အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
အဓမ္မမှုကို တားဆီးခြင်း
ဆယ်ကျော်သက်အရွယ်တို့အလယ် အဓမ္မမှုတိုးပွားလာခြင်းကိုပြန်သုံးသပ်လိုက်ရာ American Health ဂျာနယ်ဤသို့တင်ပြသည်။ “မြီးကောင်ပေါက်အရွယ် မြို့သူမြို့သားတို့တွင် နံပါတ် ၁ လူသတ်မှုသည် မိတ်ဆွေချင်း၊ ကျောင်းနေဘက်ချင်း၊ အိမ်နီးချင်းတို့ ရန်ပွားမှုဖြစ်ပြီး၊ အမေရိကန်တစ်ပြည်လုံးရှိ မြီးကောင်ပေါက်အရွယ်အားလုံးအတွက် ယင်းသည်နံပါတ် ၂ ဖြစ်သည်။”
အကြမ်းဖက်လိုသည့်စိတ်ထားများကို ကြိုးစားတားဆီးသည့်အနေနှင့် ဘောစ်တန်အကြံပေးဌာနတစ်ခုက ၄င်း၏သင်သားများအား အဓမ္မမှုနှင့်စပ်လျဉ်းသည့် မှတ်တမ်းတင်အဖြစ်အပျက်များကို ကိုယ်တိုင်ကိုယ်ကျ သရုပ်ဆောင်လုပ်ပြစေသည်။ ဤနည်းဖြင့် “အဓမ္မမှုနှင့်စပ်ဆိုင်သည့် ပုံစံများကို သူတို့သိမြင်လာကြသည်။” ထိုအခါ “အမျက်ထွက်ပုံစံများကို သူတို့ကိုယ်နှိုက်သူတို့တွေ့မြင်နိုင်” ကြလေသည်ဟု အစီစဉ်ဒါရိုက်တာရှင်းပြသည်။
သင်သားများသည် အမျက်ထွက်သည့်အခါ ကိုယ်အင်္ဂါများ မည်သို့တုံ့ပြန်တတ်သည်၊ ချုပ်တည်းမှုကိုလွှမ်းမိုးသည့် အဒရီနလင် (ဟိုမုန်းအရည်တစ်မျိုး) ပိုထွက်လာသည်၊ “ခန္ဓာကိုယ်၏ ဇီဝဓာတုလှုပ်ရှားမှု မစမီ” အမျက်ကိုငြိမ်းစေရန် ဆက်သွယ်မှုရှိခြင်းအကျိုးကို သိနားလည်လာကြသည်။ မေးခွန်းများမေးခြင်း၊ အေးဆေးငြိမ်သက်စွာပြောဆိုခြင်းဖြင့် ဒေါသကြီးစွာတစ်ဦးနှင့်တစ်ဦး ရင်ဆိုင်တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်နိုင်ကြောင်းသိရှိကြသည်။
အဓမ္မမှုသည် အဓမ္မမှုကိုဖြစ်ပွားစေကြောင်း ကျမ်းစာသင်ယူလေ့လာနေသူများ သဘောပေါက်ခဲ့သည်က ကြာမြင့်ပေပြီ။ “ဖြည်းညှင်းသောစကားသည် စိတ်ကိုဖြေတတ်၏” ဟု သူတို့သိထားကြသည်။ (သု၊ ၁၅:၁) အငြင်းပွားပေါက်ကွဲမှုဖြစ်စရာပုံစံကိုမြင်မြင်ချင်း ချက်ချင်းရှောင်သင့်ကြောင်း သမ္မာကျမ်းစာကအကြံပေးထားပါသည်။ ပညာရှိရှောလမုန်ဤသို့ရေးသားခဲ့သည်။ “ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ဖြစ်သောကြောင့် ရန်မတွေ့မီ တွေ့စရာအကြောင်းကိုရှောင်လော့။”—သု၊ ၁၇:၁၄။
