ရေခဲ၍နှင်းပွင့်ဝေလယ်ယာမြေတွင် ရိတ်သိမ်းချိန်
ကမ္ဘာပေါ်တွင်အကြီးဆုံးကျွန်းဖြစ်သည့် ဂရင်းလန်းနိုင်ငံသည် ရေခဲပြီးနှင်းပွင့်ဝေသောကျွန်းအမှန်တကယ်ဖြစ်သည်။ ၁,၇၀၀ မိုင်နီးပါးရှည်သော ဤကျွန်း၏ဧရိယာအများသည် အာတိတ်စက်ဝိုင်း၏ မြောက်ဖက်တွင်ရှိပြီး ထုထည်ပျမ်းမျှတစ်မိုင်ခန့်ရှိရေခဲပြင် အမြဲဖုံးလွှမ်းနေသည်။ ဂရင်းလန်း၏ကျန်ဒေသမူ၊ တစ်နှစ်လျှင် ငါးလမှရှစ်လ သို့မဟုတ် ထိုထက်မကဆီးနှင်းများဖုံးလွှမ်းနေတတ်သည်။ ရှေးဗိုင်ကင်း (ပင်လယ်သူရဲ) များသည် ထိုအရပ်သို့ အခြေစိုက်နေထိုင်သူများရောက်လာရန် ၄င်းကို ဂရင်းလန်း (အင်္ဂလိပ်အနက်ကား စိမ်းလန်းရာမြေ) ဟုအမည်ပေးသည်ဟူ၍ အဆိုရှိသည်။ သို့ရာတွင် တိုတောင်းသောနွေရာသီအချိန်တွင် ပင်လယ်ကမ်းရိုးတန်းဒေသအချို့သည် ထိုအမည်ကိုရထိုက်ပေသည်။
နွေဦးစတွင် ဂရင်းလန်းအရှေ့မြောက်ဖက်ရှိ ရေခဲသောပင်လယ်ပြင်သည် ကွဲအက်လာပြီး၊ ရေခဲတုံးကြီးများ ပေါ်လာသည်။ ဤရေခဲတုံးကြီးများသည် အရှေ့ပင်လယ်ကမ်းရိုးစွန်းမှ မျှောဆင်းလာကာ၊ ဖဲယားဝဲလ်အငူကိုပတ်ပြီး အနောက်ပင်လယ်ကမ်းရိုးတန်းဘက် မျှောပါသွားသဖြင့် လချီ၍ ပင်လယ်ခရီးနှင်ရန် ခဲယဉ်းစေသည်။ ဆောင်းတွင်းတွင် ဤကျွန်းတစ်ကျွန်းလုံးနီးပါးရှိ ပင်လယ်သည် ရေခဲကုန်သဖြင့် လူနေထိုင်ရာဒေသများသို့ ခရီးသွားလာမှု ပြတ်တောက်စေသည်။ ရေခဲသည် နယ်မြေဒေသ၊ ပင်လယ်ရေနှင့် လူတို့၏နေမှုထိုင်မှုကို စိုးမိုးသြဇာလွှမ်းထားသည်။ ဤနိုင်ငံတွင် ရိတ်သိမ်းနိုင်စရာ အဘယ်အရာရှိနိုင်မည်နည်းဟု ကြံစည်ရာမရဖြစ်နေကြပေမည်။
အစဖန်တီးလာပုံ
အင်နူအစ်ယဉ်ကျေးမှုမှ အက်စကီးမိုးလူမျိုးများသည် ဂရင်းလန်းတွင် ရာစုနှစ်ပေါင်းများစွာ မုဆိုးများအဖြစ် နေထိုင်ခဲ့ပေပြီ။ ၁၇၂၁ ခုနှစ်တွင် လူသရင်ဓမ္မဆရာ ဟန့်စ် အက်ဂဒီသည် သာသနာပြုအဖြစ် ဂရင်းလန်းနိုင်ငံသို့ ရောက်လာသည်။ နောင်တွင် လူတို့အခြေစိုက်နေထိုင်ရာဒေသများတွင် မိုရေဗီရန်မစ်ရှင်လှုပ်ရှားခဲ့သည်။ သူတို့၏သာသနာပြုအချို့သည် ကျမ်းစာစာစောင်အချို့ကို ဂရင်းလန်းဒစ်ဘာသာစကားသို့ပြန်ဆိုခဲ့ရာ၊ သူတို့၏ဘာသာပြန်တွင် ဘုရားသခင်၏ကိုယ်ပိုင်နာမတော် ယေဟောဝါကိုအသုံးပြုထားသည်။ သို့သော် ၁၉၀၀ ပြည့်နှစ်ကတည်းက ဂရင်းလန်းနိုင်ငံတွင် ဒေးနစ်ရှ်လူသရင်အသင်းသာ လှုပ်ရှားနေတော့သည်။
ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံ၏လက်အောက်ခံနိုင်ငံဖြစ်နေဆဲအချိန်၊ ၁၉၅၃ ခုနှစ်တွင် အရေးကြီးအဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့သည်။ ထိုနှစ်တွင်အတည်ပြုခဲ့သော ဒိန်းမတ်အခြေခံဥပဒေအရလူသရင်အသင်းအပြင်၊ အခြားဘာသာရေးအုပ်စုများ ဂရင်းလန်းသို့တစ်ဖန်ပြန်လာ လှုပ်ရှားခွင့်ရရှိလေသည်။ သို့ဖြင့် ၁၉၅၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဒိန်းမတ်မှယေဟောဝါသက်သေသာသနာပြုနှစ်ဦး ရောက်ရှိလာသည်။ သူတို့အားခန့်အပ်ထားသည့်ရပ်ကွက်မှာ အနောက်တောင်ပင်လယ်ကမ်းခြေတစ်လျှောက် မိုင် ၁,၂၀၀ နယ်မြေဖြစ်သည်။ ထိုတွင် ဂရင်းလန်းပြည်သားအားလုံးနီးပါးမျှ နေထိုင်ကြသည်။ အများအားဖြင့် မုဆိုးနှင့်တံငါသည်များဖြစ်သော လူဦးရေ ၂၇,၀၀၀ မျှရှိသည်။
သက်သေခံနှစ်ဦးအနက် တစ်ဦးဖြစ်သူ ခရစ္စတင် လော်ရီတစင် ဤသို့စားမြုံ့ပြန်ခဲ့သည်။ “ဂရင်းလန်းဒစ်ဘာသာစကားကို ကျွန်ုပ်တို့မတတ်သလောက်ပါ။ သို့သော် ဂရင်းလန်းနိုင်ငံသားများကို သမ္မာတရားသင်ပေးချင်စိတ် ပြင်းပြခဲ့သည်။ ဂရင်းလန်းဒစ်ဘာသာစကားဖြင့်ထုတ်ဝေထားသောဝေစာအချို့ ရှိထားသည်။ ထိုနှစ်အတွင်း ‘နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း’ စာအုပ်ငယ်ရောက်လာသည်။” သူတို့ဟောပြောခြင်းလုပ်ငန်းကို မည်သို့ဆောင်ရွက်ခဲ့သနည်း။
“အစပထမတွင် ကျွန်ုပ်တို့လည်ပတ်မှု၏ရည်ရွယ်ချက်ကိုသိရှိစေရန် ပုံနှိပ်ထားသောကပ်ပြားများ အသုံးပြုခဲ့သည်။ သို့သော်မကြာမီပင် ဝါကျအချို့ကို နှုတ်တိုက်ရွတ်ပြကြသည်။ တစ်မြို့မှတစ်မြို့သို့ မော်တော်ဘုတ်ဖြင့်အမြဲခရီးနှင်ကြသည်။ အချိန်ဇယားဆွဲခြင်းကို မကြားဖူးသမျှဖြစ်နေသဖြင့် အချိန်မှန်ခြင်းလုံးဝမရှိပါ။ ကျွန်ုပ်တို့အမြဲ ပင်လယ်လှိုင်းမူးတတ်ကြသည်။ တည်းခိုစရာနေရာပြဿနာလည်းအစဉ် ကြုံတွေ့ကြသည်။ ကျွန်ုပ်တို့၏ဝန်စည်စလယ်တွင် အမြဲသယ်ဆောင်သည့် တဲရှင်ကို မကြာခဏအသုံးပြုရကြသည်။”
