ဟောပြောသူနှင့် သွန်သင်သူတစ်ဦးအဖြစ် စွမ်းရည်တိုးတက်စေရန် အစီအစဉ်
သင်သည် အသက်ငယ်သူဖြစ်စေ၊ ကြီးသူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဤသင်တန်းသည် သင့်အား ဘုရားသခင့်နှုတ်ကပါဌ်တော် သွန်သင်သူတစ်ဦးအနေနှင့် သာ၍ထိရောက်စွာတင်ပြရန်နှင့် အရည်အသွေးသာ၍မြင့်မားလာရန် ကူညီပေးနိုင်ပါသည်။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စာရင်းပေးသွင်းထားသူများအတွက် တာဝန်ခန့်အပ်ချက်များကို ကျောင်းကြီးကြပ်မှူးက ပြုလုပ်ပါလိမ့်မည်။ နောက်လာမည့်စာမျက်နှာသုံးမျက်နှာပေါ်တွင် သင့်ကိုယ်ပိုင်သွန်သင်ချက်စာရွက်ကို တွေ့ရလိမ့်မည်။ အချက်အလက်အသီးသီးရှေ့ရှိနံပါတ်များသည် နောက်စာမျက်နှာများပေါ်ရှိ သင်ခန်းစာများ၏နံပါတ်များဖြစ်သည်။ ထိုသင်ခန်းစာများတွင် စကားပြောခြင်း၊ သွန်သင်ခြင်းဆိုင်ရာ ဤကဏ္ဍများကို ပိုင်နိုင်ရေးတွင် အဘယ်အရာပါဝင်ပတ်သက်ကြောင်းနှင့် တစ်ခုစီသည် အဘယ်ကြောင့်အရေးကြီးကြောင်း ရှင်းလင်းတင်ပြချက်ကို သင်တွေ့ ရှိမည်။ ပေးထားသည့်အချက်ကို မည်သို့အထမြောက်စေနိုင်ကြောင်း အထောက်အကူပြုညွှန်ကြားချက်ကိုလည်း သင်တွေ့ ရှိမည်။
သွန်သင်ချက်စာရွက်ပေါ်ရှိ ရောင်စုံသင်္ကေတသည် (၁) ပရိသတ်ကိုဖတ်ပြခြင်း၊ (၂) နှစ်ယောက် သို့မဟုတ် ထို့ထက်ပိုသောလူများနှင့် သရုပ်ပြခြင်း၊ သို့မဟုတ် (၃) အသင်းတော်သို့ ဟောပြောချက်ပေးခြင်းတာဝန်များနှင့်စပ်လျဉ်း၍ အဘယ်အချက်များသက်ဆိုင်ကြောင်းကို ညွှန်ပြသည်။ ကျောင်းကြီးကြပ်မှူးသည် သင် လုပ်ဆောင်ရမည့်အချက်ကို တာဝန်ပေးပါမည်။ တစ်ကြိမ်လျှင် အချက်တစ်ချက်ကိုသာလုပ်ဆောင်ခြင်းသည် ပို၍ကောင်းသည်။ တာဝန်ကျသင်ခန်းစာအဆုံးတွင် အကြံပြုထားသည့်လေ့ကျင့်ခန်းများကို လုပ်ဆောင်ခြင်းဖြင့် သင်အကျိုးခံစားရမည်။ သင်သည် သွန်သင်ချက်ကို ပေးထားသောသင်ခန်းစာတွင် အောင်မြင်စွာကျင့်သုံးကြောင်း ထင်ရှားပြလျှင် သွန်သင်ချက်ပေးသူသည် နောက်ထပ်အချက်တစ်ချက် သင့်ကို တာဝန်ချပါမည်။
အကယ်၍ သင့်တာဝန်သည် သရုပ်ပြတစ်ခုအနေနှင့်လုပ်ရန်ဖြစ်ပါက ဇာတ်အိမ်တစ်ခုလိုမည်။ ဇာတ်အိမ်များစာရင်းကို စာမျက်နှာ ၈၂ တွင်ဖော်ပြထားသော်လည်း သင်သည် ဤစာရင်းတွင် ပါသလောက်သာလုပ်ရန်မဟုတ်ပေ။ အတွေ့အကြုံရရှိစေရန်အတွက် တစ်စုံတစ်ရာသောဇာတ်အိမ်ကို သင်ကြိုးစားလုပ်ဆောင်ရန် အကြံပြုပေမည် သို့မဟုတ် သင့်စိတ်ကြိုက်ရွေးချယ်ခွင့်ပေးပေမည်။
သင်သည် ကျောင်းတာဝန်များကို ပြင်ဆင်နေခြင်းမဟုတ်သည့်အခါ၌ပင် ဤစာအုပ်ကိုဖတ်ရှုပြီး လေ့ကျင့်ခန်းများကိုပြုလုပ်ခြင်းက သင့်တိုးတက်မှုကို များစွာတိုးမြှင့်ပေးပါလိမ့်မည်။ တစ်ပတ်ခန့်တိုင်းတွင် သင်ခန်းစာတစ်ခုကို သင်ပြီးနိုင်ဖွယ်ရှိမည်။
သင်သည် ကျောင်းတွင် သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် မည်မျှကြာကြာပါဝင်လာခဲ့သူဖြစ်ပါစေ တိုးတက်စရာရှိနိုင်သေးသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှတစ်ဆင့် ပြင်ဆင်ပေးသည့်ပညာရေးမှ အကျိုးအပြည့်အဝရရှိနိုင်ပါစေ။