ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁ စာ. ၂၃-၃၀
  • မကြာမီလူမျိုးခပ်သိမ်းအတွက် တရားမျှတခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကြာမီလူမျိုးခပ်သိမ်းအတွက် တရားမျှတခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လာတော့မည့် အရာကောင်းများ၏ပုံရိပ်
  • ကရုဏာနှင့်အညီ တရားမျှတခြင်း
  • လူမျိုးခပ်သိမ်းအတွက် တရားမျှတခြင်း
  • ဘုရား၏တရားလမ်းတော်များကို သင်တုံ့ပြန်နေပါသလော
  • တရားမျှတသောဘုရား အလျင်အမြန်တရားစီရင်မည်
  • “လူမျိုးတို့ဘုရားလူများနှင့်အတူ ဝမ်းမြောက်လော့”
  • ယေဟောဝါ—စစ်မှန်သော တရားမျှတမှုနှင့်ဖြောင့်မတ်မှု၏အရင်းအမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါအားတုပ—တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကိုကျင့်သုံးကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ၏”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို မြတ်နိုးတော်မူသောယေဟောဝါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁ စာ. ၂၃-၃၀

မကြာမီလူမျိုးခပ်သိမ်းအတွက် တရားမျှတခြင်း

“သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည်အသက်ရှင်၍ အမွေခံမည်အကြောင်း ဖြောင့်သောတရားလမ်းသို့သာလိုက်ရမည်”။—တရားဟောရာ ၁၆:၂၀။

၁။ လူအတွက် ဘုရား၏မူလ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းကို မည်သို့အားဖြင့်သာ ဖြည့်စွက်နိုင်သနည်း။

ယေဟောဝါဘုရားသည် ယောက်ျားနှင့်မိန်းမကို ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်သည် မြေကြီးကိုစုံလင်သော သူများနှင့် ပြည့်စေရန်ဖြစ်သည်။ သူတို့အားလုံးသည် ကိုယ်တော်ကိုထောပနာပြုကြမည်ဖြစ်ပြီး မြေကြီးကိုနိုင်နင်းကြမည်။ (ကမ္ဘာဦး ၁:၂၆-၂၈) လူသည်ဘုရားပုံနှင့်အညီ ဖန်ဆင်းခံရသောကြောင့် ဉာဏ်ပညာ၊ တရားမျှတခြင်း၊ မေတ္တာနှင့်တန်ခိုး စသောအရည်အချင်းများ ရရှိထားသည်။ ဤအရည်အချင်းများကို မျှတစွာအသုံးပြုမှသာလျှင် မိမိဖန်ဆင်းရှင်၏ရည်ရွယ်ချက်ကို လူသည်ဖြည့်စွမ်းနိုင်ပေမည်။

၂။ ဣသရေလများအတွက် တရားမျှတခြင်းကို လိုက်လျှောက်ခြင်းသည် မည်မျှအရေးကြီးသနည်း။

၂ ပြီးခဲ့သည့်အခန်းတွင် မှတ်သားခဲ့သည့်အတိုင်း လူသည်ဘုရား၏ နည်းလမ်းတော်ကို ပုန်ကန်ခြင်းကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။ ယခု သူသည်မစုံလင်မှုကြောင့် လူသားအတွက်ဘုရား၏ မူလရည်ရွယ်ချက်ကိုလုပ်ဆောင်သွားရန် မဖြစ်နိုင်ချေ။ ဤသို့မလုပ်ဆောင်နိုင်ခြင်းမှာ စုံလင်သောတရားမျှတခြင်းကို လူသည်မတင်ပြနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် မောရှေသည် ဣသရေလများအား ဤသို့သတိပေးခြင်းမှာ မဆန်းချေ။ “သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည်အသက်ရှင်၍ အမွေခံမည်အကြောင်း ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။” သူတို့၏အသက်နှင့် ကတိထားရာမြေကို သိမ်းပိုက်နိုင်စွမ်းသည် သူတို့၏ဖြောင့်သော တရားလမ်းလိုက်ခြင်းအပေါ် မူတည်နေသည်။—တရားဟောရာ ၁၆:၂၀။

လာတော့မည့် အရာကောင်းများ၏ပုံရိပ်

၃။ ဣသရေလများနှင့် ယေဟောဝါ၏ဆက်ဆံပုံကို သုံးသပ်ခြင်းသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။

၃ ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ဆက်ဆံပုံက ကိုယ်တော်သည် မိမိ၏ရွေးချယ်ခံကျေးကျွန် ယေရှုအားဖြင့် မိမိ၏တရားမျှတခြင်းကို လူမျိုးခပ်သိမ်းအား အမှန်ပင်ထင်ရှားစေမည့်အပေါ် ကျွန်ုပ်တို့၏ စိတ်ချမှုကို ခိုင်ခံ့စေသည်။ တမန်တော်ပေါလုက ဤသို့ရှင်းပြသည်။“ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍ မြော်လင့်ရသော အခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌အထက်က ရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ ရေးထားသတည်း။” (ရောမ ၁၅:၄) ဘုရားရှင်သည် “ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကိုချစ်သောကြောင့်” ကိုယ်တော်သည် ဣသရေလများအား တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် မိမိအားတုပရန် တောင်းဆိုသည်။ (ဆာလံ ၃၃:၅) ဣသရေလတို့ကို ပေးသောပညတ် ၆၀၀ မှအချို့ကိုသုံးသပ်ခြင်းဖြင့် ထင်ရှားစွာတွေ့နိုင်သည်။