သို့သော် ဒုက္ခခံရကျိုးနပ်စရာများရှိပါသည်။ ဂရင်းလန်းသားများသည် ဖေါ်ရွေပျူငှာ၍ ဧည့်ဝတ်ကျေပွန်သူများဖြစ်ကြသည်။ ဘုရားသခင်ကိုယုံကြည်၍ သမ္မာကျမ်းစာကို တန်ဖိုးထားလေးစားတတ်သည့်သဘောရှိကြသည်။ အိမ်တိုင်းနီးပါးမျှ တိုင်းရင်းဘာသာစကားဖြင့် ထုတ်ဝေထားသောသမ္မာကျမ်းစာရှိကြပါသည်။ တစ်ခါက ကလေးမငယ်ကလေးတစ်ဦးသည် “နေစရာနေရာမတွေ့သေးလျှင် ကျွန်ုပ်တို့အိမ်မှာ လာတည်းခိုပါ” ဟုရေးထားသည့် စာလေးတစ်စောင်နှင့်ပြေးလာခဲ့ဖူးကြောင်း ခရစ္စတင်စားမြုံ့ပြန်သည်။ အသင်းမရုပ်ရှင်တစ်ခုကိုပြနိုင်ရန်နေရာကိုလည်း ဤမိသားစုရှာပေးခဲ့ပါသည်။
စစ်ကူရောက်ရှိလာ
၁၉၆၁ ခုနှစ်တွင် သက်သေခံများစွာလိုအပ်သည့်ဂရင်းလန်းသို့ ဒိန်းမတ်မှ အိမ်ထောင်စုများ ပြောင်းရွှေ့နေထိုင်ကြသည်။ တတ်ရန်အလွန်ခဲယဉ်းသည့် ဂရင်းလန်းဒစ်ဘာသာစကားကိုသင်ယူကာ ယုံကြည်သူချင်းတို့နှင့် အလှမ်းဝေးစွာနေထိုင်ရန် ကြိုးစားခဲ့သမျှကို ချီးမွမ်းထိုက်ပေသည်။ စည်းဝေးများကိုလည်း သူတို့မှန်မှန်ကျင်းပကြပြီး ယုံကြည်ခြင်းနှင့် ခရစ်ယာန်လှုပ်ရှားမှုဖက် သန်မာရှင်သန်နေကြသည်။ သူတို့၏ကြိုးစားမှုများသည် အချည်းနှီးမဟုတ်ခဲ့ပါ။ ထိုနှစ်တွင် ဂရင်းလန်းနိုင်ငံ၌ ပထမအသင်းတော်နှစ်ခုကို တည်ထောင်ခဲ့သည်။ မြို့တော်ဖြစ်သောနယုခ် (ဂေါ့သအော့ဗ်) နှင့် တောင်ဖက်ရှိ ကာကိုတောခ်မြို့ (ဂျူလျံနအော့ဗ်) တွင်ဖြစ်သည်။ စကင်ဒီနေးဗီယားသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သော ဂရင်းလန်းသားအချို့သည် နှစ်ခြင်းခံယူခဲ့သောအခါ သက်သေခံများအလွန်ဝမ်းသာခဲ့သည်။
၁၉၇၀ ကျော်ခုနှစ်များအတွင်း အသက်ငယ်ရွယ်ပြီး ဇွဲလုံ့လပြည့်သော အထူးရှေ့ဆောင်မောင်နှံစုံများရောက်ရှိလာကာ သက်သေခံခြင်းလုပ်ငန်းကို ရှေ့တန်းမှဆောင်ရွက်ကြလေသည်။ ၁၉၇၃ ခုနှစ်တွင် ကင်းမျှော်စင်နှင့် ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားစာအုပ် ဂရင်းလန်းဘာသာဖြင့် ထွက်လာသည်။ ဤစာစောင်များနှင့် ရှေ့ဆောင်များသည် ကမ်းရိုးတန်းတစ်လျှောက် မြို့ရွာဇနပုဒ်သို့လှည့်လည်ကာ သမ္မာတရားမျိုးစေ့ကြဲကြလေသည်။ ဟောပြောခြင်းလုပ်ငန်းသည် အရှေ့ဖက်ရှိ အန်မာ့ဂစလစ်ခ်မြို့တစ်ဝိုက် သီးခြားကမ်းရိုးတန်းသို့ ပထမအကြိမ်ရောက်လာလေသည်။ ထိုနှစ်တွင် ဂရင်းလန်းနိုင်ငံ၌ပင် ဂရင်းလန်းသားတစ်ဦး သမ္မာတရားလက်ခံခဲ့၍ ဝမ်းသာအားရကြလေသည်။
နောက်ဆုံးတွင် ရိတ်သိမ်းရ
ဒေသခံဘာသာစကားဖြင့် ကျမ်းစာလေ့လာနိုင်ရန်အကူစာပေများစွာ ပုံနှိပ်ထုတ်ဝေပြီးနောက် စာအုပ်စာတမ်းများစွာကို ဝေငှနိုင်ခဲ့သည်။ ဥပမာ၊ ခန့်အပ်မထားသောရပ်ကွက်တွင် သက်သေခံနှစ်ဦး နှစ်ပတ်သုံးပတ်အတွင်းအမှုဆောင်ကြရာ စာအုပ်ကြီး ၃၀၀ မှ ၄၀၀၊ စာအုပ်ငယ်များလည်းထိုနည်းလည်းကောင်းပင်၊ မဂ္ဂဇင်းပေါင်း ၁၀၀၀ အပြင် နှစ်စဉ်ကြေး ၆၀ မှ ၇၀ ခုဝေငှရရန် မခဲယဉ်းပါ။
ဤမျှမျိုးစေ့ကြဲ၍ ရေလောင်းပေးခြင်းရလဒ်အနေနှင့် ဂရင်းလန်းတိုင်းရင်းသားများနှင့် ဂရင်းလန်း၌နေထိုင်သော ဒိန်းမတ်အမျိုးသားများအလယ် ‘ဘုရားသခင်များစွာကြီးထွားစေခဲ့ပြီ။’ (၁ ကောရိန္သု ၃:၅-၇) ယနေ့ အသင်းတော်ခုနစ်ခုနှင့် ဝေးလံသောဒေသရှိအုပ်စုတစ်ခုတွင် နိုင်ငံတော်သတင်းကြွေးကြော်သူ ၁၁၇ ဦးသည် ဤရေခဲသောဆီးနှင်းဒေသတစ်လျှောက် အနှံ့အပြားရှိကြသည်။ ဤကြိုးစားပမ်းစားလုပ်ဆောင်သူအချို့နှင့် မိတ်ဆက်ကြစို့။
ဂရင်းလန်းလယ်ကွင်းသို့ အလည်အပတ်
ရှေးဦးစွာ တောင်ဖက်စွန်းကျသော ကာကိုတော့ခ် (ဂျူလျံနအော့ဗ်) အသင်းတော်သို့လည်ပတ်စို့။ ထိုတွင်အမှုထမ်းရန် ဒိန်းမတ်မှ အိမ်ထောင်စု ငါးခုရောက်ရှိလာလေပြီ။ ဒိန်းမတ်စကားမတတ်သော ဂရင်းလန်းသားတို့အား သက်သေခံနိုင်ရန် သူတို့အနက်အချို့သည် ဂရင်းလန်းစကားကို ကြိုးစားသင်ယူခဲ့ပြီ။ အိမ်ထောင်သည်တစ်ဦးဖြစ်သောရှေ့ဆောင်ညီအစ်ကို (အချိန်ပြည့်နိုင်ငံတော်သတင်းကြွေးကြော်သူ) ဖလဲမင် က “ကျွန်ုပ်တို့ရပ်ကွက်သည် အလွန်ကျယ်ဝန်းသည်။ တံငါသည်ရွာငယ်များစွာမှစ၍ တောင်ဖက်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ရေလက်ကြားများစွာကြားတွင်တွေ့ရှိရသော သိုး,မွေးမြူရေးခြံများပါဝင်သည်။” ကိုယ်ပိုင်မော်တော်များကိုအသုံးပြုကြကာ သက်သေခံများသည် ဤဝေးလံသောနေရာများရှိသူတို့ထံ လည်ပတ်ရန် မိုင် ၄၀၀ ခရီးသွားလာကြသည်။
