ဝှက်ထားသောဘဏ္ဍာကို သင်ရှာဖွေသလော
“ဘုရားသခင်နှင့် ငါတို့အရှင်ယေရှုတို့နှင့်ဆိုင်သော တိကျမှန်ကန်သည့် အသိပညာအားဖြင့် သင်တို့၌မခံစားထိုက်သောကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းတိုးပွားပါစေသော။”—၂ ပေတရု ၁:၂၊ NW။
၁၊ ၂။ အဘယ်အကြောင်းများကြောင့် ရွှေသည်အဖိုးတန်၍ ဈေးကြီးရခြင်းဖြစ်သနည်း။
ရွှေသည်အဘယ်ကြောင့် ဤမျှတန်ဖိုးကြီးရသနည်း။ ယင်းသည် သတ္တုပျော့တစ်မျိုးမျှသာဖြစ်သော်လည်း တစ်အောင်စလျှင် ဒေါ်လာရာနှင့်ချီ၍တန်ဖိုးကြီးမားသည်။ ယင်းသည် လိုအပ်သလိုပြုပြင်နိုင်ပြီး လက်စွပ်လက်ကောက်ပုံစံအမျိုးမျိုးဖြင့် စွဲမက်စရာအဆင်တန်ဆာအဖြစ် ပြုလုပ်နိုင်သည်မှာမှန်ပါသည်။ (၁ တိမောသေ ၂:၉။ ယာကုပ် ၂:၂) သို့သော် သဲကန္တာရအတွင်း သင်လမ်းပျောက်နေသည်ဆိုပါက အစာရေစာငတ်ပြတ်လာသောအခါ ယင်းကိုစား၍သောက်၍မရနိုင်ပါ။ ထိုသို့သောအခြေအနေမျိုး၌ မုန့်တစ်လုံးသို့မဟုတ်ထမင်းတစ်ပန်းကန်နှင့်သောက်ရေတစ်ခွက်သည် ရွှေထက်ပင်ပို၍တန်ဖိုးရှိပေမည်။
၂ သို့ဖြစ်လျှင် ရွှေသည် အဘယ်ကြောင့်ဤမျှတန်ဖိုးကြီးမားရသနည်း။ တစ်ချက်အနေနှင့် ၄င်းသည် ရှားပါးပြီး ရဖို့ခဲယဉ်းသောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ အင်ပါယာရွှေတွင်းကို အမြတ်အစွန်းမရှိတော့၍ ၁၉၅၇ ခုနှစ်တွင် ပိတ်ပစ်လိုက်စဉ်က သတ္တုတွင်းလုပ်သားများသည် ဒေါင်လိုက်အနက်ပေပေါင်း ၅၀၀၀ ကျော်တူးဖေါ်ရပြီးရွှေရှိရာနေရာရောက်ဖို့ နှစ်မိုင်ဆင်ခြေလျှောဆင်းသွားရသည်။ ထိုသို့သောအနေအထား၌ ကြီးမားသောရွှေဈေးကြောင့် လုံ့လဝီရိယကြီးစွာစိုက်ထုတ်၍ ဆက်လက်ရှာဖွေရကျိုးနပ်စေသည်။
၃။ အဘယ်ဘဏ္ဍာကို ကျွန်ုပ်တို့ရှာဖွေနိုင်သနည်း။
၃ သို့သော်လည်း ရွှေထက်ပို၍အဖိုးတန်သောအရာကို ကျွန်ုပ်တို့တူးဖေါ်နိုင်သည်။ အဘယ်အရာနည်း။ ရှောလမုန်မင်းကြီးက လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်က အဖြေပေးထားခဲ့သည်။ “ဉာဏ်ပဋိဘာန်နှင့်အသိဉာဏ်ကို တသဟစ်ခေါ်လျှင်လည်းကောင်း၊ သိုက်ကိုစူးစမ်း၍ ငွေကိုရှာဖွေသကဲ့သို့ ပညာကိုရှာဖွေလျှင်လည်းကောင်း၊ သင်သည် [ယေဟောဝါ၊ NW] အားခန့်ညားရခြင်းကိုလည်း နားလည်၍ဘုရားသခင်အားသိကျွမ်းရခြင်းကို တွေ့ခွင့်ရှိလိမ့်မည်။” သေးနုပ်သောလူသားများ “ဘုရားသခင်အားသိကျွမ်းရခြင်း” ကိုတွေ့ခွင့်ရမည့်အကြောင်းကို စဉ်းစားကြည့်ပါလေ။—သု၊ ၂:၃-၅၊ သမ ။a
တိကျမှန်ကန်သောအသိပညာကို အားလုံးသိရန်လိုအပ်ပုံအကြောင်း
၄။ ခရစ်ယာန်တစ်ဦး၏ တိကျမှန်ကန်သောအသိပညာ၌ အဘယ်အရာများကိုလည်း အကျုံးဝင်စေသင့်သနည်း။