၄။ မောရှေပညတ်အောက်၌ လူ့အခွင့်အရေးပြဿနာများကို မည်သို့ကိုင်တွယ်ခဲ့သနည်း။

၄ မောရှေပညတ်ကို လိုက်လျှောက်လျှင် လူ့အခွင့်အရေးပြဿနာများမရှိချေ။ နယ်မြေတွင် လာရောက်နေထိုင်သော တစ်ပါးအမျိုးသားတစ်ဦးနှင့် စပ်လျဉ်း၍ ဝတ်ပြုရာ ၁၉:၃၄ တွင်ဆိုထားသည်။ “သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှချစ်ရမည်။” တရားမျှတ၍ မေတ္တာပါသော အစီအစဉ်ပါတကား။ ထို့ပြင် တရားသူကြီးများနှင့် သက်သေများကိုတိုက်တွန်းထားသည်။ “လူများနောက်သို့လိုက်၍ မတရားသဖြင့် မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသူဘက်၌နေ၍ တရားလမ်းမှလွဲစေခြင်းငှာ မပြောရ။ ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။” (ထွက်မြောက်ရာ ၂၃:၂၊ ၃) စဉ်းစားကြည့်လိုက်ပါ—ချမ်းသာသူဖြစ်စေ ဆင်းရဲသူဖြစ်စေ တရားနှင့်အညီစီရင်လေသည်။

၅။ မောရှေပညတ်အောက်ရှိ ရာဇဝတ်မှုဥပဒေများနှင့် ယနေ့ဥပဒေများကိုနှိုင်းယှဉ်ပြပါ။

၅ မောရှေပညတ်ဥပဒေအောက်၌ ရာဇဝတ်ဆိုင်ရာဥပဒေများသည် ယနေ့တိုင်းနိုင်ငံတို့၏ဥပဒေများထက် များစွာသာလွန်ပါသည်။ ဥပမာ ဥပဒေကိုလိုက်နာသော အလုပ်ကြိုးစားသူများအတွက် ဝန်ထုပ်မဖြစ်ရန် သူခိုးများကိုထောင်မချချေ။ သူသည်အလုပ်လုပ်ပြီး မိမိခိုးသည့်အရာထက် နှစ်ဆ သို့မဟုတ် ပို၍ပြန်ဆပ်ရသည်။ သို့ဖြင့် အခိုးခံရသောသူသည် မနစ်နာတော့ချေ။ သူခိုးသည် အလုပ်လုပ်ပြီး ပြန်ဆပ်ရန် ငြင်းဆန်သည်ဆိုပါစို့။ ဤတွင်သူ့အား ဆပ်ပြီးသည့်အထိ ကျွန်အဖြစ်ရောင်းလိုက်သည်။ သူကဆက်၍ ခေါင်းမာနေလျှင် သေဒဏ်ပေးလိုက်သည်။ ဤသို့ဖြင့် အခိုးခံရသောသူအတွက် တရားမျှတပြီး၊ အခြားခိုးလိုသူအတွက်လည်း အတားအဆီးကြီးဖြစ်လေသည်။ (ထွက်မြောက်ရာ ၂၂:၁၊ ၃၊ ၄၊ ၇။ တရားဟောရာ ၁၇:၁၂) ထို့ပြင် ဘုရား၏မျက်စိ၌ အသက်သည် တန်ဖိုးရှိသောကြောင့် မည်သည့်လူသတ်သမားကိုမဆို သေဒဏ်ပေးသည်။ ဤသို့ဖြင့် ဆိုးယုတ်သူ လူသတ်သမားများကို လူမျိုးမှ ပယ်ရှင်းလိုက်သည်။ သို့သော် မရည်ရွယ်ဘဲ လူသတ်မိသူများကိုမူ ကရုဏာပြလေသည်။—တောလည်ရာ ၃၅:၉-၁၅၊ ၂၂-၂၉၊ ၃၃။