ဤလှပခန့်ညားသော ရေလက်ကြားများကြား မော်တော်ခရီးဖြင့် သုံးနာရီခန့်ခရီးနှင်ပြီးနောက် နာရ်စာ့ခ်မြို့ရှိ နောက်အသင်းတော်တစ်ခုသို့ ရောက်လာကြသည်။ ဤတွင် နိုင်ငံတော်ကြေညာသူလေးဦးရှိ အိမ်ထောင်စုတစ်ခုတည်းနေထိုင်သည်။ ဤမျှဝေးလံသောအရပ်ဒေသတွင်နေထိုင်ကြသော်လည်း မှန်မှန်လေ့လာမှုပြုလုပ်ခြင်းအားဖြင့်လည်းကောင်း၊ စည်းဝေးများနှင့် လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းအားဖြင့်လည်းကောင်း တစ်ဦးကိုတစ်ဦး ဝိညာဉ်ရေးအရ အားပေးတည်ဆောက်နိုင်ကြသည်။
ယခု နွေရာသီတွင် ပတ်စဉ်ရောက်လေ့ရှိသော ကမ်းရိုးတန်းတစ်လျှောက် ခရီးသည်တင်သင်္ဘောကိုတက်စီးကြမည်။ ဤ ၂၄ -နာရီကြာသောခရီးစဉ်သည် သက်သေခံ ၁၀ ဦးသာရှိသော ပါအမီယု (ဖရီဒါရစ်ခ်အော့ဗ်) သို့ပို့ပေးလိမ့်မည်။ သို့သော် လမ်းခရီးတစ်ဝက်တွင် ကြေညာသူနှစ်ဦးသာရှိသည့် ဝေးလံသောရွာကလေးတစ်ရွာသို့ရောက်ကြသည်။ သူတို့အနက်တစ်ဦးက အဲန်မာရီဖြစ်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်က နယုခ်မြို့တော်တွင်နေထိုင်သည့် သူမ၏သားသည် သမ္မာတရားရပြီးနောက် မိခင်အား တယ်လီဖုန်းနှင့်စာအားဖြင့်သက်သေခံခဲ့သည်။ ဂရင်းလန်းဒစ်ဘာသာစကားဖြင့်ထုတ်ဝေထားသောစာပေအားလုံးကိုဖတ်ပြီး ဂရင်းလန်းဒစ်သက်သေခံများ၏တွေ့ကြုံမှုများကို တိတ်ခွေများမှနားထောင်ပြီးနောက် အဲန်မာရီသည် သမ္မာတရားဖက်ရပ်တည်ခဲ့သည်။ အသက် ၆၀ ကျော်အရွယ်တွင် ဒေသခံအသင်းတော်အကူအညီမပါဘဲနှင့် သူ၏အနှစ် ၅၀ ကြာဆေးလိပ်သောက်သောအကျင့်ကိုဖြတ်နိုင်ရုံမက ခရစ္စမတ်နှင့်မွေးနေ့ပွဲများကို မကျင်းပတော့ဘဲ တစ်ရွာလုံးတွင် စတင်သက်သေခံလေသည်။ သူ၏စိတ်ရှည်သောကြိုးစားမှုနှင့် ပုံသက်သေကောင်းကြောင့် စိတ်ဝင်စားသူဆယ်ဦးသည် ကျမ်းစာသင်တန်းနှင့် တိတ်ခွေသွင်းထားသောစည်းဝေးများသို့ မှန်မှန်တက်ရောက်ကြသည်။
