လေ့လာရန် အကြောင်းအရာ နံပါတ် ၆– သမ္မာကျမ်းစာထဲမှ ခရစ်ယာန် ဂရိကျမ်း
ဂရိကျမ်းစောင်များကူးရေးခြင်း; မျက်မှောက်ခေတ်အထိ ဂရိဘာသာစကားနှင့် အခြားဘာသာစကားများသို့ လက်ဆင့်ကမ်း လာခဲ့ပုံ; မျက်မှောက်ခေတ်ကျမ်းစာကို အားထားယုံကြည်နိုင်ပုံ။
ရှေးခရစ်ယာန်များသည် ‘ယေဟောဝါ၏ နှုတ်ကပါဌ်တရား’ ကို ကမ္ဘာချီပညာပေးကာ ကြေညာသူများ ဖြစ်ခဲ့ကြသည်။ ယေရှုကောင်းကင်သို့မတက်ကြွမီ မိန့်မှာခဲ့သည့် ဤအမိန့်တော်ကို အလေးအနက် သဘောထားခဲ့ကြသည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (ဟေရှာ. ၄၀:၈; တ. ၁:၈) ယေရှုကြိုတင်မိန့်ဆိုခဲ့သည့်အတိုင်း ဦးဆုံး တပည့်တော် ၁၂၀ သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ၎င်း၏တက်ကြွသောစွမ်းအားကို ရရှိခဲ့ကြသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုနေ့၌ပင် ပေတရုသည် စေ့စေ့စပ်စပ် သက်သေခံခြင်းအားဖြင့် ပညာပေးရေးအစီအစဉ်သစ်ကို ရှေ့တန်းမှလုပ်ဆောင်ခဲ့ရာ သတင်းစကားကို လူအမြောက်အမြား နှလုံးသွင်းခဲ့ကြပြီး တည်ထောင်ခါစအသင်းတော်သို့ တပည့်သစ်လွင် ၃,၀၀၀ ခန့်တိုးများလာခဲ့သည်။—တ. ၂:၁၄-၄၂။
၂ သမိုင်းတစ်လျှောက် အဘယ်အုပ်စုနှင့်မျှမတူဘဲ လုပ်ဆောင်ရန်လှုံ့ဆော်ခံရသော ယေရှုခရစ်၏ ထိုတပည့်များသည် ထိုခေတ်လောကတစ်ခွင် အရပ်ရှစ်မျက်နှာတိုင် ရောက်ရှိစေသည့် သွန်သင်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။ (ကော. ၁:၂၃) မှန်ပါသည်၊ ယေဟောဝါ၏ သစ္စာနှံ ၎င်းသက်သေခံတို့သည် မိမိတို့ခြေကိုသုံးကာ တစ်အိမ်မှတစ်အိမ်၊ တစ်မြို့မှတစ်မြို့၊ တစ်နိုင်ငံမှတစ်နိုင်ငံသို့ “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်း” ဟောပြောခဲ့ကြသည်။ (ရော. ၁၀:၁၅) ၎င်းသတင်းကောင်းမှာ ခရစ်တော်၏ရွေးနုတ်ဖိုး ပြင်ဆင်ပေးချက်၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့် ကတိထားရာ ဘုရားသခင့်နိုင်ငံတော်အကြောင်းတို့ဖြစ်သည်။ (၁ ကော. ၁၅:၁-၃၊ ၂၀-၂၂၊ ၅၀; ယာ. ၂:၅) မမြင်နိုင်သောအရာများနှင့်ပတ်သက်သည့် ထိုကဲ့သို့သက်သေခံချက်မျိုးကို လူသားများထံ တစ်ခါမျှ မကြေညာခဲ့ဖူးပါ။ ယေရှု၏ပူဇော်သကာပေါ် အခြေခံပြီး ယေဟောဝါအား မိမိတို့၏ အချုပ်အခြာအာဏာပိုင်အဖြစ် ယခုလက်ခံသောသူများစွာသည် ယုံကြည်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သော “မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေ” ဖြစ်လာခဲ့သည်။—ဟေဗြဲ ၁၁:၁၊ ကဘ; တ. ၄:၂၄; ၁ တိ. ၁:၁၄-၁၇။
၃ ထိုခရစ်ယာန်ဓမ္မအမှုဆောင် အမျိုးသား၊ အမျိုးသမီးများသည် အလင်းထွန်းလင်းပေးသော ဘုရားသခင့်အမှုဆောင်များ ဖြစ်ခဲ့ကြသည်။ သူတို့သည် ရေးတတ်၊ ဖတ်တတ်ကြသည်။ သမ္မာကျမ်းစာကို တတ်မြောက်ခဲ့ကြ၏။ ကမ္ဘာ့ဖြစ်ရပ်များနှင့်ပတ်သက်၍ ဗဟုသုတရှိသူများဖြစ်ခဲ့ကြသည်။ သူတို့သည် ခရီးသွားလေ့သွားထရှိသူများ ဖြစ်ခဲ့ကြသည်။ သတင်းကောင်းဖြန့်ချိရာ၌ အဘယ်အရာ၏ တားဆီးမှုကိုမှ မခံဘဲ ရှေ့သို့သာ တိုးနေကြသည့်အတွက် ကျိုင်းကောင်များနှင့်မခြားပေ။ (တ. ၂:၇-၁၁၊ ၄၁; ယောလ ၂:၇-၁၁၊ ၂၅) ခရစ်သက္ကရာဇ် ပထမရာစုတွင် သူတို့သည် မျက်မှောက်ခေတ်လူတို့နှင့် နည်းများစွာတွင် အလွန်ဆင်တူသော လူဘောင်အလယ်တွင် အမှုဆောင်ခဲ့ကြသည်။
၄ အစောပိုင်းခရစ်ယာန်တို့သည် “အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပါဌ်တရားတော်” ၏ တိုးတက်သောဟောပြောသူများအနေနှင့် သူတို့ရနိုင်သမျှ ကျမ်းစာလိပ်များကို ကောင်းစွာအသုံးချခဲ့ကြ၏။ (ဖိ. ၂:၁၅၊ ၁၆; ၂ တိ. ၄:၁၃) ၎င်းတို့အထဲမှ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့လေးဦးသည် ‘ယေရှုခရစ်နှင့်ပတ်သက်သည့် သတင်းကောင်း’ ကို ရေးသားရန် ယေဟောဝါ၏ မှုတ်သွင်းတော်မူခြင်း ခံခဲ့ရသည်။ (မာ. ၁:၁; မ. ၁:၁) ပေတရု၊ ပေါလု၊ ယောဟန်၊ ယာကုပ်နှင့် ယုဒစသောသူတို့သည် မှုတ်သွင်းခံရကာ စာစောင်များကို ရေးသားခဲ့ကြသည်။ (၂ ပေ. ၃:၁၅၊ ၁၆) အခြားသူတို့သည် ယင်းမှုတ်သွင်းခံစာများကို ပြန်လည်ကူးရေးသူများဖြစ်လာကြပြီး အရေအတွက်တိုးပွားနေသော အသင်းတော်များတွင် ယင်းမိတ္တူကျမ်းစောင်များကို ဖလှယ်ဖတ်ရှုခြင်းဖြင့် အကျိုးခံစားခဲ့ကြသည်။ (ကော. ၄:၁၆) ၎င်းပြင် “ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ် [“အသက်ကြီးသူ၊” ကဘ] တို့” သည် အယူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ဘုရားသခင့်ဝိညာဉ်တော် ညွှန်ကြားမှုအောက်တွင် ဆုံးဖြတ်ပေးခဲ့ကြပြီး ၎င်းတို့ဆုံးဖြတ်ချက်များကို နောက်ပိုင်းအသုံးပြုနိုင်ရန် မှတ်တမ်းတင်ခဲ့ကြသည်။ ယင်းဗဟိုအုပ်ချုပ်ရေးအဖွဲ့သည် ဝေးလံသောအသင်းတော်များသို့လည်း ညွှန်ကြားစာများ ပေးပို့ခဲ့သည်။ (တ. ၅:၂၉-၃၂; ၁၅:၂၊ ၆၊ ၂၂-၂၉; ၁၆:၄) ယင်းသို့ပေးပို့ရန် ကိုယ်ပိုင်စာပို့လုပ်ငန်းကို စီစဉ်ခဲ့ကြသည်။