၄ ခရစ်တော်လက်ထက်တော်မှစ၍ အရေးပါသောထိုအသိပညာ၌ ရှေးသစ္စာရှိဟေဗြဲအမျိုးသား၊ အမျိုးသမီးများလက်လှမ်းမီခဲ့သောအသိပညာထက် များစွာကျယ်ပြန့်သောအသိပညာများပါဝင်လာခဲ့သည်။ ပေါလုရေးသားဖေါ်ပြသည့်အတိုင်းဖြစ်သည်။ “ငါတို့အရှင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးတော်မူသောအဖခမည်းတော်သည် ခေါ်ထားတော်မူခြင်းဆိုင်ရာမျှော်လင့်ခြင်း၊ သီးသန့်ထားတော်မူသူတို့ခံစားရသော ပိုင်စုဆိုင်ရာဘုန်းအသရေကြွယ်ဝခြင်း . . . ကိုသိမြင်ကြစေရန် မနောစက္ခုပွင့်လင်းစေလျက် ကိုယ်တော်ကို [တိကျမှန်ကန်စွာ] သိကျွမ်းရာ၌ ဗျာဒိတ်တော်နှင့်ဉာဏ်ပညာသဘောကိုပေးသနားတော်မူပါမည့်အကြောင်း ပတ္ထနာပြု၏။”—ဧဖက် ၁:၁၇-၁၉၊ သမ ။
၅။ ဘိသိက်ခံများအနေဖြင့် ဘုရားသခင့်အလိုတော်နှင့်ဆိုင်သော မိမိတို့၏အသိပညာကို အဘယ်ကြောင့်အစဉ်မပြတ်ဂရုစိုက်ဖို့လိုအပ်သနည်း။
၅ ထိုစဉ်က ဤစကားများသည် ခရစ်တော်၏သန့်ရှင်းသောဘိသိက်ခံညီတော်များအား တိုက်ရိုက်ပေးခဲ့သည့်သြဝါဒစကားဖြစ်ပြီး ယနေ့ထက်တိုင်ထိုအတိုင်းဖြစ်နေသည်။ ထိုသူတို့သည် ကတိတော်ထားရာ “အမျိုးအနွယ်” ၏ဒုတိယအပိုင်းဖြစ်သောကြောင့် သူတို့ဝိညာဉ်ရေးပျက်စီးရန် စာတန်အဓိကထား တိုက်ခိုက်သည့် ပစ်မှတ်များဖြစ်ပေသည်။ (ဂလာတိ ၃:၂၆-၂၉။ ဧဖက် ၆:၁၁၊ ၁၂) အထူးသဖြင့် ဘိသိက်ခံတို့သည် ဘုရားသခင့်မခံစားထိုက်သောကျေးဇူးတော်အားဖြင့်ရရှိသော ဆုကျေးဇူးတော်ကိုအမှုမဲ့အမှတ်မဲ့မပြုဘဲနေခြင်းအားဖြင့် မိမိတို့၏ခေါ်တော်မူခြင်းကို တည်မြဲတည်စေရန်လုပ်ဆောင်ရကြမည်။ ယင်းအကြောင်းကြောင့် ဘုရားသခင့်အလိုတော်နှင့် နှုတ်ကပတ်တော်ဆိုင်ရာ တိကျမှန်ကန်သည့်အသိပညာကို အသစ်မွမ်းမံခြင်းအားဖြင့် မိမိတို့၏ဝိညာဏအရင်းအမြစ်များကို အဆက်မပြတ်ခိုင်ခံ့အောင် အားဖြည့်ပေးနေရကြမည်။—ဧဖက် ၃:၇။ ဟေဗြဲ ၆:၄-၆။ ၂ ပေတရု ၁:၉-၁၂။
၆။ (က) ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်နှင့်ဆိုင်သည်ဖြစ်စေ၊ မြေကြီးနှင့်ဆိုင်သည်ဖြစ်စေ ကျွန်ုပ်တို့အားလုံး တိကျမှန်ကန်သောအသိပညာကို အဘယ်ကြောင့်လိုအပ်သနည်း။ (ခ) တိကျမှန်ကန်သောအသိပညာရရှိရေးအတွက် အဘယ်အရာလိုအပ်သနည်း။
၆ မြေကြီးပေါ် ထာဝရအသက်ရဖို့မျှော်လင့်ကြသူတို့ကော။ သူတို့အတွက် တိကျမှန်ကန်သောအသိပညာအဘယ်ကြောင့်အရေးကြီးရသနည်း။ မြေကြီးမျှော်လင့်ချက်ရှိသောအခြားသိုးများထက် ကောင်းကင်မျှော်လင့်ချက်ရှိသောဘိသိက်ခံများအတွက် သာ၍မြင့်မားသောစံချိန်ရှိသည်ဟု ထင်ရသကဲ့သို့ ခရစ်ယာန်သမာဓိနှင့်ပတ်သက်၍ အဆင့်အတန်းခွဲခြားထားခြင်းမရှိသောကြောင့်ဖြစ်သည်။ (ယောဟန် ၁၀:၁၆။ ၂ ပေတရု ၃:၁၃) ခရစ်ယာန်အခြေခံမူများသည် လူအားလုံးနှင့် တန်းတူသက်ဆိုင်သည်။ ယင်းအတွက်ကြောင့် ကျွန်ုပ်တို့၏ဝိညာဏဘက်ထရီကို တိကျမှန်ကန်သောအသိပညာအားဖြင့် မှန်မှန်အားသွင်းပေးဖို့လိုအပ်သည်။ သို့သော် အချိန်နှင့်လုံ့လစိုက်ထုတ်ဖို့လိုအပ်သည်။ ဝှက်ထားသောဘဏ္ဍာကိုတူးဖေါ်ရှာဖွေသကဲ့သို့ ဝိညာဏတူးဖေါ်ခြင်းတွင်ပါဝင်ဆောင်ရွက်ရပေမည်။—ဆာလံ ၁၀၅:၄၊ ၅။
တူးဖေါ်ရန်အချိန်ရွေးနှုတ်ခြင်း
