တောင်တကာတွင် အမွန်မြတ်ဆုံးသော တောင်ကိုကျွန်တော် တက်ခဲ့သည်
ကျွန်တော်သည် အရှေ့ဥရောပတောင်တန်းဒေသရှိ မြို့ကလေးတစ်မြို့တွင် မွေးဖွား၍ ကြီးပြင်းလာခဲ့သည်။ ကျွန်တော်.မိဘတို့သည် ဗရင်ဂျီဘာသာဝင်ဖြစ်ကြသော်လည်း ကျွန်တော်.ကိုဘုရားကျောင်းမတက်ခိုင်းပေ။ အိမ်တွင်း၌လည်း အတူတကွဆုတောင်းခြင်း၊ ဘာသာရေးအကြောင်းပြောဆိုဆွေးနွေးခြင်းမရှိပေ။ ထိုကြောင့် ကျွန်တော်သည် အခြားလူငယ်များစွာနည်းတူ ကျွန်တော်.အချိန်နှင့်ခွန်အားတို့ကို အားကစား၊ ပညာရေးနှင့်ခရီးသွားခြင်း၌ သုံးဖြုန်းခဲ့သည်။
ကျွန်တော်တို့၏မြို့ကလေးတွင် တောင်တန်းများအကြောင်း အတော်ကျွမ်း၍ထောက်ထားစာနာတတ်ပြီး အတွေ့အကြုံများသောသူတစ်ဦးက ဦးဆောင်သည့်အလွန်တက်ကြွလှုပ်ရှားသော တောင်တက်အဖွဲ့တစ်ဖွဲ့ရှိသည်။ သူ့ကျေးဇူးကြောင့် ကျွန်တော်တောင်တက် အထူးကျွမ်းကျင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကျွန်တော်သည် ၁၈ နှစ်သာရှိသဖြင့် တောင်ထိပ်ပေါ်မှမြင်ရသော ရင်သပ်ရှုမောဖွယ်၊ ခမ်းနားလှသောမြင်ကွင်းများကိုလည်းကောင်း၊ အန္တရာယ်ထူပြောသောအခြေအနေကိုကြုံရသည့် ရင်ဖိုစရာနှင့် ထိုအန္တရာယ်များကိုကျော်ဖြတ်ခဲ့ရသည့် စိတ်လှုပ်ရှားမှုတို့ကိုလည်းကောင်း ချက်ချင်းပင်ခုံမင်စွဲလမ်းသွားခဲ့သည်။
၄င်းအဖွဲ့ထဲဝင်ပြီး ငါးနှစ်အကြာမှာဖြစ်ခဲ့သည့်အဖြစ်အပျက်တစ်ခုကို ကျွန်တော်မှတ်မှတ်ရရရှိသည်။ မြေအနေအထားအရ တက်ရလွယ်သောတောင်တစ်ခုကို ကျွန်တော်တက်နေသောအချိန်ဖြစ်သည်။ တောင်ထိပ်ကိုရောက်ခါနီးမှာ ကျွန်တော်သတိဝီရိယနည်းနည်းလျှော့လိုက်မိသည်။ ကျောက်ဆောင်တစ်ခု၏ထိပ်အနီးကို ရောက်သွားသည့်အခါ၌ ၄င်းကျောက်ဆောင်လှုပ်လာသည်။ ကျွန်တော်လုပ်နိုင်တာတစ်ခုတည်းက ဘေးဘက်ကိုခုန်လိုက်ပြီး တောင်တက်ရဲဘော်တွေကို သတိပေးတဲ့အနေနှင့် အော်လိုက်ခြင်းပါပဲ။ ကျလာသည့်ကျောက်လုံးကြီးက ကျွန်တော်တို့အချင်းချင်းဆက်သွယ်ထားသည့်ကြိုးကို ဖြတ်ပစ်လိုက်သဖြင့် ကျွန်တော်အောက်ကိုကျသွားသည်။ တော်ပါသေးရဲ့၊ ၁၂ ပေလောက်မှာရှိသော မြက်ပေါက်နေသည့်ကုန်းပြင်မြင့်လေးတစ်ခု၌ ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း ဤအားကစားနည်းမျိုး၌ အစဉ်သဖြင့် ယခုလိုအကျတော်လေ့မရှိပေ။