ဖွဲ့စည်းတည်ဆောက်ထားသည့် စကြဝဠာအဆောက်အအုံ
မေလကုန်တွင် နိုဘဲလ်ဆုရသူများပါအပါအဝင် ရူပဗေဒပညာရှင် ၂၀၀ ကျော်တို့သည် ပြင်သစ်နိုင်ငံ ဘလွိုင်မြို့တွင် စည်းဝေးခဲ့ကြသည်။ သူတို့၏တစ်ပတ်ကြာ အစည်းအဝေးသည် “စီပီ စည်းမျဉ်းဖျောက်ဖျက်မှုသီအိုရီ” ခေါ် ဒြပ်နှင့်ဒြပ်ဆန့်ကျင်စပ်ကြား အချိုးညီစေရန်စည်းမျဉ်းတို့ကို ဖျောက်ဖျက်ပုံရှိသောသီအိုရီပေါ်ခဲ့သည့် ၂၅ နှစ်မြောက်ကာလကိုပွဲခံခြင်းဖြစ်သည်။
သို့သော် ဤသီအိုရီသည် ပြဿနာများဖြေရှင်းပေးနိုင်သမျှပင် ပြဿနာများတက်စေသည်။ International Herald Tribune တွင်ဆိုဗီယက် ပါမောက္ခ အန္ဒြေလင်ဒ် ပြောခဲ့သည့်စကားများကို ဤသို့ကိုးကားထားသည်။ “လွဲဟန်ရှိသည်ကား ဤအချိုးမညီမှုကြောင့် စည်းစနစ်ကျစကြဝဠာကြီးဖြစ်ပေါ်လာသည်။” “စီပီ စည်းမျဉ်းဖျောက်ဖျက်မှုသီအိုရီ” သည် စကြဝဠာတွင် ရည်ရွယ်ချက်ရှိမရှိတင်ပြသလောဟု မေးမြန်းခံရသောအခါ ပြင်သစ်အာကာသဗေဒပညာရှင် ယောန်အော်ဒူးရှ် ဤသို့ဆိုသည်။ “တစ်ခါတစ်ရံမရှိပါဟုထင်ရ၏။ သို့သော်လည်း၊ ရည်ရွယ်ချက်ရှိသည်ဟုထင်ရသည့်ရက်များလည်းရှိ၏။ စကြဝဠာသည် တစ်ပုံစံတည်း တသမတ်တည်းမဟုတ်ပါ။ ထို့ပြင် စကြဝဠာသည် ဖွဲ့စည်းတည်ဆောက်မှုရှိ အဆောက်အအုံကြီးဖြစ်သည်။ ဤအရာနှစ်ခုသည် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသည်။ စကြဝဠာသည် အမှတ်တမဲ့နည်းအရဖြစ်ပေါ်လာသည့်အရာမဟုတ်။”
စကြဝဠာဖြစ်ပေါ်လာခြင်းသည် မတော်တဆ၊ အမှတ်တမဲ့အရလုံးဝမဟုတ်ပေ။ ကမ္ဘာဦး ၁:၁ ကဤသို့ဆိုသည်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။” စကြဝဠာသည် ရုန်းရင်းဆန်ခတ်မဖြစ်ရသည်ကား ဖန်ဆင်းတော်မူရှင် ယေဟောဝါသည် “ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ” သောကြောင့်ဖြစ်သည်။ ကိုယ်တော်၏လုပ်ငန်းရပ်တို့သည် “စုံလင်ပေ၏။”—၁ ကောရိန္သု ၁၄:၃၃။ တရားဟောရာ ၃၂:၄။ ဟေရှာယ ၄၀:၂၆။ ၄၂:၅နှင့်နှိုင်းယှဉ်ပါ။
လိင်တူဆက်ဆံခြင်းနှင့် ကက်သလစ်များ