၆။ ဣသရေလဥပဒေများကို သုံးသပ်သောအခါကျွန်ုပ်တို့အား မည်သို့ဆုံးဖြတ်ချက်ချစေသနည်း။

၆ သို့ဖြစ်လျှင် ဣသရေလလူမျိုးနှင့် ဘုရား၏တရားရေးဆိုင်ရာ ဆက်ဆံမှုတွင် တရားမျှတခြင်းမရှိဟု မည်သူငြင်းဆိုနိုင်မည်နည်း။ သို့ဖြင့် ဟေရှာယ ၄၂:၁ ရှိဘုရားကတိတော်ကို ခရစ်တော်ယေရှုအားဖြင့် မည်သို့အကောင်အထည်ဖေါ်မည်ကို စဉ်းစားလိုက်သောအခါ မည်မျှနှစ်သိမ့်မှု၊ မျှော်လင့်ခြင်း ကျွန်ုပ်တို့တွင် ပြည့်ဝစေပါသည်တကား။ ထိုတွင် ဤသို့ကတိပြုထားသည်။ “သူသည်လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။”

ကရုဏာနှင့်အညီ တရားမျှတခြင်း

၇။ ဣသရေလများနှင့် ယေဟောဝါ၏ကရုဏာပါ ဆက်ဆံပုံကို ဖေါ်ပြပါ။

၇ ဘုရား၏ တရားမျှတခြင်းသည် ကရုဏာနှင့်အညီဖြစ်သည်။ ယင်းကိုဣသရေလလူများ ဘုရား၏နည်းလမ်းတော်များကို ပုန်ကန်သောအခါ အထင်အရှားတွေ့ရသည်။ သူတို့သည် တောထဲတွင် အနှစ် ၄၀ နေစဉ်ယေဟောဝါ၏ကရုဏာပါ စောင့်ရှောက်မှုအပေါ် မောရှေ၏ဖေါ်ကျူးပုံကိုနားဆင်ပါ။ “လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ်လပ်သောတောလွင်၌ ယာကုပ်ကိုတွေ့သောအခါ ဝန်းရံကာဆီးခြင်း၊ သွန်သင်ခြင်းကျေးဇူးကိုပြု၍ မျက်ဆန်ကဲ့သို့ စောင့်တော်မူ၏။ ရွှေလင်းတသည် အသိုက်ကိုမွှေလျက် သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတစ်ပါးသောဘုရားမည်မျှမရှိ။” (တရားဟောရာ ၃၂:၁၀-၁၂) နောက်ပိုင်းတွင် ထိုလူမျိုးဖောက်ပြန်သွားသောအခါ ယေဟောဝါက ဤသို့တောင်းပန်ခဲ့၏။ “သင်တို့မကောင်းသောလမ်း၊ မကောင်းသောအကျင့်များကို ယခုကြဉ်ရှောင်ကြလော့။”—ဇာခရိ ၁:၄က။

၈၊ ၉။ (က) ဂျူးများကို ဘုရားသည်မည်မျှအထိ ကရုဏာပါတရားမျှတခြင်းတင်ပြခဲ့သနည်း။ (ခ) နောက်ဆုံးတွင် သူတို့အပေါ် မည်သည့်ဘေးဆိုက်ခဲ့သနည်း။ သို့သော်သူတို့နှင့် ဘုရားဆက်ဆံပုံကို မည်သို့ပြောနိုင်သနည်း။

၈ ယေဟောဝါ၏ ကရုဏာကမ်းလှမ်းချက်ကို နားပိတ်ထားကြသည်။ “ထာဝရဘုရားမိန့်တော်မူသည်ကို ဆင့်ဆိုလျက်ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကိုလည်းနားမထောင်” (ဇာခရိ ၁:၄ခ) ထို့ကြောင့် ဘုရား၏ကရုဏာပါတရားမျှတခြင်းက သူတို့အား ကိုယ်တော်ထံပြန်လှည့်လာရေးထောက်ကူရန် မိမိ၏တစ်ပါးတည်းသောသားကို စေလွှတ်ရန်လှုံ့ဆော်စေသည်။ နှစ်ခြင်းဆရာယောဟန်က ဘုရားသားတော်ကို ဤသို့ပြောဆိုမိတ်ဆက်ပေးခဲ့သည်။ “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့။” (ယောဟန် ၁:၂၉) နှစ်ပေါင်းများစွာပင် ယေရှုသည်ဂျူးများအား ဘုရား၏ဖြောင့်မှန်သော နည်းလမ်းတော်များကို သင်ကြားပေး၍ မရေတွက်နိုင်သော အံ့ဖွယ်များပြကာ မိမိသည်ကြိုတင်ဟောထားသည့် ကယ်နှုတ်ရှင်ဖြစ်ကြောင်း သက်သေထူခဲ့သည်။ (လုကာ ၂၄:၂၇။ ယောဟန် ၅:၃၆) သို့သော်လူတို့သည် နားလည်းမထောင်၊ ယုံလည်းမယုံကြ။ သို့နှင့် ယေရှု ဤသို့ကြွေးကြော်ခဲ့သည်။“အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည်မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကားအလိုမရှိ။ သင်တို့နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရမည်။”—မဿဲ ၂၃:၃၇၊ ၃၈။