၇။ (က) တိကျမှန်ကန်သောအသိပညာရရှိရေးတွင် အဟန့်အတားဖြစ်စေနိုင်သည့် အဘယ်အခက်အခဲများရှိသနည်း။ (ခ) ဝိညာဉ်ရေးကိုအရေးမစိုက်လျစ်လျူရှုလျှင် အဘယ်အကျိုးဖြစ်လာနိုင်သနည်း။
၇ ယနေ့လူများတို့သည် လက်မလည်အောင်အလုပ်များနေကြသည်။ ခရစ်ယာန်များဖြစ်ကြသော ကျွန်ုပ်တို့အနေနှင့် သမ္မာကျမ်းစာစည်းဝေးများ၊ လယ်ကွင်းအမှုဆောင်ခြင်း၊ ဝမ်းစာရေးလုပ်ငန်း၊ အိမ်အလုပ်၊ ကျောင်းစာနှင့်အခြားအခြားသောအရာများအတွက် အချိန်ဇယားထားရသဖြင့် အများတကာထက်ပို၍ပင်အလုပ်များသည်ဟုထင်ရသည်။ သို့ပင်ငြားလည်း ထမင်းစားရန် နေ့စဉ်အချိန်ပေးသကဲ့သို့ စိတ်နှင့်ဝိညာဉ်ရေးအစာကျွေးရန် အချိန်ဖယ်ထားရပေမည်။ တရားဟောရာ ၈:၃ ကိုကိုးကား၍ ယေရှုက “လူသည်မုန့်အားဖြင့်သာ အသက်မွေးရမည်မဟုတ်။ [ယေဟောဝါ၊ NW] မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်” ဟုမိန့်တော်မူရာ၌ အနှစ်သာရမဲ့သောမှတ်ချက်စကားမိန့်တော်မူနေခြင်းမဟုတ်ပေ။ (မဿဲ ၄:၄) ဝိညာဉ်ရေးကိုလျစ်လျူရှုလျှင် ဝိညာဉ်ရေးတန်ဖိုးနှင့်အနာဂတ်မျှော်လင့်ချက်တို့ကိုပါ လျစ်လျူရှုရာရောက်သည်။ ထိုအခါ ကျွန်ုပ်တို့စတင်တွေဝေ၍ ခြေလှမ်းမှားလာနိုင်ဖွယ်ရှိသည်။ ထိုကြောင့် ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်းမှန်မှန်ပြုလုပ်ရန်အတွက် အချိန်ရအောင်မည်သို့ပြုလုပ်နိုင်သနည်း။
၈။ အဘယ်ကျမ်းစာသြဝါဒစကားက ကိုယ်ပိုင်လေ့လာခြင်းအပေါ် မှန်သောအမြင်ရှိစေသနည်း။
၈ အောက်ဖေါ်ပြပါတမန်တော်ပေါလု၏စကားများသည် အလွန်သင့်မြတ်လျော်ကန်လှသည်။ “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနှုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား [ယေဟောဝါ၊ NW] ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြလော့။” ကိုယ်ပိုင်လေ့လာခြင်းအားဖြင့် ယေဟောဝါ၏နှုတ်ကပတ်တော်ကို အာရုံစူးစိုက်ပါမှ ကိုယ်တော်.အလိုတော်ကိုပိုင်းခြားသိမြင်နိုင်မည်ဖြစ်သည်။ ‘အခါအခွင့်ကိုဝယ်ယူ’ ရမည်၊ သို့မဟုတ် ‘အချိန်ကိုအကျိုးရှိရှိအသုံးပြု’ ရမည်ဟူသည့်သဘောဖြစ်သည်။—ဧဖက် ၅:၁၅-၁၇။
၉။ ကိုယ်ပိုင်လေ့လာမှုအတွက် ရွေးနှုတ်နိုင်သည့်အချိန်ကို ကျွန်ုပ်တို့အဘယ်နေရာ၌ဖြုန်းတီးနေခြင်းဖြစ်နိုင်သနည်း။ ကိုယ်ပိုင်တွေ့ကြုံမှုများတင်ပြပါ။
၉ နေ့စဉ်အသက်တာ၌ မလုပ်လျှင်လည်းရသောလုပ်ဆောင်မှုများကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် ကျွန်ုပ်တို့၏အားလပ်ချိန်အများအပြားကို မည်သို့အသုံးပြုနေသည်ကို တွေ့ရသနည်း။ ရုပ်မြင်သံကြားပြစက်ရှေ့၌ ဖြုန်းတီးပစ်နေသလော။ ညှို့အားပြင်းသော၄င်းကိရိယာသည် ကျွန်ုပ်တို့၏အသက်တာမှ ညနေတိုင်းနှစ်နာရီမှငါးနာရီကြာညောင်းသည့်အချိန်အတွင်း၌ မည်သည့်အရာကိုမဆိုခိုးယူတတ်သည်။ သင်ကိုယ်တိုင် အချိန်နာရီမည်မျှကြာကြာ ရုပ်မြင်သံကြားကြည့်သနည်း။ အဓမ္မမှုနှင့် လိင်ကိုအသားပေးခြင်းအားဖြင့်ပြသသည့်အရာများသည် များသောအားဖြင့် ယုတ်ညံ့သိမ်ဖျင်းသည့်အရာများဖြစ်သည်။ မကြာခဏရုပ်မြင်သံကြားစက်သည် “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်း” ကိုအားပေးရန်တီထွင်ထုတ်လုပ်ခြင်းဖြစ်တတ်သည်။ (၁ ယောဟန် ၂:၁၅-၁၇) သို့သော်လည်း ရုပ်မြင်သံကြားစက်ကိုပိတ်ပစ်ရန် လူအများ၌စိတ်စွမ်းအင်မရှိကြပေ။ မှန်ပါသည်။ ဤခေတ်သစ်တီထွင်မှုသည် ကျွန်ုပ်တို့၏အဖိုးတန်သောအရာဖြစ်သည့် အချိန်များစွာကို စားပစ်နိုင်ပေသည်။
၁၀။ ယခုကာလ၌ ကျွန်ုပ်တို့၏အချိန်ကို ပညာရှိရှိအသုံးပြုရန် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။
၁၀ မိမိတို့ကိုယ်ကိုမိမိတို့ရိုးသားကြမည်ဆိုလျှင် သမ္မာကျမ်းစာလေ့လာခြင်းစသောမလုပ်မဖြစ်သည့်လုပ်ဆောင်မှုများအတွက် အချိန်ကိုရွေးနှုတ်၍ရနိုင်သည်ကိုဝန်ခံပေလိမ့်မည်။ တိကျမှန်ကန်သောအသိပညာရရှိစေသည့် ကိုယ်ပိုင်သမ္မာကျမ်းစာလေ့လာမှုပြုခြင်းမှာလည်း ဤခဲယဉ်းသောကာလများ၌ ခရစ်ယာန်တစ်ဦးအဖို့မရှိမဖြစ်လိုအပ်ပေသည်။ သို့သော် လွန်ခဲ့သောနှစ်အတွင်းလူပေါင်း၄၁၀၀၀ ကျော်နှင်ထုတ်ခဲ့ခြင်းကိုထောက်လျှင် ညီအစ်ကိုညီအစ်မများစွာတို့သည် မိမိတို့၏ဝိညာဉ်ရေးကိုအရေးမစိုက်သည်မှာထင်ရှားသည်။ “ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံ” ကိုဝတ်ဆောင်၍ထိန်းသိမ်းခြင်းအလုပ်သည် ရံဖန်ရံခါကျမှပြုလုပ်ရသောအလေ့အကျင့်တစ်ခုမဟုတ်ပါ။ တကယ့်စစ်ဝတ်စုံကိုစစ်သားတစ်ဦးဝတ်ဆင်သကဲ့သို့ နေ့စဉ်ပြုရသည့်တာဝန်ဖြစ်ပေသည်။—ဧဖက် ၆:၁၀-၁၈။ ရောမ ၁:၂၈-၃၂။ ၂ တိမောသေ ၃:၁။
၁၁။ မိသားစုလေ့လာမှုအတွက် စနစ်တကျစီစဉ်ရာတွင် ဗေသလမိသားစုသည် အဘယ်စံနမူနာတင်ပြသနည်း။
၁၁ ကမ္ဘာတစ်ဝန်းရှိ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးများ၌ရှိသော ဗေသလမိသားစု ၉၅ စုမှ မိသားစုဝင် ၉၀၀၀ ကျော်တို့သည် တနင်္လာနေ့ညနေတိုင်း မိသားစုလေ့လာမှုပြုလုပ်ကြသည်။ သီတင်းပတ်ကုန်တွင် ကျင်းပမည့်စည်းဝေးအတွက်ပြင်ဆင်သည့်အနေနှင့် ကင်းမျှော်စင်ကိုလေ့လာကြသည့်ပြင် အသစ်ဝင်ရောက်လာသည့်မိသားစုဝင်များအတွက် ကျမ်းစာဟောပြောချက်သို့မဟုတ်သင်တန်းအစီအစဉ်ကိုလည်း အခါအားလျော်စွာကျင်းပကြသည်။ မှန်ပါသည်။ တနင်္လာနေ့သည် ကမ္ဘာတစ်ဝန်းရှိဗေသလမိသားစုများ လေ့လာမှုပြုလုပ်သည့်ညဖြစ်သည်။ မည်သည့်အချိန်၌ သင်ကိုယ်ပိုင်လေ့လာမှု သို့မဟုတ် မိသားစုလေ့လာမှုပြုလုပ်သနည်း။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
လက်နက်ကိရိယာများနှင့် အသုံးပြုပုံ
၁၂။ New World Translation of the Holy Scriptures—With References ကျမ်းစာအုပ်၌ ထူးခြားထင်ရှားသောလေ့လာစရာကဏ္ဍအချို့ကား အဘယ်နည်း။
