ဂွာတီမာလာနိုင်ငံသားများ—သတင်းကောင်း ပွေ့ပိုက်
မြို့တော်သို့လေယာဉ်နီးလာသည့်အခါ ခပ်ဝေးဝေးတွင် အပြာရောင်တောင်တန်းများနှင့် ဧရာမမီးတောင်ကြီးများကို တွေ့မြင်ရ၏။ တစ်ဘက်တွင်ရှိ ခရီးသည်များ မိမိတို့ပြူတင်းပေါက်မှ ကြည့်လိုက်ရာ ပကာယာမီးတောင်ပေါက်ကွဲနေ၍ မီးခိုးအလိပ်လိုက်မှုတ်ထုတ်ပြီး ကောင်းကင်တွင်ပြယ်သွားသည်ကို တွေ့ရှိကြသည်။ အခြားတစ်ဘက်မှ ခရီးသည်များမူ အောက်သို့ရှုစားလိုက်ရာ ရွက်လှေများနှင့်လှော်ခတ်လှေများ အေးအေးဆေးဆေး အမာတီတလန်ကန်ထဲကူးဖြတ်နေသည်ကိုတွေ့ရှိကြသည်။ ဤကား အကြီးအကျယ်ခြားနားမှုများသော ဂွာတီမာလာနိုင်ငံဖြစ်သည်။
ဗဟိုအမေရိကတွင်တည်ရှိသည့် ဂွာတီမာလာ၏ဧရိယာသည် စတုရန်းမိုင် ၄၂၀၀၀ ခန့်ရှိသည်။ မီးတောင်ရှင် ၄ လုံးအပါအဝင် စုစုပေါင်းမီးတောင် ၃၃ လုံး၊ မြင့်မားသောတောင်တန်းများမှ မြေနိမ့်ဒေသ တောရိုင်းများ၊ အမြဲစိမ်းသစ်တောများ၊ ကြည်လင်အေးမြသောရေကန်ကြီးများနှင့် မြစ်ရေစမ်းရေများအထိ ၄င်း၏နယ်မြေဒေသရှုခင်းများ ခြားနားလှသည်။ အမြင့်ပေသည်လည်း ပင်လယ်ပြင်မှ ၁၃၈၁၆ ပေအထိ အမျိုးမျိုးရှိသည်။ မြို့တော်တွင် ပျမ်းမျှရာသီဥတုအပူချိန် ၇၅· ဖာရင်ဟိုက်မျှ နှစ်ပတ်လည် အမြဲနွေဦးချိန်ရှိနေသော်လည်း တောင်တန်းဒေသများတွင်မူ သုံညဒီဂရီအောက်အထိကျဆင်းပြီး ပင်လယ်ကမ်းခြေတစ်လျှောက် ၁၀၀· ဖာရင်ဟိုက်အပူချိန်တွင် ချွေးပြိုက်ပြိုက်ကျနေနိုင်သည်။ သဲသောင်ပြင်များ၊ တောရိုင်းဒေသများ၊ တောင်တန်းများ၊ ခြောက်သွေ့နယ်မြေများ၊ သစ်သီးဝလံများနှင့်ဝေဆာသော ချိုင့်ဝှန်းဒေသအမျိုးမျိုးရှိသဖြင့် လူတိုင်းအကြိုက်တွေ့နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဤနေရာဒေသအားလုံးတွင် နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြပါသည်။
နိုင်ငံတော်ကြွေးကြော်စပြု