၉ ဘုရားသည် မိမိ၏ဒဏ်စီရင်ချက်ကို ခသ ၇၀ တိုင်၊ နောက် ၃၇ နှစ်ဆိုင်းငံ့ခဲ့သည်။ သို့နှင့် ကိုယ်တော်သည် ရောမများဖြင့် ယေရုရှလင်ကိုဖျက်ဆီးရန်နှင့် ထောင်ပေါင်းများစွာသော ဂျူးများကို ချုပ်နှောင်သွားရန် ခွင့်ပြုခဲ့လေသည်။ နှစ်ရာစုပေါင်းများစွာ ယေဟောဝါ၏စိတ်ရှည်ခြင်းနှင့် သည်းခံမှုကို ကျွန်ုပ်တို့သုံးသပ်ခြင်းဖြင့် ဣသရေလလူမျိုးနှင့် ကိုယ်တော်၏ဆက်ဆံမှုအားလုံးတွင် တရားမျှတခြင်းအမှတ်အသားကို မမြင်သူရှိပါမည်လော။

လူမျိုးခပ်သိမ်းအတွက် တရားမျှတခြင်း

၁၀။ ဘုရား၏တရားမျှတခြင်းသည် မည်သို့လူမျိုးတကာထံ သက်ရောက်သနည်း။

၁၀ ဣသရေလများ ယေရှုကိုငြင်းပယ်ပြီးနောက် ယာကုပ်ဤသို့ဆိုသည်။ “ဘုရားသခင်သည် မိမိနာမအဖို့ တစ်ပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှာ ရှေ့ဦးစွာတစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည်။” (တမန်တော် ၁၅:၁၄) ယေရှုကို မေရှိယအဖြင့်လက်ခံခဲ့သော ဂျူးလူနည်းစုအပါအဝင် ဤ “လူမျိုး” သည် “ဘုရား၏ [ဝိညာဏ] ဣသရေလ” အဖြင့်စုပေါင်းဖွဲ့စည်းထားပြီး၊ ခရစ်တော်ယေရှု၏ ၁၄၄၀၀၀ သောဘိသိတ်ခံနောက်လိုက်များဖြစ်သည်။ (ဂလာတိ ၆:၁၆။ ဗျာဒိတ် ၇:၁-၈၊ ၁၄:၁-၅) ပထမဆုံး အရေဖျားလှီးမခံသော တစ်ပါးအမျိုးသား ယုံကြည်သူမှာ ကောနေလိဖြစ်သည်။ ကောနေလိနှင့်သူ၏အိမ်ထောင်သည် ဘုရား၏ကယ်တင်ခြင်း လမ်းတော်ကိုလက်ခံခဲ့စဉ် ပေတရုဤသို့ဆိုခဲ့သည်။ “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။” (တမန်တော် ၁၀:၃၄၊ ၃၅) ပေါလုသည် ဘုရား၏မျက်နှာလိုက်မှုကင်းသော တရားမျှတခြင်းအပေါ်အကျယ်ချဲ့ပြောဆိုခဲ့သည်။ “ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။ ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ဂတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။”—ဂလာတိ ၃:၂၈၊ ၂၉။

၁၁။ အာဗြဟံအား မည်သည့်ကတိကိုပေးပြီး၊ ယင်းသည် မည်သို့ပြည့်စုံမည်နည်း။

၁၁ ဤတွင် အာဗြဟံကို ယေဟောဝါပေးခဲ့သော ထူးမြတ်လှသည့်ဂတိတော်ကို ကျွန်ုပ်တို့အား သတိရစေသည်။ မိမိ၏ချစ်သားဣဇက်ကို ထိုဘိုးဘေးပူဇော်ရန် အသင့်ရှိခြင်းပေါ်အခြေခံ၍ ဘုရားသည်သူ့အား ဤသို့မိန့်ဆိုခဲ့သည်။ “သင်သည်ဤအမှုကိုပြု၍ သင်၏သား သင်၌တစ်ယောက်တည်းသောသားကို ငါ့အားမငြင်းသောကြောင့် ငါသည်သင့်အားအစဉ်အမြဲကောင်းကြီးပေးမည်။ . . . သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၆-၁၈) ဤဂတိတော်သည် မည်သို့ပြည့်စုံမည်နည်း။ ယေရှုခရစ်နှင့် သေသည်တိုင်အောင်သစ္စာစောင့်သော ကိုယ်တော်၏ဘိသိတ်ခံနောက်လိုက် ၁၄၄၀၀၀ ဖြင့်ဖွဲ့စည်းထားသော “အာဗြဟံ၏အမျိုးအနွယ်တော်” သည် လူများကို ကောင်းကင်မှ အနှစ်တစ်ထောင်အုပ်ချုပ်မည်။ (ဗျာဒိတ် ၂:၁၀၊ ၂၆၊ ၂၀:၆) ထိုမင်္ဂလာချိန်ခါနှင့်စပ်လျဉ်း၍ ယေဟောဝါ ကျွန်ုပ်တို့အားဤသို့စိတ်ချစေသည်။ “အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုမေရှိယနိုင်ငံတော်၏ “မင်းသားအုပ်ချုပ်ရေး” သည်‘တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်။’—ဟေရှာယ ၉:၇။