ပါအမီယုမြို့မှထွက်ပြီး ပင်လယ်ပြင်လှိုင်းပေါ် ၁၄ နာရီသင်္ဘောစီးသွားပြီးသော် နယုခ်မြို့သို့ရောက်လာသည်။ လူဦးရေ ၁၃၀၀၀ ရှိ ဤမြို့တော်၏အသင်းတော်တွင် ကြေညာသူ ၄၃ ဦးရှိပါသည်။ ၄င်းမှ သုံးပုံတစ်ပုံသည် ဂရင်းလန်းသားများဖြစ်ကြသည်။ ပတ်စဉ်စည်းဝေးများကို ဒိန်းမတ်နှင့် ဂရင်းလန်းဒစ်စကားဖြင့်ကျင်းပကြရာ ဘာသာစကားနှစ်မျိုးစလုံးမှအုပ်စုအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်ပေသည်။
ပင်လယ်ကမ်းရိုးတန်း ခရီးသည်တင်သင်္ဘောပေါ် ပြန်ရောက်လာပြီးနောက် ရှစ်နာရီခရီးစဉ်အကြာတွင် မာနီအစ်စော့ခ်မြို့ (စုကာတော့ပင်) သို့ရောက်လေသည်။ ဤတွင် ဒိန်းမတ်မှမိသားစုလေးစုသည် ဒေသခံနိုင်ငံတော်ကြေညာသူအနည်းငယ်နှင့်အတူ တွဲဖက်အမှုဆောင်ရွက်နေကြသည်။ မြို့တွင်းရှိရပ်ကွက်တွင် နှံ့စပ်အောင်အမှုဆောင်ရွက်၍ ကျမ်းစာစာပေများစွာဝေငှထားသောကြောင့် အိမ်ထောင်နှစ်အိမ်ထောင်လျှင်တစ်အိမ်ထောင်၌ ဂရင်းလန်းဒစ်ဘာသာစကားဖြင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်များစာအုပ်ရှိသည်။ သူတို့၏မော်တော်များဖြင့် အခြားဝေးလံသောရွာကလေးများသို့လည်း မှန်မှန်သက်သေခံထွက်ကြပါသည်။
မြောက်ဖက်သို့ခရီးဆက်ရာတွင် နောက်တစ်ဆင့်ရပ်နားမည့်နေရာသည် ဆယ်နာရီအကွာအဝေးရှိ စီစီမီယု (ဟိုစတိန်းဘရော့ဂ်) သို့ရောက်လေသည်။ ဤအသင်းတော်တွင် ဒိန်းမတ်မှမိသားစု ငါးစုနှင့် ဒေသခံကြေညာသူအနည်းငယ်ရှိသည်။ ဤမြို့နေ အထူးရှေ့ဆောင်မောင်နှံစုံသည် အရှေ့ဖက်ကမ်းရိုးတန်းသို့ မကြာခဏလည်ပတ်ပေးသည်။ ဤသို့ပြုရန် လေယာဉ်ဆိပ်သို့ နာရီဝက်ကြာ ဟဲလီကော့ပ်တာစီး၍ ကျွန်းလယ်ရေခဲပြင်ကို လေယာဉ်ဖြင့် နှစ်နာရီဖြတ်သန်းပြီး အရှေ့ကမ်းရိုးတန်းရှိအန်မာ့ဂစလစ်ခ်မြို့သို့ရောက်ရန် ပင်လယ်အော်ကို ဟဲလီကော့ပ်တာနှင့်ခဏဖြတ်ကျော်ရသည့်ခရီးစဉ်ဖြစ်သည်။ ထိုတွင် ရှုခင်းကား အမှန်တကယ်မှတ်သားလောက်ဖွယ်ရာကောင်းအောင်ဖြစ်သည်။ မိုးထိုးအောင်မြင့်မား၍ကြမ်းတမ်းသည့်တောင်တန်းများကို မော့ကြည့်ရမည်။ အောက်အရပ်ချိုင့်ခွက်များတွင်မူ ရေခဲမြစ်များကိုတွေ့ရှိရမည်။ နိုင်ငံတော်သတင်းတရားကို နားထောင်ချင်သူများသော်လည်း သမ္မာတရားဖက်ရပ်တည်သူကား ရှားပါးလှသည်။
