ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ဘုရားသခင့်အသံတော် တတိယအကြိမ်ကြားခဲ့ရ
ဗိ မာန်တော်တွင်ရှိစဉ် သခင်ယေရှုသည် မိမိမကြာမီရင်ဆိုင်တွေ့ရမည့် သေခြင်းနှင့်ပတ်သက်ပြီး အလွန်စိတ်မချမ်းမသာဖြစ်နေသည်။ ကိုယ်တော်အဓိကတွေးပူသည်မှာ ကိုယ်တော်.ခမည်းတော်၏ဘုန်းတော်ဂုဏ်တော် မည်သို့ထိခိုက်ပတ်သက်မည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ထိုကြောင့် ကိုယ်တော်ဤသို့ဆုတောင်းသည်။ “အိုအဘ၊ ကိုယ်တော်၏နာမတော်ကိုချီးမြှောက်တော်မူပါ။”
ထိုခဏ၌ ကောင်းကင်မှကြီးသောအသံပေါ်လာ၍ ကြေညာသည်မှာ၊ “ငါချီးမြှောက်ခဲ့ပြီ။ တစ်ဖန် ငါချီးမြှောက်ဦးမည်။”
ဝိုင်းရံလျက်ရှိသောလူများတို့သည် အံ့အားသင့်နေခဲ့ကြသည်။ အချို့က “ကိုယ်တော်အားကောင်းကင်တမန်မြွက်သည်” ဟုစတင်ပြောဆိုကြသည်။ အခြားသူတို့က မိုးခြိမ်းသံဟုဆိုကြ၏။ တကယ့်တကယ်တွင်မူ ယေဟောဝါဘုရားသခင်စကားပြောတော်မူခဲ့ခြင်းဖြစ်သည်။ သို့သော် ဤတွင် သခင်ယေရှုနှင့်ဆက်နွယ်ပြီး ဘုရားသခင်အသံတော်ကို ပထမဆုံးကြားခဲ့ရခြင်းမဟုတ်ပါ။
စောစောပိုင်းသုံးနှစ်ခွဲက သခင်ယေရှုနှစ်ခြင်းခံတော်မူစဉ် နှစ်ခြင်းဆရာယောဟန်သည် သခင်ယေရှုအား ဘုရားသခင်ကပြောသည့် “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟူသောအသံတော်ကိုကြားခဲ့သည်။ ပြီးခဲ့သည့်ပသခါပွဲနောက်ပိုင်းတွင် သခင်ယေရှုသည် ယာကုပ်၊ ယောဟန်နှင့်ပေတရုတို့ရှေ့ ဘုန်းတန်ခိုးထွန်းတောက်ကိုယ်ရောင်ပြောင်းချိန်၌ သူတို့သည် “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့” ဟူသော ဘုရားသခင့်အသံတော်ကိုကြားခဲ့ကြသည်။ တတိယအကြိမ်နေနှင့် သခင်ယေရှုမသေဆုံးမီ ၄ ရက်အလို၊ နိသန်လ ၁၀ ရက်၌ လူတို့သည် ဘုရားသခင့်အသံတော်ကို နောက်တစ်ဖန်ကြားရကြခြင်းဖြစ်သည်။ သို့သော် ဤတစ်ချိန်တွင် လူအများကြားရန် ဘုရားမိန့်မြွက်ခဲ့သည်။
“ထိုစကားသံသည် ငါအဖို့အလို့ငှာလာသည်မဟုတ်။ သင်တို့အဖို့အလို့ငှာလာ၏” ဟုယေရှုရှင်းပြသည်။ သခင်ယေရှုသည် အမှန်ပင်ဘုရားသခင့်သားတော်နှင့် ကတိထားရာမေရှိယဖြစ်ကြောင်း ဤအသံတော်ကသက်သေဖြစ်သည်။ “ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏” ဟုပြော၍ “ယခုတွင် ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရလိမ့်မည်” ဟုဆက်လက်မိန့်တော်မူသည်။ ယေရှု၏သစ္စာရှိရှိနေထိုင်ခဲ့မှုတို့က ဤလောက၏မင်းစာတန်မာရ်နတ်သည် “ပြင်သို့နှင်ထုတ်ခြင်း” တည်းဟူသော အဆုံးစီရင်ခြင်းကိုခံထိုက်ကြောင်းခိုင်မာစေသည်။
ချဉ်းကပ်လာသော မိမိသေခြင်း၏အကျိုးသက်ရောက်မှုကိုထောက်ပြရန် သခင်ယေရှုဤသို့ဆိုသည်။ “ငါသည် မြေကြီးမှခွါ၍ မြှောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကိုငါ့ထံသို့ငါဆွဲမည်။” ကိုယ်တော်၏သေခြင်းသည် ဆုံးရှုံးခြင်းမဟုတ်ဘဲ ထိုသေခြင်းအားဖြင့် လူသားများထာဝရအသက်ဖြင့်ပျော်မွေ့နိုင်ရန် မိမိထံလူများကိုကိုယ်တော်ဆွဲမည်ဖြစ်သည်။
သို့သော် လူအုပ်ကခုခံပြောဆိုသည်မှာ “ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟုပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည်အဘယ်သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်း” ဟုဆိုကြ၏။
