်။—ဆာလံ ၁၄၄:၁၅ခ။

၄။ ဣသရေလလူမျိုးအတွက် ဥပုသ်စောင့်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၄ ဥပုသ်သည် မောရှေပညတ်တွင် အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်သောကြောင့် ပရောဖက်ပြုချက်တွင် ဥပုသ်စောင့်ခြင်းအကြောင်းကို အလေးပေးဖော်ပြထားသည်။ နောက်ဆုံးတွင် ယုဒပြည်သူပြည်သားများ ပြည်နှင်ခံရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ သူတို့သည် ဥပုသ်နေ့ကို လျစ်လျူရှုကြသောကြောင့် ဖြစ်သည်။ (ဝတ်ပြုရာ ၂၆:၃၄၊ ၃၅; ၂ ရာဇဝင်ချုပ် ၃၆:၂၀၊ ၂၁) ဥပုသ်သည် ယေဟောဝါနှင့် ဂျူးလူမျိုး၏ အထူး ဆက်ဆံရေး အမှတ်လက္ခဏာတစ်ရပ် ဖြစ်ပြီး ဥပုသ်စောင့်သူများသည် ထိုဆက်ဆံရေးကို တန်ဖိုးထားကြောင်း တင်ပြသည်။ (ထွက်မြောက်ရာ ၃၁:၁၃) ထို့ပြင် ဥပုသ်စောင့်ခြင်းက ယေဟောဝါသည် ဖန်ဆင်းရှင် ဖြစ်ကြောင်း ဟေရှာယ၏ တစ်ခေတ်တည်းသားများကို သတိရစေမည်။ ထိုသို့ ဥပုသ်စောင့်ခြင်းက သူတို့အပေါ် ထားသော ကိုယ်တော်၏ ကရုဏာတော်ကိုလည်း ပြန်လည်အမှတ်ရစေမည်။ (ထွက်မြောက်ရာ ၂၀:၈-၁၁; တရားဟောရာ ၅:၁၂-၁၅) နောက်ဆုံးတွင် ဥပုသ်စောင့်ခြင်းသည် ယေဟောဝါ၏ ဝတ်ပြုရေးအတွက် ပုံမှန်နှင့် စနစ်တကျ ဖွဲ့စည်းထားသော အစီအစဉ်တစ်ခုကို ဖြစ်လာစေမည်။ ပုံမှန် အလုပ်လုပ်နေရာမှ တစ်ပတ်လျှင် တစ်ရက် နားခြင်းသည် ယုဒပြည်သူပြည်သားများ ဆုတောင်းရန်၊ လေ့လာရန်နှင့် စဉ်းစားဆင်ခြင်ရန် အခွင့်အရေး ရရှိစေမည်။

၅။ ခရစ်ယာန်များသည် ဥပုသ်စောင့်ရန် ညွှန်ကြားချက်ကို မူအရ မည်သို့ ကျင့်သုံးနိုင်သနည်း။

၅ သို့သော်၊ ခရစ်ယာန်များနှင့်ပတ်သက်၍ကော အသို့နည်း။ ဥပုသ်စောင့်ရန် အားပေးချက်သည် သူတို့နှင့် သက်ဆိုင်ပါသလော။ ခရစ်ယာန်များသည် ပညတ်တရားအောက် မရှိသည့်အပြင် ဥပုသ်စောင့်ရန် တောင်းဆိုမခံရသောကြောင့် တိုက်ရိုက် မသက်ဆိုင်ပါ။ (ကောလောသဲ ၂:၁၆၊ ၁၇) သို့သော် တမန်တော် ပေါလုက သစ္စာရှိ ခရစ်ယာန်များအတွက် “ငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုး [“အနားယူရာ ဥပုသ်တစ်မျိုး၊” ကဘ]” ရှိသည်ဟု ရှင်းပြခဲ့သည်။ ထို “အနားယူရာ ဥပုသ်” သည် ကယ်တင်ခြင်းအတွက် ယေရှု၏ ရွေးနုတ်ဖိုး ပူဇော်သကာကို ယုံကြည်ကာ အလုပ်တစ်ခုတည်းအပေါ် မှီခိုအားထားခြင်းကို အဆုံးတိုင်စေခြင်း ပါဝင်သည်။ (ဟေဗြဲ ၄:၆-၁၀) ထို့ကြောင့် ဥပုသ်နှင့်ပတ်သက်သော ဟေရှာယ၏ ပရောဖက်ပြုချက်စကားများက ယနေ့ ယေဟောဝါ၏ ကျေးကျွန်များသည် ကယ်တင်ခြင်းအတွက် ဘုရားသခင့် အစီအစဉ်ကို ယုံကြည်ရန် အရေးတကြီး လိုအပ်ကြောင်း သတိပေးသည်။ ထို့ပြင် ယေဟောဝါနှင့် ရင်းနှီးသော ဆက်ဆံရေးကို ပြုစုပျိုးထောင်ရန်၊ ပုံမှန်နှင့် တစ်သမတ်တည်း ဖြစ်သော ဝတ်ပြုကိုးကွယ်ရာ လမ်းစဉ်ကို လိုက်လျှောက်ရန် လိုကြောင်း သတိပေးချက်မွန် ဖြစ်သည်။