၅ ကျမ်းစာဖြန့်ချိရာတွင် လျင်မြန်စေရန်နှင့် ကိုးကားဖတ်ရှုရာတွင် အဆင်ပြေစေရန် အစောပိုင်းခရစ်ယာန်များသည် စာလိပ်များအစား ကိုဒက်လက်ရေးစာမူပုံစံကို စတင်အသုံးပြုလာခဲ့သည်။ ကိုဒက်လက်ရေးစာမူသည် မျက်မှောက်ခေတ် စာအုပ်ပုံစံမျိုးနှင့်ဆင်တူပြီး ကိုးကားဖတ်ရှုဖို့ ရှာဖွေရာတွင် စာရွက်များကို အလွယ်တကူ လှန်လှောရှာဖွေနိုင်သည်၊ စာလိပ်များကဲ့သို့ အချိန်အတော်ကြာကြာ စာလိပ်ဖြေနေစရာမလိုတော့ပါ။ ထို့ပြင် စာလိပ်များအနေနှင့်ဆိုလျှင် ကျမ်းစောင်များကို သီးခြားစာလိပ်များလိပ်ထားရပြီး ကိုဒက်ပုံစံမူ ကျမ်းစာရင်းဝင် ကျမ်းစောင်များကို တစ်ပေါင်းတည်း ချုပ်ထားနိုင်သည်။ အစောပိုင်းခရစ်ယာန်တို့သည် ကိုဒက်လက်ရေးစာမူများကို စတင်အသုံးပြုခဲ့ကြသူများဖြစ်သည်။ ၎င်းကိုတီထွင်ခဲ့သူများပင် ဖြစ်နိုင်သည်။ ကိုဒက်ပုံစံကို ခရစ်ယာန်မဟုတ်သူ စာရေးဆရာများလည်း တဖြည်းဖြည်းသာ လက်ခံအသုံးပြုလာခဲ့ကြသော်လည်း ဒုတိယနှင့် တတိယရာစုရှိ ခရစ်ယာန်ကျူစာအများစုမှာ ကိုဒက်ပုံစံဖြင့်ဖြစ်သည်။a
၆ ကြားခံကွိုင်နေး(အများသုံးဂရိစကား) ကျမ်း။ ဘီ.စီ.အီး. ကိုးရာစုမှ ဘီ.စီ.အီး. လေးရာစုအတွင်း အချိန်ကာလသည် ဂရိဘာသာစကား ထွန်းကားသည့် အချိန်ဖြစ်ခဲ့သည်။ အက်တစ်နှင့် အိုင်ရိုးနစ် ဘာသာစကား ထွန်းကားသည့်အချိန်ဖြစ်သည်။ ထိုအချိန်ကာလအတွင်း အထူးသဖြင့် ဘီ.စီ.အီး. ငါးရာစုနှင့် လေးရာစုအချိန်ကာလတွင် ဟိုးမား၊ ဟဲရိုဒိုတပ်စ်၊ ဆိုကရေးတီး၊ ပလေတိုနှင့် အခြားသူတို့စသည့် ဂရိပြဇာတ်ဆရာများ၊ ကဗျာဆရာများ၊ အဟောအပြောကောင်းသူများ၊ သမိုင်းဆရာများ၊ အတွေးအခေါ်ပညာရှင်များနှင့် သိပ္ပံပညာရှင်များစွာ ပေါ်ပေါက်လာခဲ့သည်။ ဘီ.စီ.အီး. လေးရာစုခန့်မှ စီ.အီး. ခြောက်ရာစုခန့် အချိန်ကာလအတွင်း ကွိုင်နေးဟုခေါ်သော အများသုံးဂရိစကား ထွန်းကားသည့်ခေတ်ဖြစ်ခဲ့သည်။ ထိုသို့ထွန်းကားရခြင်းမှာ ဂရိနိုင်ငံဒေသအသီးသီးမှ စစ်သူရဲများနှင့်ဖွဲ့စည်းထားသော မဟာအလက်ဇန္ဒြား၏ စစ်ရေးကြောင့်ဖြစ်သည်။ ထိုသူတို့သည် ဒေသန္တရသုံး ဂရိသာဘာစကားအမျိုးမျိုးကို ပြောဆိုကြသောကြောင့် ယင်းစကားတို့ကို ပေါင်းစပ်လိုက်သောအခါ ဘုံဘာသာစကား ကွိုင်နေးပေါ်ပေါက်လာပြီး လူသုံးများလာခဲ့သည်။ အလက်ဇန္ဒြားသည် အီဂျစ်ကို စစ်အောင်ပြီး အာရှဒေသကိုလည်း အိန္ဒိယပြည်အထိ အောင်မြင်ခဲ့သောကြောင့် ကွိုင်နေးဂရိစကားကို လူအမျိုးမျိုးကြား ပျံ့နှံ့စေခဲ့ရာ နိုင်ငံတကာသုံးစကားအဖြစ် ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သည်။ စက်ပ်တွားဂျင့်ကျမ်းပါ ဂရိဝေါဟာရများသည် ဘီ.စီ.အီး. တတိယနှင့် ဒုတိယရာစုနှစ်အတွင်း အီဂျစ်ပြည် အလက်ဇန္ဒြီးယားမြို့တွင် အသုံးပြုခဲ့သော ကွိုင်နေးစကားဖြစ်သည်။
၇ ယေရှုနှင့် တမန်တော်များလက်ထက်တွင် ကွိုင်နေးစကားသည် ရောမနယ်ပယ်တစ်ခွင်တွင် နိုင်ငံတကာသုံး ဘာသာစကားဖြစ်ခဲ့သည်။ ကျမ်းစာကိုယ်နှိုက်က ယင်းအချက်ကို ထောက်ခံသည်။ ယေရှု နှက်တိုင်တွင် ရိုက်ခံရသည့်အခါ ခေါင်းတော်ပေါ်၌ ဂျူးလူမျိုးတို့၏ ဟေဗြဲဘာသာဖြင့်သာမက၊ ရုံးသုံးဘာသာစကားဖြစ်သော လက်တင်ဘာသာစကားအပြင် ဂရိဘာသာစကားဖြင့် ကမ္ပည်းထိုးထားသောစာတန်းကို ရိုက်ကပ်ထားခဲ့ကြသည်၊ ဂရိစကားကို ရောမ၊ အလက်ဇန္ဒြီးယား၊ သို့မဟုတ် အေသင်မြို့တို့တွင်ကဲ့သို့ ယေရုရှလင်မြို့လမ်းများပေါ်တွင် ပြောလေ့ရှိသောကြောင့်ဖြစ်သည်။ (ယော. ၁၉:၁၉၊ ၂၀; တ. ၆:၁) ပေါလုသည် ယေရုရှလင်မြို့တွင် ဂရိစကားပြောဂျူးများ (ဟေလေနစ်လူတို့) အား သတင်းကောင်းဟောပြောခဲ့သည်ဟု တမန်တော် ၉:၂၉ တွင်ဖော်ပြထား၏။ ထိုအချိန်ကသုံးသော ကွိုင်နေးစကားသည် ထိထိမိမိရှိသော၊ အသက်ဝင်သော၊ အပြည့်အဝဖွံ့ဖြိုးနေပြီဖြစ်သော ဘာသာစကားဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ထပ်ဆင့်ပျံ့နှံ့ကြားသိစေရာတွင် ယေဟောဝါ၏ မြင့်မြတ်သော ရည်ရွယ်ချက်အတွက် အသင့်တော်ဆုံး အသင့်ရှိနေသောဘာသာစကားဖြစ်ခဲ့သည်။
ဂရိကျမ်းနှင့် ၎င်းကျမ်းကူးပြောင်းလာခဲ့ပုံ
