စူရီနမ်၌ ရဲရင့်သော ဆုံးဖြတ်ချက်ကြောင့် ကောင်းချီးများဖြစ်ထွန်း
တ စ်ချိန်က စူရီနမ်သည် “ကာရစ်ဘီယံပြည်နယ်များ၌ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်” ဟု အပြည်ပြည်ဆိုင်ရာသတင်းမဂ္ဂဇင်း South ကဖေါ်ပြခဲ့သည်။ သွင်းကုန်များဖြစ်သည့် အလူမီနီယံရွှံ့စေးမျိုး၊ ပုဇွန်ဆိတ်၊ ဆန်၊ ငှက်ပျောသီးနှင့် အထပ်သားမှဝင်ငွေများအပြင် ဖွံ့ဖြိုးရေးထောက်ပံ့မှုသည် ရှေးဒတ်ချ်ကိုလိုနီဟောင်းတွင်နေထိုင်သူ ၄ သိန်းအား အခြားအိမ်နီးချင်းနိုင်ငံများထက် ကြီးပွားစေသည်။
မည်သို့ပင်ဆိုစေ ၁၉၈၀ ပြည့်နှစ်များတွင် စီးပွားရေးအလွန်ကျဆင်းခဲ့သည်။ ကုံလုံကြွယ်ဝခြင်းမှချို့တဲ့ခြင်းသို့ပြောင်းလဲသွားပြီး အစာရေစာအတွက် တန်းစီခြင်းမှာ သမားရိုးကျဖြစ်လာသည်။ ၁၉၈၆ ခုနှစ်တွင် ပြောက်ကျားစစ်ကြောင့် လူဦးရေတစ်သိန်းခန့်ကို စူရီနမ်အရှေ့ဘက်မှ အိမ်နီးနားချင်းဖြစ်သော ပြင်သစ်ဂီယာနာသို့ထွက်ပြေးစေသည်။ ဒုက္ခသည်စခန်း၌ ဘဝအသစ်ကိုစတင်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် တောပိုင်းရှိ အိမ်ခြေ ၅ သောင်းခန့်မှ ဘွတ်ရှ်နီဂရိုးနှင့် အာမေအင်းဒီယန်းတို့သည် ပြောက်ကျားတပ်၏လက်သို့ရောက်သွားသည်။ သို့ဖြင့်အတွင်းပိုင်း ခရီးသွားလာရေးကို အန္တရာယ်များစေသည်။ South မဂ္ဂဇင်းက ဤပြောင်းလဲမှုများကြောင့် တိုင်းပြည်ကိုချို့တဲ့စေသည်ဟုဆိုထားသည်။
ယေဟောဝါသက်သေခံများ၏လုပ်ငန်းများကို ဤအခြေအနေများက ချို့တဲစေပါသလော။ ၄င်းနှင့် ဆန့်ကျင်၍သူတို့၏လုပ်ငန်းကို တိုးချဲ့ခဲ့ပါသည်။ ဥပမာ၊ ၁၉၈၀ ပြည့်နှစ်တွင် သက်သေခံ ၉၂၀ သာရှိခဲ့ရာ ယခု ၁၄၀၀ ကျော်ရှိလေပြီ။ ၁၉၈၉ ခုနှစ် ဧပြီလတွင် ထိုစဉ်ကသက်သေခံ ၂၅ ရာခိုင်နှုန်းခန့်ဖြစ်သော ၃၃၈ ယောက်အရံရှေ့ဆောင်လုပ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်းကြားမှ သူတို့၏မေတ္တာ၊ ရဲရင့်ခြင်းနှင့် အလုပ်ကြိုးစားခြင်းကို တင်ပြခဲ့သောကြောင့် ထိုသို့သောကောင်းချီးများခံစားရသည်။ ဤသည်ကားမကြာမီက စူရီနမ်တွင် ရဲရင့်သောဆုံးဖြတ်ချက်များကြောင့် ကြွယ်ဝသောကောင်းချီးများ ခံစားရပုံအဖြစ်အပျက်များဖြစ်သည်။
သူ၏အသက်ကို ကယ်ခဲ့သည့်ဆုံးဖြတ်ချက်
ထွားကြိုင်းသောရဲအရာရှိတစ်ဦးဖြစ်ပြီး ယခုယေဟောဝါသက်သေတစ်ဦးဖြစ်သူ လူမေဟိုဗားသည် အသက် ၄၀ နီးပါးခန့်တွင် စီးပွားရေးကျဆင်းနေသည့်အချိန်၌ပင် အလုပ်မှထွက်ရန် ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ လူမေဤသို့ရှင်းပြသည်။