၁၂။ အာဗြဟံဆိုင်ရာပဋိညာဉ်ကို မည်သည့်အတိုင်းအတာအထိ ခံစားလျက်ရှိသနည်း။

၁၂ သို့သော် အာဗြဟံဆိုင်ရာပဋိညာဉ်၏ ကောင်းချီးများကို ခံစားနိုင်ရန် ယေရှုခရစ်၏ အနှစ်တစ်ထောင်အုပ်ချုပ်ခြင်းအစပြုသည့်အထိ စောင့်ဆိုင်းနေရန်မလိုပါ။ ဤကောင်းချီးများကို “လူအမျိုးအနွယ်ခပ်သိမ်း” မှ “လူအုပ်ကြီး” သည် ခံစားလျက်ရှိပါသည်။ ပုံဆောင်ချက်ဖြင့် ယေရှုခရစ် “သိုးသငယ်၏အသွေး၌ မိမိတို့ဝတ်လုံကို လျှော်၍ဖြူစေခြင်း” အားဖြင့် ယေဟောဝါရှေ့ဖြောင့်မတ်သော ရပ်တည်မှုရရှိလေသည်။ အာဗြဟံကဲ့သို့ သူတို့သည် ယေဟောဝါ၏မိတ်ဆွေများဖြစ်လာသည်။ လူမျိုးခပ်သိမ်းမှ သန်းပေါင်းများစွာ ကယ်တင်ခြင်းရရန် ယေဟောဝါ၏နည်းလမ်းတော်၌ တရားမျှတခြင်းအမှန်ပင်တွေ့ရသည်။—ဗျာဒိတ် ၇:၉၊ ၁၄။

ဘုရား၏တရားလမ်းတော်များကို သင်တုံ့ပြန်နေပါသလော

၁၃၊ ၁၄။ (က) ကျွန်ုပ်တို့အားလုံး မိမိ၏မည်သည့်နှလုံးစစ်ဆေးခြင်းပြုလုပ်သင့်သနည်း။ (ခ) ယေဟောဝါအား ကျွန်ုပ်တို့၏လေးမြတ်မှုကို မည်သို့တင်ပြနိုင်သနည်း။

၁၃ ဘုရား၏တရားလမ်းနှင့် မိမိ၏တစ်ပါးတည်းသောသားကို သင့်အတွက်ရွေးဖိုးပေးခြင်းမေတ္တာက သင်၏နှလုံးထဲမှ လှိုက်လှဲမှုကို ဖြစ်စေပါသလော။ အာဗြဟံသည် မိမိချစ်လှသော သားကိုပူဇော်ရန် ယေဟောဝါတောင်းဆိုသောအခါ မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။ သို့သော် ဘုရားခံစားချက်ကပို၍ပင် နက်ရှိုင်းပါလိမ့်မည်။ မိမိ၏ချစ်သော သားအားမလေးမခန့်ပြုခံရခြင်း၊ ဖြတ်သန်းသူများက ဆဲရေးသွားခြင်း၊ ညှဉ်းဆဲရာသစ်တိုင်တွင် နာကျင်စွာ ဝေဒနာခံရစဉ် ကိုယ်တော်၏ခံစားချက်ကို စဉ်းစားကြည့်ပါ။ ယေရှုက “အကျွန်ုပ်ဘုရား အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း။” ဟုဟစ်ကြွေးသောအခါ ယေဟောဝါ၏ ခံစားချက်ကိုစဉ်းစားကြည့်ပါ။ (မဿဲ ၂၇:၃၉၊ ၄၆) သို့သော်လည်း ဘုရား၏ ဖြောင့်မတ်ခြင်းထင်ရှားရန်အတွက် ယေရှုသည် သမာဓိတင်ပြဖို့ ထိုသို့မိမိသားအား ယေဟောဝါသေစေရန် တရားမျှတခြင်းက တောင်းဆိုလေသည်။ ထို့ပြင် မိမိ၏သားကို သေစေခြင်းဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးလေသည်။

၁၄ ထို့ကြောင့် ယေဟောဝါနှင့်သားတော်အား ကျွန်ုပ်တို့၏လေးမြတ်မှုက အမှန်ပင် ကျွန်ုပ်တို့အားအောက်ပါအတိုင်း လူသူရှေ့ အသိအမှတ်ပြုစေသင့်သည်။ “ငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည်. . .ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်း။” (ဗျာဒိတ် ၇:၁၀) ဤသို့ ကျွန်ုပ်တို့ပြတ်သားစွာ တုံ့ပြန်ခြင်းဖြင့် မောရှေ၏စကားများကို ယုံကြည်ကြောင်းပြရာရောက်သည်။ ‘ဘုရားသခင်၏စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ၏။’ (တရားဟောရာ ၃၂:၄) လူသားကယ်တင်ခြင်းအတွက် ဘုရား၏တရားလမ်းများကို ကျွန်ုပ်တို့အသိအမှတ်ပြု လိုက်လျှောက်လျှင် ယေဟောဝါနှင့်သားတော်၏နှလုံးကို ကျွန်ုပ်တို့မည်မျှရွှင်လန်းစေပါမည်တကား။