၈ ပြီးခဲ့သောအခန်းတွင် ကျွန်ုပ်တို့ လေ့လာခဲ့သည့်အတိုင်း ယေဟောဝါသည် သမ္မာရေစင်ကို ရေးသားထားသောကျမ်းစောင်များဖြင့် ဖွဲ့စည်းထားသည့် မှုတ်သွင်းခံဟေဗြဲကျမ်း၊ ရေလှောင်ကန်တွင် သိုလှောင်သိမ်းဆည်းထားခဲ့ကြောင်း သိရှိခဲ့ရသည်။ သို့ရာတွင် ယေရှုခရစ်၏တမန်တော်များ၊ အခြားတပည့်တော်များ ရေးသားခဲ့သည့် ကျမ်းစောင်တို့နှင့်ပတ်သက်၍ကော အသို့နည်း။ ယင်းတို့ကိုလည်း သိုလှောင်သိမ်းဆည်းပေးခဲ့ပါသလော။ ဂရိဘာသာစကားဖြင့်အပြင် အခြားဘာသာစကားများဖြင့် ထိန်းသိမ်းထားသော လက်ရေးစာမူစောင်များစွာကို ဆန်းစစ်ကြည့်သည့်အခါ ထိုသို့ပြုခဲ့ကြောင်း ဖော်ပြသည်။ ရှင်းပြခဲ့ပြီးဖြစ်သည့်အတိုင်း သမ္မာကျမ်းစာ၏ ဤအပိုင်းကို ကျမ်းရင်းဝင်ကျမ်းစောင် ၂၇ စောင်ဖြင့် ဖွဲ့စည်းထားသည်။ မူရင်းဂရိကျမ်း မျက်မှောက်ခေတ်အချိန်အထိ ထိန်းသိမ်းလာခဲ့ပုံတို့ကိုဖော်ပြသည့် ဤ ၂၇ စောင်၏ မူလစာသားကူးပြောင်းပုံကို သုံးသပ်ကြည့်ပါ။
၉ ဂရိလက်ရေးစာမူများ၏ရင်းမြစ်။ ကျမ်းရင်းဝင် ခရစ်ယာန်ကျမ်းစာ ၂၇ စောင်ကို ၎င်းခေတ်ရှိ အများသုံးဂရိစကားဖြင့် ရေးသားခဲ့သည်။ သို့ရာတွင် မဿဲကျမ်းစောင်ကို အစပထမက ဂျူးလူမျိုးများအတွက် ရည်သန်၍ ကျမ်းသုံးဟေဗြဲဘာသာဖြင့် ရေးသားခဲ့ပုံရသည်။ ယင်းကျမ်းကို နောက်ပိုင်း ဂရိဘာသာသို့ ပြန်ဆိုခဲ့သည်ဟု စတုတ္ထရာစုမှ ကျမ်းစာဘာသာပြန်သူ ဂျရုမ်းကဆိုလျက် ယင်းအချက်ကို ဖော်ပြခဲ့သည်။ မဿဲကိုယ်တိုင် ဘာသာပြန်ခဲ့ခြင်းဖြစ်နိုင်သည်—မဿဲသည် ရောမနိုင်ငံ၏ဝန်ထမ်း၊ အခွန်ခံတစ်ဦးဖြစ်သောကြောင့် ဟေဗြဲ၊ လက်တင်နှင့် ဂရိဘာသာစကားများကို တတ်ကျွမ်းမည်မှာ သံသယဖြစ်စရာမရှိပါ။—မာ. ၂:၁၄-၁၇။
၁၀ အခြားခရစ်ယာန်ကျမ်းရေးသူများဖြစ်ကြသော မာကု၊ လုကာ၊ ယောဟန်၊ ပေါလု၊ ပေတရု၊ ယာကုပ်နှင့် ယုဒ အားလုံးတို့သည် သူတို့၏ကျမ်းစောင်များကို ခရစ်ယာန်များအပါအဝင် ပထမရာစုရှိအခြားသော လူအများစုသုံးဘာသာစကား ကွိုင်နေးဖြင့် ရေးသားခဲ့ကြသည်။ မူရင်းကျမ်းစောင်များထဲမှ နောက်ဆုံးကျမ်းစောင်ကို စီ.အီး. ၉၈ ခုနှစ်ခန့်တွင် ယောဟန်ရေးသားခဲ့သည်။ ကျွန်ုပ်တို့သိရှိရသလောက် ထိုမူရင်းကျမ်းစောင် ၂၇ စောင်စလုံး ကျွန်ုပ်တို့ခေတ်တွင် မရှိတော့ပါ။ သို့ရာတွင် အဆိုပါရင်းမြစ်မှ မူရင်းမိတ္တူပွားများ၊ ယင်းမိတ္တူများ၏ အစွယ်အပွားများရရှိခဲ့ရာ ခရစ်ယာန်ဂရိကျမ်းစောင် လက်ရေးစာမူများစွာကို သိုမှီးသိမ်းဆည်းထားနိုင်လေသည်။
၁၁ လက်ရေးစာမူ ၁၃,၀၀၀ ကျော် သိုမှီးသိမ်းဆည်းထားမှု။ ကျမ်းရင်းဝင် ကျမ်းစောင် ၂၇ စောင်စလုံး၏ လက်ရေးစာမူ အမြောက်အမြားကို ယနေ့တွေ့ရှိရသည်။ အချို့စာမူများသည် ကျမ်းအပိုင်းအတော်များများပါရှိပြီး အချို့မှာမူ အပိုင်းအစမျှသာဖြစ်သည်။ တွက်ချက်မှုတစ်ခုအရ မူရင်းဂရိဘာသာစကားဖြင့် စာမူပေါင်း ၅,၀၀၀ ကျော်ရှိသည်။ ထို့ပြင် အခြားဘာသာစကားအမျိုးမျိုးဖြင့် စာမူပေါင်း ၈,၀၀၀ ကျော်ရှိရာ—စုစုပေါင်းစာမူ ၁၃,၀၀၀ ကျော်ရှိသည်။ ယင်းတို့သည် စီ.အီး. ၂ ရာစုမှ ၁၆ ရာစုနှစ်အတွင်းကဖြစ်ပြီး ယင်းစာမူအားလုံးက စစ်မှန်သောမူရင်းကျမ်းကို ပိုင်းခြားဆုံးဖြတ်ရာတွင် အထောက်အကူပြုသည်။ ထိုလက်ရေးစာမူများထဲမှ ရှေးအကျဆုံးစာမူမှာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ ဂျွန် ရိုင်လန်းစ် စာကြည့်တိုက်တွင်တွေ့ရသော ယောဟန်ခရစ်ဝင်ကျမ်း ကျူစာအပိုင်းအစဖြစ်ပြီး ၎င်းကို P52 ဟုအများကသိကြကာ ဒုတိယရာစု၏ ပထမပိုင်းလေးပုံတစ်ပုံဖြစ်သော စီ.အီး. ၁၂၅ ခုနှစ်ကဖြစ်နိုင်သည်။b သို့ဖြစ်၍ ၎င်းမိတ္တူကို မူရင်းကျမ်းစောင်ရေးပြီးနောက် နှစ်ဆယ့်ငါးနှစ်အကြာ သို့မဟုတ် ယင်းဝန်းကျင်လောက်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ရှေးဂရိစာရေးဆရာအများစု၏ စာသားများကို ဂဃနဏသိရှိရန် စစ်ဆေးကြည့်သည့်အခါ လက်ရေးစာမူလက်တစ်ဆုပ်စာသာ တွေ့ရှိရပြီး ယင်းတို့သည် မူရင်းရေးသားပြီးသည့်အချိန်မှ ရာစုနှစ်တစ်ခုအတွင်းမှ စာမူများဟုတ်လေ့မရှိပါ၊ သို့သော် ခရစ်ယာန်ဂရိကျမ်းသည် တရားဝင်ကျမ်းအဖြစ် ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ကြောင်း သက်သေအထောက်အထား တောင်ပုံရာပုံရှိခြင်းကြောင့် ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်နိုင်သည်။
၁၂ ကျူစက္ကူ လက်ရေးစာမူများ။ စက်ပ်တွားဂျင့်ကျမ်း၏ အစောပိုင်းစာမူများကဲ့သို့ ခရစ်ယာန်ဂရိကျမ်း၏ ကနဦးစာမူများသည်လည်း ကျူစက္ကူပေါ်ရေးသားခဲ့ကြပြီး စီ.အီး. လေးရာစုခန့်အထိ ကျမ်းစာလက်ရေးစာမူများရေးရာတွင် ကျူစက္ကူကို ဆက်အသုံးပြုခဲ့ကြသည်။ ကျမ်းရေးသူတို့သည်လည်း ခရစ်ယာန်အသင်းတော်များသို့ သြဝါဒစာများ ရေးပို့ရာ၌ ကျူစက္ကူများကိုပင် အသုံးပြုခဲ့ဖွယ်ရှိသည်။