“သေနတ်ကိုင်ခြင်းအားဖြင့် အန္တရာယ်ရှိနိုင်ကြောင်း၊ ကျွန်တော်ကင်းမျှော်စင်တွင်ဖတ်ကတည်းကသိပါတယ်။ ကျွန်တော်အလုပ်မှထွက်ရမယ်ကို သိနေပါတယ်a။ ကျွန်တော်ရဲ့ဇနီးနဲ့ ကလေးတွေကိုကြည့်ရှုရမဲ့တာဝန်ရှိတဲ့အတွက် ကျွန်တော်တုံ့ဆိုင်းနေခဲ့တယ်။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကို အချိန်ကြာကြာဆွဲထားလေလေ ကျွန်တော်ရဲ့သြတ္တပ္ပစိတ် ကျွန်တော်.ကိုနှောင့်ယှက်လေဖြစ်တယ်။ ယေဟောဝါအဖွဲ့အစည်းက ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ကျွန်တော်.ကိုသေသေချာချာစဉ်းစားခိုင်းတာ အကြောင်းရင်းရှိရမယ်လို့ ကျွန်တော်ယူဆတယ်။ ဒါနဲ့ ၁၉၈၆ ခုနှစ် ဇန်နဝါရီလမှာ ကျွန်တော်စိတ်ပိုင်းဖြတ်လိုက်တယ်။”
သို့သော် ရဲချုပ်က သူ့ကိုမထွက်စေလိုဘဲ မြို့တော်နှင့်နီး၍ လူကြိုက်များသောနေရာဖြစ်သည့် တမန်ရက်ဂျိုးမြို့တွင် တာဝန်ခန့်ပေးမည့်အကြောင်းပင်ကတိပေးသည်။ လူမေမူကား စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်နေသည်။ ရဲချုပ်ထံသူ၏ဘာသာရေးယုံကြည်ချက်ကို စာရေးရှင်းပြပြီး အလုပ်မှနှုတ်ထွက်ခွင့်တောင်းဆိုသည်။ ‘တောင်းဆိုချက်ကို ခွင့်ပြုလိုက်ပြီ’ ဟူ၍ ၁၉၈၆ ခုဧပြီလတွင်ပြန်စာရရှိခဲ့သည်။
မကြာမီအချိန်အတွင်း၌ လူမေသည် သစ်တောဌာန၌အလုပ်ရရှိခဲ့သည်။ ယခင်အလုပ်လောက်ဝင်ငွေမကောင်းသော်လည်း သူ့မိသားစုနှင့်အတူ အစည်းအဝေးများကိုတက်ရန် ပိုအချိန်ရခဲ့သည်။ ၁၀ လခန့်ကြာသောအခါ တစ်နေ့၌ လူမေနှင့်သူ့ညီသည် မိသားစုတောင်ယာတွင် တစ်နေ့လုံးလုပ်ကိုင်ပြီးနောက် အိမ်သို့ပြန်လာနေကြသည်။ သူပြောပြသည်မှာ၊
“လယ်တဲနားချဉ်းကပ်လာစဉ် နွမ်းပါးသောအဝတ်နှင့် ခေါင်းကိုအဝတ်ဖြင့်စီးထားသည့်လူနှစ်ယောက်ကိုတွေ့ရပြီး စီရီနမ်ဘာသာစကားဖြင့် ‘Kon dja’ (ဒီကိုလာပါ) ဟုခေါ်တယ်။ သူတို့ထံ ကျွန်တော်သွားစဉ် မောင်းပြန်ရိုင်ဖယ်တစ်လက်ကို သားရေကြိုးပြားဖြင့် ပုခုံးပေါ်တွင်လွယ်ထားသော တတိယလူပေါ်လာတဲ့အခါကျမှသာလျှင် သူတို့သည် ပြောက်ကျားများဖြစ်သည်ကို သိရှိခဲ့တယ်။
“ကျွန်တော်.ကိုခြေဆုံးခေါင်းဆုံး စေ့စေ့ကြည့်ရှုပြီး ခေါင်းစည်းပုဝါနှင့် လူတစ်ယောက်က အော်လိုက်တယ်။ ‘ဒီလူကို ကျွန်တော်သိတယ်။ သူဟာရဲတစ်ယောက်ဖြစ်တယ်။’ သူတို့၏မျက်နှာများသည် တင်းမာသွားပြီး စက္ကန့်အနည်းငယ်ခန့် ကျွန်တော်တို့တစ်ဦးကိုတစ်ဦးစိုက်ကြည့်ကြတယ်။ ကျွန်တော်အသက်အောင့်ထားတယ်။ ထိုနောက် ကျွန်တော်အသံနိမ့်နိမ့်တစ်ခုကြားလိုက်တယ်။ ကလစ်ခ်၊ ကလက်ခ်။—တတိယလူသည် သူ၏ရိုင်ဖယ်သေနတ်မောင်းတင်လိုက်တယ်။ တစ်ဖြည်းဖြည်း နှင့် ကျွန်တော်.ရင်ပတ်တည့်တည့်ကိုချိန်လိုက်ပြီး ကျွန်တော်.အားပစ်သတ်ရန် အသင့်ဖြစ်နေပြီ။ ‘မပစ်နဲ့၊ ခင်ဗျားမှားနေပြီ။ ကျွန်တော်ရဲမဟုတ်တော့ဘူး’ ဟုရုတ်တရက်ပြောလိုက်သည်။