၁၂ သတ္တုတွင်းလုပ်သားများ၌ သူတို့လုပ်ငန်းဆိုင်ရာလက်နက်ကိရိယာများရှိသကဲ့သို့ ကျွန်ုပ်တို့၌လည်း ဘုရားသခင့်နှုတ်ကပတ်တော်ရွှေတွင်းကိုတူးဖေါ်ရန် လက်နက်ကိရိယာများရှိသည်။ ဥပမာ၊ New World Translation of the Holy Scriptures—With References ကျမ်းစာကိုသုံးသပ်ကြည့်ပါ။ ဤကျမ်းစာအုပ်ကို ယခုအခါ၌ဒတ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ပေါ်တူဂီနှင့်စပိန်ဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ သို့ဖြစ်သောကြောင့် ယေဟောဝါသက်သေအများစုမှာ မှန်သောဘုရားသခင်နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာရရှိရေးအတွက် ထူးကဲသောလက်နက်ကိရိယာတစ်ခုရှိထားကြသည်။ ဤသမ္မာကျမ်းစာ၌ ဘေးကွက်လပ်အညွှန်းထောင်ပေါင်းများစွာနှင့် အောက်ခြေမှတ်ချက်အများအပြားကို တပေါင်းတစည်းတည်းထည့်သွင်းထားသည်။ အရေးကြီးသောကျမ်းစာမေးခွန်းများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များဖေါ်ပြထားသည့် စာမျက်နှာ ၃၆ မျက်နှာရှိနောက်ဆက်တွဲလည်းပါရှိသည်။b
၁၃။ ဟေဗြဲကျမ်းစောင်များနှင့် ဂရိကျမ်းစောင်များ၌ “အသိပညာ” နှင့် “တိကျမှန်ကန်သောအသိပညာ” အသုံးပြုထားခြင်းနှင့်ပတ်သက်၍ အဘယ်စိတ်ဝင်စားဖွယ်အချက်များကို တင်ပြထားသနည်း။
၁၃ Reference Bible နောက်ကျောတွင် အဓိကကျသော “သမ္မာကျမ်းစာစာလုံးများမာတိကာ” ပါရှိသည်။ ၄င်းကို မည်သို့အသုံးပြုနိုင်သနည်း။ “တိကျမှန်ကန်သောအသိပညာ” (accurate knowledge) ဟူသောအသုံးအနှုန်းကို သင့်ကိုယ်ပိုင်ကျမ်းစာ၌ရှာကြည့်ပါက ကျမ်းချက်ဆယ်ချက်ဖေါ်ပြထားသည်ကိုတွေ့ရပေမည်။ သို့သော် ဟေဗြဲကျမ်းစောင်၌ တစ်ချက်မျှမပါရှိပေ။ ထိုသို့သောအသိပညာကို ဟေဗြဲကျမ်းစောင်၌ အလေးပေးဖေါ်ပြခြင်းမရှိဟုဆိုလိုပါသလော။ မဟုတ်ပါ။ “အသိပညာ” (knowledge) ဟူသောစာလုံးအောက်၌ ဟေဗြဲကျမ်းစောင်မှ ၁၈ ချက်အပါအဝင် အညွှန်း ၂၄ ချက်ပါရှိသောကြောင့်ဖြစ်သည်။ သို့ရာတွင် ဟေဗြဲဘာသာစကား၌ “တိကျမှန်ကန်သောအသိပညာ” အတွက် အထူးစကားလုံးမူကားမရှိပေ။ ထိုကြောင့် အညွှန်းများ၌သင်တွေ့ရသည့်အတိုင်း သာမန်အသိပညာထက်ပို၍လေးနက်စေလိုသောသဘောမျိုးဖြင့် “ပိုင်းခြားသိမြင်သောဉာဏ်” နှင့် “ထိုးထွင်းဉာဏ်” စသောစကားလုံးများကို “အသိပညာ” နှင့်ဆက်စပ်ဖေါ်ပြထားသည်ကိုလည်းကောင်း၊ အသိပညာကို “ကြွယ်ဝသည်” ဟူ၍သုံးနှုန်းထားသည်ကိုလည်းကောင်းတွေ့ရသည်။—ဒံယေလ ၁:၄။ ၁၂:၄။ ယေရမိ ၃:၁၅။
၁၄။ Insight on the Scriptures စာအုပ်၌ “အသိပညာ” ဟူသောစာလုံးအောက်တွင် အဘယ်စိတ်ဝင်စားဖွယ်ပေါ်လွင်ချက်များရှိသနည်း။
၁၄ ရှေ့ဆောင်းပါး၌လေ့လာခဲ့သည်အတိုင်း သမ္မာကျမ်းစာဂရိဘာသာစကား၌ ၄င်းအသိပညာနှစ်ရပ်၏မသိမသာခြားနားချက်သဘောပါရှိသည်။ ကျွန်ုပ်တို့တူးဆွရင်းနှင့် ၄င်းအသုံးအနှုန်းနှစ်ရပ်သည် ခရစ်ယာန်တို့နှင့်သက်ဆိုင်သဖြင့် ယင်းတို့၏ခြားနားချက်ကိုပိုမိုသိလိုကြသည်။ အသိပညာ၊ ဂနောစစ္စ နှင့်တိကျမှန်ကန်သောအသိပညာ၊ အဲပီးဂနောစစ္စ တို့သည် ခရစ်ယာန်များအဖို့အဘယ်ကြောင့်မရှိမဖြစ်လိုအပ်သနည်း။ မည်သည့်နေရာ၌အဖြေရရှိမည်နည်း။ Insight