၁၃ အီဂျစ်နိုင်ငံ ဖိုင်ယွန်ပြည်တွင် ကျူစာပေအမြောက်အမြားကို တွေ့ရှိခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်းတွင် ကျူစက္ကူဖြင့်ရေးထားသော သမ္မာကျမ်းစောင်မြောက်မြားစွာကို အထင်အရှားတွေ့ရှိခဲ့သည်။ မျက်မှောက်ခေတ် လက်ရေးစာမူများ ရှာဖွေတွေ့ရှိသည့်ထဲမှ အရေးအပါဆုံးတစ်ခုမှာ ၁၉၃၁ ခုနှစ်တွင် လူသိရှင်ကြားဖော်ပြခဲ့သော တွေ့ရှိမှုဖြစ်သည်။ ၎င်းတွင် မှုတ်သွင်းခံ ဟေဗြဲကျမ်း ၈ စောင်နှင့် ခရစ်ယာန်ဂရိကျမ်း ၁၅ စောင်တို့၏ အပိုင်းများပါဝင်သော ကိုဒက်လက်ရေးစာမူ ၁၁ အုပ်၏အပိုင်းများပါရှိကာ အားလုံးကို ဂရိဖြင့်ရေးသားထားသည်။ ၎င်းကျူစာကို ခရစ်သက္ကရာဇ် ဒုတိယရာစုမှ စတုတ္ထရာစုအတွင်း ရေးသားခဲ့ရာဖြစ်သည်။ ရှာဖွေတွေ့ရှိသည့်အထဲမှ ခရစ်ယာန်ဂရိကျမ်းအပိုင်း အများစုကို ချက်စတာဘီတီ စုဆောင်းပစ္စည်းများတွင် တွေ့ရပြီး P45၊ P46၊ နှင့် P47 အဖြစ် စာရင်းသွင်းထားပြီး P သည် “ပါပိုင်းရတ်စ်” ကျူစာ၏ အမှတ်အသားဖြစ်သည်။
၁၄ ထူးခြားသော နောက်ထပ်စုဆောင်းထားရာကျူစာအများအပြားကို ၁၉၅၆ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ထုတ်ဝေခဲ့သည်။ ဘော့မာကျူစာအဖြစ်သိကြသော ယင်းကျူစာတွင် အစောပိုင်း ခရစ်ဝင်ကျမ်းနှစ်စောင် (P66 နှင့် P75) ပါပြီး စီ.အီး. တတိယရာစုအစောပိုင်းမှဖြစ်သည်။ ဤလေ့လာရန်အကြောင်းအရာ မတိုင်မီဖော်ပြထားသော ဇယားပါစာရင်းများတွင် ဟေဗြဲနှင့် ခရစ်ယာန်ဂရိကျမ်းစောင်တို့၏ မှတ်သားဖွယ်ရှေးကျမ်းစောင် ကျူစာအချို့၏စာရင်းကို ဖော်ပြထားသည်။ ဇယား၏ နောက်ဆုံးကော်လံတွင် ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာကိုပြန်ဆိုရာတွင် အထောက်အကူရသော ထိုကျူစက္ကူလက်ရေးစာမူမှ ကျမ်းပိုဒ်များကို ကိုးကားဖော်ပြထားပြီး ထိုအခန်းငယ်များ၏ အောက်ခြေမှတ်ချက်များတွင် ဖော်ပြထားသည်။
၁၅ ထိုကျူစာများကို ရှာဖွေတွေ့ရှိခြင်းက သမ္မာကျမ်းစာ ကျမ်းရင်းဝင် ကျမ်းစောင်များကို အစောပိုင်းကတည်းက စုစည်းခဲ့ပြီးဖြစ်ကြောင်း သက်သေထူသည်။ ချက်စတာဘီတီကျူစာများထဲတွင် ကိုဒက်လက်ရေးစာမူ နှစ်အုပ်ပါရှိသည်—တစ်အုပ်တွင် ခရစ်ဝင်ကျမ်းလေးစောင်နှင့် တမန်တော်ကျမ်း (P45) ကိုတွဲချုပ်ထားပြီး နောက်တစ်အုပ်တွင် ပေါလု၏သြဝါဒစာ ၁၄ စောင်ထဲမှ ၉ စောင် (P46) ပါဝင်သည်၊ ယင်းအချက်က မှုတ်သွင်းခံ ခရစ်ယာန်ဂရိကျမ်းစောင်များကို တမန်တော်များသေဆုံးပြီး မကြာမီအချိန်မှာပင် စုစည်းခဲ့ပြီးဖြစ်ကြောင်း တင်ပြသည်။ ၎င်းကိုဒက်စာအုပ်များ အနှံ့အပြားရောက်ရန်နှင့် အီဂျစ်ပြည်သို့ ရောက်ရှိရန်အချိန်လိုမည်ဖြစ်ရာ ယင်းကျမ်းစောင်များကို နောက်အကျဆုံး ဒုတိယရာစုရောက်သော် လက်ရှိစံပုံစံအသွင်ဖြင့် စုစည်းပြီးကြောင်း ထင်ရှားသည်။ သို့ဖြစ်သောကြောင့် ဒုတိယရာစုအကုန်ပိုင်းရောက်သော် ခရစ်ယာန်ဂရိကျမ်း ကျမ်းစောင်များကို စုစည်းပြီးဖြစ်၍ ကျမ်းစာတစ်အုပ်လုံး၏ ကျမ်းစောင်အားလုံး ပြည့်စုံပြီးဖြစ်ကြောင်း သေချာသည်။
၁၆ သားရေလက်ရေးစာမူများ။ လွန်ခဲ့သောအခန်းမှ သိရှိခဲ့ရသည့်အတိုင်း စီ.အီး. လေးရာစုခန့်မှစ၍ လက်ရေးစာမူများ ရေးသားရာတွင် ပါပိုင်းရတ်စ်ကျူစက္ကူများအစား နွား၊ သိုး သို့မဟုတ် ဆိတ်သားရေတို့ဖြင့်ပြုလုပ်ထားသော ပို၍ကြာရှည်ခံ၊ ခိုင်ခံ့သည့် သားရေစာမူများကို တဖြည်းဖြည်း အသုံးပြုလာခဲ့ကြသည်။ ယနေ့တိုင်တည်ရှိသည့် အရေးပါဆုံးကျမ်းစာ,စာမူတချို့မှာ သားရေပေါ် မှတ်တမ်းတင်ထားသော စာမူများဖြစ်သည်။ ဟေဗြဲကျမ်းစောင် သားရေစာမူများအကြောင်း ကျွန်ုပ်တို့ ဆွေးနွေးခဲ့ပြီးဖြစ်သည်။ စာမျက်နှာ ၂၁ တွင်ပါသောဇယားသည် ခရစ်ယာန်ဂရိကျမ်းနှင့် ဟေဗြဲကျမ်း နှစ်ခုစလုံးအတွက် မှတ်သားဖွယ်ဖြစ်သော သားရေစာမူတချို့၏ စာရင်းကိုဖော်ပြထားသည်။ ဂရိကျမ်းစောင်စာရင်းတွင်ပါသော သားရေစာမူများကို အက္ခရာစာလုံးကြီးများဖြင့် ရေးသားခဲ့သဖြင့် စာလုံးကြီးအက္ခရာကျမ်းဟု ခေါ်ဆိုကြသည်။ သမ္မာကျမ်းစာ အဘိဓာန်သစ်က ခရစ်ယာန်ဂရိကျမ်း၏ စာလုံးကြီးအက္ခရာလက်ရေးစာမူ ၂၇၄ ခုရှိကြောင်းနှင့် ယင်းစာမူများသည် စီ.အီး. လေးရာစုမှ စီ.အီး. တစ်ဆယ်ရာစုအတွင်းမှဖြစ်ကြောင်း ဖော်ပြသည်။ စာလုံးဝိုင်းအသပ်ရှည် သို့မဟုတ် စာလုံးငယ်အက္ခရာဖြင့်ရေးသည့် စာမူပေါင်း ၅,၀၀၀ ကျော်ရှိသည်။c စီ.အီး. ကိုးရာစုမှစ၍ ပုံနှိပ်လုပ်ငန်းအစပြုသည့်အချိန်အထိ ထိုပုံစံဖြင့် သားရေစာမူများကို ရေးသားခဲ့သည်။ အစောပိုင်းကရေးခဲ့ရာဖြစ်သည့်အပြင် အများအားဖြင့် တိကျမှုကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကော်မတီသည် ဂရိစာသားများကို ဂရုတစိုက်ဘာသာပြန်ဆိုရာတွင် စာလုံးကြီးအက္ခရာ လက်ရေးစာမူများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။ ယင်းတို့ကို “အဓိကကျသော သားရေလက်ရေးစာမူတချို့” ဇယားတွင်ဖော်ပြထားသည်။