ဘုရားသခင့်ကိုယ်တော်တိုင်၏အသုံတော်အပါအဝင် သက်သေများစုံလင်သော်လည်း သခင်ယေရှုသည် စစ်မှန်သောလူသားနှင့် ကတိထားရာမေရှိယဖြစ်ကြောင်း လူများစုမယုံကြည်ကြချေ။ သို့နှင့် ကိုယ်တော်သည် လွန်ခဲ့သည့် ခြောက်လက တဲတော်ပွဲတွင်ပြောခဲ့သည့်အတိုင်း မိမိသည် “အလင်း” ဖြစ်ကြောင်း ထပ်မံပြောဆို၍ နားထောင်သောသူများကို အားပေးတော်မူသည်။ “အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှာ အလင်းကိုယုံကြည်ကြလော့။” ထိုသို့မိန့်တော်မူပြီးနောက် ထွက်ကြွ၍ တိမ်းရှောင်တော်မူသည်။ မိမိအသက်အတွက် အန္တရာယ်ရှိ၍ဖြစ်သည်။
သခင်ယေရှုကို ဂျူးတို့ယုံကြည်ကင်းမဲ့ခြင်းက “သူတို့သည် မျက်စိမမြင် စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ။ သူတို့အနာရောဂါငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကိုကွယ်စေတော်မူ၏” ဟုဟေရှာယစကားပြည့်စုံစေသည်။ ယေဟောဝါ၏ကောင်းကင်ဆိုင်ရာတရားရုံးတွင် ယေဟောဝါနှင့်အတူ ယေရှု၏လူသားမတိုင်မီဘုန်းအာနုဘော်တော်ကို ရူပါရုံ၌ဟေရှာယမြင်တွေ့ခဲ့သည်။ သို့သော်ဂျူးတို့က ထိုသူသည်မိမိတို့၏ကတိထားရာကယ်တင်ရှင်ဖြစ်သည်ဆိုသည့် သက်သေကိုဘေးချိတ်လျက် ဟေရှာယရေးသားခဲ့သည့်စကားများပြည့်စုံချက်နှင့်အညီ ခေါင်းမာမာနှင့်ငြင်းဆန်ကြသည်။
အခြားတစ်ဖက်တွင် အရာရှိအတော်များများ (ဆန်ဟီဒရင်လွှတ်ရုံး၏အဖွဲ့ဝင်များ) ပင်ယေရှုကိုယုံကြည်ခဲ့ကြသည်။ နိကောဒင်နှင့် အရိမဿဲသည် ထိုအရာရှိများအဝင်မှနှစ်ဦးဖြစ်သည်။ သို့သော် အရာရှိအများသည် ယခုလောလောလတ်လတ်အချိန်တွင်မူ ယုံကြည်ခြင်းတင်ပြရန် ပျက်ကွက်ခဲ့ကြသည်။ အကြောင်းမှာ တရားစရပ်တွင်ရရှိထားသော သူတို့ရာထူးထုတ်ပယ်ခံရမည်စိုး၍ဖြစ်ပါသည်။ ထိုသူများ မည်မျှဆုံးရှုံးပါသည်တကား။
သခင်ယေရှုကမှတ်ချက်ချသည်မှာ “ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုယုံကြည်၏။ ငါ့ကိုကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကိုကြည့်မြင်၏။ . . . ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကိုငါသည် အပြစ်မစီရင်။ လောကီသားတို့ကိုအပြစ်စီရင်အံ့သောငှာ ငါလာသည်မဟုတ်။ လောကီသားတို့ကိုကယ်တင်အံ့သောငှာ ငါလာ၏။ . . . ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့ရက်၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။”
ကိုယ်တော်ကိုယုံကြည်သူများကယ်တင်ခြင်းရခြင်းငှာ ယေရှုကိုစေလွှတ်ဖို့ လူသားတို့အပေါ်ထားရှိသော ယေဟောဝါမေတ္တာတော်က ကိုယ်တော်အားလှုံ့ဆော်ခဲ့သည်။ သခင်ယေရှုကိုပြောဆိုစေရန် ဘုရားသခင်ကညွှန်ကြားထားသောအရာများကိုနားထောင်ခြင်းသည် လူအများ၏ကယ်တင်ခြင်းကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ “နောက်ဆုံးသောနေ့ရက်” တည်းဟူသော ခရစ်တော်အုပ်ချုပ်မည့်အနှစ်တစ်ထောင်ကာလတွင် တရားစီရင်ခြင်းဖြစ်မည်။
“အကြောင်းမူကား ငါသည်ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်” ဟုကြွေးကြော်၍ သခင်ယေရှုသည် သူ့စကားကိုအဆုံးသတ်တော်မူသည်။ ယောဟန် ၁၂:၂၈-၅၀၊ ၁၉:၃၈၊ ၃၉။ မဿဲ ၃:၁၇၊ ၁၇:၅။ ဟေရှာယ ၆:၁၊ ၈-၁၀။
◆ အဘယ်အခြေအနေသုံးရပ်တွင် ယေရှုနှင့်ပတ်သက်ပြီး ဘုရားသခင့်အသံတော်ကိုကြားရသနည်း။
◆ သခင်ယေရှု၏ဘုန်းအသရေကို ဟေရှာယမည်သို့မြင်သနည်း။
◆ ယေရှုကိုယုံကြည်သောအရာရှိများကား မည်သူများနည်း။ အဘယ်ကြောင့် သူတို့ကိုယ်တော်ကိုဝန်မခံကြသနည်း။
◆ “နောက်ဆုံးသောနေ့ရက်” ဟူသည် အဘယ်နည်း။ အဘယ်နည်းအားဖြင့် လူတို့တရားစီရင်ခံရမည်နည်း။