၁၉၂၀ ခုနှစ်ခန့်တွင် ဂွာတီမာလာနိုင်ငံ၌ နိုင်ငံတော်သတင်းကောင်း စတင်ဟောပြောခဲ့သည်။ အတန်ကြာသော် စိတ်ဝင်စားသူနှင့် နိုင်ငံတော်ကြွေးကြော်သူအုပ်စုငယ်ကလေးများ တိုင်းပြည်တစ်လျှောက်ရှိလာပေသည်။ ၁၉၄၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပထမဦးဆုံးသာသနာပြုနှစ်ဦးရောက်ရှိလာသောအခါ စိတ်ဝင်စားမှု အတော်အတန်တွေ့ရှိခဲ့သည်။ တစ်ဦးကဤသို့ဆိုသည်။ “ကျွန်တော်တို့ရောက်လာပြီး ဒုတိယစနေနေ့တွင် မဂ္ဂဇင်းများနှင့်လမ်းပေါ်လုပ်ငန်းလုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုညနေချိန်တွင် စာအုပ်စာတမ်းအိတ်တစ်လုံးအပြည့်နှင့် ကျွန်တော်ထွက်လာသည်။ တစ်နာရီခွဲအတွင်းပင် အားလုံးကုန်သွားသည်။ မဂ္ဂဇင်း ၃၂ စောင်၊ စာအုပ်ကလေး ၃၄ အုပ်၊ စာအုပ်ကြီး ၄ အုပ်နှင့် ကျမ်းစာတစ်အုပ်ဝေငှလိုက်ရသည်။” ထိုပထမလတွင်ပင် သူတို့ကျမ်းစာသင်အံမှု ၁၇ ခုကျင်းပနိုင်ခဲ့သည်။ ညီအစ်မများအနက် ပထမရောက်ရှိလာသူသည် နှစ်ပေါင်း ၄၃ နှစ်ကြာ၊ ယနေ့တိုင် နိုင်ငံတော်သတင်းကို အားတက်သရောဟောပြောနေဆဲရှိသည်။
ဟောပြောရာရပ်ကွက်တွင်လည်း ခြားနားမှုအမျိုးမျိုးတွေ့ရှိရ၏။ ဂွာတီမာလာမြို့တော်တွင် ခေတ်မီတိုက်တာအဆောက်အဦများစွာအပြင်၊ အိမ်စေများ၊ အင်တာကောမ်ဖြင့် တံခါးတွင်ဆက်သွယ်ပြောဆိုရသည့် အလွန်လှပသောတိုက်အိမ်များရှိ သူဌေးရပ်ကွက်များလည်းရှိသည်။ သို့သော် ခဲတစ်ပစ်အကွာလောက်တွင် နောက်ချေးသုတ်ကြမ်းပြင်နှင့် မြေနံရံ၊ သက်ငယ်မိုးဖြင့်ဆောက်ထားသည့် လျှပ်စစ်နှင့်အိမ်တွင်းရေပိုက်များမှာမူ အိပ်မက်မျှသာဖြစ်သော လူနေအိမ်များရှိသည်။ ဤမျှခြားနားသောရပ်ကွက်မျိုးကြောင့် လယ်ကွင်းလုပ်ငန်းတွင် သာမန်နေ့ကဲ့သို့သော ရက်မရှိနိုင်ပေ။
လွန်ခဲ့သောနှစ်အနည်းငယ်တွင် လင်ရောမယားပါ အလုပ်ထွက်လုပ်ကိုင်နေကြသည့်အတွက် အိမ်တံခါးများမဖွင့်ဘဲရှိသည်။ ထိုကြောင့် ဤသူများအားသက်သေခံနိုင်ရန် သက်သေခံများသည် လမ်းဘေးလုပ်ငန်းကို လုပ်ကိုင်လေ့ရှိသည်။ အချို့ နံနက် ၅:၃၀ နာရီကစ၍ လူသွားလူလာများသော ကားမှတ်တိုင်များတွင် စာအုပ်စာတမ်းများဝေငှကြသည်။ စီးလိုသောကားများနောက်သို့ လိုက်ပြေးနေသူများနောက် မှီအောင်လိုက်နိုင်ရန် ကျန်းမာရေးကောင်းဖို့လိုပေသည်။ ဘတ်စ်ကားနည်းသွားသဖြင့် တက်ခ်စီမောင်းသူများအားသက်သေခံမည်ဟု သက်သေခံအချို့ဆုံးဖြတ်ကြသည်။ တက်ခ်စီယာဉ်မောင်း