မူရင်းစာသားများကို စိစစ်ဝေဖန်ပြီး ပြန်လည်သန့်စင်မှုပြုသည့်ခေတ်
၁၇ အီရက်စ်မပ်စ်ကျမ်း။ လက်တင်ဘာသာစကားကြီးစိုး၍ အနောက်ဥရောပသည်လည်း ရိုမန်ကက်သလစ်ချာ့ခ်ျ၏ သံလက်ဝါးအောက် ရောက်နေခဲ့သည့် ရာစုနှစ်ပေါင်းများစွာ ကြာညောင်းသည့် အချိန်ဖြစ်သော အမှောင်ခေတ်တစ်လျှောက်လုံးတွင် ကျမ်းစာပညာနှင့် လေ့လာစူးစမ်းခြင်းအတတ် တိမ်ကောလျက်ရှိခဲ့သည်။ သို့ရာတွင် ၁၅ ရာစုတွင် ဥရောပ၌ ရွေ့လျားခဲစာလုံး ပုံနှိပ်အတတ် တီထွင်ခြင်းနှင့်အတူ၊ ၁၆ ရာစုအစောပိုင်းတွင် ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပို၍လွတ်လွတ်လပ်လပ်ရှိလာပြီး ဂရိဘာသာစကားအပေါ် စိတ်ပါဝင်စားမှု ပြန်၍ပေါက်ပွားလာခဲ့သည်။ လေ့လာစူးစမ်းခြင်းအတတ် ပြန်လည်ရှင်သန်လာသည့် ဤအစောပိုင်းကာလတွင် ကျော်ကြားသော ဒတ်ခ်ျပညာရှင် ဒါစီဒရပ်စ် အီရက်စ်မပ်စ်သည် “ဓမ္မသစ်ကျမ်း” ဖြစ်သော ပင်မဂရိကျမ်းကို ပထမအကြိမ် ထုတ်ခဲ့သည်။ (ထိုပင်မကျမ်းကို ပုံနှိပ်ထုတ်ဝေရန် လက်ရေးစာမူများစွာတို့ကို အသေအချာနှိုင်းယှဉ်ပြီး မူရင်းကျမ်းနှင့် အနီးစပ်ဆုံးတူသည့် စကားလုံးများ၊ အောက်ဖော်ပြပါ ကျမ်းဂန်များအပါအဝင်၊ လက်ရေးစာမူအချို့တွင် အရေးအသားအသီးသီးနှင့်ပတ်သက်သည့် မှတ်ချက်များကို အသုံးပြုကာ ပြင်ဆင်ခဲ့သည်။) ပထမအကြိမ်ထုတ် ယင်းစာအုပ်ကို ဆွစ်ဇလန်နိုင်ငံ ဘယ်ဇယ်လ်မြို့၌ ၁၅၁၆ ခုနှစ်၊ ဂျာမနီနိုင်ငံတွင် ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲရေးမစမီ တစ်နှစ်အလိုတွင် ထုတ်ဝေခဲ့သည်။ ပထမအကြိမ်ထုတ်ဝေခြင်းတွင် အမှားများစွာပါရှိသော်လည်း ၁၅၁၉၊ ၁၅၂၂၊ ၁၅၂၇ ခုနှင့် ၁၅၃၅ ခုနှစ်တို့တွင် တစ်စစပြင်ဆင်တည်းဖြတ်ထားသော ကျမ်းများကို ထုတ်ဝေခဲ့သည်။ အီရက်စ်မပ်စ်သည် သူ၏ပင်မကျမ်း စုစည်း၊ ပြင်ဆင်ရာတွင် စာလုံးငယ် လက်ရေးဆက်ဖြင့်ရေးသားထားသော ရှေးလက်ရေးစာမူ အနည်းငယ်သာ သူ၌ရှိခဲ့သည်။
၁၈ အီရက်စ်မပ်စ်၏ ပြန်လည်သန့်စင်တည်းဖြတ်ထားသော ဂရိကျမ်းသည် အနောက်ဥရောပ ဘာသာစကားအမြောက်အမြားသို့ ဘာသာပြန်ဆိုခြင်းအတွက် အခြေခံကျမ်းဖြစ်လာသည်။ သို့နှင့် ယခင်က လက်တင်ဗားလ်ဂိတ်မှ ပြန်ဆိုသော ကျမ်းများထက်သာသည့် ဘာသာပြန်ကျမ်းများ ပေါ်ထွက်လာခဲ့သည်။ အီရက်စ်မပ်စ်၏ကျမ်းကို ဦးဆုံးအသုံးပြုခဲ့သူမှာ ဂျာမနီမှ မာတင်လူသာဖြစ်ပြီး သူ၏ ခရစ်ယာန်ဂရိ ဘာသာပြန်ကျမ်းကို ဂျာမန်ဘာသာသို့ ၁၅၂၂ ခုနှစ်တွင် အပြီးပြန်ဆိုခဲ့သည်။ အင်္ဂလန်နိုင်ငံမှ ဝီလျံတင်ဒေးသည်လည်း နှိပ်စက်ညှဉ်းပန်းခံရသည့်ကြားမှ အီရက်စ်မပ်စ်ကျမ်းမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပြီး ၁၅၂၅ ခုနှစ်၊ ဥရောပတိုက်တွင် ပြည်နှင်ခံရချိန်၌ အပြီးသတ်ခဲ့သည်။ အီတလီနိုင်ငံမှ အန်တိုနီယို ဘရူစီယိုလီသည် ၁၉၃၀ ပြည့်နှစ်တွင် အီရက်စ်မပ်စ်ကျမ်းမှ အီတလီဘာသာစကားသို့ ပြန်ဆိုခဲ့သည်။ အီရက်စ်မပ်စ်ဂရိကျမ်း ပေါ်ထွန်းလာခြင်းနှင့်အတူ ယခု မူရင်းစာသားကိုအခြေပြု ဝေဖန်ဆန်းစစ်သည့်ခေတ် စခန်းထလာသည်။ မူရင်းစာသားကိုအခြေပြု ဝေဖန်ဆန်းစစ်ခြင်းသည် မူရင်းသမ္မာကျမ်းစာအတိုင်း ပြန်လည်ဖြစ်စေရန်၊ ပြန်လည်ပြုပြင်ရန် အသုံးပြုသည့် နည်းစနစ်ဖြစ်သည်။
၁၉ အခန်းကြီး၊ အခန်းငယ်များ ခွဲခြင်း။ ရော်ဘတ် အေတီယန် သို့မဟုတ် စတက်ဖာနပ်စ်သည် ၁၆ ရာစုတွင် ပါရီမြို့၌ ကျော်ကြားသော ပုံနှိပ်သမား၊ စာတည်းတစ်ဦးဖြစ်ခဲ့သည်။ စာတည်းတစ်ဦးဖြစ်သောကြောင့် အခန်းကြီး၊ အခန်းငယ်ခွဲသည့်စနစ်ကို ကျင့်သုံးမည်ဆိုပါက ပြန်လည်ရည်ညွှန်းရာတွင် လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းကြောင်း သူတွေ့မြင်ခဲ့သည်၊ သို့နှင့် ၁၅၅၁ ခုနှစ်တွင် မိမိ၏ ဂရိ-လက်တင် ဓမ္မသစ်ကျမ်းကို ၎င်းစနစ်ဖြင့် စတင်ထုတ်ဝေခဲ့သည်။ ဟေဗြဲကျမ်း အခန်းငယ်ခွဲခြင်းကို မက်စရိတို့က ဦးဆုံးပြုလုပ်ခဲ့သော်လည်း ကျမ်းတစ်အုပ်လုံးကို ယနေ့လက်ရှိအတိုင်း ခွဲခြားခြင်းကို ၁၅၅၃ ခုနှစ်ထုတ် စတက်ဖာနပ်စ်၏ ပြင်သစ်ကျမ်းစာတွင် ဦးဆုံးဖြစ်သည်။ ယင်းစနစ်ကို အင်္ဂလိပ်ဘာသာပြန်ကျမ်းများ၌လည်း လိုက်၍ကျင့်သုံးလာသဖြင့် ၁၇၃၇ ခုနှစ်ထုတ် အလက်ဇန္ဒြား ခရူဒင်၏ ကျမ်းစာမှန်ပြမာတိကာ၊ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော အာဏာပိုင်ဘာသာပြန်ကျမ်းအတွက် အပြည့်အစုံပါသော မှန်ပြမာတိကာနှစ်ခု—၁၈၃၇ ခုနှစ်တွင် အဲဒင်ဗာ့ဂ်မြို့တွင် ပထမဦးဆုံးထုတ်ဝေခဲ့သော ရောဘတ် ယန်း၏ မှန်ပြမာတိကာနှင့် ၁၈၉၄ ခုနှစ်တွင် နယူးယောက်မြို့၌ ထုတ်ဝေခဲ့သော ဂျိမ်းစ် စထရောင်း၏ ကျမ်းစာမှန်ပြမာတိကာတို့ကို ထုတ်နိုင်ခဲ့သည်။
