ကျမ်းစာစောင် နံပါတ် ၂၈—ဟောရှေ
ကျမ်းရေးသူ– ဟောရှေ
ရေးရာဒေသ– ရှမာရိ (နယ်)
ရေးသားပြီးစီးချိန်– ဘီ.စီ.အီး. ၇၄၅ နောက်ပိုင်း
ငုံမိသည့်ကာလပိုင်း– ဘီ.စီ.အီး. ၈၀၄ မတိုင်မီ – ၇၄၅ နောက်ပိုင်း
၁၊ ၂။ (က) ဟေဗြဲကျမ်းစောင်များထဲမှ နောက်ဆုံး ၁၂ စောင်ကို တစ်ခါတစ်ရံ မည်သို့ခေါ်သနည်း။ (ခ) ဟောရှေနှင့်ပတ်သက်၍ အဘယ်အရာသိရသနည်း၊ သူ၏ပရောဖက်ပြုချက်သည် မည်သူနှင့်သက်ဆိုင်သနည်း။
ဟဗြဲကျမ်းစာစောင်များထဲမှ နောက်ဆုံးကျမ်း ၁၂ ကျမ်းကို “အဓိကမကျသောပရောဖက်ကျမ်းများ” ဟုအများအားဖြင့် ရည်ညွှန်းခေါ်ဆိုကြသည်။ ဤကျမ်းအားလုံးပေါင်း၏အရှည်သည် ဟေရှာယ သို့မဟုတ် ယေရမိကျမ်းတို့လောက် မရှိသော်လည်း အရေးပါမှုတွင် အဓိကမကျသည့်ကျမ်းများမဟုတ်သောကြောင့် ဂျာမန်ဘာသာစကားတွင် ဖော်ပြလေ့ရှိသည့် “ပရောဖက်ကျမ်းငယ်များ” ဟုခေါ်ဆိုခြင်းသည် ပို၍သင့်လျော်ဟန်ရှိသည်။ ဟေဗြဲကျမ်းစာတွင် ၎င်းတို့ကို တစ်ကျမ်းတည်းအဖြစ်သဘောထားကာ “ဆယ့်နှစ်စောင်ကျမ်း” ဟုခေါ်ခဲ့ကြသည်။ စာလိပ်ငယ်လေးတစ်ခုသည် အလွယ်တကူပျောက်ဆုံးသွားနိုင်သောကြောင့် ယင်းသို့အတူတကွစုစည်းထားခြင်းသည် မပျောက်မပျက်အောင်ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။ ဤ ၁၂ စောင်မှတစ်ခုစီကဲ့သို့ ပထမဆုံးကျမ်းကို ကျမ်းရေးသူ ဟောရှေအမည်တပ်ထားသည်၊ ယင်းအမည်သည် “ဂျားအားဖြင့် ကယ်တင်ခြင်းခံခဲ့ရသည်; ဂျားကယ်တင်တော်မူခဲ့ပြီ” ဟူ၍အဓိပ္ပာယ်ရသော ဟောရှာယ၏အတိုကောက်ပုံစံဖြစ်သည်။
၂ မိမိနာမည်ဖြင့်သမုတ်ထားသောကျမ်းထဲ၌ ဟောရှေသည် ဗေရိ၏သားဖြစ်သည်ဟု ဖော်ပြရုံမှလွဲ၍ သူ့အကြောင်းဖော်ပြမထားပါ။ သူ၏ပရောဖက်ပြုချက်များသည် ဣသရေလအကြောင်းသက်သက်လောက်နီးပါးဖြစ်သည်၊ ယုဒအကြောင်းကို မဆိုစလောက်သာဖော်ပြထား၏၊ ဟောရှေသည် ယေရုရှလင်မြို့အကြောင်း မဖော်ပြသော်လည်း ဣသရေလ၏အထင်ကရအနွယ် ဧဖရိမ်အကြောင်း ၃၇ ကြိမ်နှင့် ဣသရေလနိုင်ငံ၏မြို့တော် ရှမာရိအကြောင်း ၆ ကြိမ်ဖော်ပြထားသည်။
၃။ ဟောရှေသည် မည်မျှကြာကြာပရောဖက်ပြုခဲ့သနည်း၊ ထိုအချိန်ကာလအတွင်း အခြားပရောဖက်တို့မှာ မည်သူတို့နည်း။
