အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
စာတန်ဆိုင်ရာလွှမ်းမိုးမှု
ရော့ခ်သီချင်းနှင့် ရော့ခ်တေးဂီတများအပေါ် စာတန်ဝါဒလွှမ်းမိုးပုံကို သုတေသနပြုပြီးနောက် တိုရန်တိုသတင်းစာဆောင်းပါးရေးသူတောမ်ဟာပါရ်က The Sunday Star တွင်ဤသို့ရေးသားသည်။ “ဖြစ်ပျက်နေပုံကိုကျွန်တော် ပြင်းပြင်းထန်ထန်သတိပေးရမယ်. . .ဒီလောက်ဆိုးသွမ်းတာကျွန်တော် တစ်ခါမှမမြင်သေးဘူး။ သီချင်းတွေဟာရူးမိုက်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ နတ်ဆိုးများ၊ သွေး၊ ကျိန်ဆဲမှု၊ အကြမ်းဖက်မှုအမျိုးမျိုး၊ မုဒိမ်းမှုအပါအဝင်၊ ခြေလက်အင်္ဂါဖြတ်ခြင်း၊ လူသတ်မှုနဲ့ ကိုယ့်ကိုယ်ကိုသတ်သေခြင်းတွေမှာ စိတ်ရောက်နေတယ်။ သေခြင်းနှင့်ဖျက်ဆီးခြင်း၊ ပျက်စီးခြင်းပရောဖက်ပြုချက်များ၊ အကောင်းဟူသမျှကိုငြင်းပယ်ပြီး၊ ကြောက်မက်ဖွယ်နှင့် မကောင်းမှုဟူသမျှကိုပွေ့ဖက်ခြင်း—အဓိကအချက်တွေကတော့အဲဒါတွေပါဘဲ။”
စာတန်ဆိုင်ရာတေးဂီတ ထွန်းကားခြင်းနှင့် တိုက်ဆိုင်နေသည်မှာ အမေရိကန်နှင့်ကနေဒါတွင် စာတန်အယူဝါဒတိုးပွားလာခြင်းဖြစ်သည်။ မကြာသေးမီက အောန်တယ်ရီယိုမြို့မှရဲနှီးနှောပွဲအကြောင်း သတင်းပေးပို့ရာ၌ကနေဒါသတင်းစာ The Globe and Mail ကစာတန်ဆိုင်ရာအယူတွင် “တိရစ္ဆာန်ပူဇော်သက္ကာများ၊ သင်္ချိုင်းမြေတွင်ဘာသာတရားရှုတ်ချမှု၊ ကလေးများကိုဝတ်ပြုထုံးတမ်းအရ ကြမ်းကြုတ်ခြင်းများနှင့်ပတ်သက်နေသည်။ ဝါရှင်တန်ဒီစီမှထောက်လှမ်းရေး ဂျိမ်းစ်ဘရက်လီက ရာပေါင်းများစွာသောကလေးများအား ကြမ်းကြုတ်မှုကိုစာတန်ဝါဒ၏ ဝတ်ပြုထုံးတမ်းရာဇဝတ်မှုများနှင့် ဆက်စပ်ထားသည်။ The Globe and Mail တွင်ဖေါ်ပြထားသည့်အတိုင်း ထောက်လှမ်းရေးဘရက်လီက လွန်ခဲ့သည့်ငါးနှစ်အတွင်း ဝတ်ပြုရေးထုံးတမ်းဆိုင်ရာ ကလေးကြမ်းကြုတ်မှု သတင်းများသည် “ရာပေါင်းများစွာသောကလေးများ၊ ရာပေါင်းများစွာသော လူမှုရေးလုပ်သားများနှင့် ကျောင်းဆရာများ” ထံမှလာသည်ဟု ထပ်ဆင့်လိုက်သည်။