“ထိုနောက် လက်နက်ကိုင်ပြောက်ကျား ၁၂ ဦးထက်မက အိမ်နောက်၌ရှိနေသည်ကို ကျွန်တော်တွေ့လိုက်တယ်။ သူတို့အထဲမှတစ်ဦးသည် သန်မာတောင့်တင်းပြီး ကလနံကလေးသာဝတ်ဆင်ထားတယ်။ ယမ်းတောင့်ခါးပတ်အိတ်နှစ်ခုကို သူ၏ပြောင်နေသောရင်ပတ်ပေါ်တွင် ကန့်လန့်ဖြတ်လွယ်ထားတယ်။ သူ့လက်ထဲ၌လည်း မောင်းပြန်သေနတ်ကိုင်ထားပြီးရှေ့သို့တိုးလာတယ်။ သူကအာဏာသံနှင့် ‘မင်းဟာရဲမဟုတ်တော့ဘူးလို့ပြောတယ်။ ဘာ့ကြောင့်လဲ” ဟုမေးသည်။ ကျွန်တော်ဟာ ယေဟောဝါသက်သေဖြစ်ကြောင်း မြန်မြန်ပြောပြလိုက်တယ်။ ‘သက်သေခံတွေဟာ လက်နက်မကိုင်’ ကြောင်းကျွန်တော်ရှင်းပြလိုက်တယ်။ ‘ဒါကြောင့် ကျွန်တော်ရဲအလုပ်ကနေထွက်ပြီး သစ်တောဌာနမှာအလုပ်လုပ်နေကြောင်း၊ ကျွန်တော်ဟာ နိုင်ငံရေးအားလုံးမှာ ကြားနေတယ်’ ဟုထပ်ဆင့်ပြောလိုက်ပါသည်။
“ကျွန်တော်သက်သေခံဖြစ်ကြောင်း သူကြားတဲ့အခါ သူ့ရဲ့မျက်နှာထားနည်းနည်းလျော့လာတယ်။ ‘ကျွန်တော်.ကိုယုံမှယုံပါ့မလားလို့’ ကျွန်တော်စဉ်းစားမိတယ်။ အဲ့ဒီနောက် ကျွန်တော်.ညီရောက်လာတယ်။ တပ်မှူးဖြစ်ပုံရှိသည့် ကလနံဝတ်ဆင်ထားသူက ကျွန်တော်.ညီကိုမေးခွန်းများမေးတယ်။ ကျွန်တော်.အကြောင်းကို ကျွန်တော်.ညီအခိုင်အလုံရှင်းပြပြီးမှ တပ်မှူးကျေနပ်သွားပုံရတယ်။ တစ်ခြားပြောက်ကျားစစ်သားကို ‘Saka yu gon!’ (သေနတ်ကိုချလိုက်ပါ) လို့အမိန့်ပေးလိုက်တယ်။ အခုမှဘဲ ကျွန်တော်သက်သာရာရတော့တယ်။ ‘ကျွန်တော်.ကိုကာကွယ်စောင့်ရှောက်တဲ့အတွက် ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်ပါတယ်’ ကျွန်တော်ဆုတောင်းခဲ့တယ်။”
ရက်အနည်းငယ်ကြာသော် လူမေသည် ခြောက်ခြားဖွယ်ရာသတင်းတစ်ခုကြားခဲ့သည်။ အမည်မသိသေနတ်သမားများသည် တစ်မန်ရက်တ်ဂျိုးမြို့ရှိ ရဲအရာရှိ ၃ ဦးအားသတ်ပစ်ခဲ့သည်။ ထိုမြို့မှာ ရဲချုပ်က သူ့အားခန့်အပ်ရန်ကမ်းလှမ်းသည့် မြို့ဖြစ်သည်။ “ကျွန်တော်သာ ကင်းမျှော်စင်ဆောင်းပါးထဲကအကြံပေးချက်ကို လျစ်လျူရှုခဲ့ရင် အခုကျွန်တော်သေနေပြီ” ဟုလူမေကပြောသည်။ ထိုနောက် သူကျေးဇူးတင်စွာဖြင့် “ယေဟောဝါဟာသူ့ရဲ့ကျေးကျွန်တွေကို အမှန်ဘဲကာကွယ်တယ်” ဟုထပ်ဆင့်ပြောသည်။
ညီအစ်ကိုများအားကယ်ရန် မေတ္တာကလှုံ့ဆော်