၃ ဟောရှေသည် ယေဟောဝါ၏ပရောဖက်အဖြစ် မကြုံစဖူးရှည်ကြာစွာအမှုထမ်းခဲ့ကြောင်း ကျမ်း၏ပထမဆုံးအခန်းငယ်က ဖော်ပြသည်၊ ဣသရေလမင်း ဒုတိယမြောက်ယေရောဗောင်အုပ်ချုပ်ချိန် အဆုံးပိုင်းလောက်မှစ၍ ယုဒမင်းဟေဇကိလက်ထက်တိုင်အောင်ဖြစ်သည်။ ၎င်းသည် ဘီ.စီ.အီး. ၈၀၄ မတိုင်မီအချိန်မှစ၍ ဘီ.စီ.အီး. ၇၄၅ နောက်ပိုင်းအထိ ၅၉ နှစ်ထက်မနည်းသောအချိန်ဖြစ်သည်။ သူ၏ပရောဖက်ပြုတာဝန်ကို ဒုတိယမြောက်ယေရောဗောင်နှင့် ဟေဇကိတို့၏အုပ်ချုပ်ချိန် အချို့သောနှစ်များအတွင်း၌လည်း အမှုဆောင်ခဲ့သည်မှာ သေချာသည်။ ဤကာလအတောအတွင်း အာမုတ်၊ ဟေရှာယ၊ မိက္ခာနှင့် သြဒက်တို့သည်လည်း ယေဟောဝါ၏သစ္စာရှိပရောဖက်များ ဖြစ်ကြသည်။—အာ. ၁:၁; ဟေရှာ. ၁:၁; မိ. ၁:၁; ၆ ရာ. ၂၈:၉။
၄။ ဟောရှေကျမ်း ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို အဘယ်ကိုးကားချက်များနှင့် ပရောဖက်ပြုချက်ပြည့်စုံမှုများက အတည်ပြုထောက်ခံသနည်း။
၄ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ဤကျမ်းကို အကြိမ်ကြိမ်ကိုးကားခြင်းက ပရောဖက်ပြုချက်ဆိုင်ရာကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း အတည်ပြုထောက်ခံသည်။ ယေရှုကိုယ်တော်တိုင် ယေရုရှလင်မြို့နှင့်ပတ်သက်သည့် တရားစီရင်ချက်ကြေညာရာ၌ ဟောရှေ ၁၀:၈ ကိုဤသို့ကိုးကားခဲ့၏– “ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ‘ငါတို့အပေါ်သို့ကျကြပါ။’ အိုကုန်းများတို့၊ ‘ငါတို့ကိုဖုံးအုပ်ကြပါ’ ဟုခေါ်ကြလိမ့်မည်။” (လု. ၂၃:၃၀) ၎င်းကျမ်းပိုဒ်ထဲမှ အချို့တစ်ဝက်ကို ဗျာဒိတ် ၆:၁၆ တွင်ကိုးကားထားသည်။ မဿဲက ပရောဖက်ပြုချက်ပြည့်စုံကြောင်း ဖော်ပြရာ၌ ဟောရှေ ၁၁:၁ ကိုကိုးကား၍ ဤသို့ဆို၏– “ငါ့သားကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီ။” (မ. ၂:၁၅) ဣသရေလနယ်အားလုံး ပြန်လည်တည်ထောင်ရေးနှင့်ပတ်သက်သော ဟောရှေ၏ပရောဖက်ပြုချက် ပြည့်စုံခဲ့ပါသည်၊ ယုဒလူမျိုးသုံ့ပန်းမဖြစ်မီ ဆယ်နွယ်နိုင်ငံမှများစွာသောသူတို့သည် ယုဒပြည်သို့သွားရောက်ပေါင်းစည်းခဲ့ပြီး ၎င်းတို့၏မျိုးဆက်များသည် ပြည်နှင်ခံရပြီးနောက် ပြည်တော်ပြန်ကြသူများအထဲတွင် အပါအဝင်ဖြစ်ခြင်းဖြင့် ပြည့်စုံခဲ့သည်။ (ဟော. ၁:၁၁; ၆ ရာ. ၁၁:၁၃-၁၇; ၃၀:၆-၁၂၊ ၁၈၊ ၂၅; ဧဇ. ၂:၇၀) ဧဇရလက်ထက်မှစ၍ ဤကျမ်းသည် “ဟောရှေသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပါဌ်တော်” အဖြစ် ဟေဗြဲကျမ်းတွင် ထိုက်တန်စွာပါဝင်လာခဲ့သည်။—ဟော. ၁:၁။
၅။ အဘယ်သစ္စာမဲ့မှုများကြောင့် ဣသရေလကို ယေဟောဝါအပြစ်ပေးခဲ့သနည်း။