ရေခဲပြင်ကိုဖြတ်သန်းလာပြီးနောက် မြောက်ဖက်စူးစူး၊ အီလူလီစာ့တ်မြို့ (ယာကော့ဗ်စ်ဟေးဗင်) တွင်ခရီးဆုံးမည်။ အီလူလီစာ့တ်သည် ဂရင်းလန်ဒစ်ဘာသာစကားဖြင့် “ရေခဲတောင်” ဖြစ်ပြီး၊ သင့်လျော်သောအမည်ဖြစ်သည်။ အနီးအနားတွင် မြောက်ယဉ်စွန်းတန်း၌ အဖြစ်ထွန်းဆုံးရေခဲမြစ်ရှိပြီး ပင်လယ်အော်နှင့်ရေလက်ကြားများတစ်လျှောက် ရေခဲတောင်များတရွေ့ရွေ့မျှောနေသည့် စွဲမက်စရာရှုခင်းသာအမျိုးမျိုးတွေ့ရှိရပေမည်။ ဤလှုပ်ရှားတက်ကြွသောအသင်းတော်တွင် ဒိန်းမတ်နိုင်ငံမှ အိမ်ထောင်စုခြောက်ခုနှင့် ဂရင်းလန်းသား နှစ်ဦးသုံးဦးရှိသည်။ အီလူလီစာ့တ်မြို့နှင့် ဒစ်ကိုပင်လယ်အော်အရပ်ဒေသတစ်ရပ်လုံးအပြင် ကမ္ဘာ့မြောက်ခြမ်း သက်သေခံရာရပ်ကွက်ဖြစ်မည့်၊ မြောက်လတ္တီတွဒ် ၇၅ ဒီဂရီအနီး ကူလ်လောစူအာ့ခ် (မာရ်နတ်လက်မ) ရွာအထိရောက်ကြသည်။
အီလူလီစာ့တ်မြို့ရှိအထူးရှေ့ဆောင်များသည် ဤဝေးလံသောအရပ်ဒေသသို့ မှန်မှန်သွားပြီး အူပါနာဗစ် နှင့် ဦမန်နာ့ခ်မြို့များရှိသူတို့အား သက်သေခံကြသည်။ ဗိုးနှင့်ဟဲလင် ဤသို့ဆိုသည်။ “ဤကျယ်ဝန်းလှသည့် မြောက်ဘက်ဒေသများသည် ယခုထိပင် လူသူမရောက်ရှိလှသေးသော အာတိတ်ပရဒိသုဖြစ်သည်။ ဤအရပ်ဒေသတွင် လူဦးရေကျိုးတိုးကျဲတဲသာရှိ၍ တံငါသည်ဘဝထက် မုဆိုးဘဝဖြင့်အသက်ရှင်ကြလေသည်။ သူတို့၏ဘဝသည် ရိုးသားပြီးအနာဂတ်အတွက် စိုးရိမ်မှုမရှိလှချေ။ အများစုသည် ဝိညာဏရေးရာကိုစိတ်ဝင်စားကြသည်။ ကျွန်ုပ်တို့သယ်ဆောင်သောသတင်းကို ကြည်ဖြူစွာနားထောင်လက်ခံကြသည်။” “တစ်ပါးတည်းသောသိုးထိန်း” ယေရှုခရစ်လက်အောက် စစ်မှန်သော “သိုးအုပ်” တစ်အုပ်တည်းသို့ ဤကဲ့သို့သောသိုးကဲ့သို့သူများ စုသိမ်းခံရမည်၊ မခံရမည်ကိုကား အချိန်ကပြပေလိမ့်မည်။—ယောဟန် ၁၀:၁၆။