အတော်များများ သူတို့ဝယ်ပြီးသားကင်းမျှော်စင်များကိုထုတ်ပြသည်သာမက အဖြေများကို မျဉ်းသားထားသည်ကိုတွေ့ရှိရ၍ အံ့အားသင့်ရကြသည်။ တစ်ယောက်နှစ်ယောက်ခန့် မေးခွန်းများရှိကြ၍ တက်ခ်စီယာဉ်မောင်းများ၏ ကိုယ်ပိုင်ကျမ်းစာများအသုံးပြုကာ ညီအစ်ကိုများ ဝမ်းသာစွာဖြေဆိုပေးခဲ့သည်။
ကုန်းမြင့်ဒေသများတွင် ဟောပြောခြင်း
ပါနာယာရှဲလ်ရွာသည် ခန့်ညားထည်ဝါသောတောင်တန်းများနှင့် မီးတောင်သုံးလုံးဝိုင်းထားသည့် အလွန်လှသောစိမ်းပြာရောင် အတီတလန်ကန်ဘေးရှိရွာကလေးများအနက် တစ်ရွာဖြစ်သည်။ ရွာအချို့နာမည်များကို တမန်တော်များအမည်ဖြင့် မှည့်ထားသည်။ ၉၅ ရာခိုင်နှုန်းမျှသော လူဦးရေသည် မာယန်အနွယ်မှ ဆင်းသက်သူများဖြစ်ပြီး အဓိကဘာသာစကားနှစ်ခုမှာ ကက်ချီကွဲလ်နှင့် ဇူတူဟီလ်စကားများဖြစ်သည်။ အမျိုးသားများအနေနှင့် စပိန်စကားတတ်ကြသော်လည်း အိမ်တွင်အနေများသည့် အမျိုးသမီးများမူ မတတ်ကြပါ။ ရွာတစ်ရွာစီတွင် အများအားဖြင့် အမျိုးသမီးများကိုယ်တိုင်ရက်သော မိမိတို့ကိုယ်ပိုင်ရိုးရာဝတ်စုံများရှိကြသည်။
ပါနာယာရှဲလ်ရွာသို့ဝင်သည်နှင့် ဂွာတီမာလာနိုင်ငံရှိ အခြားရွာများနှင့်မတူကြောင်း သတိပြုမိမည်။ ဆင်းရဲသားမြေကြီးအိမ်များနှင့်ယှဉ်လျက် အလွန်လှပခန့်ညားသောအိမ်ကြီးအိမ်ကောင်းများတွေ့ရှိရသည်။ ထိုထက်ကွာခြားသည်ကား ခေတ်မှီဟိုတယ်များဖြစ်သည်။ အတီတလန်ကန်ကိုရှုစားရန် ပါနာယာရှဲလ်ရွာသို့ ကမ္ဘာတစ်ဝှန်းမှလူများ အလည်အပတ်လာကြသည်။
ဤနေရာတွင် ဟောပြောခြင်းလုပ်ငန်းကို မည်သို့ထမ်းဆောင်ကြောင်း သက်သေခံတစ်ဦးပြောပြသည်။ “ရပ်ကွက်ကြီးတွင် အမှုဆောင်ပြီးရန် တစ်နေ့တာအတွက် လှေတစ်စင်းငှားထားပြီး အနီးတစ်ဝိုက်ရှိ စလိုလျားရွာမှညီအစ်ကိုများနှင့် အလည်အပတ်ရောက်လာသော ဂွာတီမာလာမြို့တော်မှညီအစ်ကိုများ အကူအညီကိုတောင်းဆိုထားသည်။ ကျွန်ုပ်တို့လည်ပတ်မည့်နေရာနှင့် ဆင်တူသည့် တောင်တန်းဒေသမျိုးတွင် အများအားဖြင့်နေထိုင်ကြသည့်အတွက် စလိုလျားရွာမှညီအစ်ကိုများသည် များစွာအကူအညီဖြစ်ပေသည်။ ဒေသခံဘာသာစကားကိုလည်း သူတို့ပြောဆိုတတ်သည်။ စောစောခရီးထွက်ကြရသည်။ ကန်ကိုကူးနေစဉ် ကလေးများက ကြည်ပြာရောင်ရေများကို အံ့သြချီးမွမ်းနေစဉ် မိဘများက ဘာသာစကားအနည်းအကျဉ်းသင်ယူနေကြသည်။