၁၅။ နိကောဒင်အား ယေရှု၏စကားများသည် ကျွန်ုပ်တို့အတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။

၁၅ ၁၈၇၀ ပြည့်နှစ်များမှ ကျွန်ုပ်တို့၏ ယုံကြည်သူဘက်သားများသည် ရွေးဖိုးပူဇော်သက္ကာကိစ္စတွင် ခိုင်မာစွာ ရပ်တည်ခဲ့ကြသည့်အတွက် ကျွန်ုပ်တို့မပျော်ရွှင်ပေလော။ တရားမျှတပြီး လူ့ကယ်တင်ခြင်းအတွက် ဘုရား၏တရားမျှတခြင်းနှင့် မေတ္တာလမ်းကို စွဲကိုင်ထားရန် သန္နိဌာန်ချမှတ်ထားသော တရားသည့်အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရသည့်အတွက် ကျွန်ုပ်တို့မပျော်ရွှင်ပေလော။ သို့ဖြစ်လျှင် ယေရှုသည် နိကောဒင်အားပြောသည့်စကားကို ကျွန်ုပ်တို့အထူးအာရုံစိုက်သင့်သည်။ “လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည်သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ . . .သမ္မာတရားကို ကျင့်သောသူမူကား မိမိအကျင့်တို့သည် ဘုရား၏အလိုတော်နှင့် ညီသည်ကိုထင်းရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်။” ဘုရား၏ ဒဏ်စီရင်ချက်မှလွတ်ရန် ‘ဘုရားအလိုတော်နှင့်အညီကျင့်’ ခြင်းဖြင့် သားတော်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကိုတင်ပြရမည်။—ယောဟန် ၃:၁၇၊ ၁၈၊ ၂၁။

၁၆။ ယေရှု၏နောက်လိုက်များ ကောင်းကင်ခမည်းတော်ကို မည်သို့ဂုဏ်တင်နိုင်သနည်း။

၁၆ ယေရှုက “သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့် ငါ့ခမည်းတော်သည်ဘုန်းထင်းရှားတော်မူ၍ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။ ငါသည်ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်ငါ့ပညတ်ကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။” ဟုပြောခဲ့သည်။ (ယောဟန် ၁၅:၈၊ ၁၀) ဤပညတ်တော် အချို့ကားအဘယ်နည်း။ တစ်ခုမှာ ယောဟန် ၁၃:၃၄၊ ၃၅ တွင်ယေရှုမိမိ၏တပည့်များကိုပြောခဲ့သည်။ “အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ . . .လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” ယေဟောဝါသက်သေများအတွင်း မေတ္တာအသီးကိုတွေ့ရသည်။ ယေရှုက မိန့်တော်မူသေးသည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ ငါသည်သင်တို့အားပေးသမျှသော ပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) သင်သည် ‘ဘုရားအလိုတော်နှင့်အညီ’ ဤအရာများကို တစ်ဦးချင်းပြုလုပ်နေပါသလော။

၁၇။ ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းသည် ယေဟောဝါ၏တရားမျှတခြင်းကို ပြသကြောင်း မည်သည့်ရလဒ်က တင်ပြသနည်း။

၁၇ တစ်နှစ်ထဲ၌ပင် ယေဟောဝါသက်သေများ၏ အောင်မြင်ပြီးမြောက်မှုကို သုံးသပ်ခြင်းဖြင့် ယေရှု၏နောက်လိုက်များ ဤဟောပြောသွန်သင်ခြင်းပြုရန် ခွင့်ပြုသောဘုရား၏တရားလမ်းကို ထင်ရှားစေသည်။ ၁၉၈၈ တွင်တပည့်သစ် ၂၃၉၂၆၈ နှစ်ခြင်းခံခဲ့သည်။ ယင်းသည်သင့်နှလုံးကိုမရွှင်ပြုံးစေသလော။