၁၉၈၆ ခုနှစ် အောက်တိုဘာလတွင် ဗောက်ဆိုက်မိုင်းတွင်းရှိမွန်ဂိုမြို့တွင် အစိုးရနှင့်ပြောက်ကျားတပ်စပ်ကြား တိုက်ခိုက်သောအခါ အသက် ၄၀ ခန့်ရှိ တောတွင်းနေနီဂရိုး၊ ဖရန့်စ်စာလာအိုမာသည် ဘာလုပ်ရမည်ကိုဆုံးဖြတ်ခဲ့ရသည်။ နောက်ဆုံးတွင် သူ၊ သူ၏ကိုယ်ဝန်ဆောင်ဇနီး၊ သူ့သားခုနစ်ယောက်နှင့် မြို့ထဲရှိအခြားသူအချို့နှင့်အတူ တောတွင်းမှထွက်ပြေးလာကြပြီး ကျယ်ပြန့်သောမာရိုနီမြစ်ကိုဖြတ်ကူး၍ ပြင်သစ်ဂီယာနာသို့ဝင်ရောက်ခိုလှုံကြသည်။
ဖရန့်စ်သည် ပူပင်သောကရောက်ဆဲပင်။ ဤစစ်ဘေးဒုက္ခသည်များအထဲတွင် မိမိအသင်းတော်မှသက်သေခံ တစ်ယောက်မျှမတွေ့ပါ။ ‘သူတို့ဘယ်မှာရောက်နေကြသလဲ။ သူတို့ကိုငါသွားပြန်ရှာရမလား’ ဟုသူတွေးတောခဲ့၏။ သို့သော် ဤသို့လုပ်လိုက်လျှင် အန္တရာယ်များမည်။ ပြောက်ကျားတို့သည် အများအားဖြင့် တောတွင်းနေ နီဂရိုးများဖြစ်ကြသည်။ ‘တောတွင်းထဲသွားလာနေတာကို အစိုးရစစ်သားတွေတွေ့သွားရင် ငါတော့သွားပြီ’ ဟုသူတွေးမိသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ခရစ်ယာန်ညီအစ်ကိုများကိုရှာဖွေရန် သူစိတ်ပိုင်းဖြတ်လိုက်သည်။ ပြင်သစ်ဂီယာနာရှိ သက်သေခံများအား “နောက်အပတ် မြစ်ဖြတ်ကူးပြီး လာကြိုပါ” ဟုသူအကြောင်းကြားထားသည်။
တစ်ပတ်အကြာတွင် ညီအစ်ကိုများချိန်းထားသည့်နေရာသို့သွားကြသော်လည်း ဖရန့်စ်ကိုမတွေ့ခဲ့ပါ။ နောက်တစ်ရက်ထပ်စောင့်ကြသေးသည်။ ဖရန့်စ်ပေါ်မလာပါ။ “နောက်တစ်ညထပ်စောင့်ကြည့်စို့” ဟုသူတို့ဆုံးဖြတ်သည်။ ထိုအခါ ဖရန့်စ်နှင့် သက်သေခံတစ်စုပေါ်လာသည်။ ဘာဖြစ်ပျက်ခဲ့သနည်း။
“ညီအစ်ကိုများကိုတွေ့ရှိပြီးနောက် တိုက်ပွဲပြင်းထန်နေသည့်ကြားက တောထဲကိုကျွန်တော်တို့ကျော်ဖြတ်ပြီး နယ်စပ်ဖက်ကိုဦးတည်ခဲ့ရတယ်” ဟုဖရန့်စ်ရှင်းပြသည်။ သို့သော် အဘယ်ကြောင့်နောက်ကျခဲ့သနည်း။ ဖရန့်စ်သည် သူသယ်ဆောင်လာသော စက္ကူသေတ္တာ ၃ လုံးကိုညွှန်ပြလိုက်သည်။ စစ်ဘေးဒုက္ခသည်သက်သေခံများအတွက် မြို့တော်သို့သွားပြီး ကျမ်းစာစာပေများကို သယ်ဆောင်ပေးခဲ့သည်။ စောင့်မျှော်နေသောညီအစ်ကိုများ ဝမ်းမြောက်ကြသည်။ ထိုနေ့၌ပင် ဖရန့်စ်သည် ကယ်ဆယ်ခဲ့သောသက်သေခံများ၊ စက္ကူသေတ္တာ ၃ လုံးနှင့်အတူ နယ်စပ်ဒေသကိုလုံခြုံစွာဖြတ်ကျော်ခဲ့သည်။
နောက်ပိုင်းတွင် နောက်ထပ်သက်သေခံများကိုကူညီရန် ဖရန့်စ်သည် ထပ်မံသွားခဲ့ပြန်သည်။ သက်သေခံ ၃၇ ဦးနယ်စပ်ဒေသကိုကျော်ဖြတ်လာပြီး ဒုက္ခသည်စခန်း၌ အခြေချခဲ့သည်။ ပြင်သစ်ဂီယာနာတွင် ယခင်ကအနာကြီးရောဂါသည်များထားရှိသောနေရာတွင် ဖရန့်စ်ကိုထားပါသည်။ ထိုနေရာသည် ဒုက္ခသည်များ မိမိတို့ပုခက်တွင်းမှ ခြင်များကိုယမ်းနေရုံမှလွဲ၍ ဘာမှမလုပ်ရပါ။