on the Scriptures သမ္မာကျမ်းစာစွယ်စုံကျမ်း၌ရနိုင်သည်။ ၄င်းစွယ်စုံကျမ်းတွဲတို့သည် ဘဏ္ဍာတိုက်ဖြစ်ပေသည်။ “အသိပညာ” ခေါင်းစီးတွင်ရှာကြည့်ပါ။ ထိုနေရာတွင် ကျွန်ုပ်တို့သုံးသပ်နေသောအသုံးအနှုန်းနှင့်တကွ ဆက်နွယ်နေသည့်ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်၊ ပိုင်းခြားသိမြင်သောဉာဏ်နှင့် ဉာဏ်ရည်ဉာဏ်သွားအကြောင်းများကို စုံစုံလင်လင်တွေ့ရပေမည်။ သမ္မာကျမ်းစာလေ့လာမှုအထောက်အကူပြုစာပေ အနည်းအကျဉ်းအသုံးပြုရုံမျှဖြင့် ဤ “ရွှေ” တည်းဟူသောအကြောင်းအရာအားလုံးကို တွေ့ရပြီ။ သို့သော် ထိုထက်များစွာရှိသေးသည်။—ဆာလံ ၁၉:၉၊ ၁၀။
၁၅။ ကျွန်ုပ်တို့၌ အခြားအဘယ်သုတေသနလက်နက်ကိရိယာများရှိသနည်း။ ၄င်းတို့ကို မည်သို့အသုံးပြုနိုင်သနည်း။
၁၅ “အသိပညာ” နှင့်တကွ ဆက်နွယ်မှုရှိသောဝေါဟာရများကို ပို၍စေ့စေ့ငငလေ့လာလိုသည်ရှိသော် ကင်းမျှော်စင်အသင်းထုတ်စာပေများမာတိကာများကို အသုံးပြုနိုင်သည်။ ယင်းကို ဘာသာစကားအတော်များများနှင့်ရရှိနိုင်ပေသည်။ အသိပညာအကြောင်းကို ကျွန်ုပ်တို့ယခုလေးတင် စူးစမ်းလေ့လာခဲ့သည့်နည်းအတိုင်း အခြားအကြောင်းအရာ ရာပေါင်းများစွာကို စူးစမ်းနိုင်သည်။ ယေဟောဝါ၏နာမတော်အောက်တွင် များပြားလှသောအချက်အလက်တို့ကိုစိတ်ကူးကြည့်ပါ။ စကြဝဠာအချုပ်အခြာအာဏာပိုင် အရှင်သခင်နှင့်ပတ်သက်သော တိကျမှန်ကန်သည့် အသိပညာပေါများကြွယ်ဝလှသည်တကား။—ဆာလံ ၆၈:၁၉၊ ၂၀။ တမန်တော် ၄:၂၄။
၁၆။ စူးစမ်းရှာဖွေခြင်းအကြောင်း ကျမ်းစာဘာပြောထားသနည်း။
၁၆ ဤစာပေများနှင့် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ် အခြားလေ့လာမှုအထောက်အကူပြုစာပေများ၏အကူအညီအားဖြင့် ဤမျှနှစ်လိုဖွယ်ကောင်းသည့် “ဝှက်ထားသောဘဏ္ဍာ” ကိုကျွန်ုပ်တို့တွေ့နိုင်ပါသည်တကား။ ထို “ရွှေ” ကိုသင်လိုချင်သလော။ ယင်းအတွက်ပင်ပန်းခံရကျိုးနပ်သည်ဟုထင်သလော။ ယင်းကိုတူးဖေါ်ရန်အတွက် အချိန်ရအောင်ကြိုးစားမည်လော။—သု၊ ၂:၁-၅။
ဝိညာဏတူးဖေါ်ရေးတွင် မည်သူဦးဆောင်မည်နည်း
၁၇။ ဘုရားသခင် ခရစ်တော်တို့နှင့်ဆိုင်သော အသိပညာကိုရရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
၁၇ ဘုရားသခင်တို့ခရစ်တော်နှင့်ဆိုင်သောအဖိုးတန်သည့် ဤအသိပညာရရှိရေးအတွက်သော့ချက်ကားအဘယ်နည်း။ လှုံ့ဆော်မှုဖြစ်သည်။ ယေဟောဝါနှင့်သားတော်တို့ရှေ့တော်တွင် နှစ်သက်ဖွယ်သောအနေအထားရရှိလိုသောဆန္ဒနှင့် ထာဝရအသက်ဆုကိုရယူလိုသောဆန္ဒတို့၏လှုံ့ဆော်မှုဖြစ်သည်။ ယေရှုက ဤသို့ခင်းပြတော်မူသည်။ “[မပြတ်NW] တောင်းကြလော့။ တောင်းလျှင်ရမည်။ [မပြတ်NW] ရှာကြလော့။ ရှာလျှင် တွေ့မည်။ [မပြတ်NW] တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။” သို့သော် အခြေအနေကိုသတိပြုပါ။ ယေရှုက ‘မပြတ်တောင်းလော့၊ ရှာလော့၊ ခေါက်လော့’ ဟုမိန့်တော်မူ၏။ တစ်ပွဲတိုးလုပ်ရသည့်အလုပ်မဟုတ်ပေ။ အသိပညာဆည်းပူးရာ၌ ဇွဲကောင်းရမည်။—မဿဲ ၅:၆; ၇:၇၊ ၈။