ကက်သလစ်အသင်း၏ တရားဝင်ဆုံးဖြတ်ချက်မှာ လိင်တူဆက်ဆံခြင်းသည် သီလရေးအရမှားယွင်းသည်ဟု ပုပ်ရဟန်းမင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပေပြီ။ သူရှင်းပြသည်ကား “ရှေးခရစ်ယာန်အဖွဲ့အစည်းသည် လုံးဝစည်းမဲ့ကမ်းမဲ့မဟုတ်” ဟူ၍ဖြစ်သည်။ သို့သော် ကက်သလစ်ဘိရှော့နှင့်ဘုန်းကြီးတိုင်း ယင်းကိုလက်မခံနိုင်ကြချေ။
၁၉၈၉ ခုနှစ်အစပိုင်းတွင် ပြင်သစ်ဘိရှော့ ယာခ်(စ်) ဂဲလ်လော့တ်က “ဘုရားသခင့်နိုင်ငံတော်အတွင်း လိင်တူဆက်ဆံသူများ ကျွန်ုပ်တို့ရှေ့ဝင်နှင့်ပြီ” ဟုသူရေးသားရခြင်းမှာ ယေရှုစကားကိုကိုးကားခြင်းမျှဖြစ်သည်ဟု သူဆိုသည်။
သို့ရာတွင် ဘိရှော့ဂဲလ်လော့တ်မဖေါ်ပြသည်ကား ပြည့်တန်ဆာအမှုကိုကျင့်နေသူများအကြောင်းမဟုတ်၊ နောင်တယူပြောင်းလဲခဲ့သော မိန်းမရွှင်များသည် ယေရှုခေတ်သား ခေါင်းမာသောဂျူးဘာသာရေးခေါင်းဆောင်များအရှေ့ ဘုရားသခင့်နိုင်ငံတော်ဝင်မည်ဟု ကိုယ်တော်မိန့်တော်မူခြင်းဖြစ်သည်။—မဿဲ ၂၁:၂၈-၃၂။
ထိုနည်းတူစွာ စပိန်ပြည်သားဘုန်းကြီးဖြစ်သူ ဟိုဆေး ရမုန်းကာရာ့စ်ကိုလည်း မဒရစ်မြို့သတင်းစာ El Paίs တွင်မကြာမီက ဤသို့ရေးသားခဲ့သည်။ “လိင်တူဆက်ဆံသူ . . . တို့ကိုယေရှုခရစ် တစ်ခါမျှအပြစ်မစီရင်ခဲ့။ ကိုယ်တော်သည် မေတ္တာအကြောင်းပြောဆိုချိန်တွင် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရမည်၊ ထိုစပ်ဆိုင်သူသည် အမျိုးသားလော၊ အမျိုးသမီးလော၊ မည်သည့်ပုံစံ၊ အနေအထား၊ အမျိုးအမည်ဖြင့်ချစ်ရမည်ဟူ၍ ကိုယ်တော်အတိအကျမဖေါ်ပြထားပါ။”
သို့သော် သမ္မာကျမ်းစာမှတ်တမ်းက လိင်တူဆက်ဆံခြင်းကိစ္စကို ကိုယ်တော်မိန့်တော်မူသည်မဟုတ်ကြောင်း တင်ပြပါသည်။ စာနာမှုရှိ ရှမာရိအမျိုးသားအကြောင်း ပုံဥပမာတွင် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရမည်အဓိပ္ပာယ်ကို ကိုယ်တော်အတိအလင်းရှင်းပြထားတော်မူသည်။ ယင်းကား သူတစ်ပါးအကျိုးကျေးဇူးကို တစ်ကိုယ်ကောင်းကြံစိတ်မရှိ စိတ်ဝင်စားခြင်းဖြစ်သည်။—လုကာ ၁၀:၂၉-၃၉။
လိင်တူဆက်ဆံသူများအကြောင်း သမ္မာကျမ်းစာဤသို့ဆိုသည်။ “အလွဲမယူကြနှင့်။ မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြ။—၁ ကောရိန္သု ၆:၉-၁၁။