သို့သော် ဖရန့်စ်နှင့်သူ၏မိသားစုမှာမူ အချိန်မဖြုန်းတီးခဲ့ပါ။ စခန်းသို့ရောက်ပြီးမကြာမီအတွင်း (သမီးလေးတစ်ဦး၏ဖခင်ဖြစ်နေသော) ဖရန့်စ်သည် စစ်ဘေးဒုက္ခသည်များကို နိုင်ငံတော်သတင်းဟောပြောခြင်း၌ အလုပ်များနေသည်။ သူ၏ကောင်းသောသြဇာလွှမ်းမိုးမှုကြောင့် အခြားဒုက္ခသည်စခန်းများသို့ပင် သွားရောက်သက်သေခံရန် သူ့အားမော်တော်ဆိုင်ကယ်တစ်စီးအသုံးပြုရန် ခွင့်ပြုထားသည်။ ရလဒ်ကား၊ စစ်ဘေးဒုက္ခသည်များနှင့် ကျမ်းစာသင်အံမှု ၁၄ ခုစခဲ့သည်။ ၃ ယောက်မှာ နှစ်ခြင်းခံယူပြီးဖြစ်သည်။
သူသစ္စာမဖောက်ခဲ့
၅၈ နှစ်ခန့်ရှိ အထူးရှေ့ဆောင်၊ ဗစ်တာဝင်းစ်က “ကျွန်တော်နှစ်ပတ်အတွင်း အထောက်အပံ့ပစ္စည်းများနှင့်အတူပြန်ရောက်လာမယ်” ဟုကြေညာခဲ့သည်။ စူရီနမ်အလယ်ပိုင်းတောရွာကလေးတွင် သူ၏ဇနီးနှင့် ကျမ်းစာကျောင်းသားအချို့ကို သူထားခဲ့မည်ဖြစ်သည်။ ထိုအချိန်က မြို့တော်သို့သူခြေဦးလှည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဂျွန်လတွင်ဖြစ်သည်။
ဗစ်တာ၏ဇနီးနှင့် အခြားသူများသူ့အားနှုတ်ဆက်ခဲ့ချိန်တွင် သူတို့ဆန်ကုန်လုနီးပြီဖြစ်သည်။ ပြောက်ကျားစစ်ကြောင့် အထောက်အပံ့များပြတ်တောက်ခဲ့သည်။ မကြာမီအစာငတ်မွတ်ခေါင်းပါးတော့မည်။ ဗစ်တာ၏စက်လှေခရီးစဉ်သည် အန္တရာယ်ထူပြောသည်ကိုလည်း သူတို့သဘောပေါက်သည်။ တစ်ဖက်နှင့်တစ်ဖက် သေနတ်ပစ်ခတ်နေသည့်ကြားသို့ ရောက်သွားနိုင်သည့်ပြင် ပြောက်ကျားစစ်သားတစ်ဦးနှင့်လည်း အထင်မှားနိုင်သည်။ ‘စက်လှေအသံပျောက်ကွယ်သွားသည်နှင့်အမျှ သူဘေးမသီရန်မခဘဲ ပြန်လာပါ့မလား’ ဟုသူတို့တွေးတောခဲ့ကြသည်။
နှစ်ပတ်ခန့်အကြာတွင် ဗစ်တာ၏ဇနီးသည် သူ့အားမြစ်အတွင်းဂရုတစိုက်စောင့်မျှော်ခဲ့သည်။ သို့သော် ဗစ်တာပေါ်မလာပါ။ အပတ်တော်တော်များများ ကုန်လွန်ခဲ့လေပြီ။ အစာရေစာများလည်း ကုန်ခမ်းပြီးသူမလည်းဖျားတော့သည်။ “ယေဟောဝါဘုရားသခင်၊ ကျွန်မရဲ့ယောက်ျားကို ကာကွယ်စောင့်ရှောက်တော်မူပါ” ဟုသူမဆုတောင်းခဲ့သည်။ “သူပြန်လာပါ့မလား။” သုံးလကုန်လွန်ခဲ့ပြီ။ ဗစ်တာပြန်မလာသေး။ ဘာဖြစ်သွားပြီနည်း။
အဖြစ်အပျက်ကိုသူဤသို့ရှင်းပြသည်။ “မြို့တော်ကိုရောက်ရှိပြီးနောက် ခြောက်လအတွက်အစားအသောက်နဲ့ ရေနံဆီကိုဝယ်ယူရန် ကျွန်တော်အခွင့်ရခဲ့တယ်။ အဲ့ဒီနောက် အိမ်ပြန်ဖို့ခွင့်ပြုချက်တောင်းတယ်။ တာဝန်ခံက ‘ခင်ဗျားသွားနိုင်ပြီ။ ဒါပေမဲ့ပြောက်ကျားတွေ ဘယ်နေရာမှာပုန်းနေသလဲဆိုတာကို ငါတို့ကိုပြန်လာသတင်းပို့ပါ’ ဟုပြောသည်။ ကျွန်တော်စိတ်ဓာတ်ကျသွားသည်။ ‘ကျွန်တော်ဒီအလုပ်မလုပ်နိုင်ဘူး။ ယေဟောဝါဘုရားဟာ ကျွန်တော်တို့နိုင်ငံရေးထဲဝင်စွက်တာကိုမကြိုက်ဘူး၊ ကျွန်တော်တို့သက်သေခံတွေဟာ ကြားနေကြတယ်လို့’ ကျွန်တော်ပြောခဲ့တယ်။ သူက ‘ဒါဆိုရင် မင်းအိမ်မပြန်နဲ့လို့’ ပြန်ပြောတယ်။