“ဤအကြိမ်တွင် ရွာငါးရွာတွင်သက်သေခံရန် စီစဉ်ထားသည်။ ဦးစွာ အုပ်စုသုံးစုခွဲလိုက်ကြသည်။ ထိုနောက် ဘာသာစကားတတ်သူတစ်ဦးနှင့်မတတ်သူတစ်ဦးစီ ခွဲပေးသည်။ ဤရွာများထံရောက်ရန် သင်္ဘောကျင်းသုံးနေရာသာရှိသဖြင့် ဤနေရာများတွင် အုပ်စုတစ်စုစီကိုချပေးပါသည်။ ရောင်စုံအမျိုးသားဝတ်စုံများဝတ်သည့် ညီအစ်ကိုများနှင့် အနောက်နိုင်ငံဝတ်ဆင်သောညီအစ်ကိုများ တွဲအမှုဆောင်ကြသည်ကိုတွေ့ရခြင်းသည် နှလုံးကြည်နူးဖွယ်ဖြစ်သည်။ ယင်းကပင် ရွာများတွင် သက်သေခံချက်တစ်ရပ်ဖြစ်ချေသည်။ သိလိုမြင်လိုစိတ်ဖြင့် ကလေးငယ်များကျွန်ုပ်တို့ကိုဆီးကြိုလေ့ရှိကြသည်။ ကျွန်ုပ်တို့ရောက်ရှိလာသည့်အကြောင်းကို သူတို့သိသည်နှင့် တစ်ရွာလုံးတွင်သတင်းပို့တတ်ကြသည်။
“သူတို့၏သာမန်အိမ်ကလေးများထံရောက်သွားသည့်အခါ ကလေးများကြေညာနှင့်ပြီးသားဖြစ်၍ ကျွန်ုပ်တို့၏ရောင်စုံရုပ်ပြစာအုပ်များ သို့မဟုတ် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကိုကြည့်ရန် အသင့်စောင့်နေကြလေပြီ။ ပထမအိမ်တွင်ဝေငှခဲ့သော ကျမ်းစာစာပေကို ကျန်အိမ်များရှိသူတို့လိုချင်ကြသည်။ အကြောင်းမှာ မိမိအိမ်နီးချင်းယူထားသည်ကို လူတိုင်းလိုချင်ကြသည်။ အများစုကစာမတတ်ကြသဖြင့် လာလတံ့သောပရဒိသုရုပ်ပုံများကို အထူးသဘောကျနှစ်သက်တတ်ကြသည်။ ဗျာဒိတ် ၂၁:၃၊ ၄ပါ အနာဂတ်ဆိုင်ရာမျှော်လင့်ချက်နှင့်ပတ်သက်သည့် ကျမ်းစာကတိတော်များကို သူတို့ကြားသည်နှင့် မျက်နှာများရွှင်ပြလန်းဆန်းလာသည်ကို တွေ့ရှိရသည်။ နေ့လည်ချိန်တွင် ခေတ္တအနားယူပျော်ပွဲစားပုံစံဖြင့် စားသောက်ကြပြီးနောက် ညနေ ၃:၀၀ နာရီအထိ ပြန်သက်သေခံထွက်သည်။ ထိုနောက်ရပ်နားလိုက်ပြီး သင်္ဘောကျင်းသို့သွားကြပြီး သင်္ဘောကိုစောင့်ကြပါသည်။ အားလုံးသင်္ဘောပေါ်ပြန်ရောက်ကြသောအခါ အချင်းချင်းအားရဝမ်းသာစွာဖြင့် တွေ့ကြုံမှုများပြောဆိုကြသည်။