အသက် ၂၄ နှစ်အရွယ်မှာ ကျွန်တော်တက္ကသိုလ်ဘွဲ့ရပြီး ကျွန်တော်.မြို့မှာရှိသောတောင်တက်အဖွဲ့ကလေး၏ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ များမကြာမီ ကျွန်တော်တို့ငွေစု၍ ဘတ်စ်ကားငယ်တစ်စီးဝယ်လိုက်သည်။ ရည်ရွယ်ချက်မှာ ပိုမိုဝေးသည့်တောင်များဆီသို့ လူနှင့်အသုံးအဆောင်တန်ဆာပလာများကို သယ်ပို့ရန်ဖြစ်သည်။ သို့သော် ကားအခြေအနေမှာ တော်တော်ဆိုးနေသဖြင့် ကျွန်တော်အချိန်သုံးလအကုန်ခံ၍ နေ့ညမပြတ်ပြင်ဆင်ခဲ့ရသည်။ ကားအဆင်သင့်ဖြစ်လာသောအခါ ကျွန်တော်တို့အားလုံး လုပ်ခများများရသော အန္တရာယ်များသည့်အလုပ်မျိုးကိုလိုက်ရှာကြသည်။ ဥပမာ၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် အမြင့်ပိုင်း၌လုပ်ရသည့်အလုပ်မျိုးဖြစ်သည်။ နောက်ဆုံး၌ အီရန်နိုင်ငံသို့ခရီးထွက်နိုင်လောက်သည့်ငွေကိုစုမိကြသည်။ ထိုနိုင်ငံတွင် ၁၉၇၄ ခုနှစ်၌ ဒါမာဗန့်အမည်ရှိ၊ ပေ ၁၈၉၀၀ မြင့်သောမီးတောင်ကိုကျွန်တော်တို့တက်ကြသည်။ အစပိုင်း၌ အတော်လေးတက်ရလွယ်သော်လည်း တောင်ထိပ်ကိုရောက်ခါနီးမှာ ပြင်းထန်သောဆီးနှင်းဒဏ်၊ အမြင့်ပိုင်းရောက်လာသဖြင့် အသက်ရှူရကြပ်သည့်ဒဏ်နှင့် မီးတောင်မှစိမ့်ထွက်သောဘေးဖြစ်စေတတ်သော အခိုးအငွေ့များကို ကြံ့ကြံ့ခံခဲ့ရကြသည်။
ဘတ်စ်ကားငယ်ဖြင့်အိမ်အပြန်လမ်းခရီးတွင် အာရရတ်တောင်ကိုတက်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံရေးတင်းမာမှုကြောင့် အစီအစဉ်ကိုဖျက်လိုက်ရသည်။ ၁၉၇၅ ခုနှစ်တွင် ဩစတြီးယားရှိအဲလ်ပ်တောင်တန်းများ၌ နှင်းလျှောစီးရန်သွားကြပြီး တစ်ချိန်တည်း၌ “လူနှင့်တောင်” အမည်ပေးထားသော ပြည်လုံးကျွတ်ဓာတ်ပုံပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ ဤပြိုင်ပွဲကို ယနေ့တိုင်အောင် နှစ်စဉ်ကျင်းပနေကြသည်။ ကျွန်တော်တို့အားလုံး၏ရင်ထဲ၌ ကျေနပ်ရောင့်ရဲမှုနှင့်ဝမ်းသာပီတိဝေဖြာခဲ့သည်။
စွဲလမ်းမှုမှလွတ်မြောက်ခြင်း
သို့သော်လည်း အသက် ၃၀ ပြည့်ခါနီးမှာ တောင်တက်ခြင်းကိုငြီးငွေ့စပြုလာပြီး ‘လူ့ဘဝဆိုတာ ဒါပဲလား’ ဟူ၍စဉ်းစားလာသည်။ အချို့က အိမ်ထောင်ပြုရန်အကြံပေးသော်လည်း ကျွန်တော်.မိတ်ဆွေတွေထဲမှ အိမ်ထောင်ရှိသူများကိုကြည့်လျှင် သိပ်ပျော်ရွှင်သည်ဟုမထင်ရပေ။ တောင်တက်ခြင်း၏အန္တရာယ်နှင့် သဲထိပ်ရင်ဖိုမှုတို့၌ စိတ်တူသဘောတူဝါသနာတူကြသောစုံတွဲများပင်လျှင် နေ့စဉ်အသက်တာ၌ ပျော်ရွှင်မှုပျောက်သွားကြသည်ဟုထင်ရသည်။ သူတို့အိမ်ထောင်တွေဘာကြောင့်မပျော်သည်ကို ကျွန်တော်မသိ။ ကျွန်တော်ကိုယ်တိုင်အလွန်အိမ်ထောင်ပြုလိုသော်လည်း သူတို့လိုစိတ်ဆင်းရဲမည်ကို မလိုလားပေ။