“အပတ်တိုင်းကျွန်တော်အခွင့်သွားတောင်းတယ်။ ဒါပေမယ့်အဖြေကတော့ အရင်အတိုင်းဘဲ။ တစ်ချိန်တည်းမှာ ကျွန်တော်.ဇနီး နေမကောင်းကြောင်းကြားသိခဲ့ရတယ်။ ကျွန်တော်အိမ်ပြန်ပြီး သူ့ကိုပြုစုစောင့်ရှောက်ချင်လိုက်တာ။ ဒါပေမယ့် ကျွန်တော်သစ္စာမဖောက်ချင်ဘူး။ ကျွန်တော် ဘာမှမတတ်နိုင်ဘဲဖြစ်နေတယ်။
“ကျွန်တော်ထပ်ပြီးအခွင့်တောင်းတယ်။ ခင်ဗျားပြန်နိုင်ပြီလို့ပြောတဲ့အခါ အရမ်းအံ့သြမိတယ်။ သူတို့က ကျွန်တော်နဲ့တစ်နယ်တည်းနေတဲ့ ပင်တီကောစ်တဲလ်ဓမ္မဆရာများအားပြန်ခွင့်ပြုလိုက်တဲ့အတွက် ကျွန်တော်.ကိုလည်း သူတို့နဲ့အတူပြန်ခွင့်ပြုလိုက်သည်ဟုရှင်းပြတယ်။ ဝမ်းမြောက်စွာနှင့် ကျွန်တော်ပြန်ဖို့ပြင်ဆင်နေတုံး ဒီဓမ္မဆရာများက သူလျှိုလုပ်ပေးမယ်လို့သဘောတူခဲ့ကြောင်း မိတ်ဆွေတစ်ယောက်မှသတင်းရတယ်။ သက်သေခံတစ်ယောက်အနေနဲ့ ဒီအစီအစဉ်မှာမပါဝင်ကြောင်း ပြလိုတဲ့အတွက် သူတို့နဲ့မလိုက်ဘဲနေရစ်ခဲ့တယ်။ ဒါနဲ့ ကျွန်တော်ထပ်နေရပြန်တယ်။”
နောက်ဆုံးတော့ ဗစ်တာဟာ သူ့ယုံကြည်ချက်ကိုအလျှော့မပေးကြောင်း အရာရှိများသိမြင်လာသည်။ နောက်တစ်ကြိမ်ထပ်၍သူတို့ထံမှအခွင့်တောင်းသည့်အခါ ခွင့်ပြုချက်ထုတ်ပေးလိုက်သည်။
နောက်ဆုံးတွင် ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလတွင် သက်သေခံလူစုလေးသည် စက်သံကိုကြား၍ကြည့်လိုက်သော် လေးလံသောကုန်အပြည့်တင်ထားသည့် စက်လှေတစ်စင်းပေါ်လာသည်ကိုတွေ့ကြသည်။ “ဗစ်တာက “ကျွန်တော့မိန်းမကိုတွေ့တဲ့အခါ ကျွန်တော်ဝမ်းနည်းမိတယ်။” “သူဟာ၊ အရိုးပေါ်အရေတင်ဖြစ်နေတယ်။ သို့တိုင်အောင် ကျွန်တော်သစ္စာမဖောက်ခဲ့တဲ့အတွက် သူလည်းဝမ်းသာခဲ့တယ်။”
ကုန်းတွင်းပိုင်းတွင်တာဝန်ကျသော နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက “ဗစ်တာ၏ရဲရင့်သောဆုံးဖြတ်ချက်က ကျွန်ုပ်တို့အပေါ်ကောင်းချီးများသက်ရောက်စေပါသည်” ဟုပြောခဲ့သည်။ အရာရှိများနှင့်ပြောက်ကျားများသည် ယေဟောဝါသက်သေများ ကြားနေဝါဒကိုကျင့်သုံးကြောင်းသိရှိခဲ့ရသည်။ ယခုအခါတွင် ကျွန်ုပ်တို့၏အမြင်များကိုလေးစားလာကြပြီး၊ ကျွန်ုပ်တို့၏လုပ်ငန်းမှာလည်း တိုးတက်အောင်မြင်နေပါသည်။”