“ညီအစ်မတစ်ဦးက သူ့အထက်တွင်အမျိုးသမီးတစ်ဦး ‘အမအမ၊ ကျွန်မဒီမှာရှိတယ်။ ကျွန်မဆီပြန်လာလည်လို့ဝမ်းသာလိုက်တာ’ ဟုနှုတ်ဆက်ခံရသည့်အတွက် မည်မျှဝမ်းသာခဲ့ကြောင်း စားမြုံ့ပြန်သည်။ မြေလှေခါးတစ်တစ်ဖက်သို့ မော့ကြည့်လိုက်သည့်အခါ ထိုရွာသို့ ယခင်တစ်ခေါက်ရောက်ရှိစဉ်က စိတ်ဝင်စားမှုအတော်အတန်ပြခဲ့သောအမျိုးသမီး မိမိအား ဝမ်းသာအားရလက်ယပ်ခေါ်နေသည်ကို မှတ်မိလိုက်သည်။ ပြန်လာမည့်နေ့ကို သူ့ခမျာစောင့်မျှော်နေရှာသည်။ ယခုလည်း တစ်ဖန်ပြန်ထိုင်၍ ဝမ်းသာအားရကျမ်းစာဆွေးနွေးခဲ့ကြပြန်သည်။
“ကျောက်ထူပြောသောမြေပေါ် အတော်ဝေးဝေးလမ်းလျှောက်ခဲ့ကြရ၍ အားလုံးမောပန်းနေကြသော်လည်း နောက်တစ်ခါ ဘယ်တော့ပြန်လာနိုင်ကြဦးမည်နည်းဟုသိလိုကြပေသည်။ ကမ်းနားသို့သင်္ဘောကပ်နေစဉ်၊ အချင်းချင်းတစ်ဦးကိုတစ်ဦးနှုတ်ဆက်ကြစဉ် နောက်တစ်ဖန်ဤသို့ပျော်ရွှင်စွာစုပေါင်းသွားဖို့ဆွေးနွေးကြသည်။”
မြေပြန့်ကမ်းခြေတွင်
ဂွာတီမာလာနိုင်ငံတွင် ကွာခြားသောကမ်းခြေနှစ်မျိုးနှစ်စားရှိသည်။ ခမ်းနားကြီးကျယ်၍ အနက်ရောင်သန်းသောသဲသောင်ပြင်များနှင့် အဖြူရောင်သဲရှိ ကာရစ်ဘီယံပင်လယ်ကမ်းခြေဖြစ်သည်။
မြို့တော်မှ ပစိဖိတ်သမုဒ္ဒရာသို့ ကားလမ်းခရီးဖြင့် ၄၅ မိနစ်သွားသည့်အခါ ဝန်းကျင်နှင့်ရာသီအပြောင်းအလဲသည် အလွန်ထူးခြားသည်။ ကမ်းခြေအနီး ပူအိုက်စွတ်စိုသောရာသီနှင့် ပိုးမွှားကောင်ပွားများလှသည်။ ထန်း၊ အုန်းနှင့် စေးဘာပင်များအပြင် သစ်ပင်ဝါးပင်ထူပြောခြင်းက အပူပိုင်းဒေသတွင် သင်ရောက်နေကြောင်းသက်သေထူသည်။ ဤအရပ်ဒေသရှိမြို့ မြောက်မြားစွာတွင် ယေဟောဝါသက်သေတို့၏ အသင်းတော်ကြီးများရှိသည်။
ဤနေရာတွင် ရှေးထုံးစံအရ အသုံးပြုလေ့ရှိသောမြင်းလားအစား စက်ဘီးများသုံးစွဲနေကြရာ တဲတစ်လုံးမှတစ်လုံးသက်သေခံကြရာတွင် ကြံတောများအကြား ညီအစ်ကိုများ သွက်လက်စွာစက်ဘီးစီးနိုင်ကြသည်ကို တွေ့ရသည်။ ညီအစ်ကိုတစ်ဦးဆိုလျှင် ၂၂ မိုင်ဝေးသောအရပ်၌နေထိုင်သူတစ်ဦးနှင့် ကျမ်းစာသင်အံမှုပြုလုပ်သည်။ ဤစိတ်ဝင်စားသူကို သမ္မာတရားသင်ပေးရန် စက်ဘီးနှင့် ပတ်စဉ်အသွားအပြန်ပြုလုပ်သည်။