၁၈။ မိသားစုတစ်စုတွင် တိကျမှန်ကန်သောအသိပညာရှာဖွေရာတွင် မည်သူဦးဆောင်မှုပြုသင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၈ ခရစ်ယာန်မိသားစုတစ်စု၌ တိကျမှန်ကန်သောအသိပညာတူးဖေါ်ရာတွင် မည်သူဦးဆောင်ရမည်နည်း။ ပေါလုဤသို့အဖြေပေးထား၏။ “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကို မွေးမြူကြလော့။” မှန်ပေသည်၊ မိဘဖြစ်သူတို့၊ အထူးသဖြင့်ဖခင်ဖြစ်သူအနေဖြင့် ဝိညာဏတန်ဖိုးကိုလေးစားကြောင်းပြသရာတွင် ဦးဆောင်ရမည်ဖြစ်သည်။ ဤအချက်က မိသားစုအားလုံးမျှော်လင့်စောင့်စားနေမည့် မှန်မှန်ကျင်းပသည့်အစီအစဉ်တစ်ရပ်ရှိဖို့လိုအပ်သည်ကို ထပ်မံသတိရစေသည်။—ဧဖက် ၆:၄၊ NW.
၁၉။ မိသားစုလေ့လာမှုပြုလုပ်သည့်အချိန်ကို စိတ်ဝင်စားစရာဖြစ်အောင် မည်သို့ပြုလုပ်နိုင်သနည်း။ သင့်မိသားစု၏တွေ့ကြုံမှုကား အဘယ်နည်း။
၁၉ မိသားစုလေ့လာမှုပြုလုပ်သည့်အချိန်ကို စိတ်ဝင်စားစရာဖြစ်အောင်ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် သင်၌သားသမီးများရှိပါက သူတို့ကိုခေါင်းစဉ်တစ်ခုခုရွေးချယ်စေပြီး သူတို့အသက်အရွယ်နှင့် စွမ်းရည်အလိုက် စာပေအမျိုးမျိုးမှ စေ့စေ့ငငစူးစမ်းမှုပြုလုပ်စေပါ။ ထိုနောက် နာရီဝက်၊ နာရီဝက်ကျော်ကျော်ကြာပြီးလျှင် အတူစုဝေး၍တာဝန်ကျအကြောင်းနှင့်ပတ်သက်၍ တစ်ဦးစီ၏တွေ့ရှိချက်များကိုသုံးသပ်ကြမည်။ သမ္မာကျမ်းညွှန်းမာတိကာ (Concordance) ရှိလျှင် ဟေဗြဲကျမ်းစောင်များနှင့် ဂရိကျမ်းစောင်များ၌ စာလုံးတစ်လုံးအကြိမ်ပေါင်းမည်မျှပါရှိသည်ကို ငယ်ရွယ်သူတစ်ဦးအားရေတွက်စေနိုင်သည်။ သို့တည်းမဟုတ် အသက်ပိုကြီးသူတစ်ဦးက Insight စာအုပ်အတွဲများမှအထူးအဖိုးထိုက်သောအကြောင်းအရာအချို့ကို ရှာဖွေတင်ပြနိုင်သည်။ သားသမီးတို့၏စွမ်းရည်နှင့်စိတ်ဝင်စားမှုအတိုင်းအတာကို မိဘဖြစ်သူတို့သိကြသည့်အတိုင်း ထိုအချက်များနှင့်အညီ လေ့လာမှုအစီအစဉ်ကိုပြုလုပ်သင့်ပေသည်။ အခြေအနေအရ ပြောင်းသာလွဲသာရှိပါစေ၊ နှစ်သက်လေးစားမှုရှိစေပါ။ မိမိတို့၏ဝိညာဉ်ရေးအတွက် တူးဖေါ်ခြင်းကိုပြုလုပ်ကြရန် သင့်မိသားစုကိုအားပေးပါ၊ မှန်သောရည်ရွယ်ချက်ရှိပါစေ။
ရည်ရွယ်ချက်မှန်နှင့် တူးဖေါ်ခြင်း
၂၀။ ကိုယ်ပိုင်လေ့လာရာတွင် အဘယ်မှားယွင်းသောရည်ရွယ်ချက်ကို ရှောင်ကြဉ်သင့်သနည်း။
၂၀ ကျိုးနွံနှိမ့်ချခြင်းသည် ခရစ်ယာန်သီလပါရမီတစ်ရပ်ဖြစ်သည်။ (သု၊ ၁၁:၂။ ၁ တိမောသေ ၁:၉) သို့ဖြစ်သောကြောင့် ကိုယ်တတ်ကြောင်း ကြွားလိုသည့်သဘောဖြင့် လေ့လာဆည်းပူးသင့်သလော။ သို့တည်းမဟုတ် မိမိသိထားသောအသိပညာကိုဂုဏ်ဖေါ်လိုသည့်သဘောနှင့် ထုတ်ဖေါ်ခြင်းဖြင့် သူတစ်ပါး၌အသိပညာမဲ့ကြောင်းပြသသင့်ပါသလော။ သို့တည်းမဟုတ် မိမိ၏ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်နှင့် ထင်မြင်ယူဆချက်တို့ကို မောင်းခတ်သင့်သလော။ ပေါလုအောက်ပါအတိုင်း ဩဝါဒစကားမှာကြားခဲ့၏။ “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း ငါသည်ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက် သင်တို့တွင်ရှိသမျှသောသူတို့ကိုမှာထား၏။”—ရောမ ၁၂:၃။