ဤနယ်မြေဒေသတွင် ဒိန်းမတ်မှရှေ့ဆောင်များသာ အမှုဆောင်ခဲ့ဖူးသည်။ သို့သော် နယုခ်မြို့မှ ဂရင်းလန်းသားရှစ်ဦးသည် ကျွန်ုပ်တို့ယုံကြည်ချက်များနှင့် အသက်တာဘဝလမ်းစဉ်အကြောင်း ဗီဒီယိုတိတ်ခွေသွင်းခဲ့သည်။ ဤတိတ်ခွေကို တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ ရှေ့ဆောင်များအသုံးပြုခဲ့သောအခါ ဆွေးနွေးပြောဆိုစရာအကြောင်းဖြစ်လာပြီး မေးခွန်းများမေးမြန်းလာကြသည်။ အထူးသဖြင့် ခရစ္စမတ်ပွဲမကျင်းပရခြင်း နှင့် နို့စို့သူငယ်များကိုနှစ်ခြင်းမပေးခြင်းအကြောင်း သိလိုကြသည်။ ဖေါ်ပြပါ လေးပတ်ခရီးစဉ်အတွင်း စာအုပ်ကြီးပေါင်း ၂၀၀ ဝေငှ ခဲ့ရကြောင်း ထပ်ဆင့်ပြောပြလိုသည်။
ဆက်ရိတ်သိမ်းဆဲရှိ
လေဒဏ်မိုးဒဏ်ပြင်းထန်၍ ဘာသာစကားအတားအဆီးရှိသော်ငြား၊ နိုင်ငံတော်အတွက် ဆက်ရိတ်သိမ်းဆဲရှိသည်။ အသင်းတော်စည်းဝေးများမှ အကျိုးခံစားရလို၍ ဂရင်းလန်းသားများစွာ ဒိန်းမတ်စကားကို သင်ယူခဲ့ပေပြီ။ သို့ရာတွင် ဝိညာဏအစာစားသုံးနိုင်သူများများရှိရန် စည်းဝေးများစွာကို ဂရင်းလန်းဒစ်စကားဖြင့် တိုး၍တိုး၍ကျင်းပပေးနေပါသည်။
ဥပမာ၊ ၁၉၈၈ ခုနှစ် “တရားမျှတခြင်း” ခရိုင်စည်းဝေးပွဲအစီအစဉ်ကို နယုခ်မြို့တော်၌ ဒိန်းမတ်စကားဖြင့်ဟောပြောခဲ့သော်လည်း၊ ဟောပြောချက် သုံးပုံပုံတစ်ပုံကို ဂရင်းလန်းစကားသို့ပြန်ဆိုပေးခဲ့သည်။ စုစုပေါင်းတက်ရောက်သူ ၁၆၃ ဦးရှိခဲ့သည်။ မြောက်ဘက်ခြမ်း အီလူလီစာ့တ်အသင်းတော်နှင့် တောင်ဘက်ခြမ်း ကာကိုတော့ခ်အသင်းတော်မှကိုယ်စားလှယ်များသည် အသွားအပြန် လေးရက်တိုင်တိုင်ခရီးသွားရကြသည်။ စည်းဝေးပွဲတွင် နှစ်ခြင်းခံသူ လေးဦးရှိခဲ့သည်။
အနာဂတ်ရိတ်သိမ်းခြင်းအတွက် အလားအလာကားအဘယ်နည်း။ အလွန်ကောင်းပေသည်။ ၁၉၈၉ ခုနှစ်တွင် ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲတော်ကို လူပေါင်း ၂၀၅ ဦးတက်ခဲ့သည်ကို တွေ့ရခြင်းသည် ဝမ်းသာစရာပင်။ ယခု အိမ်တွင်းကျမ်းစာသင်အံမှု တစ်ရာကျော် ကျင်းပနေကြသည်။ မှန်ပေသည်။ ဤမျှရေခဲသောဆီးနှင်းကျသည့်လယ်မြေဒေသတွင် ကိုယ်တော်၏ကျေးကျွန်များကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါကြွယ်ဝစွာကောင်းချီးပေးနေတော်မူသည်။