၅ ယေဟောဝါသည် မိမိ၏ပရောဖက်အဖြစ် ဟောရှေကို ဣသရေလပြည်သို့ အဘယ်ကြောင့်စေလွှတ်ခဲ့သနည်း။ ဣသရေလလူမျိုး၏ သစ္စာမဲ့မှုနှင့် ယေဟောဝါ၏ပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြစ်သော ဗာလဝတ်ပြုမှုဖြင့် ရောနှောညစ်ညမ်းမှုတို့ကြောင့်ဖြစ်သည်။ ကတိထားရာပြည်တွင် ဣသရေလလူမျိုးသည် လယ်ယာစိုက်ပျိုးသောလူမျိုးတစ်မျိုးဖြစ်လာခဲ့သည်၊ သို့သော် ထိုသို့လုပ်ဆောင်ရာတွင် သူတို့သည် ခါနာန်လူမျိုး၏ဘဝလမ်းစဉ်ကိုလက်ခံခဲ့ကြသည်သာမက သူတို့၏ဘာသာတရားကို သဘာဝစွမ်းအားများဖြစ်ပွားမှုကို ကိုယ်စားပြုသော ဗာလဝတ်ပြုရေးနှင့် ပါဝင်ပတ်သက်စေခဲ့ကြသည်။ ဟောရှေလက်ထက်တွင် ဣသရေလလူမျိုးသည် ယေဟောဝါ၏ဝတ်ပြုရေးမှ ထိန်းမနိုင်သိမ်းမရ မူးယစ်သောက်စား၊ ဗိမာန်တော်ပြည့်တန်ဆာများနှင့် ဖောက်ပြန်ပျော်ပါးသည့် ဘာသာရေးဝတ်ပြုပွဲများသို့ ဦးလှည့်ခဲ့ကြပြီးဖြစ်သည်။ ဣသရေလလူမျိုးသည် ချမ်းသာကြွယ်ဝမှုကို ဗာလကြောင့်ဟု ယူမှတ်ခဲ့ကြသည်။ ယေဟောဝါကိုသစ္စာမစောင့်သိခဲ့၊ ယေဟောဝါနှင့်မထိုက်တန်တော့သဖြင့် သူမသည် ဆုံးမခံခဲ့ရသည်။ သူမ၏ရုပ်ပစ္စည်းပိုင်ဆိုင်မှုများသည် ဗာလကြောင့်မဟုတ်ကြောင်း ယေဟောဝါပြရတော့မည်၊ ထို့ကြောင့် ဣသရေလသည် နောင်တမယူပါက အဘယ်အရာဖြစ်မည်ကို သတိပေးရန် ဟောရှေကိုစေလွှတ်ခဲ့သည်။ ဒုတိယမြောက်ယေရောဗောင်သေဆုံးပြီးနောက် ဣသရေလသည် အဆိုးရွားဆုံးအချိန်ကာလကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဘုရင်များစွာလုပ်ကြံခံခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သည့်အုပ်ချုပ်မှုကာလသည် အာရှုရိတို့၏တိုက်ခိုက်သိမ်းပိုက်မှုခံခဲ့ရသော ဘီ.စီ.အီး. ၇၄၀ အထိဆက်ရှိခဲ့သည်။ ၎င်းအချိန်အတောအတွင်း မဟာမိတ်အဖြစ် အီဂျစ်ကိုလိုလားသူတို့ကတစ်ဖက်၊ အာရှုရိကိုလိုလားသူတို့ကတစ်ဖက်နှင့် အုပ်စုနှစ်စုအချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ အုပ်စုနှစ်ခုစလုံးသည် ယေဟောဝါအား ယုံကြည်ကိုးစားခြင်းမရှိခဲ့ပါ။
၆။ ဟောရှေ၏စာရေးဟန်နှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။
၆ ဟောရှေ၏ရေးဟန်သည် ပီပြင်ရှင်းလင်းသည်။ သူ၏စကားအသုံးအနှုန်းတွင် အများအားဖြင့် နူးညံ့သိမ်မွေ့ကာ ဂရုတစိုက်ရှိပြီး ယေဟောဝါ၏မေတ္တာကရုဏာ၊ သနားကြင်နာမှုတို့ကို ထပ်ခါတလဲအလေးပေးဖော်ပြသည်။ သူတွေ့မြင်ရသော နောင်တရသည့်လက္ခဏာသေးသေးမွှားမွှားတစ်ခုစီကို အရေးတယူဖော်ပြသည်။ တစ်ခါတစ်ရံ သူ့ရေးသားပုံသည် တိုတုတ်ပြီး စိတ်လိုက်မာန်ပါဖြစ်တတ်၏။ သူသည် ကာရံနဘေမညီမှုကို ခွန်အား၊ စွမ်းအားတို့ဖြင့် ဖြည့်စွက်ထားသည်။ အလွန်ပြင်းထန်သော ခံစားချက်ကိုဖော်ပြပြီး အတွေးအာရုံကို ချက်ချင်းပြောင်းတတ်သည်။