တစ်ပါးအမျိုးသားနှင့် မိန်းမစိုးအတွက် နှစ်သိမ့်မှု

၆။ ယခု အဘယ် အုပ်စုနှစ်စုအကြောင်း ဖော်ပြထားသနည်း။

၆ ယခု၊ ယေဟောဝါသည် အုပ်စုနှစ်စုနှင့်ပတ်သက်၍ မိန့်တော်မူသည်၊ ထိုသူတို့မှာ ကိုယ်တော့် အမှုတော်ကို ထမ်းဆောင်လိုကြသော်လည်း မောရှေပညတ်အရ ဂျူးပရိသတ်အဝင် ဖြစ်ရန် အရည်အချင်း မပြည့်မီသူများ ဖြစ်သည်။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားက ‘ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်း ခွဲထားတော်မူပြီ’ ဟု မဆိုစေနှင့်။ မိန်းမလျှာ [“မိန်းမစိုး၊” ကဘ] ကလည်း ‘ငါသည် သွေ့ခြောက်သော အပင် ဖြစ်သည်’ ဟု မဆိုစေနှင့်။” (ဟေရှာယ ၅၆:၃) တစ်ပါးအမျိုးသားက ကိုယ်တော်သည် ဣသရေလအမျိုးမှ မိမိကို အဆက်ဖြတ်လိုက်မည်ဟု စိုးရိမ်သည်။ မိန်းမစိုးကလည်း မိမိအမည်ကို ဆက်ခံမည့် ကလေး ဘယ်တော့မျှ ရှိမည် မဟုတ်ဟု စိုးရိမ်သည်။ ထိုအုပ်စု နှစ်စုစလုံးသည် အားယူသင့်သည်။ အဘယ်ကြောင့် အားယူသင့်သည်ကို မလေ့လာမီ မောရှေပညတ်အောက်ရှိ ဣသရေလ လူမျိုးများနှင့် ဆက်နွှယ်၍ သူတို့၏ အနေအထားကို သုံးသပ်ကြည့်ကြစို့။

၇။ ဣသရေလပြည်ရှိ တစ်ပါးအမျိုးသားများအပေါ် ပညတ်တရားသည် အဘယ် ကန့်သတ်ချက်များ ထားရှိသနည်း။

၇ အရေဖျား မလှီးသော တစ်ပါးအမျိုးသားများသည် ဣသရေလ လူမျိုးများနှင့်အတူ ဝတ်ပြုရေးတွင် ပါဝင်ခွင့် မရှိပါ။ ဥပမာ၊ သူတို့သည် ပသခါပွဲတွင် ပါဝင်သုံးဆောင်ခွင့် မရှိပါ။ (ထွက်မြောက်ရာ ၁၂:၄၃) နိုင်ငံ့ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သူ မဟုတ်သော တစ်ပါးအမျိုးသားများနှင့် တရားမျှတစွာ၊ ဧည့်ဝတ်ပျူငှာစွာ နေထိုင်ကြသော်လည်း သူတို့သည် လူမျိုးတော်နှင့် တည်မြဲသော ဆက်နွှယ်မှု မရှိကြချေ။ အချို့သူများသည် ပညတ်တရားကို အပြည့်အဝ လက်ခံသောကြောင့် ယင်း၏ အမှတ်လက္ခဏာအနေဖြင့် အမျိုးသားများသည် အရေဖျားလှီးကြသည်။ သို့ဖြင့် သူတို့သည် ဘာသာပြောင်းဝင်သူများ ဖြစ်လာကြပြီး ယေဟောဝါ၏ အိမ်တော်ရင်ပြင်တွင် ဝတ်ပြုကိုးကွယ်ခွင့်နှင့် ဣသရေလ ပရိသတ်အဝင်အဖြစ် သတ်မှတ်ခံရသည်။ (ဝတ်ပြုရာ ၁၇:၁၀-၁၄; ၂၀:၂; ၂၄:၂၂) သို့သော် ဘာသာပြောင်းဝင်သူများပင်လျှင် ဣသရေလလူမျိုးနှင့် ဖွဲ့ထားသော ယေဟောဝါ၏ ပဋိညာဉ်တွင် အပြည့်အဝ ပါဝင်သူများ မဟုတ်ပါ၊ သူတို့သည် ကတိထားရာပြည်တွင် အမွေမရကြပါ။ အခြားသော တစ်ပါးအမျိုးသားများသည် ဆုတောင်းရန် ဗိမာန်တော်သို့ လာနိုင်ပြီး ပူဇော်သကာများသည် ပညတ်တရားနှင့် ညီသရွေ့ ယဇ်ပုရောဟိတ်များမှတစ်ဆင့် ပူဇော်နိုင်ကြသည်။ (ဝတ်ပြုရာ ၂၂:၂၅; ၃ ဓမ္မရာဇဝင် ၈:၄၁-၄၃) သို့သော် ဣသရေလလူမျိုးသည် သူတို့နှင့် လက်ပွန်းတတီး ပေါင်းရန် မဟုတ်ချေ။

မိန်းမစိုးများသည် မပျောက်ပျက်နိုင်သော ထာဝရ နာမကို လက်ခံရရှိကြ

၈။ (က) ပညတ်တရားအောက်တွင် မိန်းမစိုးများကို မည်သို့ ရှုမြင်သနည်း။ (ခ) တိတ္ထိလူမျိုးများတွင် မိန်းမစိုးများကို မည်သို့ အသုံးပြုခဲ့သနည်း၊ “မိန်းမစိုး” ဟူသော အသုံးအနှုန်းသည် တစ်ခါတစ်ရံ အဘယ်အရာကို ရည်ညွှန်းနိုင်သနည်း။