ကာရစ်ဘီယံပင်လယ်ကမ်းခြေရှိ ပင်လယ်ဆိပ်ကမ်းအမြွှာမြို့များဖြစ်သည့် စန်တိုတူမတ်စ် ဒီ ကာ့စ်တီလာနှင့် ပွက်တိုဘာရီရော့စ်မြို့သို့အလည်အပတ်သွားသည့်အခါ နိုင်ငံခြားရောက်နေသကဲ့သို့ ဖြစ်ပေမည်။ ဂွာတီမာလာနိုင်ငံရှိ အခြားနေရာဒေသများနှင့် နေထိုင်ပုံကွာခြားသည်။ အိမ်တိုင်းမှာ မြက်ခင်းပြင်များနှင့် သစ်ပင်ကလေးများကို တွေ့မြင်ရမည်။ မက္ကဆီကိုနှင့် ဗဟိုအမေရိက၏ထူးခြားသောအမှတ်အသားဖြစ်သည့် အုတ်နံရံခတ်ထားသည့်ခြံများကို တွေ့ခဲသည်။ ထို့ပြင် ဂွာတီမာလာနိုင်ငံတစ်နိုင်ငံလုံး၌တွေ့ရှိရသည့် ရိုးရာဝတ်စုံကို ဤနေရာတွင်မတွေ့ရချေ။
“ဤမြို့သည် သင်္ဘောဆိပ်မြို့ဖြစ်သဖြင့် ကျမ်းစာသတင်းတရားကို လူမျိုးစုံအားသက်သေခံခွင့်ရှိသည်” ဟုအချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦး ရှင်းပြသည်။ “ဟိုတယ်တစ်ခု၏ ဘားအခန်းထဲ ကျွန်တော်ဝင်၍သက်သေခံသည့်အခါ ပြည့်တန်ဆာ ‘ခေါင်း’ သည် စာအုပ်တစ်အုပ်နှင့်ကျမ်းစာကိုပါလက်ခံယူထားသည်။ ၄င်းတို့ကို လေ့လာတတ်ရန် သူမအားပြန်လာသင်ပေးရန်လည်း ကျွန်ုပ်ကိုဖိတ်ခေါ်သည်။ နောက်တစ်ပတ်ပြန်သွားသည့်အခါ ကျမ်းစာနှင့်စာအုပ်ကိုစားပွဲဝိုင်းကြီးတစ်ခုပေါ်တင်၍ အသင့်စောင့်နေသည်။ လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး သူ့ ‘မိန်းကလေးများ’ ကိုခဏထိုင်စောင့်ရန်ပြောသည်။ သူတို့ကိုပါ ကျမ်းစာသင်စေချင်သည်ဟုပြောသည်။ တစ်ခဏချင်းတွင်ပင် သူ့ ‘မိန်းကလေးများ’ ရောက်လာပြီး ကျွန်တော်.ဘက်လှည့်ကာ ‘ကဲ၊ ကျမ်းစာစသင်ပေးတော့’ ဟုကျွန်တော်.ကိုပြောသည်။ ကျွန်တော်ဖြင့် ‘ဒီလိုအဖြစ်မျိုးထဲ ငါဘယ့်နဲ့ရောက်လာပါလိမ့်’ ဟုအံ့သြနေသည်။ သို့သော် ဟိုတယ်အရက်ဆိုင်ခန်းတွင် ကျမ်းစာအမြဲသင်ပေးပုံမျိုးဖြင့် တည်ငြိမ်စွာ ဆက်သွန်သင်ပေးခဲ့ပါသည်။” ထို ‘ခေါင်း’ သည်ကျမ်းစာအသိပညာအလျင်အမြန်တတ်သိလာပြီး သူမ၏လုပ်ငန်းကိုစွန့်ကာ နှစ်ခြင်းခံသက်သေတစ်ဦးဖြစ်လာသည်။ ယနေ့သူမသည် အခြားအသင်းတော်တစ်ခုတွင် လှုပ်လှုပ်ရှားရှားနှင့် စိတ်ဝင်စားသူများအား ကိုယ်တိုင်ကျမ်းစာပြန်သင်ပေးနေပါသည်။
