“အကျွန်ုပ်ကယ်တင်ခြင်းခံရရန် ဘာပြုလုပ်ရမည်နည်း”
“အကျွန်ုပ်ကယ်တင်ခြင်းခံရရန် ဘာပြုလုပ်ရမည်နည်း။” ဤမေးခွန်းကိုစီအီး ၅၀ ခုနှစ်တွင်မာကေဒေါနိပြည်၊ ဖိလိပ္ပိမြို့မှထောင်မှူးတစ်ဦးက မေးခဲ့သည်။ ခုလေးတင်ငလျင်ကြီးလှုပ်ခဲ့ပြီး သူတာဝန်ကျသည့်အပိုင်းမှ ထောင်တံခါးများ အားလုံးကျိုး၍ပွင့်ကုန်သည်။ ထောင်သားများအားလုံး လွတ်ကုန်ပြီဟုယူဆကာ ထောင်မှူးသည်သူ့ကိုသူ သတ်မည့်ဆဲဆဲဖြစ်သည်။ သို့သော်ထောင်သားတစ်ဦးဖြစ်သော တမန်တော်ပေါလုက “ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည်ရှိကြ၏” ဟုဟစ်၍ဆိုသည်။—တမန်တော် ၁၆:၂၅-၃၀။
ပေါလုနှင့်သူ၏ထောင်ကျဘက်သိလသည် ကယ်တင်ခြင်းသတင်းကိုဟောပြောရန် ဖိလိပ္ပိမြို့သို့ရောက်လာခဲ့ပြီး သူတို့အားမဟုတ်မမှန်သောစွပ်စွဲချက်ကြောင့် ထောင်ကျခဲ့ကြသည်။ ထောင်သားများလွတ်မသွားသည်ကို ကျေးဇူးတင်ပြီးထောင်မှူးက ပေါလုနှင့်သိလထံမှသတင်းတော်ကို ကြားနာလိုခဲ့သည်။ ဤခရစ်ယာန်သာသနာပြုနှစ်ဦး ဟောပြောခဲ့သောကယ်တင်ခြင်းကို ခံစားနိုင်ရန် သူဘာလုပ်ရမည်နည်း။
ပေါလုနှင့်သိလဟောပြောခဲ့သော ကယ်တင်ခြင်းကိုယနေ့လူများ လိုအပ်နေဆဲပင်။ သို့သော်ဝမ်းနည်းဖွယ်ကား လူအများသည်ကယ်တင်ခြင်းနှင့်ပတ်သက်၍ အလွန်အမင်းသံသယစိတ်ဖြင့် ရှုမြင်ကြသည်။ သူတို့သည် ကယ်တင်ခြင်းရရန် သင်ပေးပါသည်ဟုဆိုသော ဘာသာရေးသမားများ၏ ကိုယ့်ကိုယ်ကိုအမွှမ်းတင်ခြင်းနှင့် သူတို့၏မတော်လောဘကြောင့် လူအချို့လက်မခံငြင်းဆန်ခဲ့သည်။ ဧဝံဂေလိဘာသာအတော်များများ၏ ကယ်တင်ခြင်းသဘောကိုဖော်ပြသော ကျိုးကြောင်းမညီသော စိတ်လှုပ်ရှားခြင်းဆိုင်ရာပုံစံများကြောင့် အခြားသူတို့တွန့်ဆုတ်သွားကြသည်။ အင်္ဂလိပ်စာရေးဆရာ ဖိလစ်ဟောင်းဝဒ်က ထိုသို့သောဧဝံဂေလိသမားများသည် “သူတို့ပရိသတ်၏စိတ်နှလုံးထက် စိတ်လှုပ်ရှားမှုဆိုင်ရာနှင့် ချက်လက်မှတ်ရေးထိုးသည့်လက်များကို နှိုးဆွတိုက်ခိုက်သည်” ဟုဆိုခဲ့သည်။—၂ ပေတရု ၂:၂ နှင့်နှိုင်းယှဉ်ပါ။
အချို့သူများကျပြန်လျှင်လည်း “ကယ်တင်ခြင်း” ရရှိထားသည်ဟုဆိုသောသူများ၏ တစ်ခါတစ်ရံပြောင်းလဲပုံကြောင့် တုန်လှုပ်သွားခဲ့ကြသည်။ သူတို့၏စာအုပ်. . . ၌ဖလိုကောန်ဝေနှင့်ဂျင်ဆီဂျ်ဂဲလ်မင်က လွန်ခဲ့သည့်ဆယ်စုအနည်းငယ်ကခေတ်ထခဲ့သော “ကယ်တင်ခြင်းရပြီးပြီ” အပါအဝင် ဘာသာရေးအတွေ့အကြုံ အတော်များများကို ဆွေးနွေးထားသည်။ သူတို့ကထိုအတွေ့အကြုံများ၏ “အမှောင်ပိုင်း” ကိုရေးသားထားသည်။ ၄င်းတို့သည် လူများအားကတိပြုထားသည့်အတိုင်း ပြည့်စုံလာခြင်းနှင့်ထွန်းလင်းသိမြင်မှု မခံစားရဘဲ “ရုတ်တရက်” ဗြုန်းကနဲဥပဓိရုပ်ပြောင်းလဲမှုခံစားရပြီး ယောင်မှားခြင်း၊ စိတ်ကိုပိတ်ထားခြင်းနှင့် အမှန်ကိုရင်မဆိုင်နိုင်ခြင်းတို့ကိုသာ ဖြစ်ပေါ်စေသည်။ စာရေးသူကဆက်၍ “အဲ့ဒီနည်းဟာ စိတ်ကိုမစဉ်းစားအောင် ပိတ်လိုက်ခြင်းလို့ကျွန်ုပ်တို့ဆိုနိုင်တယ်” ဟုထပ်ဆင့်လိုက်သည်။