၇။ ဂေါမာ၏သစ္စာမဲ့မှုနှင့် နောက်ပိုင်း သူမကိုပြန်သိမ်းယူခြင်းတို့သည် အဘယ်အရာကိုသရုပ်ဖော်သနည်း။
၇ ပရောဖက်ပြုလုပ်ငန်းအစတွင် “ပြည့်တန်ဆာမိန်းမ” ကိုသိမ်းယူရန် ဟောရှေအမိန့်ရခဲ့သည်။ (၁:၂) ၎င်းတွင် ယေဟောဝါ၌ ရည်ရွယ်ချက်တစ်ခုရှိခဲ့သည်မှာ သေချာသည်။ ဣသရေလလူမျိုးသည် ယေဟောဝါအတွက် သစ္စာမဲ့၊ ဖောက်ပြန်သောဇနီးနှင့်တူသည်။ သို့တိုင် ကိုယ်တော်သည် သူမကိုမေတ္တာပြကာ ပြန်ကောင်းလာစေရန် ကြိုးစားမည်ဖြစ်သည်။ ဟောရှေ၏မယားဂေါမာသည် ယင်းကို အတိအကျသရုပ်ဖော်နိုင်ခဲ့သည်။ သူမသည် ပထမကလေးမွေးပြီးနောက်တွင် သစ္စာမဲ့ခဲ့ရာ နောက်ကလေးမှာ ဖောက်ပြန်ပြီးရခဲ့ဖွယ်ရှိသည်။ (၂:၅-၇) ယင်းကြောင့် မှတ်တမ်း၌ သူမသည် “ဟောရှေ၌ သားယောက်ျားကိုဖွားမြင်” သည်ဟု ဖော်ပြထားသော်လည်း နောက်မွေးသောကလေးနှစ်ယောက်ကို ပရောဖက်နှင့် ဆက်စပ်မဖော်ပြခြင်းဖြစ်သည်။ (၁:၃၊ ၆၊ ၈) အခန်းကြီး ၃ အခန်းငယ် ၁-၃ အရ ဟောရှေသည် ကျွန်တစ်ဦးကဲ့သို့ ဂေါမာကိုဝယ်ယူကာ ပြန်သိမ်းယူခဲ့ပုံရသည်၊ ၎င်းက ကိုယ်တော့်လူမျိုးသည် ဖောက်ပြန်သောလမ်းစဉ်မှ နောင်တယူပြီးနောက် ယေဟောဝါပြန်လည်သိမ်းယူခြင်းနှင့် ဆက်စပ်ပတ်သက်သည်။
၈။ ကျမ်းထဲတွင် အဘယ်အမည်များကို ဖလှယ်၍အသုံးပြုထားသနည်း။
၈ ဟောရှေ၏ ပရောဖက်ပြုစကားများသည် မြောက်ပိုင်းဣသရေလဆယ်နွယ်နိုင်ငံကို အဓိကရည်စူးထားပြီး ၎င်းနိုင်ငံကို အထင်ကရအနွယ်၏အမည်ဖြစ်သော ဧဖရိမ်ဟူ၍လည်း သိထားကြသည်။ ဤကျမ်းတွင် ဣသရေလနှင့် ဧဖရိမ်အမည်တို့ကို ဖလှယ်၍အသုံးပြုထားသည်။
အဘယ်ကြောင့်အကျိုးရှိကြောင်း
၁၄။ ဟောရှေ၏ပရောဖက်ပြုချက်ထဲမှ အဘယ်တိကျစွာပြည့်စုံချက်များကို မှတ်သားရန်ဖြစ်သနည်း။
၁၄ ဟောရှေကျမ်းသည် ယေဟောဝါ၏မှုတ်သွင်းခံပရောဖက်ပြုချက်များ၌ ယုံကြည်ခြင်းခိုင်ခံ့စေသည်။ ဣသရေလ၊ ယုဒတို့နှင့်ပတ်သက်သော ဟောရှေပရောဖက်ပြုခဲ့သမျှ တစ်လုံးမကျန်ပြည့်စုံခဲ့သည်။ ဣသရေလသည် ရုပ်တုကိုးကွယ်သည့် အိမ်နီးချင်းနိုင်ငံများမှ သူမ,ချစ်သူများ၏ စွန့်ပယ်ခြင်းကိုခံခဲ့ရကာ ဘီ.စီ.