တရားမျှတသောဘုရား အလျင်အမြန်တရားစီရင်မည်

၁၈။ ယေဟောဝါ၏လူမျိုးအပေါ် နှိပ်စက်ခြင်းကိုကြည့်၍ မည်သည့်မေးခွန်းများပေါ်လာသနည်း။

၁၈ သက်သေခံခြင်းလုပ်ငန်းကို အတိုက်အခံမရှိဘဲ မလုပ်နိုင်ခဲ့ချေ။ ယေရှုသည် မိမိ၏နောက်လိုက်များအား ဤသို့ပြောခဲ့သည်။ “သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။” (ယောဟန် ၁၅:၂၀) ယင်းစကားမှန်ကြောင်း မျက်မှောက်ခေတ် ယေဟောဝါသက်သေများ၏ရာဇဝင်က သက်သေခံနေသည်။ ပိတ်ပင်မှုများ၊ ထောင်ချမှုများ၊ ရိုက်နှက်မှုများနှင့် ညှဉ်းပမ်းခြင်းများကို သက်သေခံများသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ တွေ့ကြုံနေရသည်။ ဟဗက္ကုတ်၏ ပရောဖက်ပြုစကားကို ပြန်သတိရစေပါသည်။ “တရားလျော့ပါ၏။ တရားသဖြင့်စီရင်ဆုံးဖြတ်ခြင်း မရှိပါ။” တစ်ခါတစ်ရံယေဟောဝါလူမျိုးများပင် ဤသို့မေးလိုကြသည်။ “သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့်ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသောအခါ အဘယ်ကြောင့်တိတ်ဆိတ်စွာနေတော်မူသနည်း။”—ဟဗက္ကုက် ၁:၄၊ ၁၃။

၁၉။ ဘုရား၏အမြင်ကို နားလည်နိုင်ရန် ယေရှုသည်မည်သည့်ပုံဥပမာပေးခဲ့သနည်း။

၁၉ ယင်းမေးခွန်းများကို ဖြေဆိုရန်နှင့် ဘုရားရှုထောင့်မှ ကျွန်ုပ်တို့ရှုမြင်တတ်ရန် ယေရှုသည် ပုံပမာတစ်ခုပေးခဲ့သည်။ လုကာ ၁၇:၂၂-၃၇တွင် ဤစနစ်ဆုံးခန်းကို သတ်မှတ်သော ကြမ်းတမ်းသော အခြေအနေများကို ယေရှုဖေါ်ပြထားသည်။ ကိုယ်တော်က နောဧရေလွှမ်းမိုးချိန်နှင့် လောတလက်ထက်သောဒုံ၊ ဂေါမောရကို မဖျက်ဆီးမီအချိန်နှင့် နှိုင်းယှဉ်နိုင်ကြောင်းပြောခဲ့သည်။ ယင်းနောက်လုကာ ၁၈:၁-၅တွင်ဖေါ်ပြသည့်အတိုင်း ယေရှုသည် မိမိ၏တပည့်များဘက်လှည့်၍ “လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည် အကြောင်းကိုဥပမာစကားအားဖြင့် မိန့်တော်မူသည်။” ယေရှုက အထူးအကူအညီလိုအပ်နေသော မုဆိုးမတစ်ဦးနှင့် သူမ၏လိုအင်ကို ဖြည့်ဆည်းပေးနိုင်သော “တရားသူကြီးတစ်ယောက်” အကြောင်းပြောပြသည်။ မုဆိုးမက “ကျွန်မရန်ဘက်၌ အပြစ်အလျောက်ဒဏ်စီရင်ပါ” ဟုဆက်တောင်းပန်နေသည်။ သူမ၏ စွဲမြဲမှုကြောင့် နောက်ဆုံးတွင် တရားသူကြီးသည် ‘သူ့ဘက်၌တရားစီရင်လေသည်။’

၂၀။ ယေရှု၏ပုံဥပမာက ကျွန်ုပ်တို့အတွက် မည်သည့်သင်ခန်းစာပေးသနည်း။

၂၀ ယနေ့ကျွန်ုပ်တို့အတွက် မည်သည့်သင်ခန်းစာရှိသနည်း။ မတရားသော တရားသူကြီးနှင့် ယေဟောဝါမတူကြောင်းယေရှုပြောသည်။ “မတရားသော ထိုတရားသူကြီး၏အကြံကိုမှတ်ကြလော့။ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့သည် ညဉ့်နေ့မပြတ်အော်ဟစ်၍ တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။ ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန်တရားစီရင်တော်မူမည်။”—လုကာ ၁၈:၆-၈က။

၂၁။ ကျွန်ုပ်တို့၏ကိုယ်စီပြဿနာကို မည်သို့ရှုမြင်၊ ကိုင်တွယ်သင့်သနည်း။

၂၁ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ပြဿနာများနှင့် စပ်လျဉ်း၍ တောင်းလျှောက်ချက်ကို အဖြေပေးမှု ကြန့်ကြာနေလျှင် ဘုရားဘက်က စိတ်မရှိ၍မဟုတ်ကြောင်း အမြဲသတိရပါ။ (၂ ပေတရု ၃:၉) ကျွန်ုပ်တို့လည်း နှိပ်စက်ခြင်း သို့မဟုတ် မုဆိုးမကဲ့သို့ မတရားမှုခံရလျှင် ဘုရားသည်နောက်ဆုံးတွင် တရားမျှတစွာစီရင်မည်ကို ကျွန်ုပ်တို့ယုံကြည်နိုင်သည်။ ထိုသို့သောယုံကြည်ကို ကျွန်ုပ်တို့မည်သို့ပြမည်နည်း။ မပြတ်အလပ်ဆုတောင်းခြင်းနှင့် ကျွန်ုပ်တို့၏ဆုတောင်းချက်ကို သစ္စာရှိလုပ်ရပ်များနှင့် နောက်ခံပေးခြင်းဖြင့်ဖြစ်သည်။ (မဿဲ ၁၀:၂၂၊ ၁ သက်သာလောနိတ် ၅:၁၇) ကျွန်ုပ်တို့၏ သစ္စာ စောင့်မှုဖြင့် မြေကြီးပေါ်တွင် ယုံကြည်ခြင်းရှိကြောင်း တရားမျှတခြင်းကို ချစ်သူများရှိကြောင်းနှင့် ကျွန်ုပ်တို့သည် သူတို့တွင်အဝင် ဖြစ်ကြောင်းသက်သေထူကြမည်။—လုကာ ၁၈:၈ခ။