၈ ဂျူးမိဘများမှ မွေးလာသူပင် ဖြစ်သည့်တိုင် မိန်းမစိုးများသည် ဣသရေလလူမျိုး ပရိသတ်တွင် အပြည့်အဝ ပါဝင်ခွင့် မရပါ။a (တရားဟောရာ ၂၃:၁) ကျမ်းစာခေတ်အချိန်က တိတ္ထိလူမျိုးအချို့မှ မိန်းမစိုးများသည် အထူးနေရာ ရရှိခဲ့ကြကာ စစ်ပွဲမှ သိမ်းလာသော သုံ့ပန်းကလေးအချို့ကို သင်းကွပ်သည့် ထုံးစံ ရှိခဲ့သည်။ မိန်းမစိုးများသည် ဘုရင့်နန်းတော်တွင် အရာရှိများအဖြစ် ခန့်အပ်ခံခဲ့ရသည်။ မိန်းမစိုးတစ်ဦးသည် “အပျိုတော်အုပ်၊” “မောင်းမ မိဿံအုပ်၊” သို့မဟုတ် မိဖုရားအပါး ခစားသူတစ်ဦး ဖြစ်နိုင်သည်။ (ဧသတာ ၂:၃၊ ၁၂-၁၅; ၄:၄-၆၊ ၉) ဣသရေလ လူမျိုးများသည် ထိုထုံးစံများကို လိုက်ခဲ့သည် သို့မဟုတ် ဣသရေလ ဘုရင်များ၏ အမှုရေးရာကို လုပ်ကိုင်စေရန် မိန်းမစိုးများကို အထူး ရှာဖွေခဲ့သည်ဟူသည့် အထောက်အထား မရှိပါ။b

၉။ ယေဟောဝါသည် ပကတိ သင်းကွပ်ခံရသူ မိန်းမစိုးတို့အတွက် အဘယ် နှစ်သိမ့်စကား မိန့်တော်မူသနည်း။

၉ စစ်မှန်သော ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရာတွင် အကန့်အသတ်ဖြင့်သာ ပါဝင်ရသည့်အပြင် ဣသရေလ လူမျိုးထဲမှ ပကတိ သင်းကွပ်ခံထားရသူ မိန်းမစိုးများသည် မိသားစုအမည်ကို ဆက်ခံမည့် ကလေး၏ ဖခင် ဖြစ်ခွင့် မရနိုင်သောကြောင့် အလွန် အနှိမ်ခံရကြသည်။ သို့သော် ပရောဖက်ပြုချက်၏ နောက်ဆက်တွဲ စကားများသည် အလွန် နှစ်သိမ့်မှု ပေးသည်! ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ငါ၏ ဥပုသ်နေ့ကို စောင့်လျက် ငါနှစ်သက်သောအရာကို ရွေးယူ၍ ငါ၏ ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာ [“မိန်းမစိုး၊” ကဘ] တို့အား၊ ‘သားသမီးတို့ထက် မြတ်သောအရာ၊ မြတ်သောနာမကို ငါ့အိမ်၊ ငါ့တံတိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရ နာမကို သူတို့အား ငါပေးမည်။’”—ဟေရှာယ ၅၆:၄၊ ၅။

၁၀။ မိန်းမစိုးများ၏ အခြေအနေသည် အဘယ်အချိန်တွင် ပြောင်းလဲခဲ့သနည်း၊ ထိုအချိန်မှစ၍ သူတို့အတွက် အဘယ် အခွင့်အရေးတံခါး ပွင့်ခဲ့သနည်း။

၁၀ မှန်ပါသည်၊ ပကတိ သင်းကွပ်ခံရသူ မိန်းမစိုးတစ်ဦး ဖြစ်လျှင်ပင် ယေဟောဝါ၏ ကျေးကျွန်အဖြစ် အပြည့်အဝ လက်ခံခြင်း ခံရမည့်အချိန် ရောက်လာမည်။ နာခံမှု ရှိမည်ဆိုလျှင် မိန်းမစိုးများသည် ယေဟောဝါ၏ အိမ်တော်တွင် နေရာတစ်နေရာနှင့် သားသမီးများထက် မြတ်သော အမည်နာမတစ်ခုကို ပိုင်ဆိုင်ရမည်။ အဘယ်အချိန်တွင် ယင်းသို့ ဖြစ်ပျက်မည်နည်း။ ယေရှုခရစ်တော် သေဆုံးပြီးနောက်တွင် ဖြစ်သည်။ ထိုအချိန်တွင် ပညတ်ပဋိညာဉ်ဟောင်းနေရာတွင် ပဋိညာဉ်သစ်ဖြင့် အစားထိုးခဲ့ပြီး ဇာတိဣသရေလနေရာတွင် “ဘုရားသခင်၏ ဣသရေလအမျိုး” ဖြင့် အစားထိုးခဲ့သည်။ (ဂလာတိ ၆:၁၆) ထိုအချိန်မှစ၍ ယုံကြည်ခြင်း တင်ပြသူတိုင်းသည် လက်ခံဖွယ် ဝတ်ပြုမှုကို ဘုရားသခင်အား ပေးဆက်နိုင်ကြသည်။ သွေးသား ကွဲပြားမှုများနှင့် ကိုယ်ခန္ဓာ အခြေအနေ စသည်တို့ကို ထည့်မတွက်တော့ပါ။ သူတို့၏ ကိုယ်ခန္ဓာ အခြေအနေ မည်သို့ပင် ရှိပါစေ သစ္စာရှိရှိ ခံနိုင်ရည် ရှိသူတို့သည် “မပျောက်နိုင်သော ထာဝရ နာမ” တစ်ခုကို ရရှိကြမည်။ ယေဟောဝါသည် သူတို့ကို မေ့လျော့မည် မဟုတ်ပါ။ သူတို့၏ အမည်များကို “သတိရအောက်မေ့ရာ စာစောင်” တွင် ရေးမှတ်ထားမည် ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချိန်တွင် သူတို့သည် ထာဝရအသက်ကို ရရှိကြမည်။—မာလခိ ၃:၁၆၊ ကဘ; သုတ္တံ ၂၂:၁; ၁ ယောဟန် ၂:၁၇။