အီး. ၇၄၀ တွင် အာရှုရိထံမှ ဖျက်ဆီးခြင်းလေပွေ၏ဆိုးကျိုးကို ခံခဲ့ရသည်။ (ဟော. ၈:၇-၁၀; ၄ ရာ. ၁၅:၂၀; ၁၇:၃-၆၊ ၁၈) သို့ရာတွင် ယေဟောဝါသည် ယုဒပြည်ကို စစ်အင်အားဖြင့်မဟုတ်ဘဲ ကရုဏာပြကယ်တင်မည်ဟု ဟောရှေကြိုဟောခဲ့သည်။ ၎င်းသည် ယေရုရှလင်မြို့ကို ခြိမ်းခြောက်နေသော အာရှုရိစစ်သည် ၁၈၅,၀၀၀ ကိုယေဟောဝါ၏ကောင်းကင်တမန် သုတ်သင်ခဲ့ချိန်တွင် ပြည့်စုံခဲ့သည်။ (ဟော. ၁:၇; ၄ ရာ. ၁၉:၃၄၊ ၃၅) သို့သော် ယုဒသည် ဟောရှေ ၈:၁၄ ရှိဤတရားစီရင်ချက်တွင် ပါဝင်ခဲ့သည်– “ငါသည် ထိုမြို့များတို့ကိုမီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်” ဟုဆိုထားသည်အတိုင်း ဘီ.စီ.အီး. ၆၀၉-၆၀၇ တွင် ယုဒနှင့်ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာ ဖျက်ဆီးဖြိုဖျက်ချိန်တွင် ကြောက်မက်ဖွယ်ပြည့်စုံခဲ့သည်။ (ယေ. ၃၄:၆၊ ၇; ၆ ရာ. ၃၆:၁၉) ယေဟောဝါသည် ယုဒနှင့်ဣသရေလတို့ကိုစုရုံးခဲ့ပြီး ဘီ.စီ.အီး. ၅၃၇ တွင် ပြည်နှင်ခံရာ “ပြည်ထဲကထွက်လာကြ” သောအခါ ဟောရှေ၏ပြန်လည်တည်ထောင်ရေး ပရောဖက်ပြုချက်များစွာ ပြည့်စုံခဲ့သည်။—ဟော. ၁:၁၀၊ ၁၁; ၂:၁၄-၂၃; ၃:၅; ၁၁:၈-၁၁; ၁၃:၁၄; ၁၄:၁-၉; ဧဇ. ၂:၁; ၃:၁-၃။
၁၅။ ခရစ်ယာန်ဂရိကျမ်းစာရေးသူများသည် ဟောရှေကျမ်းမှ မည်သို့ကိုးကားဖော်ပြကြသနည်း။
၁၅ ခရစ်ယာန်ဂရိကျမ်းရေးသူများက ဟောရှေ၏ပရောဖက်ပြုချက်ကို ရည်ညွှန်းချက်တို့သည် ယနေ့ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ရန်အတွက်လည်း များစွာအကျိုးပြုသည်။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေါလုဆွေးနွေးစဉ် ဟောရှေ ၁၃:၁၄ သက်ဆိုင်ပုံကို ဤသို့ပိုင်ပိုင်နိုင်နိုင်ဖော်ပြခဲ့သည်– “အိုသေမင်း သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ အိုသေမင်း သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။” (၁ ကော. ၁၅:၅၅၊ သမ္မာ) ကရုဏာခံရာအိုးများနှင့်စပ်လျဉ်း၍ ယေဟောဝါ၏ မခံစားထိုက်သော ကရုဏာတော်အကြောင်း အလေးပေးဖော်ပြရာ၌ ပေါလုသည် ဟောရှေ ၁:၁၀ နှင့် ၂:၂၃ ကိုကိုးကားခဲ့သည်– “ဟောရှေ၏ကျမ်းစာ၌လာသည်ကား ‘ငါ၏လူမဟုတ်သောသူကို “ငါ၏လူ” ဟူ၍ငါခေါ်မည်။ မချစ်သောသတို့သမီးကိုလည်း “အချစ်” ဟူ၍ငါခေါ်မည်။ သင်တို့သည် “ငါ၏လူမဟုတ်” ဟုပြောဆိုရာအရပ်၌နေသောသူတို့သည် “အသက်ရှင်တော်မူသောဘုရားသခင်၏သား” ဟုခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်’ ဟုလာသတည်း။” (ရော. ၉:၂၅၊ ၂၆) ပေတရုသည် ဟောရှေကျမ်းမှ ၎င်းကျမ်းပိုဒ်ကို ဤသို့စကားပြေပြန်ဆို၏– “အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင်ခံရကြ၏။”—၁ ပေ. ၂:၁၀။