ဤဆိုးယုတ်သောစနစ်၏ “နောက်ဆုံးကာလ” ကိုရည်ညွှန်း၍ တမန်တော်ယောဟန်က ရေးသားခဲ့သည်။ “မာရ်နတ်သည်မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောအမျက်ဒေါသနှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။” (၂ တိမောသေ ၃:၁။ ဗျာဒိတ် ၁၂:၁၂) “အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်း” စာတန်၏လွှမ်းမိုးမှုသည် ယနေ့လောက၏ရေပန်းစားသော တေးဂီတအထဲထိပင် ပျံ့နှံ့နေသည်။ (ဧဖက် ၂:၂) ထို့ကြောင့်ပင်တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့အား “မာရ်နတ်၏ပရိယာယ် တို့ကိုဆီးတားရန်” တိုက်တွန်းခဲ့လေသည်။—ဧဖက် ၆:၁၁။
“အုပ်မနိုင်ထိန်းမရ”
နယူးယောက်မြို့ရှိဗဟိုဥယျာဉ်တွင် ၂၈ နှစ်အရွယ်လမ်းလျှောက်နေသူမိန်းကလေးတစ်ဦး ရိုက်နှက်၊ မုဒိမ်းကျင့်ခံရသောအခါ သန်းပေါင်းများစွာသောလူများသည် ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရသည်။ အဘယ်ကြောင့်နည်း။ ရိုင်းစိုင်း၊ ရက်စက်သောစော်ကားမှုကို ဆယ်ကျော်သက်လူငယ်တစ်စုက ပြုကျင့်ခဲ့ပြီးနောက် “ဖြစ်ပျက်ပုံကို ညစ်ညူးမြိန်ရှက်စွာ ကြည့်ရှုပုံနှင့်၊ ခံရသူအပေါ် အမှုမထားပုံမှာအမှန်ပင် ကြောက်မက်ဖွယ်ဖြစ်သည်” ဟု New York Post ကသတင်းဖော်ပြသည်။ ဤစက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုကိုကျူးလွန်သူ လူငယ်အချို့သည်အသက် ၁၄ နှစ်လောက်ပင်ရှိသေးကြောင်း ဖော်ပြသည်။ ထိုလုပ်ရပ်ကြောင့်ထိတ်လန့်ပြီး Post တွင်ရေးသားသူတစ်ဦးကလောကသည် “စည်းမဲ့ကမ်းမဲ့၊ ကိုယ့်အလိုလိုက်သော၊ မူးယစ်ဆေးစွဲသော၊ တဏှာရူး၊ အိမ်ထောင်ပြိုကွဲသော၊ ကြမ်းတမ်းရူးမိုက်သောလူ့ဘောင်” ဖြစ်လာပြီး၊ “အုပ်မနိုင်ထိန်းမရဖြစ်နေကာ၊ ဘာကြောင့်တုန်းဟူသည့်မေးခွန်းပေါ်နေကြောင်း” ဝန်ခံထားသည်။
အမှန်ပင်ဤလူမျိုးဆက်၏ မယှဉ်နိုင်သောအကြမ်းဖက်မှုသည် ၂ တိမောသေ ၃:၁-၅ တွင်တမန်တော်ပေါလုကြိုတင် ဟောခဲ့သည့်အတိုင်း အတိအကျပင်ဖြစ်သည်။ ထိုတွင် “နောက်ဆုံးကာလ” ၌လူတို့သည် “ကိုယ့်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ နှင့်ထောင်လွှားစော်ကားသောသူ” များဖြစ်မည့်အကြောင်း သူရှင်းပြခဲ့သည်။ ဘာကျန်သေးသနည်း။ “လူတို့သည် သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။” ဤကြမ်းကြုတ်သောကမ္ဘာကြီးသည် အကန့်အသတ်မရှိ “အုပ်မနိုင် ထိန်းမရ” ဖြစ်နေမည်လော။ မဟုတ်ပါ။ ယေရှုကမိန့်ဆိုခဲ့သည်။ “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနှုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွကြလော့။”—လုကာ ၂၁:၂၈။