၂၀ တက်စ်တပ်စ် ရီစက်ပ်တပ်စ်။ စတက်ဖာနပ်စ်သည် ဂရိ “ဓမ္မသစ်ကျမ်း” ၏အကြိမ်ထုတ်များစွာကို ထုတ်ဝေခဲ့သည်။ ၎င်းကျမ်းသည် အီရက်စ်မပ်စ်၏ကျမ်းကို အဓိကအခြေခံပြီး ၁၅၂၂ ခုနှစ်ထုတ် ကော်န်ပလူတန်စီယန် ပိုလီကလော့တ်ကျမ်းနှင့် ပြီးခဲ့သည့်ရာစုနှစ်အနည်းငယ်နှောင်းပိုင်းမှဖြစ်သော စာလုံးဝိုင်းအသပ်ရှည်ဖြင့်ရေးထားသည့် လက်ရေးစာမူ ၁၅ အရ အမှားပြင်ထားသည့်ကျမ်းဖြစ်သည်။ ၁၅၅၀ ပြည့်နှစ်တွင် တတိယအကြိမ်အဖြစ် စတက်ဖာနပ်စ် ထုတ်ဝေသော ဂရိကျမ်းသည် တက်စ်တပ်စ် ရီစက်ပ်တပ်စ်ကျမ်း (လက်တင်ဘာသာဖြင့် “အများလက်ခံသောကျမ်း” ဖြစ်) ပြီး ၁၆ ရာစုနှစ်ထုတ် အခြားအင်္ဂလိပ်ဘာသာပြန်ကျမ်းများနှင့် ၁၆၁၁ ခုနှစ်ထုတ် ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းအတွက် အခြေခံဖြစ်ခဲ့သည်။
၂၁ ပြန်လည်သန့်စင်မွမ်းမံထားသော ဂရိကျမ်းများ။ နောက်ပိုင်းတွင် ဂရိကျမ်းပညာရှင်များသည် ပြန်လည်သန့်စင်ထားသော ကျမ်းများကို တိုး၍ထုတ်ဝေခဲ့ကြသည်။ ထင်ရှားသည့်ကျမ်းမှာ ဂျေ. ဂျေ. ဂရစ်ဘက်ရှ် ထုတ်ဝေသောကျမ်းဖြစ်သည်၊ ၁၈ ရာစုအဆုံးပိုင်းလောက်တွင် ရရှိနိုင်ခဲ့သည့် ရာနှင့်ချီသည့် ဂရိကျမ်းလက်ရေးစာမူများကို သူအသုံးပြုခဲ့သည်။ ဂရစ်ဘက်ရှ်၏ အကောင်းဆုံးကျမ်းဖြစ်သည့် ဂရိကျမ်းအပြည့်အစုံကို ၁၇၉၆-၁၈၀၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ သူ၏ပင်မကျမ်းသည် ၁၈၄၀ ပြည့်နှစ်တွင်ထုတ်ဝေသော ရှာ့ပ်၏ အင်္ဂလိပ်ဘာသာပြန်ကျမ်းအတွက် အခြေခံဖြစ်ခဲ့ပြီး ယင်းကျမ်းမှာ ၁၈၆၄ ခုနှစ်တွင် ပထမအကြိမ်အပြည့်အစုံထုတ်ဝေခဲ့သည့် သည် အဲန်းဖက်တစ် ဒိုင်ဂလော့ထ် ဂရိကျမ်းဖြစ်သည်။ အခြားကောင်းမွန်သည့်ကျမ်းများမှာ ကောန်စတန်တင် ဗောန် တိရှန်ဒေါ့ဖ် (၁၈၇၂)၊ ဟဲရ်မန်း ဗောန် ဇိုဒန် (၁၉၁၀) တို့ထုတ်ဝေသော ကျမ်းများဖြစ်သည်၊ ဟဲရ်မန်း ဗောန် ဇိုဒန်၏ကျမ်းသည် ၁၉၁၃ ခုနှစ်တွင်ထုတ်ဝေသော မောဖက်၏ အင်္ဂလိပ်ဘာသာပြန်ကျမ်းအတွက် အခြေခံဖြစ်သည်။
၂၂ ဝက်စ်ကော့တ်နှင့် ဟော့တ်ကျမ်း။ အများစု၏လက်ခံမှုကို ရရှိခဲ့သော ပင်မဂရိကျမ်းတစ်အုပ်မှာ ကဲင်းဗရိတ်ခ်ျ တက္ကသိုလ်မှကျမ်းပညာရှင်များဖြစ်သော ဘီ. အက်ဖ်. ဝက်စ်ကော့တ် နှင့် အက်ဖ်. ဂျေ. အေ. ဟော့တ်တို့၏ ၁၈၈၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကျမ်းဖြစ်သည်။ ၁၈၈၁ ခုနှစ်တွင်ထုတ်ဝေသော “ဓမ္မသစ်ကျမ်း” ကို ပြန်လည်တည်းဖြတ်ရန်အတွက် ဝက်စ်ကော့တ်နှင့် ဟော့တ်တို့ အဖွဲ့ဝင်အဖြစ်ပါဝင်သော ဗြိတိသျှ ပြင်ဆင်တည်းဖြတ်ကော်မတီက ဝက်စ်ကော့တ်နှင့် ဟော့တ်တို့၏ ဂရိကျမ်း အထောက်အထားများကို ဆွေးနွေးသုံးသပ်ခဲ့သည်။ ဤပင်မကျမ်းသည် ခရစ်ယာန်ဂရိကျမ်းကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် အဓိကအသုံးပြုသော ကျမ်းဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသော သည်အမ်ဖက်ဆိုက်ဒ်ကျမ်း၊ အမေရိကန်စံဘာသာပြန်ကျမ်း၊ အမေရိကန်ဘာသာပြန်ကျမ်း (စမစ်—ဂွတ်စပိဒ်) နှင့် ပြန်လည်တည်းဖြတ်ထားသော စံကျမ်းစာတို့အတွက် အခြေခံကျမ်းစာဖြစ်ခဲ့သည်။ ပြန်လည်တည်းဖြတ်ထားသော စံကျမ်းစာသည် နက်စတယ်ကျမ်းကိုလည်း အသုံးပြုခဲ့သည်။
၂၃ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီကလည်း နက်စတယ်ဂရိကျမ်း (၁၈ ကြိမ်မြောက်ထုတ်၊ ၁၉၄၈) ကို နှိုင်းယှဉ်ရန်ရည်ရွယ်ချက်ဖြင့် အသုံးပြုခဲ့သည်။ ကော်မတီသည် ကက်သလစ် ဂျက်စူအစ် ကျမ်းပညာရှင်များဖြစ်သော ဟိုစေး အမ်. ဘိုဗာ (၁၉၄၃) နှင့် သြဂတ်စတီနပ်စ် မာ့ခ် (၁၉၄၈) တို့၏ကျမ်းများကိုလည်း ရည်ညွှန်းကိုးကားခဲ့သည်။ ၁၉၈၄ ခုနှစ်ထုတ် အညွှန်းကျမ်း အောက်ခြေမှတ်ချက်များသည် နောက်ဆုံးသိရှိချက်နှင့်အညီဖြစ်ရန် ၁၉၇၅ ခုနှစ်ထုတ် သမ္မာကျမ်းစာအသင်းပေါင်းချုပ်ကျမ်းနှင့် ၁၉၇၉ ခုနှစ်ထုတ် နက်စတယ်-အာလန်ကျမ်းတို့ကို သုံးသပ်ခဲ့သည်။d
၂၄ ဂရိကျမ်းမှပြန်ဆိုသော ရှေးခေတ်ဘာသာပြန်ကျမ်းများ။ ဂရိကျမ်းလက်ရေးစာမူများအပြင် ခရစ်ယာန်ဂရိကျမ်းမှ အခြားဘာသာစကားများသို့ ပြန်ဆိုထားသော လက်ရေးစာမူများစွာလည်း ယနေ့အချိန်တွင် လေ့လာရန်အတွက်ရှိသည်။ ရှေးဟောင်းလက်တင် ဘာသာပြန်ကျမ်း လက်ရေးစာမူ (သို့မဟုတ် အပိုင်းအစများ) ၅၀ ကျော်နှင့် ဂျရုမ်း၏ လက်တင်ဗားလ်ဂိတ်လက်ရေးစာမူ ထောင်နှင့်ချီ၍ရှိသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီသည် ယင်းစာမူများအပြင် ကော့ပ်တစ်၊ အာမေးနီးယန်းနှင့် ဆီးရီးယက်ခ်ဘာသာပြန်ကျမ်းများကိုလည်း ရည်ညွှန်းကိုးကားခဲ့သည်။e