၄င်းပြင် တောင်တက်သွားကြသည့် လူငယ်ပိုင်း၌ပြောင်းလဲမှုတစ်ခုကို ကျွန်တော်သတိပြုမိသည်။ ယခင်ကဆိုလျှင် အဲလ်ပ်တောင်တက်စခန်းများ၌ စည်းကမ်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်သင်္ဂဟစိတ်ဓာတ်ရှိခဲ့ကြသည်။ ယခုအခါ၌ ငယ်ငယ်ရွယ်ရွယ်နှင့်အတွေ့အကြုံမရှိသောလူငယ်ကလေးများသည် စည်းကမ်းလည်းမရှိ၊ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ခြင်းလောက်နှင့်မကျေနပ်နိုင်ပဲရှိကြသည်။ သူတို့သည် ဟိတ်ဟန်ထုတ်ချင်ကြသည်။ သူတို့အတွက် သိပ်ခက်သိပ်ဘေးအန္တရာယ်များသည့်နေရာများကိုတက်ကြသည်။ စွဲလမ်းမှုလျော့သထက်လျော့လာသည်နှင့် ကျွန်တော်.မိတ်ဆွေဘွန်ဂျိုနှင့် ဤအကြောင်း ရှေရှေဝေးဝေးနှင့်လေးလေးနက်နက်ဆွေးနွေးသည်။ နောက်ဆုံး၌ သူကတောင်တက်ရဲဘော်ဟင်နရီနှင့်ဆွေးနွေးရန်အကြံပေးသည်။
ဟင်နရီက ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားစာအုပ်ငှားပေးသည်။ ၄င်းကိုဖတ်ကြည့်သောအခါ ကျွန်တော်.စိတ်နှလုံးထဲ၌ ကြာမြင့်စွာတွေးဆခဲ့သည့် မေးခွန်းများအကြောင်းဆွေးနွေးတင်ပြထားသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ လက်စသတ်ဟင်နရီသည် ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာလေ့လာနေသည်ကိုသိရသောအခါ ကျွန်တော်လည်းပါဝင်၍ရမရမေးမြန်းရာ သူလက်ခံလိုက်သည်။ ဤသို့ဖြင့် သမ္မာကျမ်းစာနှင့်ရနိုင်သမျှကျမ်းစာစာပေများကို နှစ်နှစ်ကြာ အားတက်သရောလေ့လာခဲ့လေသည်။
သမ္မာကျမ်းစာသင်အံမှု
ကျွန်တော်.အသိပညာနက်ရှိုင်းလာသည်နှင့်အမျှ ပျော်ရွှင်မှုတိုးလာသည်ကိုခံစားရသည်။ ဗရင်ဂျီဘာသာကို အပေါ်ယံလောက်သာသိခဲ့ရသည်။ သို့သော်သမ္မာကျမ်းစာ၏ ခရစ်ယာန်ဘာသာသည် အခမ်းအနားများ၊ ရိုးရာထုံးတမ်းများနှင့် ယုတ္တိမရှိသောစိတ်လှုပ်ရှားမှုများအပေါ် တည်နေခြင်းမရှိဘဲ ၄င်းသည် ခရစ်ယာန်တို့၏ဘဝအသက်တာ ကဏ္ဍအသီးသီးအပေါ် အကျိုးသက်ရောက်မှုရှိသောမြင့်မားသည့်စာရိတ္တအခြေခံမူများပါဝင်သည်ကို အံ့အားသင့်စွာတွေ့ရှိရသည်။ ထိုမျှမက သမ္မာကျမ်းစာသည် အလွန်ပင်ဆင်ခြင်တုံတရားနှင့်ညီပြီး အခိုင်အမာသက်သေပြနိုင်သော သိပ္ပံသီအိုရီများနှင့်လည်း ဆန့်ကျင်ခြင်းမရှိသည်ကိုတွေ့ရသဖြင့် အံ့သြမိန်းမောမိသည်။