တစ်ပါးအမျိုးသားများသည် ဘုရားသခင့်လူမျိုးနှင့်အတူ ဝတ်ပြုကိုးကွယ်ကြ

၁၁။ တစ်ပါးအမျိုးသားများသည် ကောင်းချီး ခံစားရရန် အဘယ်အရာ လုပ်ဆောင်ဖို့ အားပေးတိုက်တွန်းထားသနည်း။

၁၁ သို့သော် တစ်ပါးအမျိုးသားများနှင့်ပတ်သက်၍ကော အသို့နည်း။ ယခု ပရောဖက်ပြုချက်ကို သူတို့ဘက်သို့ အာရုံလှည့်လိုက်ပြီး သူတို့အတွက် ယေဟောဝါ၌ အလွန် နှစ်သိမ့်မှု ဖြစ်စေသော စကားတော်များ ရှိသည်။ ဟေရှာယ ဤသို့ ရေးသား၏– “ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကို ချစ်ခြင်း၊ ကျွန်တော်ရင်း ဖြစ်ခြင်းအလိုငှာ ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ငါ၏ ပဋိညာဉ်ကို စွဲလမ်းသောသူအပေါင်းတို့ကိုလည်းကောင်း၊ ငါ၏ သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍ ငါ၏ ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့။”—ဟေရှာယ ၅၆:၆၊ ၇။

၁၂။ “အခြားသိုး” နှင့်ပတ်သက်သော ယေရှု၏ ပရောဖက်ပြုချက်ကို ယခင်က မည်သို့ နားလည်သဘောပေါက်ခဲ့ကြသနည်း။

၁၂ ကျွန်ုပ်တို့အချိန်တွင် “တစ်ပါးအမျိုးသားတို့” တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ပထမကမ္ဘာစစ် မတိုင်မီက၊ ကယ်တင်ခြင်း ရမည့်သူများသည် ယေရှုနှင့်အတူ ကောင်းကင်တွင် အုပ်ချုပ်မည့် မျှော်လင့်ချက် ရှိသူများ ဖြစ်သော ယနေ့အချိန်တွင် ဘုရားသခင်၏ ဣသရေလအမျိုးဟု ကျွန်ုပ်တို့ သိရှိသူများထက် အရေအတွက် ပိုများမည် ဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ကြသည်။ ယောဟန် ၁၀:၁၆ တွင် မှတ်တမ်းတင်ထားသော ယေရှု၏ ဤစကားများကို ကျမ်းစာကျောင်းသားများ သတိပြုမိခဲ့ကြသည်– “ဤသိုးခြံသို့ မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့် သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။” ဤ “အခြားသိုး” များသည် မြေကြီးအတန်းအစား ဖြစ်သည်ဟု သဘောပေါက်ခဲ့ကြသည်။ သို့သော် ကျမ်းစာကျောင်းသားအများစုက အခြားသိုးသည် ယေရှုခရစ်၏ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း ပေါ်လာမည့်သူများဟု ယုံကြည်ခဲ့ကြသည်။

၁၃။ မဿဲ အခန်းကြီး ၂၅ တွင် ပါသော သိုးများသည် ဤအစီအစဉ်စနစ်၏ အဆုံးပိုင်းနေ့ရက်များတွင် ပေါ်ထွက်လာရမည်ဟု အဘယ်ကြောင့် ဆင်ခြင်ခဲ့ကြသနည်း။

၁၃ နောက်ဆုံးတွင် သိုးနှင့်ပတ်သက်သော ကျမ်းစာဖော်ပြချက်ကို ကောင်းစွာ နားလည်သဘောပေါက်ခဲ့ကြသည်။ မဿဲ အခန်းကြီး ၂၅ တွင် ယေရှု၏ သိုးနှင့် ဆိတ် ပုံဥပမာကို မှတ်တမ်းတင်ထားသည်။ ထိုပုံဥပမာအရ သိုးများသည် ယေရှု၏ ညီတော်များကို ကူညီထောက်မကြသောကြောင့် ထာဝရအသက် ရရှိကြသည်။ ထို့ကြောင့် သူတို့သည် ခရစ်တော်၏ ဘိသိက်ခံ ညီတော်များနှင့် ကွဲပြားခြားနားသော အတန်းအစားတစ်ခု ဖြစ်သည်။ ၁၉၂၃ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီးဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် စည်းဝေးကြီးတွင် ထိုသိုးများသည် အနှစ်တစ်ထောင်အတွင်း မဟုတ်ဘဲ ဤအစီအစဉ်စနစ် အဆုံးပိုင်းနေ့ရက်များအတွင်း ပေါ်ထွက်လာကြမည်ဟု ရှင်းပြခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာ ကုန်သော ပုဗ္ဗနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟူသည့် မေးခွန်းကို ယေရှု ဖြေကြားရာတွင် ထိုပုံဥပမာကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။—မဿဲ ၂၄:၃။

၁၄၊ ၁၅။ အစီအစဉ်စနစ် အဆုံးပိုင်းတွင် အခြားသိုး အနေအထားနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု မည်သို့ တိုးတက်လာခဲ့သနည်း။