၁၆။ ဝတ်ပြုရေးအတွက် ယေဟောဝါ၏တောင်းဆိုချက်ကို ဖော်ပြရာတွင် ယေရှုသည် ဟောရှေ၏အဘယ်စကားများကို ထပ်တလဲလဲမိန့်တော်မူခဲ့သနည်း။
၁၆ သို့ဖြစ်၍ ဟောရှေ၏ပရောဖက်ပြုချက်သည် ဇေရုဗဗေလလက်ထက် အကြွင်းအကျန်ပြည်တော်ပြန်ချိန်၌သာ ပြည့်စုံခဲ့ခြင်းမဟုတ်ဘဲ ‘အသက်ရှင်တော်မူသော ဘုရားသခင်၏သားများ’ ဖြစ်လာသူ ဝိညာဏအကြွင်းအကျန်ကို ယေဟောဝါကရုဏာပြစုရုံးချိန်တွင်လည်း ပြည့်စုံခဲ့သည်။ ၎င်းတို့နှင့်ဆိုင်သောတောင်းဆိုချက်များကို ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ဟောရှေသိခဲ့သည်။ အပြင်ပန်းအခမ်းအနားဖြင့် ဝတ်ပြုသည့်အသွင်တစ်ရပ်သာမဟုတ်ဘဲ (မဿဲ ၉:၁၃ နှင့် ၁၂:၇ တွင်ယေရှု ထပ်တလဲလဲမိန့်တော်မူခဲ့သော) ဟောရှေ ၆:၆ ပါဤစကားအတိုင်းဖြစ်ရမည်– “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့်ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါနှစ်သက်၏။”
၁၇။ (က) ဝိညာဏဖောက်ပြန်မှုထဲသို့ ကျဆင်းသွားသူမည်သူမဆိုအတွက် အဘယ်အရာလိုအပ်သနည်း။ (ခ) ဟောရှေကျမ်းထဲတွင် အဘယ်ဝမ်းမြောက်ဖွယ် နိုင်ငံတော်ဆိုင်ရာ ကတိတော်ပါရှိသနည်း။
၁၇ ဟောရှေ၏အသက်တာတွင် ကွက်ကွက်ကွင်းကွင်းဖြစ်ပျက်ခဲ့သည့် ဖောက်ပြန်သောဇနီးပုံဥပမာက ယေဟောဝါအားစွန့်ပစ်၍ ရုပ်တုကိုးကွယ်မှုနှင့် မှောက်မှားသောဝတ်ပြုရေးလမ်းစဉ်များကို လိုက်စားခြင်းဖြင့် ဝိညာဏဖောက်ပြန်ကျူးလွန်သူတို့ကို ကိုယ်တော်စက်ဆုပ်ရွံရှာကြောင်း ဖော်ပြသည်။ ထို့ပြင် အမှားပြုမိခဲ့သူမည်သူမဆိုသည် စစ်မှန်သောနောင်တဖြင့် “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကိုပူဇော်” ပြီးကိုယ်တော့်ထံ ပြန်လှည့်လာရမည်။ (ဟော. ၁၄:၂; ဟေဗြဲ ၁၃:၁၅) သူတို့သည် ဝိညာဏဣသရေလအကြွင်းအကျန်နှင့်အတူ ဟောရှေ ၃:၅ တွင်ပါသော နိုင်ငံတော်ဆိုင်ရာကတိတော်ပြည့်စုံမှု၌ ဝမ်းမြောက်ကြမည်– “ထို့နောက်မှ ဣသရေလအမျိုးသားတို့သည်ပြန်လာ၍ သူတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကိုလည်းကောင်းရှာ၍ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှာ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည်။”