ဟင်နရီနှင့်ကျွန်တော် ဆွေးနွေးသင်ပြခဲ့သည့်သက်သေခံသည် ကျွန်တော်တို့၏အယူအဆ၊ ဘဝပုံစံကိုပြောင်းလဲရန် အတင်းမတိုက်တွန်းပေ။ ကျမ်းစာဘာပြောသည်ကိုသာ ရှင်းပြသည်။ ထိုကြောင့် ကျွန်တော်သည် ကျမ်းစာလေ့လာနေသော ပထမနှစ်နှစ်အတွင်း တောင်တက်မြဲတက်ခဲ့သည်။ သို့သော် ကျွန်တော်.အသိပညာနက်ရှိုင်းလာသည်နှင့်အမျှ တောင်တက်ခြင်းသည် ကျွန်တော်.အတွက်စွဲနေသည့် အကျင့်တစ်ခုလိုဖြစ်နေကြောင်းသိမြင်လာသည်။ ကျောက်တုံးလိမ့်ကျလာ၍ ကြုံခဲ့ရသည့် မတော်တဆဖြစ်မှုကလည်း ယေရှုအားစာတန်က ဗိမာန်တော်အထွတ်မှခုန်ချခိုင်းစဉ်က ကိုယ်တော်မိန့်တော်မူသည့်စကားကို သတိရစေသည်။ “သင်၏ဘုရားသခင် [ယေဟောဝါ၊ NW] ကိုသင်သည်အစုံအစမ်းမပြုရ။” (မဿဲ ၄:၅-၇) ဤလှုပ်ရှားအားကစားခြင်းသည် ကျွန်တော်.အားယေဟောဝါပေးသနားတော်မူသည့် အသက်ကိုမလေးစားရာကျကြောင်း ကျွန်တော်သဘောပေါက်နားလည်လာသည်။
သို့ဖြင့်ကျွန်တော်တို့၏တောင်တက်အဖွဲ့နှင့်ဆိုင်သော အလုပ်တာဝန်ကို အတွေ့အကြုံများသောအခြားတောင်တက်သမားတစ်ဦးအားလွဲပေးလိုက်ပြီး တောင်တက်ဘဝမှခရစ်ယာန်ဘာသာသို့အခက်အခဲမရှိ ကူးပြောင်းလာနိုင်ခဲ့သည်။ ကျွန်တော်၏နှင်းခဲလျှောစီးသောသစ်သားဖိနပ်ရှည်များ၊ တောင်တက်သံထည်ပစ္စည်းများ၊ တူများ၊ ချိတ်များနှင့် နှင်းခဲတောင်တက်ရာတွင် သုံးသောရဲတင်းစသောလက်နက်ကိရိယာအားလုံးကို ပေးတန်ပေး၊ ရောင်းတန်ရောင်းလိုက်ချိန်၌ တမန်တော်ပေါလု၏စကားများနှင့်ပြောရမည်ဆိုလျှင် ၄င်းတို့သည် ယခုကျွန်တော်.အတွက် ‘အမှိုက်သရိုက်’ မျှသာဖြစ်တော့သည်ကို ကျွန်တော်ရိုးရိုးသားသားပြောနိုင်သည်။ (ဖိလိပ္ပိ ၃:၈) ဘုရားသခင့်နာမတော်ကို လူသိရှင်ကြား ချီးမွမ်းရသည့်ကြီးမြတ်လှသောလုပ်ငန်း၌ပါဝင်ခွင့်ရလာသောအခါ ရင်ထဲ၌ပီတိအဟုန်လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။ ၁၉၇၇ ခုနှစ်တွင် ဟင်နရီနှင့်ကျွန်တော်နှစ်ယောက်စလုံး ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါထံ ကျွန်တော်တို့၏အပ်နှံခြင်းကို အထိမ်းအမှတ်တင်ပြလိုက်ကြသည်။
သူတစ်ပါးအားသက်သေခံခြင်း