၁၄ ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း ကျမ်းစာကျောင်းသားများနှင့် ပူးပေါင်းခဲ့သူအချို့က မိမိတို့သည် ကောင်းကင်ခေါ်တော်မူခြင်း ခံရသူအဖြစ် ယေဟောဝါ၏ ဝိညာဉ်တော် သက်သေခံမှုကို မခံစားရကြောင်း တွေ့ရှိလာကြသည်။ သို့တိုင် သူတို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ ထက်သန်သော ကျေးကျွန်များ ဖြစ်ခဲ့ကြသည်။ ၁၉၃၁ ခုနှစ်၌ သင်္ကာယန ကင်းရှင်းစေခြင်း ဟူသည့် စာအုပ်ကို ထုတ်ဝေခဲ့ရာ သူတို့၏ အနေအထားကို ပို၍ သဘောပေါက်နားလည်လာခဲ့ကြသည်။ ယေဇကျေလကျမ်းမှ အခန်းငယ် တစ်ခုပြီး တစ်ခုကို ဆွေးနွေးရာတွင် သင်္ကာယန ကင်းရှင်းစေခြင်း စာအုပ်က မင်အိုးပါသော “လူသား” ရူပါရုံကို ရှင်းပြခဲ့သည်။ (ယေဇကျေလ ၉:၁-၁၁၊ ကဘ) ထို “လူသား” သည် ယေရုရှလင်မြို့အလယ်၌ လျှောက်သွားပြီး ထိုမြို့အတွင်း ကျူးလွန်နေကြသည့် စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကြောင့် ညည်းတွားငိုကြွေးသူတို့၏ နဖူး၌ ထိုးမှတ်သည်ကို တွေ့ရသည်။ ထို “လူသား” မှာ ပုံဆောင် ယေရုရှလင်မြို့၊ ခရစ်ယာန်ဘောင်ကို တရားစီရင်ချိန်တွင် မြေကြီးပေါ်ရှိ ယေရှု၏ ညီတော်၊ ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်ကို ကိုယ်စားပြုသည်။ ထိုးမှတ်ခံရသူများမှာ ထိုအချိန်တွင် အသက်ရှင်နေကြသော အခြားသိုးများ ဖြစ်သည်။ ရူပါရုံ၌ ယေဟောဝါ၏ လက်မရွံ့အာဏာသားများက ထိုအယူဖောက်ပြန်သော မြို့ကို လက်စားချေချိန်တွင် သူတို့သည် လွတ်မြောက်ခွင့် ရကြသည်။

၁၅ ၁၉၃၂ ခုနှစ်တွင် ဣသရေလဘုရင် ယေဟုနှင့် ဣသရေလလူမျိုး မဟုတ်သော အထောက်အမ ပေးသူ ယောနဒပ်တို့၏ ပရောဖက်ပြုချက်ဆိုင်ရာ ဇာတ်လမ်းကို ပို၍ အလေးအနက် သဘောပေါက်လာကြောင်း ဗာလဝတ်ပြုရေးကို ဖျက်ဆီးရာတွင် ယေဟုနှင့်အတူ လိုက်ပါကာ အထောက်အမ ပေးခဲ့သူ ယောနဒပ်ကဲ့သို့ပင် ထိုအခြားသိုးများသည် ခရစ်တော်၏ ဘိသိက်ခံ ညီတော်များကို အထောက်အမ ပေးခဲ့ခြင်းက ဖော်ပြခဲ့သည်။ နောက်ဆုံး ၁၉၃၅ ၌ ဤအစီအစဉ်စနစ်၏ အဆုံးပိုင်းအချိန်တွင် အသက်ရှင်နေကြသော အခြားသိုးများသည် တမန်တော် ယောဟန်၏ ရူပါရုံတွင် တွေ့ရသည့် လူအုပ်ကြီး ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့် ဝါရှင်တန်၊ ဒီ.စီ. စည်းဝေးကြီးတွင် ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က မြေကြီးမျှော်လင့်ချက် ရှိသူများကို “အုပ်စုကြီး” အဖြစ် ညွှန်ပြခဲ့စဉ်က ဦးစွာ ရှင်းပြခဲ့သည်။

၁၆။ “တစ်ပါးအမျိုးသားတို့” သည် အဘယ် အခွင့်အရေးနှင့် တာဝန်များကို ခံစားပျော်မွေ့ကြသနည်း။

၁၆ သို့ဖြင့် “တစ်ပါးအမျိုးသားတို့” သည် ဤနောက်ဆုံးနေ့ရက်များအတွင်း ယေဟောဝါ၏ ရည်ရွယ်တော်မူချက်များတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန် ဖြစ်ကြောင်း တဖြည်းဖြည်း တွေ့ရှိခဲ့ရသည်။ သူတို့သည် ယေဟောဝါအား ဝတ်ပြုရန် ဣသရေလလူမျိုး၏ ဘုရားသခင်ထံသို့ လာခဲ့ကြသည်။ (ဇာခရိ ၈:၂၃) သူတို့သည် ထိုဝိညာဏလူမျိုးနှင့်အတူ လက်ခံနိုင်ဖွယ် ယဇ်များကို ဘုရားသခင်ထံ ပူဇော်ကြပြီး ဥပုသ်စောင့်ခြင်းတွင် ပါဝင်ကြသည်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ထို့ပြင် သူတို့သည် ယေရုရှလင်မြို့ ဗိမာန်တော်နှင့်တူသော “လူအမျိုးမျိုး ဆုတောင်းရာအိမ်၊” ဘုရားသခင်၏ ဝိညာဏ ဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ကြသည်။ (မာကု ၁၁:၁၇) သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်” ခြင်းဖြင့် ယေရှုခရစ်၏ ရွေးနုတ်ဖိုး ပူဇော်သကာကို ယုံကြည်ကြောင်း တင်ပြကြသည်။ ထို့ပြင် သူတို့သည် “ဘုရားဝတ်ကို နေ့ညမပြတ် ပြု” ခြင်းဖြင့် ယေဟောဝါ၏ အမှုတော်ကို ထမ်းဆောင်ကြသည်။—ဗျာဒိတ် ၇:၁၄၊ ၁၅။