ဗုဒ္ဓဟူးနေ့၌မင်္ဂလာဆောင်၍ စနေနေ့၌နှစ်ခြင်းခံ
ဆွေမျိုးများက “အရူးမထနဲ့။ မင်္ဂလာမဆောင်နဲ့” ဟုဖိအားပေးတိုက်တွန်းကြသည်။ တိုင်းပြည်၏အရှေ့တောင်စွန်းတွင်နေထိုင်သော အော်ကာနာတောတွင်းနေ နီဂရိုးအနွယ်မှအမျိုးသားခြောက်ဦးသည် သူတို့ဆွေမျိုးများ၏ခံစားချက်ကို သဘောပေါက်ကြပါသည်။ ၄င်းလူမျိုးတို့၏ဓလေ့မှာ အမျိုးသားတစ်ယောက်သည် လက်မထပ်ထားလျှင် ထိုအမျိုးသမီးကို သူမလိုသည့်အခါ ထားခဲ့နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ သမ္မာကျမ်းစာလေ့လာခြင်းအားဖြင့်ယေဟောဝါဘုရား၏ မတရားမေထုန်အပေါ်ရှုမြင်ပုံများကို စဉ်းစားတွေးတောပြီး မိမိတို့ဘဝကိုပြုပြင်ကြသည်။ ပတ်ဝန်းကျင်၏ဖိအားပေးမှုကိုခံရပ်ပြီး ရဲရင့်စွာဖြင့် တရားဝင်စွာလက်ထပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
အဟန့်အတားမှာရှိဆဲပင်။ ကုန်းတွင်းပိုင်းကျသောနေရာများတွင် စစ်ကြောင့်မှတ်ပုံတင်ရုံးများပိတ်ထားပြီး မြို့တော်သို့သွားရန်မှာလည်း လုံးဝမဖြစ်နိုင်ပေ။ သတို့သမီး ၆ ယောက်မှာလည်း သူတို့မင်္ဂလာဆောင်သည့်နေ့တွင် သတို့သမီးဝတ်စုံဖြင့်ဆောင်ချင်ကြသည်။ ဤကဲ့သို့သောဝတ်စားမှုကို ခရစ်ယာန်များအတွက်မလိုအပ်သော်လည်း ရပ်ရွာဒေသက ယင်းကိုစိတ်ဝင်စားနေကြသည်။b‘တောကြီးထဲတွင် မင်္ဂလာဝတ်စုံများ ဘယ်ကရနိုင်မည်နည်း’ ဟုယောက်ျားများက ပူပန်နေကြသည်။ သမ္မာကျမ်းစာမူများအရ ရဲရင့်သောဆုံးဖြတ်ချက်များချခဲ့သောကြောင့် ကောင်းချီးများခံစားရသည်။ ၁၉၈၇ ခု၊ စက်တင်ဘာ ၁၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် သတို့သမီး ၆ ယောက်နှင့် သတို့သား ၆ ယောက်တို့သည် အလွန်ခမ်းနား၊ တင့်တယ်သော သတို့သား၊ သတို့သမီးဝတ်စုံများဝတ်ဆင်လျက် မင်္ဂလာဆောင်ခဲ့ကြသည်။ မည်သို့ဖြစ်ပျက်ခဲ့သနည်း။
“စက်တင်ဘာလတွင် ပြင်သစ်ဂီယာနာရှိ စိန့်တ်လောရင့်တွင် ခရိုင်စည်းဝေးပွဲကြီးကျင်းပရန် အစီအစဉ်ဆွဲခဲ့ပြီး ပြည်အတွင်းပိုင်းရှိသက်သေခံများအား တက်ရောက်ခိုင်းသည်” ဟုမင်္ဂလာဆောင်ပေးခဲ့သည့် နယ်လှည့်ကြီးကြပ်ရေးမှူး ဒဲန်နီရယ်လ် ဗန်မာလ်ကပြောပြသည်။ “ဤစည်းဝေးပွဲကြီးက မင်္ဂလာဆောင်ရန် အခွင့်အလမ်းပေါ်စေခဲ့သည်။”