ထိုအချိန်တွင် ကျွန်တော်တို့မြို့ရှိ တောင်တက်အဖွဲ့တွင်အဖွဲ့ဝင် ၁၅ ဦးခန့်ရှိရာတဖြည်းဖြည်းနှင့် သူတို့အားလုံးကို ကျွန်တော်နှင့်ဟင်နရီတို့က သက်သေခံခဲ့သည်။ အဖွဲ့ဝင်တစ်ဦးဖြစ်သော ကျွန်တော်.ညီနှင့်သူ့မိန်းမတို့လည်း ကျမ်းစာသင်ပြီး ၁၉၈၁ ခုနှစ်မှာနှစ်ခြင်းခံလိုက်ကြသည်ကိုတွေ့ရခြင်းသည် မည်မျှဝမ်းသာစရာပါတကား။ များမကြာမီဘွန်ဂျိုလည်း ကျွန်တော်တို့နှင့်ပူးပေါင်းလာသည်။ တောင်တက်အဖွဲ့ကလပ်မှပဉ္စမပုဂ္ဂိုလ်နောက်တစ်ဦးလည်းပါလာသည်။ မြင့်မားသောတောင်များကိုကျွန်တော်တို့တက်စရာမလိုတော့ပေ။ တောင်ကြားချိုင့်ဝှမ်းဒေသတွင်နေထိုင်ကြသော သမ္မာကျမ်းစာအမှန်တရားကိုတန်ဖိုးထားလေးမြတ်သူတို့ထံ သွားရောက်လည်ပတ်ခြင်းသည် ကျွန်တော်တို့၏အကြီးမားဆုံးပျော်ရွှင်မှုပင်ဖြစ်သည်။ ဤသို့ပြောင်းလဲခြင်းကြောင့် အမေအတွက်လည်း များစွာစိတ်သက်သာရာရသွားသည်။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်၏ တောင်တက်လုပ်ငန်းကြောင့် အမြဲရင်မထားခဲ့ရ၍ဖြစ်သည်။ နောက်ဆုံး၌ အမေလည်း ကျွန်တော်တို့နှင့်အတူ ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေး၌ပူးပေါင်းပါဝင်လာခဲ့သည်။
ယခုအိမ်ထောင်ပြုချင်သည့် ကျွန်တော်.ဆန္ဒသိပ်မပြင်းပြတော့ချေ။ ဘုရားသခင့်နှုတ်ကပတ်တရားတော်၏ကျေးဇူးကြောင့် အောင်မြင်သောအိမ်ထောင်ဖြစ်ဖို့ လိုက်နာရမည့်မူများကို ကျွန်တော်သိရှိလာသည်။ သို့သော် ယခုစိတ်အနှောင့်အယှက်မရှိပဲ တစ်ကိုယ်ရေဘဝနှင့်ယေဟောဝါအမှုတော်ထမ်းဆောင်ရခြင်းအတွက် ကျွန်တော်ပျော်ပိုက်သည်။ “သမ္မာသတိရှိသောမယားမူကား [ယေဟောဝါ၊ NW] ပေးသနားတော်မူရာဖြစ်၏” ဟုရှောလမုန်အတိအလင်းပြောဆိုခဲ့သည်။ (သု၊ ၁၈:၂၂။ ၁၉:၁၄) ထိုကြောင့် ဤဆုကိုယေဟောဝါပေးလာတော်မူသည့်အချိန်အထိ စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းရန် ကျွန်တော်ဆုံးဖြတ်လိုက်ပြီး စပ်ကြားကာလအတွင်းမှာ ဘုရားသခင်ပေးလာသည့်အခါ လင်ကောင်းတစ်ဦးဖြစ်ဖို့ကြိုးစားနေထိုင်ခဲ့သည်။ ယေဟောဝါကျွန်တော်.ကိုဇနီးကောင်းတစ်ယောက် အံ့ဖွယ်ကောင်းချီးပေးခဲ့သောနှစ်မှာ ၁၉၈၂ ခုနှစ်ပင်ဖြစ်သည်။
ကျွန်တော်တို့ဇနီးမောင်နှံတို့သည် တောင်တန်းဒေသ၌ဆက်လက်နေထိုင်ကြသည်။ တောင်တန်းများကို ခင်တွယ်မြဲခင်တွယ်ပါသည်။ သို့သော် ကျွန်တော်တို့ယခုအဓိကထားသောအရာမှာ လူတို့အားအခြားတောင်တစ်တောင်ကိုတက်ရန် ကူညီပေးခြင်းဖြစ်သည်။ မည်သည့်တောင်ဖြစ်သနည်း။ ဟေရှာယ ၂:၂၊ ၃ ၌ ဖေါ်ပြထားသည့်တောင်ဖြစ်သည်။ တောင်တကာတွင် အမွန်မြတ်ဆုံးဤတောင်ကိုတက်နိုင်ခြင်းသည် အလွန်ရွှင်လန်းစရာပါတကား။—ဆောင်းပါးရှင်ပေးပို့သည်။