၁၇။ မျက်မှောက်ခေတ် တစ်ပါးအမျိုးသားများသည် ပဋိညာဉ်သစ်ကို မည်သို့ စွဲလမ်းကြသနည်း။

၁၇ ဤမျက်မှောက်ခေတ် တစ်ပါးအမျိုးသားများသည် ဘုရားသခင်၏ ဣသရေလအမျိုးနှင့် ပေါင်းသင်းခြင်းဖြင့် ပဋိညာဉ်သစ်ကို စွဲလမ်းသည့်သဘော သက်ရောက်ကာ ပဋိညာဉ်သစ်မှ ရရှိသော အကျိုးကျေးဇူးများနှင့် ကောင်းချီးများ၌ ပျော်မွေ့ကြသည်။ သူတို့သည် ထိုပဋိညာဉ်သစ်တွင် ပါဝင်သူများ မဟုတ်သော်လည်း ယင်းနှင့်ဆက်နွှယ်သော ပညတ်တော်များကို နှလုံးအကြွင်းမဲ့ လက်အောက်ခံကြသည်။ သို့ဖြင့် ယေဟောဝါ၏ ပညတ်တော်သည် သူတို့နှလုံးထဲတွင် ရှိကာ ယေဟောဝါကို သူတို့၏ ကောင်းကင်ခမည်းတော်နှင့် အချုပ်အခြာ အုပ်စိုးရှင်အဖြစ် သိရှိလာကြသည်။—ယေရမိ ၃၁:၃၃၊ ၃၄; မဿဲ ၆:၉; ယောဟန် ၁၇:၃။

၁၈။ နောက်ဆုံးသောကာလအတွင်း အဘယ် စုသိမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်လျက် ရှိကြသနည်း။

၁၈ ဟေရှာယ ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “အရပ်ရပ် ကွဲပြားသော ဣသရေလအမျိုးသားတို့ကို စုဝေးစေသောအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ‘စုဝေးပြီးသောသူများမှတစ်ပါး အခြားသောသူတို့ကို ထိုအစုအဝေး၌ ငါစုဝေးစေဦးမည်’ ဟု မိန့်တော်မူ၏။” (ဟေရှာယ ၅၆:၈) နောက်ဆုံးကာလအတွင်း ယေဟောဝါသည် ဘိသိက်ခံ အကြွင်းအကျန် ဖြစ်သော “အရပ်ရပ် ကွဲပြားသော ဣသရေလ အမျိုးသားတို့ကို” စုသိမ်းခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် အခြားသူများ ဖြစ်သော လူအုပ်ကြီးကိုလည်း စုသိမ်းနေ၏။ သူတို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ ဘိသိက်ခံမင်း ခရစ်တော်ယေရှု၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ငြိမ်သက်စွာ၊ စည်းလုံးညီညွတ်စွာ အတူတကွ ဝတ်ပြုကိုးကွယ်ကြသည်။ သူတို့သည် ခရစ်တော်၏ ယေဟောဝါအစိုးရအပေါ် သစ္စာစောင့်သိကြသောကြောင့် သိုးထိန်းကောင်းကြီးသည် သူတို့ကို စည်းလုံးညီညွတ်ပြီး ရွှင်လန်းသော သိုးစုတစ်စု ဖြစ်စေခဲ့သည်။

မျက်စိကန်းသော ကင်းစောင့်များ၊ အ၍ မဟောင်နိုင်သော ခွေးများ

၁၉။ လယ်ပြင်နှင့် တော၌ နေသော သားရဲတိရစ္ဆာန်တို့ကို မည်သို့ ဖိတ်ခေါ်ထားသနည်း။

၁၉ နွေးထွေးပြီး တည်ဆောက်မှု ဖြစ်စေသော စကားများနောက်တွင် ထူးခြားပြီး၊ လုံးလုံး ထိတ်လန့်ဖွယ်ကောင်းသော ဆန့်ကျင်ဘက်စကားများ လိုက်ပါလာသည်။ ယေဟောဝါသည် တစ်ပါးအမျိုးသားများနှင့် မိန်းမစိုးများအပေါ် ကရုဏာပါသော လုပ်ရပ်များ ပြရန် ပြင်ဆင်တော်မူ၏။ သို့သော် ဘုရားသခင့် ပရိသတ်အဝင် ဖြစ်သည်ဟု ဆိုကြသူ အများစုသည် အပြစ်ဆိုခံရကာ တရားစီရင်ခံရမည် ဖြစ်သည်။ ထို့ပြင် သူတို့သည် လျောက်ပတ်စွာ သင်္ဂြိုဟ်ခြင်းကိုပင် မခံထိုက်ဘဲ ငှက်ရဲတို့၏ လုယက်ကိုက်စားခြင်းကိုသာ ခံထိုက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “အို တောသားရဲအပေါင်းနှင့် သစ်တော၌ လည်သော သားရဲအပေါင်းတို့ ကိုက်စားခြင်းငှာ လာကြလော့။” (ဟေရှာယ ၅၆:၉၊ သမ္မာ) ထိုသားရဲတိရစ္ဆာန်တို့သည် အဘယ်အရာကို ကိုက်စားကြမည်နည်း။ ပရောဖက်ပြုချက်က ရှင်းပြပါမည်။ ယင်းက ရောက်လာတော့မည့် အာမဂေဒုန်စစ်ပွဲတွင် ဖျက်ဆီးခံရသူများ၏ အသေကောင်များကို မိုးကောင်းကင်ငှက်များ စားရန် ပစ်ထားခြင်း ခံရမည်ဟူသော ဘုရားသခင်ကို ဆန့်ကျင်သူများ ကြုံတွေ့ရမည့် အဖြစ်အပျက်ကို ကျွန်ုပ်တို့အား သတိရစေသည်။—ဗျာဒိတ် ၁၉:၁၇၊ ၁၈။