“လူမျိုးတို့ဘုရားလူများနှင့်အတူ ဝမ်းမြောက်လော့”

၂၂။ မောရှေသည် သူ၏သီချင်းအား မည်သည့်အောင်ပွဲခံ စာသားဖြင့်နိဂုံးချုပ်သနည်း။

၂၂ နှစ်ရာစုပေါင်းများစွာက မောရှေသည် မိမိ၏သီချင်းကို ဤအောင်ပွဲခံစာသားဖြင့် နိဂုံးချုပ်ခဲ့သည်။ “တစ်ပါးအမျိုးသားတို့ သင်တို့သည် ဘုရားသခင်လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား ကိုယ်တော်၏ ကျွန်တို့ကို သတ်သောအပြစ်နှင့် အလျှောက်ဒဏ်ပေး၍ ကိုယ်တော်၏ရန်သူတို့၌ အပြစ်တရားကိုစီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်။” (တရားဟောရာ ၃၂:၄၃) ယေဟောဝါဂလဲ့စားချေရာနေ့သည် နီးသထက်နီးလာနေပေပြီ။ ကိုယ်တော်သည် တရားမျှတခြင်းနှင့်အတူ စိတ်ရှည်မှုပြနေသည့်အတွက် ကျွန်ုပ်တို့မည်မျှ ကျေးဇူးတင်ပါသည်တကား။

၂၃။ ဘုရားလူမျိုး၏ပျော်ရွှင်မှုတွင် ပါဝင်သူတို့အတွက် မည်သည့်ရွှင်လန်းဖွယ်ရလဒ်စောင့်မျှော်နေသနည်း။

၂၃ လူမျိုးတိုင်းရှိသူများအတွက် “နောင်တယူရန်” လမ်းဖွင့်ထားပေးလျက်ရှိနေတုံးပင်။ သို့သော်အချိန်ဖြုန်းရန်မရှိပါ။ ပေတရုက “ယေဟောဝါ၏နေ့သည် သူခိုးကဲ့သို့လာမည်” ဟုသတိပေးထားသည်။ (၂ ပေတရု ၃:၉၊ ၁၀) ဘုရား၏တရားမျှတခြင်းက ဤဆိုးယုတ်သောစနစ်ကို မကြာမီဖျက်ဆီးရန်တောင်းဆိုသည်။ ထိုသို့ဖြစ်သောအခါ ကျွန်ုပ်တို့သည် “လူမျိုးတို့ ဘုရားလူများနှင့်အတူ ဝမ်းမြောက်ကြလော့” ဟူသည့် ပျော်ရွှင်ဖွယ် ခေါ်ဖိတ်ချက်ကို တုံ့ပြန်သည့် သူများထဲတွင်အဝင်ဖြစ်ကြောင်း တွေ့နိုင်ပါစေ။ မှန်ပါသည်။ တရားမျှတခြင်းသည် ဘုရားနည်းလမ်းတော်ခပ်သိမ်းတွင် ကျွန်ုပ်တို့သည်အဝင်ဖြစ်နိုင်ကြပါစေ။

သင်မည်သို့ဖြေဆိုမည်နည်း။

▫ မောရှေပညတ်သည် ဘုရား၏တရားမျှတခြင်း၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ခွန်အားတိုးစေသနည်း။

▫ ဘုရား၏တရားမျှတသောလမ်းတော်ကို တုံ့ပြန်ရန် ဘာကကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သနည်း။

▫ ယေဟောဝါကို မည်သို့ဂုဏ်တင်နိုင်သနည်း။

▫ ယနေ့တွင်မည်သည့်နေရာ၌သာ စစ်မှန်သောပျော်ရွှင်မှုတွေ့ရသနည်း။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

“အကယ်စင်စစ်ဘုရားသည်လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင်ဘုရားကိုကြောက်ရွံ့၍တရားသဖြင့်ကျင့်ဆောင်သောသူသည်အထံတော်၌မျက်နှာရသည်။”—တမန်တော် ၁၀:၃၄၊ ၃၅။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဘုရားသည်မိမိထံဟစ်ကြွေးသောရွေးချယ်သူများအားတရားသဖြင့်စီရင်စေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