ပြည်အတွင်းပိုင်းဒေသလုပ်ငန်းကိုကြည့်ရှုသော ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်သူ စက်စဲလ်ပီနပ်စ်က “အဲ့ဒီနှစ်အစောပိုင်းမှာ နယ်သာလန်နိုင်ငံမှာရှိတဲ့ ဗေသလအိမ်သားစုဆီကို အလည်အပတ်ရောက်ခဲ့ပြီး မကြာခင်ကျင်းပမဲ့မင်္ဂလာဆောင်ပွဲတွေအကြောင်း ပြောပြခဲ့တယ်။ သတို့သမီးများဟာ သတို့သမီးဝတ်စုံတစ်ခုတည်းကို ထပ်ခါထပ်ခါအသုံးပြုပုံကို ကျွန်တော်ပြောပြတဲ့အခါ ဗေသလအိမ်ရှိညီအစ်မ ၄ ယောက်ဟာသူတို့ဆန္ဒအလျောက် သူတို့၏မင်္ဂလာဆောင်ဝတ်စုံတွေကို စူရီနမ်မှာရှိတဲ့သူတို့ရဲ့ ‘ညီအစ်မများ’ အတွက် လက်ဆောက်အဖြစ်ပေးလိုက်ကြတယ်။ ကျွန်တော် အတော်ဘဲစိတ်ထိခိုက်လှုပ်ရှားခဲ့တယ်။ နောက်ပိုင်းလည်း နယ်သာလန်မှာရှိတဲ့အစည်းအဝေးမှာ သတို့သမီးဝတ်စုံတွေ ထပ်ပေးကမ်းကြတယ်။”
မင်္ဂလာဆောင်မည့်နံနက်တွင် အချို့ဝတ်စုံများကို ပြုပြင်ရဆဲပင်။ မာဂရိ(တ်)ဗန်ဒီရိ(ပ်) က “အချို့ဝတ်စုံတွေရဲ့ ခါးတွေကို ကျယ်အောင်ချဲ့ပေးရတယ်။ အတိုအရှည်ညှိရတယ်။ ဒါပေမယ့် အချိန်မီဘဲ ကျွန်မတို့ပြီးစီးခဲ့တယ်” ဟုပြောပြသည်။
မင်္ဂလာဆောင်ပွဲကျင်းပပြီးနောက် မင်္ဂလာစုံတွဲ ၅ တွဲသည် ခြေလှမ်းနောက်တစ်ဆင့်တက်ရက် အဆင်သင့်ဖြစ်နေပါပြီ။ ထိုအပတ် စနေနေ့၌ပင် မာရိုနီမြစ်၌ နှစ်ခြင်းခံခဲ့ကြသည်။ လက်ထပ်ထားပြီးသားစုံတွဲအဖြစ် မိမိတို့ရွာသို့ပြန်၍ နိုင်ငံတော်သတင်းကြွေးကြော်ရန် ဆန္ဒပြင်းပြခဲ့ကြသည်။ သူတို့၏ဆုံးဖြတ်ချက်များကို ယေဟောဝါဘုရားကောင်းချီးပေးခဲ့သလော။
၁၉၆၇ ခုနှစ်တွင် ထိုဒေသ၌သတင်းကောင်းစဟောခဲ့သော နဲလ်ပီနပ်စ်က “ထိုစုံတွဲများက ကျွန်တော်တို့ယေဟောဝါသက်သေများဟာ ဟောတဲ့အတိုင်းကျင့်ကြံတယ်ဆိုတာကို သက်သေပြကြတယ်” ဟုပြောသည်။ “စစ်မှန်သောခရစ်ယာန်များဖြစ်ရန် ထိမ်းမြားရမည်ဟူသည့် သူတို့၏စိတ်ပိုင်းဖြတ်ချက်သည် ဝေးလံသောရွာများထိပင် စိတ်ဝင်စားမှုကိုနှိုးဆွပေးခဲ့သည်။ သက်သေခံများ တစ်ခါမျှ မဟောခဲ့ဖူးသေးသောမြစ်များသို့ လှေများဖြင့်သွားရောက်ပြီး ယေဟောဝါအကြောင်းသင်ကြားရန် ထက်သန်သူများနောက်ထပ်တွေ့ရသည်။”
အမှန်စင်စစ် လူမေ၊ ဖရန့်စ်၊ ဗစ်တာနှင့် အခြားသောပုဂ္ဂိုလ်တို့၏ ရဲ့ရင့်သောဆုံးဖြတ်ချက်များက သူတို့နှင့်စူရီနမ်ရှိ လုပ်ဖေါ်ကိုင်ဖက်ခရစ်ယာန်များအပေါ် ကြွယ်ဝသောကောင်းချီးများ သက်ရောက်စေပါသည်။ ဤကဲ့သို့သောတွေ့ကြုံမှုများက သမ္မာကျမ်းစာမှ ပညာရှိစကားကို ထောက်ခံပါသည်။ “ယေဟောဝါဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”—သု၊ ၃:၅၊ ၆။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် ဇူလိုင် ၁၅၊ ၁၉၈၄ စာမျက်နှာ ၁၅-မှ၂၀ “ငြိမ်သက်ခြင်းကိုရှာ၍ မှီအောင်လိုက်လော့” ဆောင်းပါးကိုရှု
b “ပျော်ရွှင်မှုရစေသော ခရစ်ယာန်မင်္ဂလာဆောင်ခြင်း ” ကင်းမျှော်စင် ဧပြီ ၁၅ ရက် ၁၉၈၅၊ ရှု