၂၀၊ ၂၁။ ဘာသာရေး ခေါင်းဆောင်များသည် အဘယ်အရာ ပြုလုပ်ရန် ပျက်ကွက်ခြင်းကြောင့် အသုံးမကျသော ဝိညာဏ လမ်းပြသူများ ဖြစ်သနည်း။

၂၀ ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “သူ၏ ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍ မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသော ခွေး၊ အိပ်လျက် အိပ်ချင်အားကြီးသော ခွေး ဖြစ်ကြ၏။ စားချင် အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေးလည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှုတတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့လမ်းသို့ လိုက်ကြပြီ။ တစ်ယောက်မျှ မကြွင်း၊ တညီတညွတ်တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။ ‘လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည်သေရက်ကို ဝစွာ သောက်ကြစို့။ ယနေ့ ဖြစ်သကဲ့သို့ နက်ဖြန်နေ့ ဖြစ်လိမ့်မည်။ ထိုမျှမက သာ၍ ကြွယ်ဝလိမ့်မည်’ ဟု ဆိုတတ်ကြ၏။”—ဟေရှာယ ၅၆:၁၀-၁၂။

၂၁ ယုဒ ဘာသာရေး ခေါင်းဆောင်များသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုကြသည်။ ‘ကိုယ်တော်၏ ကင်းစောင့်တို့’ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် သူတို့သည် ဝိညာဏမျက်စိ ကွယ်နေပြီး စကား အနေကာ၊ ငိုက်မျဉ်းနေကြသည်။ သူတို့သည် ကင်းမစောင့်နိုင်၊ အန္တရာယ်နှင့်ပတ်သက်၍ သတိမပေးနိုင်ကြလျှင် အဘယ် အကျိုးရှိသနည်း။ ထိုဘာသာရေး ကင်းစောင့်တို့သည် သိမြင်နားလည်မှု မရှိ၊ သိုးကဲ့သို့သောသူများကို ဝိညာဏ ညွှန်ကြားချက်များ ပေးရန် အရည်အချင်း မရှိကြပါ။ ထို့ပြင် သူတို့သည် ယိုယွင်းဖောက်ပြန်ကြသည်။ သူတို့သည် မိမိတို့၏ အလိုဆန္ဒများ၌ အာသာမပြေနိုင်ကြပါ။ ယေဟောဝါ၏ ညွှန်ကြားချက်ကို လိုက်လျှောက်မည့်အစား သူတို့သည် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများကို ရှာကြံကြသည်၊ မတော်မှန်သော အမြတ်အစွန်းများကို ရှာကြံကြသည်၊ သေရည်သေရက်ကို အလွန်အကျွံ သောက်စားကြသည်၊ အခြားသူများကိုလည်း ထိုသို့ ပြုရန် အားပေးကြသည်။ သူတို့သည် ရောက်လာတော့မည့် ဘုရားသခင်၏ တရားစီရင်ခြင်းကို မည်မျှ မေ့မေ့လျော့လျော့ ဖြစ်နေသနည်းဟူမူ အနာဂတ်တွင် အဘယ်အရာမှ ဖြစ်မလာနိုင်၊ အခြေအနေကောင်းသည်ဟု လူများကို ပြောကြသည်။

၂၂။ ယေရှုခေတ်ရှိ ဘာသာရေး ခေါင်းဆောင်များသည် ရှေးယုဒခေါင်းဆောင်များနှင့် မည်သို့ ဆင်တူကြသနည်း။

၂၂ ဟေရှာယ၏ အစောပိုင်း ပရောဖက်ပြုချက်များ၌ ယုဒ ဘာသာရေး ခေါင်းဆောင်များ၏ သစ္စာမဲ့မှုကို တင်ပြရာတွင် ဆင်တူသော အသုံးအနှုန်းများ ဖြစ်သည့် ဝိညာဏ မူးယစ်ခြင်း၊ ငိုက်မျဉ်းခြင်းနှင့် သိမြင်နားလည်မှု ကင်းမဲ့ခြင်း စသည်တို့ကို အသုံးပြုခဲ့သည်။ သူတို့သည် လူ့ထုံးတမ်းစဉ်လာများဖြင့် လူများကို ဝန်လေးစေခဲ့ကြကာ ဘာသာရေး မုသားများကို သွန်သင်ပေးခဲ့ပြီး ဘုရားသခင်ကို မျှော်ကိုးမည့်အစား အကူအညီအတွက် အာရှုရိကို ယုံကြည်ကိုးစားခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၁၆:၅-၉; ဟေရှာယ ၂၉:၁၊ ၉-၁၄) သူတို့သည် အဘယ်အရာကိုမျှ မသင်ယူခဲ့ကြသည်မှာ ရှင်းနေပါသည်။ ဝမ်းနည်းစရာမှာ ပထမရာစုတွင်လည်း ထိုကဲ့သို့သော ခေါင်းဆောင်များ ရှိခဲ့သည်။ ဘုရားသခင့် သားတော်ကိုယ်နှိုက် ဆောင်ကြဉ်းခဲ့သော သတင်းကောင်းကို လက်ခံမည့်အစား ယေရှုကို ငြင်းပယ်ခဲ့ကြပြီး ကိုယ်တော်ကို သတ်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ယေရှုက သူတို့ကို “လမ်းပြသော လူကန်း” များဟု ပွင့်ပွင့်လင်းလင်း ခေါ်ခဲ့ပြီး “လူကန်းခြင်း တစ်ဦးကို တစ်ဦး လမ်းပြလျှင် နှစ်ဦးတို့သည် တွင်းထဲကျကြလိမ့်မည်” ဟု ထပ်ဆင့် မိန့်တော်မူခဲ့သည်။—မဿဲ ၁၅:၁၄။