၂၅ ၁၄ ရာစုနှစ်မှစ၍ ဂရိကျမ်းကို ဟေဗြဲဘာသာသို့ ဘာသာပြန်ခြင်း စတင်ခဲ့သည်။ ယင်းကျမ်းများစွာတွင် ဘုရားသခင့်နာမတော်ကို ခရစ်ယာန်ကျမ်းစောင်များတွင် ပြန်လည်ထည့်သွင်းဖော်ပြထားခြင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် နံပါတ်တွဲထားသည့် “J” ဟူသောအမှတ်အသားအောက်တွင် ထိုဟေဗြဲဘာသာပြန်ကျမ်းများအား အကြိမ်များစွာ ရည်ညွှန်းထားသည်။ အသေးစိတ်အချက်အလက်အတွက် ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ—ရည်ညွှန်းကျမ်း စာမျက်နှာ ၉-၁၀ တွင်ပါသောစကားချီးနှင့် နောက်ဆက်တွဲ 1D “ခရစ်ယာန်ဂရိကျမ်းစောင်များတွင်ပါသော ဘုရားသခင့်နာမတော်” တို့ကိုရှု။
မူရင်းစာသားကွဲပြားချက်များနှင့် ၎င်းတို့၏အဓိပ္ပာယ်
၂၆ ခရစ်ယာန်ဂရိကျမ်း လက်ရေးစာမူပေါင်း ၁၃,၀၀၀ ကျော်ထဲတွင် မူရင်းစာသားကွဲပြားချက် များစွာပါရှိသည်။ ဂရိဘာသာစကားဖြင့် လက်ရေးစာမူ ၅,၀၀၀ ထဲတွင်ပင် ထိုသို့သော ကွဲလွဲချက်များစွာပါသည်။ အစောပိုင်းလက်ရေးစာမူများမှ ကူးရေးခဲ့သော မိတ္တူတစ်ခုစီသည် ကျမ်းကူးသူတို့၏ သိသာသောအမှားများပါရှိမည်ဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်ပါသည်။ ထိုအစောပိုင်းစာမူများထဲမှ တစ်စောင်စောင်ကို အသုံးပြုရန် ဒေသတစ်ခုသို့ ပေးပို့သည့်အခါ ထိုဒေသတွင် ပြန်လည်ကူးရေးခြင်းဖြင့် ထိုအမှားများ ထပ်၍ပါသွားပြီး ၎င်းဒေသရှိ အခြားလက်ရေးစာမူများမှ ထူးခြားနေမည်။ ဤနည်းအားဖြင့် လက်ရေးစာမူ အမျိုးအစားအုပ်စုများ ပေါ်ပေါက်လာသည်။ သို့ဖြစ်၍ ကျမ်းကူးသူတို့၏ ထောင်နှင့်ချီသောအမှားများက စိုးရိမ်စရာ မဟုတ်ပေလော။ ယင်းတို့က ကျမ်းစာကို လက်ဆင့်ကမ်းခဲ့ရာတွင် မှန်ကန်တိကျမှုမရှိဟု တင်ပြနေခြင်းမဟုတ်လော။ မဟုတ်ပါ!
၂၇ ဝက်စ်ကော့တ်နှင့် ဟော့တ်ကျမ်းစာကို တွဲဖက်ထုတ်ဝေသူ အက်ဖ်. ဂျေ. အေ. ဟော့တ်က ဤသို့ရေး၏– “ဓမ္မသစ်ကျမ်းပါ စကားလုံးအများစုသည် ဝေဖန်ခံရခြင်းမှလွတ်သည်၊ အကြောင်းမှာ ကွဲပြားမှုမရှိ ကူးရေးခဲ့သောကြောင့်ဖြစ်သည်။ . . . အကယ်၍ အသေးအဖွဲမျှဖြစ်သော ကွဲပြားမှုများကို . . . ဘေးဖယ်ထားလိုက်မည်ဆိုပါက သံသယဖြစ်ဖွယ် စကားလုံးများသည် ဓမ္မသစ်ကျမ်းတစ်အုပ်လုံး၏ တစ်ထောင်ပုံလျှင် တစ်ပုံထက်ပင်မပိုချေ။”f
၂၈ မူရင်းစာသား ကူးပြောင်းလာခြင်းကို အကဲဖြတ်ဝေဖန်ခြင်း။ ရာစုနှစ်ပေါင်းများစွာ အဆင့်ဆင့်ကူးပြောင်းလာပြီးနောက် မူရင်းစာသားမပြောင်းလဲမှု၊ အစစ်အမှန်ဖြစ်မှုတို့နှင့်ပတ်သက်၍ နောက်ဆုံးအကဲဖြတ်ချက်ကား အဘယ်နည်း။ နှိုင်းယှဉ်ကြည့်ရန် ထောင်နှင့်ချီသော လက်ရေးစာမူများရှိရုံသာမက လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရှေးကျသောဂရိကျမ်း ကျမ်းစာလက်ရေးစာမူ များစွာရှိသည်၊ ယင်းတို့မှာ စီ.အီး. ၁၀၀ တွင် တမန်တော်ယောဟန် သေဆုံးခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်ခုလောက်ကသာဖြစ်သည့် စီ.အီး. ၁၂၅ ခုနှစ်ခန့်က စာမူများဖြစ်သည်။ ယင်းလက်ရေးစာမူ အထောက်အထားများက ယခု ကျွန်ုပ်တို့လက်ထဲတွင် သန့်စင်ပြီးသားဖြစ်သော၊ ယုံကြည်စိတ်ချရသော ဂရိကျမ်းရှိနေပြီကို ခိုင်လုံစွာအာမခံသည်။ ဗြိတိသျှပြတိုက်၏ ညွှန်ကြားရေးမှူးဟောင်း၊ ပြတိုက်မှူးဖြစ်ခဲ့သော ဆာ ဖရက်ဒရစ် ကင်ညွန်က ယင်းကိစ္စနှင့်ပတ်သက်၍ မည်သို့အကဲဖြတ်ဝေဖန်ခဲ့သည်ကို မှတ်သားပါ။
၂၉ “မူရင်းအရေးအသားနှင့် လက်ရှိတည်ရှိနေသေးသည့် ရှေးအကျဆုံး အထောက်အထား၏ စပ်ကြားကာလသည် လျစ်လျူရှုထားလောက်ရအောင် တိုတောင်းလှသည်၊ ကျမ်းစောင်များသည် မူလအရေးအသားအတိုင်း ကျွန်ုပ်တို့လက်ထဲရောက်လာ၏လောဟူသည့် သံသယအတွက် နောက်ဆုံးအခြေခံကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ ဓမ္မသစ်ကျမ်းစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်းနှင့် ယေဘုယျအနေနှင့် မပြောင်းလဲကြောင်း အခိုင်အမာသက်သေထူခဲ့သည်။ သို့ရာတွင် ယေဘုယျအနေနှင့် မပြောင်းလဲမှုသည် အချက်တစ်ချက်ဖြစ်သည်၊ အသေးစိတ်အချက်များ တိကျမှန်ကန်ခြင်းသည် နောက်ထပ်အချက်ဖြစ်သည်။”g