ပထမရာစုခရစ်ယာန်များ ကယ်တင်ခြင်းခံစားခဲ့ရစဉ်က ထိုသို့မဟုတ်ချေ။ တမန်တော်ပေါလုသည် ဖိလိပ္ပိထောင်မှူး၏ “အကျွန်ုပ်ကယ်တင်ခြင်းခံရရန် ဘာပြုလုပ်ရမည်နည်း” ဟူသည့်မေးခွန်းကိုအဖြေပေးခဲ့စဉ်က သူ၏ ‘စိတ်ကိုပိတ်ထား’ ခြင်းမပြုခဲ့ချေ။ ပေါလုနှင့်သိလသည် ‘သူ၏စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာကိုလှုံ့ဆော်’ ခြင်းမပြုခဲ့ချေ။ အလှူငွေအလုံးအရင်းနှင့် တောင်းခြင်းလည်းမပြုခဲ့ချေ။ သို့အစား “[ယေဟောဝါ] ၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။” ထိုသူနှင့်ဆင်ခြင်နှီးနှောကာ သူ့အားကယ်တင်ခြင်းအတွက် ဘုရားရှင်၏ပြင်ဆင်ပေးမှုကို ရှင်းလင်းစွာနားလည်ရန် သူတို့ကူညီပေးခဲ့သည်။—တမန်တော် ၁၆:၃၂။
“သခင်ယေရှုခရစ်ကိုယုံကြည်လော့”
ထိုခရစ်ယာန်သာသနာပြုများသည် ကယ်တင်ခြင်းနှင့်စပ်လျဉ်း၍ အခြေခံသမ္မာတရားကို ထောင်မှူး၏စိတ်နှလုံးထဲသို့ ဖွင့်ပေးခဲ့သည်။ ယင်းသည်ခရစ်ယာန်အသင်းတော်ကို ပထမဆုံးတည်ထောင်ခဲ့စဉ်က တမန်တော်ပေတရုရှင်းပြခဲ့သော ထပ်တူသမ္မာတရားပင်ဖြစ်သည်။ ပေတရုသည်ကယ်တင်ခြင်းကိစ္စတွင် ယေရှုခရစ်၏အဓိကအပိုင်းကို ညွှန်ပြခဲ့ပြီးကိုယ်တော်ကို “အသက်ကိုယ်စားလှယ်ချုပ်” ဟုခေါ်ဆိုခဲ့သည်။ ထိုတမန်တော်ကပြောသေးသည်။ “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ။” (တမန်တော် ၃:၁၅။ ၄:၁၂) “သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင်သင်. . .တို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်” ဟုပေါလုနှင့်သိလပြောဆိုခဲ့ရာတွင် ဖိလိပ္ပိထောင်မှူးအားကယ်တင်ခြင်းအတွက် ဤထပ်တူကိုယ်စားလှယ်ချုပ်ထံ သူတို့ညွှန်ပြခဲ့သည်။—တမန်တော် ၁၆:၃၁။
သခင်ယေရှုကို ယုံကြည်သည်ဆိုရာ၌ ဘာကိုဆိုလိုသနည်း။ ကျွန်ုပ်တို့ကယ်တင်ခြင်းရရန် ယေရှုမှလွဲ၍အဘယ်ကြောင့် အခြားနာမမရှိသနည်း။ နောက်ဆုံးတွင်လူသားအားလုံး ကယ်တင်ခြင်းရမည်လော။ “တစ်ခါကယ်တင်ခြင်းရလျှင် အမြဲရပြီလော။” ဤသည်တို့သည်အရေးပါသော မေးခွန်းများဖြစ်သည်။ အကြောင်းမှာ၊ ယနေ့ဘာသာရေးသမားများသည် အပြောအဆိုအလုပ်အကိုင်အားဖြင့် ယင်းကိုသိက္ခာကျနေစေကာမူ ကျွန်ုပ်တို့သည်ကယ်တင်ခြင်း လိုအပ်နေတုန်းပင် ဖြစ်သောကြောင့်တည်း။ “အကျွန်ုပ်ကယ်တင်ခြင်းခံရရန် ဘာပြုလုပ်ရမည်နည်း” ဟူသောမေးခွန်းအတွက် ကျွန်ုပ်တို့အားလုံးကျေနပ်ဖွယ် ကျိုးကြောင်းညီညွတ်သောအဖြေ လိုအပ်ပါသည်။