ပင်လယ်အော်တစ်ဖက် လှော်လှေငယ်ဖြင့် တစ်နာရီခန့်ခရီးတွင် အာဖရိကအယူသည်းမှုနှင့်ဗူဒူးအတတ်လွှမ်းမိုးခံရသော ခင်မင်တတ်သူများနေထိုင်ရာ လှပခံ့ညားဆိတ်ငြိမ်သည့် လစ်ဗင်စတန်တောမြို့လေးရှိသည်။ ညအခါ ဤမြို့တွင် ဗုံသံများကြားရလေ့ရှိပြီး ပွဲနေ့များတွင် အာဖရိကပုံစံအကမျိုးစုံ ကခုန်ခြင်းကိုတွေ့ရှိရ၏။ ထူးခြားသောဘာသာစကားသံဖြစ်သည့် ကာရီဘီ သို့မဟုတ် ဂါရီဖူနာစကားကိုလည်း ကြားရပေမည်။ ဤနေရာတွင် အလျင်အမြန်တိုးများလာနေသည့် နိုင်ငံတော်သတင်းကြွေးကြော်သူ အုပ်စုငယ်လေးတစ်စုရှိသည်။
အဓမ္မမှုနှင့် ညှဉ်းဆဲခြင်း ငြိမ်သက်မှုနှင့် ခြားနားစွာထင်ရှား
မိမိအရင်အုပ်ချုပ်ခဲ့သော တိုင်းပြည်ခေါင်းဆောင်လက်ထက်တွင် အရှိန်ရလာသောပြောက်ကျားအဖွဲ့၏လှုပ်ရှားမှုကို ၁၉၈၂ ခုနှစ်၌ သမတအသစ်က ကြိုးစားနှိမ်နင်းရာတွင် ပြဿနာအချို့တက်ခဲ့သည်။ သူအသုံးပြုခဲ့သည့် နည်းဗျူဟာမှာ ပြည်သူ့စစ်များဖွဲ့ကာ ညအခါလက်နက်ကိုင်အရပ်သားများကို မြို့ရွာကလေးများ၌ ကင်းစောင့်စေပြီး မသင်္ကာစရာလှုပ်ရှားမှုတိုင်းကို စစ်တပ်အားအကြောင်းကြားစေသည်။ နေရာဒေသအများတွင် ဤပြည်သူ့စစ်အဖွဲ့လှုပ်ရှားမှုသည် ကျွန်ုပ်တို့ညီအစ်ကိုများ၏ကြားနေမှုအတွက် စမ်းသပ်ချက်တစ်ခုဖြစ်ခဲ့လေသည်။
မြို့ကလေးတစ်မြို့တွင် ပြည်သူ့စစ်တွင်ပါဝင်ခြင်းဖြင့် ခရစ်ယာန်ကြားနေမှုကိုချိုးဖောက်ရန် အသင်းတော်တစ်ခုလုံး အပြင်းအထန်ဖိစီးခံခဲ့ရသည်။ အသတ်ခံရမည်ဟုခြိမ်းခြောက်ခံရ၍ မြို့တော်သို့ထွက်ပြေးခဲ့ကြရာ ညီအစ်ကိုများ၏အိမ်များတွင် နေရာထိုင်ခင်းမရမချင်း နိုင်ငံတော်ခန်းမတွင်ခေတ္တတည်းခိုရကြသည်။ ပတ္တရောင်လှည့်ရန် စစ်တပ်၏ဖိစီးမှုကိုခံရစဉ် ညီအစ်ကိုများစွာ ပြင်းထန်စွာစမ်းသပ်၊ ညှဉ်းဆဲခံခဲ့ရသည်။
ညီအစ်ကိုတစ်ဦးဤသို့ပြောပြသည်။ “ကျွန်တော်အသက် ၂၀ ရှိပြီး အစ်ကို၊ မရီးနှင့်အတူနေပါတယ်။ ကျွန်တော်အလုပ်လုပ်တဲ့လယ်ယာအထိ ပြောက်ကျားနဲ့စစ်တပ်ပါရောက်လာတဲ့အခါ ကျတော်.အတွက် ပြဿနာများစလာတယ်။ တစ်ချိန်တည်း ကျွန်တော်တို့ရှေ့မှာဘဲ သေနတ်နဲ့ချိန်ပြီး လူရှစ်ယောက်ကိုခေါ်သွားတာတွေ့ခဲ့တယ်။ နှစ်ယောက်သာပြန်လာတယ်။ ကျန်ခြောက်ယောက်က အစအနပျောက်တော့တာဘဲ။
