၂၁ ရှမွေလ
အသက်ငယ်ပေမဲ့ ယေဟောဝါဆီက သတင်းကို သတ္တိရှိရှိ ပြောပြသူ
ရှမွေလ၊ ယေဖသရဲ့ သမီး၊ ရှံဆုန်တို့မှာ တူတဲ့အချက် ရှိတယ်။ သူတို့မိဘတွေရဲ့ ကတိသစ္စာက သူတို့အသက်တာအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိတာပဲ။ ရှမွေလဟာ ယေဖသရဲ့ သမီးလိုပဲ တစ်ဘဝလုံး ယေဟောဝါဘုရားအတွက် အမှုဆောင်ဖို့ ဆက်ကပ်တယ်။ (၁ ရှ. ၂:၁၁) ရှံဆုန်လိုပဲ ရာသက်ပန် နာဇရိလူ ဖြစ်တယ်။ (သူကြီး. ၁၃:၇) ဒါ့အပြင် နှစ်ယောက်စလုံးလိုပဲ ရှမွေလ သတ္တိရှိဖို့ လိုခဲ့တယ်။
ယေဟောဝါဆီ ကတိပေးထားတဲ့အတိုင်း ရှိလောမြို့က တဲတော်မှာ အမှုဆောင်ဖို့ နို့ပြတ်ခါစ ရှမွေလလေးကို မိခင် ဟန္န ခေါ်လာတယ်။ အဲဒီအချိန်မှာ ရှမွေလ အသက် သုံးနှစ်လောက်ပဲ ရှိဦးမယ်။ သားလေးဆီ ဟန္န နှစ်တိုင်း လာလည်တယ်။ လာလည်တိုင်း လက်ပြတ်ဝတ်ရုံတစ်ထည် ချုပ်ပြီး ယူလာပေးတတ်တယ်။ သက်ကြီး ပုရောဟိတ်မင်း ဧလိလက်အောက်မှာ ရှမွေလ ကြီးပြင်းလာတယ်။ တဲတော်မှာ အမှုဆောင်တဲ့ အမျိုးသမီးတချို့ကလည်း ရှမွေလကို ဝိုင်းစောင့်ရှောက်ပေးကြပုံပဲ။
ဒါပေမဲ့ တဲတော်မှာ လူတွေက သိပ်ဆိုးညစ်တာတွေ လုပ်လာကြတယ်။ ဒီကိစ္စမှာ ဧလိ တာဝန်မကင်းဘူး။ ဟောဖနိနဲ့ ဖိနဟတ်ဆိုတဲ့ ဧလိရဲ့ သားနှစ်ယောက်ဟာ ဆိုးညစ်သူတွေ။ တဲတော်ဝင်ပေါက်မှာ အမှုဆောင်တဲ့ အမျိုးသမီးတချို့နဲ့ သူတို့ အတူအိပ်ကြတယ်။ ယေဟောဝါဆီ ပူဇော်မယ့် အလှူတွေကို မလေးမစားလုပ်ကြတယ်။ တဲတော်ကို အစ္စရေးတွေ ပူဇော်ရာအလှူ ယူလာပြီဆိုရင် ဟောဖနိနဲ့ ဖိနဟတ်က နောက်လိုက်တွေ လွှတ်ပြီး အကောင်းဆုံးအပိုင်းတွေ ဦးဦးဖျားဖျား ယူစားကြတယ်။ သားတွေရဲ့ လုပ်ရပ်ကို ဧလိ သိပေမဲ့ ခပ်ပေါ့ပေါ့ပဲ ဆုံးမတယ်။ သားတွေကလည်း ဧလိ ဆုံးမတာကို အရေးမလုပ်ဘူး။ ဝန်းကျင်ဆိုးမှာ နေရပေမဲ့ ရှမွေလဟာ ယေဟောဝါရှေ့မှာရော လူတွေရှေ့မှာပါ မျက်နှာသာရသူအဖြစ် ကြီးပြင်းလာတယ်။ ရှိလောမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အချိန်ကျလာချိန်မှာ ပြစ်ဒဏ်စီရင်ခြင်းသတင်း ပြောပြမယ့်သူအဖြစ် လူငယ်လေး ရှမွေလကို ယေဟောဝါ ရွေးလိုက်တယ်။