၂၁၊ ၂၂။ ကျွန်ုပ်တို့သိထားသည့် တိကျမှန်ကန်သောအသိပညာက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးအာနိသင်သက်ရောက်သင့်သနည်း။
၂၁ ဇွဲလုံ့လနှင့်ကြိုးစား၍ တိကျမှန်ကန်သောအသိပညာကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် ယုံကြည်ခြင်း၊ သီလ၊ စိတ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီကိုစုံမက်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကိုရရှိအောင်စွမ်းဆောင်ပေးနိုင်သည်။ အောက်ပါအတိုင်းရေးသားခြင်းဖြင့် ဤအရာတို့၏အရေးကြီးမှုကို ပေတရုပြသခဲ့သည်။ “အကြောင်းမူကား ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင် ငါတို့သခင်ယေရှုခရစ်ကို [မှန်ကန်စွာ] သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့မဖြစ်စေခြင်းငှာလည်းကောင်း ပြုပြင်တတ်ကြ၏။”—၂ ပေတရု ၁:၂-၈။
၂၂ ကျွန်ုပ်တို့သိကျွမ်းထားသောအသိပညာသည် နှလုံးအပေါ်အကျိုးအာနိသင်သက်ရောက်စေသင့်သည်။ ဘုရားသခင်နှင့်အိမ်နီးချင်းတို့အား မေတ္တာထား၍အကျင့်အကြံနှင့်ဓမ္မအမှုတော်၌ သီးပွင့်ဝေဆာသောခရစ်ယာန်ဖြစ်စေရန် လှုံ့ဆော်ပေးသင့်သည်။ ဤသို့ဖြင့် စည်းလုံးခြင်းနှင့် ခရစ်တော်၏စံနမူနာကိုပိုမိုနားလည်ခြင်းအကျိုးဖြစ်ထွန်းလာပေမည်။ (ဧဖက် ၄:၁၃) ဝှက်ထားသောဘဏ္ဍာကိုရှာဖွေခြင်းအတွက် မွန်မြတ်လှသည့်ဆုကျေးဇူးပါတကား။
[အောက်ခြေမှတ်ချက်များ]
a စိတ်ဝင်စားဖွယ်ရာကား သု၊ ၂:၅ မှ “ဘုရားသခင်အားသိကျွမ်းရခြင်း” အသုံးအနှုန်းသည် ဂရိ Septuagint (ခုနစ်ကျိပ်ကျမ်း) ၌ အဲပီဂနောစစ္စ သို့မဟုတ် “တိကျမှန်ကန်သောအသိပညာ” အဖြစ်တွေ့ရခြင်းဖြစ်သည်။ ယင်းမှာ ခုနစ်ကျိပ်ကျမ်း၌အသုံးပြုထားသော ထိုဂရိစကားလုံးရှစ်ကြိမ်အနက်မှ တစ်ကြိမ်ဖြစ်သည်။
b Reference Bible မှအကျိုးအပြည့်အဝရရှိရေးအတွက် အသေးစိတ်ရှင်းလင်းချက်ကို ၁၉၈၅ ခု၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) စာမျက်နှာ ၂၇-၃၀ ၌ကြည့်ပါ။
ဆင်ခြင်သုံးသပ်ရန် မေးခွန်းများ
▫ ရှောလမုန်မင်းကြီးအဆိုအရ ဝှက်ထားသောဘဏ္ဍာထက် ပို၍အဖိုးတန်သောအရာကား အဘယ်နည်း။
▫ ဘိသိက်ခံနှင့်အခြားသိုးများအတွက် တိကျမှန်ကန်သောအသိပညာသည် အဘယ်ကြောင့်အရေးကြီးသနည်း။
▫ ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ကိုမည်သို့ဝယ်ယူနိုင်သနည်း။
▫ တိကျမှန်ကန်သောအသိပညာတူးဖေါ်ရေးအတွက် ကျွန်ုပ်တို့၌အဘယ်အထူးလက်နက်ကိရိယာများရှိသနည်း။
▫ မိသားစုလေ့လာမှုတွင် မည်သူဦးဆောင်သင့်သနည်း။ အဘယ်ရည်ရွယ်ချက်နှင့် လေ့လာသင့်သနည်း။