“၁၉၈၄ ခုနှစ်၊ ဧပြီလမှာ ကျွန်တော်တို့ခြံကိုလာပြီး စစ်သားအသစ်များစုဆောင်းခဲ့တယ်။ ကျွန်တော်နဲ့ အခြားအလုပ်သမားများကို စစ်ထဲဝင်ခိုင်းတယ်။ ကျွန်တော်ငြင်းဆိုခဲ့တဲ့အတွက် ဆက်တိုက်ရိုက်နှက်ခံရတယ်။ ကျွန်တော်.သူငယ်ချင်းများက ကလေးတွေလိုငိုပြီး လက်နက်ကိုင်ဝင်လိုက်ဖို့ ကျွန်တော်.ကိုတောင်းပန်ကြတယ်။ စစ်သားတစ်ယောက်က ကျွန်တော်.လည်ပင်းကို လက်ချောင်းများနဲ့ထိုးပြီး နားရွက်ကိုဆွဲလိမ်တယ်။ အခြားတစ်ယောက်က ကျွန်တော်.ကိုပါးချနားချ၊ ကြိုက်သလိုကန်နိုင်ရအောင် ချုပ်ထားပေးတယ်။ အရာရှိတစ်ယောက်က ‘မင်းဘာဖြစ်တာလဲ။ မင်းတိရစ္ဆာန်လား၊ ဘုရားလား’ လို့ဒေါသနဲ့ပြောတယ်။ နောက်ဆုံးကျတော့ အခြားအရာရှိတစ်ယောက် ရောက်လာပြီး ‘သက်သေခံတွေ ဒီလိုဘဲ။ သူ့ကိုထားရစ်ခဲ့။ သူတို့သတ်ပစ်တာတောင်အလျှော့မပေးဘူး’ လို့ပြောတယ်။ ပထမအရာရှိက ‘သူ့ကိုပစ်သတ်လိုက်’ လို့ပြောတယ်။ ဒါပေမယ့် သူ့ရဲ့သေနတ်နဲ့သာ ကျွန်တော်.ဗိုက်ကိုထိုးတယ်။ သူတို့ခိုင်းသလို လုပ်မှာမဟုတ်ဘူးဆိုတာကို သူတို့အသေအချာသိတာနဲ့ ကျွန်တော်.ကိုမရိုက်တော့ဘူး။ နောက်သုံးရက်ကြာမှ ကျွန်တော်.ကိုလွှတ်လိုက်တယ်။ ယေဟောဝါရဲ့မစမှုနဲ့ ကျွန်တော်သစ္စာမဖျက်ခဲ့ဘူး။ ဒါကြောင့် တစ်ခြားလူငယ်တွေကိုလည်း ယေဟောဝါကိုအားကိုးပါ၊ လိုအပ်တဲ့အချိန်မှာ ခံနိုင်ရည်ကိုပေးလိမ့်မယ်လို့ အားပေးချင်တယ်။” ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ သမတအသစ်ရာထူးလက်ခံချိန်တွင် အခြေအနေအကြီးအကျယ်ပြောင်းလဲလာ၍ ဝမ်းသာနိုင်ကြသည်။
များမကြာမီ စစ်နှင့်ငြိမ်းချမ်းရေး၊ ကြွယ်ဝခြင်းနှင့်ဆင်းရဲခြင်း၊ ရှင်ခြင်းနှင့်သေခြင်းတို့၏ ခြားနားမှုများကွယ်ပျောက်လိမ့်မည်။ လာလတံ့သော ကမ္ဘာချီပရဒိသုတွင် ယေဟောဝါရည်ရွယ်တော်မူသည့်အတိုင်း နေ့နှင့်ည၊ တောင်များနှင့်ချိုင့်ဝှမ်းများ၊ လှိုင်းထနေသောပင်လယ်နှင့် တည်ငြိမ်သောရေကန်များ၏ သာယာကြည်နူးဖွယ် ခြားနားမှုအမျိုးမျိုး၌ ပျော်မွေ့ကြမည်။ ဂွာတီမာလာနိုင်ငံရှိ နိုင်ငံတော်ကြွေးကြော်သူ တစ်သောင်းကျော်နည်းတူ အသင်လည်းသတင်းကောင်းကို ပွေ့ပိုက်ထားမည်ဆိုလျှင် ထိုနေရာတွင် အသင်လည်းရှိနိုင်ပါလိမ့်မည်။