တစ်ညမှာ အသံတစ်သံကြောင့် ရှမွေလ နိုးလာတယ်။ အသက်ကြီးပြီး မျက်စိမှုန်နေပြီ ဖြစ်တဲ့ ပုရောဟိတ်မင်း ဧလိ ခေါ်တယ် ထင်လို့ ဧလိဆီ ပြေးသွားတယ်။ ဒါပေမဲ့ “ငါ မခေါ်ပါဘူး။ ပြန်သွားအိပ်ချေ” လို့ ပြောတာနဲ့ ရှမွေလ ပြန်သွားအိပ်တယ်။ အဲဒီနောက် ခေါ်သံ နှစ်ကြိမ် ထပ်ကြားရတယ်။ ရှမွေလကို ခေါ်နေတာ ယေဟောဝါပဲဆိုတာ ဧလိ ရိပ်မိသွားတယ်။ ဒါကြောင့် ခေါ်သံ ထပ်ကြားရင် “ယေဟောဝါဘုရား၊ ကျွန်တော် နားထောင်နေပါတယ်” လို့ ဖြေဖို့ ရှမွေလကို မှာတယ်။
“ရှမွေလ၊ ရှမွေလ” ဆိုပြီး စတုတ္ထအကြိမ် ယေဟောဝါ ခေါ်တယ်။ “ကျွန်တော် နားထောင်နေပါတယ်” ဆိုပြီး ဧလိ မှာထားတဲ့အတိုင်း ရှမွေလ ဖြေတယ်။ ရှိလောမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းမယ်၊ သားတွေကို ပြင်းပြင်းထန်ထန် မဆုံးမတဲ့အတွက် ဧလိ ပြစ်ဒဏ်စီရင်ခံရမယ်လို့ ယေဟောဝါ ပြောတယ်။ ဧလိနဲ့ သားတွေကိုကော အိမ်သားအားလုံးကိုပါ ယေဟောဝါ ဒဏ်ခတ်မယ်တဲ့။ ဒီအကြောင်းအားလုံး ဧလိကို ရှမွေလ ပြန်ပြောပြရမှာ။
ရှမွေလ မနက်အထိ ဆက်အိပ်ပြီးနောက် တဲတော်ဝင်းတံခါးတွေ ဖွင့်တယ်။ “သူ မြင်ရတဲ့ စိတ်အာရုံအကြောင်း ဧလိကို မပြောပြရဲဘူး။” ဧလိက ရှမွေလကို ခေါ်ပြီး ယေဟောဝါ ဘာပြောခဲ့သလဲ မေးတယ်။ ရှမွေလ ကြောက်နေပုံရလို့ “တစ်ခွန်းမကျန် ပြန်ပြောပြပါ” ဆိုပြီး ပြောတယ်။
ရှမွေလဟာ လူငယ်လေးပဲ ရှိသေးပေမဲ့ ယေဟောဝါဆီက ပြစ်ဒဏ်စီရင်ခြင်းသတင်းကို ပုရောဟိတ်မင်း ဧလိဆီ ပြောပြခဲ့ရ
ဧလိကို အဘိုးတစ်ယောက်လို ရှမွေလ ချစ်ခင်လေးစားသလားဆိုတာ ကျွန်တော်တို့ မသိပါဘူး။ အစ္စရေးတစ်မျိုးလုံးရဲ့ ပုရောဟိတ်မင်းအဖြစ် လေးစားမှာတော့ သေချာတယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင် ပြောပြဖို့ အကျပ်ရိုက်နေမှာ။ ဒါပေမဲ့ ရှမွေလလေးဟာ သိပ်သတ္တိရှိတယ်။ “မထိမ်ချန်ဘဲ တစ်ခွန်းမကျန် ပြောပြလိုက်” တယ်။ မကြာခင် ပြစ်ဒဏ်စီရင်ခံရတော့မယ်ဆိုတာ ဧလိ သိသွားပြီ။ ဒီတော့ သားတွေကို ဆုံးမသလား။ ဆုံးမတယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူး။