၃၀ အပိုဒ် ၂၇ ပါ ဒေါက်တာ ဟော့တ်၏ကိုးကားချက်က “အသေးစိတ်အချက်များ တိကျမှန်ကန်ခြင်း” နှင့်ပတ်သက်၍ နောက်ဆုံးအကဲဖြတ်မှုကို ဖော်ပြသည်။ မူရင်းစာသားဆိုင်ရာ သန့်စင်မှုပြုသူများ၏အလုပ်မှာ အသေးစိတ်အမှားပြင်ရန်ဖြစ်ပြီး ကြီးမားသည့်အတိုင်းအတာဖြင့် လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ဝက်စ်ကော့တ်နှင့် ဟော့တ်တို့၏ သန့်စင်ထားသော ဂရိကျမ်းကို အထူးကောင်းမွန်သော ကျမ်းတစ်အုပ်အဖြစ် လက်ခံကြသည်။ ဂရိလက်ရေးစာမူများ သိုလှောင်ကန်တွင် အံ့ဖွယ်သိမ်းဆည်းထားခဲ့သည့် ဤအထူးကောင်းမွန်သော ဂရိကျမ်းကိုအခြေခံကာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ ခရစ်ယာန်ဂရိကျမ်းအပိုင်းကို ပြန်ဆိုသောကြောင့် သစ္စာရှိသော “ထာဝရဘုရား၏ နှုတ်ကပါဌ်တရား” ကို စာရှုသူများ ရရှိနိုင်လေသည်။—၁ ပေ. ၁:၂၄၊ ၂၅။
၃၁ နောက်ထပ်စိတ်ဝင်စားဖွယ် မှတ်ချက်တစ်ခုမှာ ဆာ ဖရက်ဒရစ် ကင်ညွှန်၏ ၁၉၆၂ ခုနှစ်ထုတ် ကျွန်ုပ်တို့၏သမ္မာကျမ်းစာနှင့် ရှေးလက်ရေးစာမူများ စာအုပ်၊ စာမျက်နှာ ၂၄၉ တွင်ပါသော ဤစကားဖြစ်သည်– “မူရင်းလက်ရေးစာသားများနှင့် ရှေးအကျဆုံး ယခုလက်ရှိ လက်ရေးစာမူများ၏ ကြားကာလစပ်ကြားကို အလွန်တိုတောင်းသွားစေသည့် မျက်မှောက်ခေတ် ရှာဖွေတွေ့ရှိချက်များနှင့် စာသွားကွာခြားမှုများသည် ခရစ်ယာန်ယုံကြည်ချက်၏ အခြေခံအယူဝါဒပိုင်းများကို ထိခိုက်မှုမရှိကြောင်း စိတ်ဝင်စားဖွယ်ရာက ယေဘုယျအားဖြင့် ဓမ္မသစ်ကျမ်းသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း ထူးခြားစွာထောက်ခံသည်ကိုသိရှိရခြင်းကြောင့် ကျွန်ုပ်တို့ကျေနပ်ကြပေမည်။” တိကျစွာပြန်ဆိုသော အင်္ဂလိပ်ကျမ်းတစ်အုပ် ဖြစ်မြောက်ရေးအတွက် မှီငြမ်းကိုးကားခဲ့သော ကျမ်းများကို စာမျက်နှာ ၁၇ တွင်ဖော်ပြထားသည့် “ကမ္ဘာသစ်ဘာသာပြန်ကျမ်း—ခရစ်ယာန်ဂရိကျမ်းအတွက် ရင်းမြစ်ကျမ်းများ” ဇယားတွင် ဖော်ပြထားသည်။ အရေးပါသော အောက်ခြေမှတ်ချက်များက သစ္စာရှိစွာ ပြန်ဆိုထားကြောင်း သာဓကပြသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကော်မတီသည် ယင်းဘာသာပြန်ကျမ်းမွန် ထွက်ပေါ်ရေးအတွက် ရာစုနှစ်များတစ်လျှောက် ကျမ်းပညာရှင်များ ထုတ်ဝေခဲ့သော အကောင်းဆုံးကျမ်းများကို အသုံးပြုခဲ့သည်။ ယနေ့ ကျွန်ုပ်တို့လက်ဝယ်ရှိ ခရစ်ယာန်ဂရိကျမ်းစာသည် ယေရှုခရစ်၏ မှုတ်သွင်းခံတပည့်တော်များ ရေးသားခဲ့သည့်အတိုင်း အမှန်ပင် “စင်ကြယ်သောတရားစကားပုံစံ” ပါရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ ဤအဖိုးတန်နှုတ်ကပါဌ်စကားများကို ယုံကြည်ခြင်း၊ ချစ်ခြင်းတို့ဖြင့် စွဲကိုင်နိုင်ကြပါစေ!—၂ တိ. ၁:၁၃။
၃၂ ဤအခန်းနှင့် လွန်ခဲ့သောအခန်း နှစ်ခန်းစလုံးသည် သမ္မာကျမ်းစာ လက်ရေးစာမူများ၊ စာသားတို့နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ပြီးဖြစ်သည်။ အဘယ်ကြောင့် ဤမျှစေ့စေ့စပ်စပ် ဆွေးနွေးရသနည်း။ ရည်ရွယ်ချက်မှာ ဟေဗြဲနှင့် ဂရိကျမ်းနှစ်ခုစလုံးသည် ရှေးသစ္စာရှိအမျိုးသားများအား ယေဟောဝါမှုတ်သွင်းတော်မူခဲ့သည့် မူရင်းစာသားအတိုင်း ကျမ်းစစ်ကျမ်းမှန်အဖြစ် မှန်ကန်စွာ ဆင်းသက်လာသည်ကို အခိုင်အမာတင်ပြလို၍ဖြစ်သည်။ ထိုမူရင်းကျမ်းစောင်များသည် မှုတ်သွင်းခံကျမ်းစောင်များဖြစ်သည်။ ကျမ်းကူးသူများသည် လိမ္မာကျွမ်းကျင်ကြသည့်တိုင် မှုတ်သွင်းခံရသူများမဟုတ်ကြပါ။ (ဆာ. ၄၅:၁; ၂ ပေ. ၁:၂၀၊ ၂၁; ၃:၁၆) ထို့ကြောင့် မဟာစမ်းရေရင်းမြစ် ယေဟောဝါထံမှ မူလကစီးဆင်းလာသော သမ္မာရေစင်ကို ရှင်းလင်းစွာ မမှားမယွင်းခွဲခြားသိမြင်စေရန် လက်ရေးမိတ္တူများလှောင်ကန်ကြီးမှ စစ်ထုတ်ရန် လိုအပ်ခြင်းဖြစ်သည်။ အံ့ဖွယ်ဆုကျေးဇူးဖြစ်သော ကိုယ်တော်၏နှုတ်ကပါဌ်တော် မှုတ်သွင်းခံသမ္မာကျမ်းစာနှင့် ယင်း၏စာမျက်နှာများတွင်ပါသော လန်းဆန်းမှုဖြစ်စေသည့် နိုင်ငံတော်သတင်းတရားအတွက် ယေဟောဝါအား ကျေးဇူးအလုံးစုံတင်ပါသည်!
[အောက်ခြေမှတ်ချက်များ]
b သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၁၊ စာမျက်နှာ ၃၂၃; သမ္မာကျမ်းစာအဘိဓာန်သစ်၊ ဒုတိယအကြိမ်ထုတ်၊ ၁၉၈၆၊ ဂျေ. ဒီ. ဒေါက်ဂလက်စ်၊ စာမျက်နှာ ၁၁၈၇။
c သမ္မာကျမ်းစာအဘိဓာန်သစ်၊ ဒုတိယအကြိမ်ထုတ်၊ စာမျက်နှာ ၁၁၈၇။
d ဂရိကျမ်းစောင်များ၏ နိုင်ငံတော် စာကြောင်းကြားညှပ်ဘာသာပြန်ကျမ်း၊ ၁၉၈၅၊ စာမျက်နှာ ၈-၉။
e လုကာ ၂၄:၄၀; ယောဟန် ၅:၄; တမန်တော် ၁၉:၂၃; ၂၇:၃၇; နှင့် ဗျာဒိတ် ၃:၁၆ တို့၏ အောက်ခြေမှတ်ချက်များကိုရှု။
f မူရင်းဂရိစကားဖြင့် ဓမ္မသစ်ကျမ်း၊ ၁၉၇၄၊ အတွဲ ၁၊ စာမျက်နှာ ၅၆၁။
g သမ္မာကျမ်းစာနှင့် ရှေးဟောင်းသုတေသန၊ ၁၉၄၀၊ စာမျက်နှာ ၂၈၈-၉။