မျက်မှောက်ခေတ် ကင်းစောင့်များ

၂၃။ ဘာသာရေး ခေါင်းဆောင်များနှင့်ပတ်သက်၍ ပေတရု၏ အဘယ်ပရောဖက်ပြုချက် ပြည့်စုံခဲ့သနည်း။

၂၃ တမန်တော် ပေတရုက ခရစ်ယာန်များကို လှည့်ဖြားရန် အယူမှားဆရာများ ပေါ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။ သူ ဤသို့ ရေးသားခဲ့၏– “ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။” (၂ ပေတရု ၂:၁) ထိုအယူမှားဆရာများ၏ မှားယွင်းသော သွန်သင်ချက်များနှင့် ဂိုဏ်းဂဏ ကွဲပြားခြင်းတို့၏ ရလဒ်မှာ အဘယ်နည်း။ မျက်မှောက်ခေတ် ခရစ်ယာန်ဘောင် ဘာသာရေး ခေါင်းဆောင်များသည် သူတို့၏ နိုင်ငံရေး မိတ်ဆွေများအပေါ် ဘုရားသခင့် ကောင်းချီး ပေးရန် ဆုတောင်းပေးကြပြီး တောက်ပသော အနာဂတ်တစ်ခုကို ကတိပြုကြသည်။ ခရစ်ယာန်ဘောင် ဘာသာရေး ခေါင်းဆောင်များသည် မျက်စိကန်းနေသူများ၊ စကားအနေသူများနှင့် ဝိညာဉ်ရေးရာများတွင် အိပ်ပျော်နေသူများ ဖြစ်ကြောင်း သက်သေထူခဲ့ကြပြီ။

၂၄။ ဝိညာဏ ဣသရေလနှင့် တစ်ပါးအမျိုးသားတို့အကြား အဘယ် စည်းလုံးမှု ရှိသနည်း။

၂၄ သို့ရာတွင် ယေဟောဝါသည် ဘုရားသခင်၏ ဣသရေလလူမျိုး၏ နောက်ဆုံးအဖွဲ့ဝင်များနှင့်အတူ ဝတ်ပြုကိုးကွယ်ရန် သန်းနှင့်ချီသော တစ်ပါးအမျိုးသားတို့ကို ကိုယ်တော်၏ ဝိညာဏ ဆုတောင်းရာ အိမ်တော်သို့ ခေါ်ဆောင်တော်မူ၏။ ထိုတစ်ပါးအမျိုးသားတို့သည် လူအမျိုးမျိုး အနွယ်နွယ်၊ ဘာသာစကား အသီးသီးမှ ဖြစ်သော်လည်း သူတို့အချင်းချင်းအပြင် ဘုရားသခင်၏ ဣသရေလလူမျိုးနှင့်လည်း စည်းလုံးကြသည်။ ကယ်တင်ခြင်းသည် ယေရှုခရစ်အားဖြင့် ယေဟောဝါထံတော်မှသာ သက်ရောက်လာနိုင်ကြောင်း သူတို့ ယုံကြည်စိတ်ချကြသည်။ ယေဟောဝါအား ချစ်သည့် မေတ္တာ လှုံ့ဆော်ခံရမှုကြောင့် သူတို့သည် မိမိတို့၏ ယုံကြည်ခြင်းကို အသံလွှင့်ရာတွင် ခရစ်တော်၏ ဘိသိက်ခံ ညီတော်များနှင့် ပူးပေါင်းကြသည်။ ထို့ပြင် သူတို့သည် ဤကဲ့သို့ ရေးသားခဲ့သော တမန်တော်၏ မှုတ်သွင်းခံစကားများမှ နှစ်သိမ့်မှု ရကြသည်– “သင်သည် သခင်ယေရှုကို ‘နှုတ်ဖြင့် ဝန်ခံ’ ၍ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”—ရောမ ၁၀:၉။

[အောက်ခြေမှတ်ချက်များ]

a “မိန်းမစိုး” ဟူသော အသုံးအနှုန်းကို သင်းကွပ်မထားသော နန်းတွင်းအရာရှိတစ်ဦးကိုလည်း ရည်ညွှန်းသည်။ တမန်တော် ၈:၂၇-၃၉ တွင် ဖိလိပ္ပု နှစ်ခြင်းပေးခဲ့သော အဲသယောပိ အမတ်ကို မူရင်းကျမ်းတွင် ‘မိန်းမစိုးတစ်ဦး’ ဟု ခေါ်ဆိုထားသည်၊ သူသည် အရေဖျား မလှီးသော တစ်ပါးအမျိုးသားများအတွက် လမ်းမပွင့်မီအချိန်တွင် နှစ်ခြင်းခံခဲ့သည့် ဘာသာပြောင်းဝင်သူ ဖြစ်ပုံရသောကြောင့် ယင်းသဘောဖြင့် သူသည် မိန်းမစိုးတစ်ဦး ဖြစ်သည်။

b ယေရမိကို ကူညီရန် ဘုရင် ဇေဒကိထံ တိုက်ရိုက် ချဉ်းကပ်ခဲ့သူ ဧဗဒမေလက်ကိုလည်း မူရင်းကျမ်းတွင် မိန်းမစိုးတစ်ဦးဟု ခေါ်ဆိုထားသည်။ ဤတွင်လည်း သင်းကွပ်ခံထားရသူကို မဆိုလိုဘဲ နန်းတွင်းအရာရှိတစ်ဦးကို ဆိုလိုသည်။—ယေရမိ ၃၈:၇-၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