သတ္တိရှိတဲ့ ရှမွေလကို ယေဟောဝါ ကြွယ်ဝစွာ ဆုချတယ်။ “ယေဟောဝါက သူနဲ့အတူ ရှိပြီး သူ ပြောသမျှ တစ်ခွန်းမကျန် ပြည့်စုံစေတယ်” လို့ ကျမ်းစာ ဆိုတယ်။ ဧလိတို့သားအဖတွေနဲ့ပတ်သက်ပြီး ရှမွေလ ပြောသမျှ ပြည့်စုံလာတယ်။ ယေဟောဝါရဲ့ ပရောဖက်အဖြစ် ရှမွေလ ခန့်အပ်ခံရမှန်း အစ္စရေးအားလုံး သိလာကြတယ်။ နောက်ပိုင်းနှစ်တွေတစ်လျှောက် ရှမွေလကို သုံးပြီး မိမိလူမျိုးကို ယေဟောဝါ လမ်းညွှန်တယ်။ ပရောဖက်အဖြစ်၊ တရားသူကြီးအဖြစ် ရှမွေလ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်တယ်။ ရှမွေလဟာ အသက်ငယ်စဉ်မှာ သတ္တိရှိဖို့ သင်ယူခဲ့ရသလို အသက်တာတစ်လျှောက်လုံးမှာလည်း သတ္တိ တင်ပြခဲ့တယ်။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ရှမွေလ ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ ယေဟောဝါရဲ့ တဲတော်ရှိရာ ရှိလောမြို့အကြောင်း ပြောပြပါ။ (က၉၂ ၁၁/၁ ၈-၉) ရုပ်ပုံ က
Todd Bolen/BiblePlaces.com
ရုပ်ပုံ က– ရှေးခေတ် ရှိလောမြို့ မြင်ကွင်း
၂။ တဲတော်မှာ နေရတဲ့ ရှမွေလရဲ့ အသက်တာအကြောင်း ပြောပြပါ။ (ia ၆၀-၆၂ ပိုဒ်. ၉-၁၃) ရုပ်ပုံ ခ
ရုပ်ပုံ ခ
၃။ လူငယ်လေး ရှမွေလ “ယေဟောဝါကို ကောင်းကောင်း မသိကျွမ်းသေးဘူး” ဆိုတဲ့ အချက်ကနေ ဘာသင်ယူရသလဲ။ (၁ ရှ. ၃:၇။ က၀၂ ၁၂/၁၅ ၈ ပိုဒ်. ၅-၆)
၄။ ဧလိတို့မိသားစုနဲ့ပတ်သက်တဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံလာသလဲ။ (it “ဧလိ၊ ၁” ပိုဒ်. ၅-၇-wcgr)
တွေးတောစရာ သင်ခန်းစာ
လူငယ်တွေဟာ ရှမွေလလို နာခံမှု ရှိသူ ဘယ်လို ဖြစ်နိုင်သလဲ။ (၁ ရှ. ၃:၅)
လူငယ်တွေဟာ ရှမွေလလို လိမ္မာယဉ်ကျေးသူ၊ လေးစားမှု ရှိသူ ဘယ်လို ဖြစ်နိုင်သလဲ။ (၁ ရှ. ၃:၆-၁၀)
လူငယ်တွေဟာ ရှမွေလလို တာဝန်သိတတ်သူ ဘယ်လို ဖြစ်နိုင်သလဲ။ (၁ ရှ. ၃:၁၅) ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
ဘယ်လိုအချိန်မျိုးမှာ အမှန်အတိုင်း ပြောဖို့ လူငယ်တွေ သတ္တိ လိုအပ်နိုင်သလဲ။ ရှမွေလရဲ့ စံနမူနာက ဘယ်လို ကူညီပေးနိုင်သလဲ။
ရှမွေလရဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ရှမွေလ အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
ဘယ်လိုအချိန်မျိုးမှာ မှန်ရာ လုပ်ဖို့ လူငယ်လူရွယ်တွေ သတ္တိ လိုအပ်နိုင်သလဲ။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသူတွေ ဘုရားကို မလေးစားကြပေမဲ့ လူငယ်လေး ရှမွေလ မှန်ရာ လုပ်တယ်။
“ယေဟောဝါအမှုတော်ဆောင်ဖို့ ရှမွေလရွေးချယ်” (ijwis ဆောင်းပါး ၁၅)