ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ခက်ခဲသောနေ့ရက်အစ
တ နင်္လာနေ့ညနေတွင် သခင်ယေရှုသည် ယေရုရှလင်မှထွက်ခွါ၍ သံလွင်တောင်အရှေ့ဆင်ခြေလျှောရှိ ဗေသနိသို့ပြန်လှည့်တော်မူသည်။ ယေရုရှလင်၌ကိုယ်တော်၏ နောက်ဆုံးနှစ်ရက်တာ ဓမ္မအမှုဆောင်ခြင်းကား ပြီးဆုံးခဲ့ချေပြီ။ သခင်ယေရှုသည် ဗေသနိရှိကိုယ်တော်.မိတ်ဆွေလာဇရုအိမ်တွင်ပင် ထပ်မံညအိပ်တည်းခိုမည်မှာ သံသယရှိစရာမလိုပေ။ ယေရိခေါမှဗေသနိသို့ရောက်လာသည့် သောကြာနေ့မှစရေတွက်လျှင် ဗေသနိ၌စတုတ္ထအကြိမ်ညအိပ်တည်းခိုခြင်းဖြစ်သည်။
ယခုနိသန်လ ၁၁ ရက်၊ အင်္ဂါနေ့လင်းအားကြီးအချိန်တွင် ကိုယ်တော်နှင့်တပည့်တော်တို့သည် တစ်ဖန်ခရီးနှင်ကြပြန်သည်။ သခင်ယေရှု၏ဓမ္မလုပ်ငန်းတွင် ဤအချိန်သည်ခက်ခဲပြီး၊ အလုပ်အများဆုံး အချိန်းပိုင်းဖြစ်သည်။ ယင်းသည်ဗိမာန်တော်အတွင်း ကိုယ်တော်၏နောက်ဆုံးဝင်တော်မူသော နေ့ရက်ဖြစ်သည်။စမ်းသပ်မှုများနှင့်အဆုံးစီရင်ခံရခြင်းမတိုင်မီ ကိုယ်တော်ဓမ္မအမှုဆောင်ခြင်း၏ နောက်ဆုံးနေ့ဖြစ်သည်။
သံလွင်တောင်ကိုဖြတ်ပြီးသွားရသည့်သွားနေကျလမ်းအတိုင်း ယေရုရှလင်သို့ဦးတည်တော်မူသည်။ ဗေသနိမှသွားကြစဉ်လမ်းတွင်ပေတရုသည် ယမန်နေ့မနက်ကသခင်ယေရှုကျိန်ဆိုခဲ့သည့် အပင်ကိုသတိပြုမိခဲ့သည်။ “အရှင်၊ ကြည့်တော်မူပါ” ဟုရုတ်တရက်အာမေဋိတ်စကားဆိုပြီး၊ “ကျိန်တော်မူသောသင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကား” ဟုလျှောက်ဆို၏။
အဘယ်ကြောင့်သခင်ယေရှုသည် အပင်ကိုသေစေခဲ့သနည်း။ အဘယ်ကြောင့်သေစေခဲ့သည်ကို ဆက်၍မိန့်တော်မူသည်။ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင် သင်္ဘောသဖန်းပင်၌ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက ထိုတောင် [သူတို့ရပ်နေသည့်သံလွင်တောင်] ကိုပင်နေရာမှရွှေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင် ဆိုသည်အတိုင်းဖြစ်လိမ့်မည်။ ယုံကြည်ခြင်းပါလျက် ပတ္ထနာပြု၍ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်။”
အပင်ကိုသွေ့ခြောက်စေရခြင်းမှာ၊ ဘုရားကိုယုံကြည်ရန်လိုကြောင်း တပည့်တော်များအား ယေရှုသင်ခန်းစာပေးလို၍ဖြစ်သည်။ ကိုယ်တော်မိန့်ဆိုသည်မှာ “ထို့ကြောင့်ငါဆိုသည်ကားသင်တို့သည်ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” သူတို့သင်ယူရန်မည်မျှအရေးကြီးသော သင်ခန်းစာပါတကား။ အထူးသဖြင့်မကြာမီလာတော့မည့် စိုးရွံ့ထိတ်လန့်ဖွယ် စမ်းသပ်မှုများကိုရင်ဆိုင်ရမည်ဖြစ်၍ အရေးကြီးသောသင်ခန်းစာဖြစ်သည်။ သို့သော်သင်္ဘောသဖန်းပင်နှင့် ယုံကြည်ခြင်းအရည်အသွေးစပ်ကြား အခြားဆက်နွယ်မှုများလည်း ရှိသေးသည်။
သင်္ဘောသဖန်းပင်ကဲ့သို့ပင်ဣသရေလလူမျိုးသည် လှည့်စားသောအသွင်သဏ္ဌာန်ရှိသည်။ ဣသရေလလူမျိုးသည် ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့ဆက်ဆံလျက် ကိုယ်တော်.မိန့်မှာချက်များကို အပေါ်ယံလိုက်လျှောက်နေသော်လည်း ယုံကြည်ခြင်းမရှိ၊ အသီးကောင်းသီးပွင့်ခြင်းမရှိသူများဖြစ်သည်။ ယုံကြည်ခြင်းကင်းမဲ့သောကြောင့် ဘုရားရှင်၏သားတော်ရင်းကိုပင် ပယ်မည့်လမ်းစဉ်ဖြစ်နေသည်။ ထို့ကြောင့်အသီးမသီးသောသဖန်းပင်ကို သွေ့ခြောက်စေခြင်းဖြင့် သီးပွင့်ခြင်းမရှိသော သစ္စာမဲ့ဣသရေလလူမျိုး၏အဆုံးရလဒ်ကို သခင်ယေရှုသရုပ်ဖော်ပြခဲ့သည်။
မကြာမီပင်သခင်ယေရှုနှင့် ကိုယ်တော်.တပည့်တော်တို့သည် ယေရုရှလင်မြို့ထဲဝင်ကာ ထုံးစံရှိသည်အတိုင်း ဗိမာန်တော်သို့ဝင်ရောက်ပြီး၊ ထိုတွင်စတင်သွန်သင်တော်မူသည်။ လွန်ခဲ့သည့်နေ့ကငွေလဲလှယ်သူများအပေါ် ယေရှု၏လုပ်ရပ်ကိုသတိပြုမိကြသော ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် ကိုယ်တော်.အားဤသို့စိန်ခေါ်ခဲ့သည်။ “ကိုယ်တော်သည်ဤအမှုကို အဘယ်အခွင့်နှင့်ပြုသနည်း၊ ထိုအခွင့်ကိုအဘယ်သူပေးသနည်းဟုမေးလျှောက်ကြ” သည်။
သခင်ယေရှုပြန်လည်မိန့်တော်မူသည်မှာ၊ “ငါသည်တစ်စုံတစ်ခုကိုမေးဦးမည်။ သင်တို့ဖြေလျှင်ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကိုငါပြောမည်။ ယောဟန်၏ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော၊ လူကဖြစ်သလော။”
ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည်မေးခွန်းကိုမည်သို့ဖြေဆိုရန် အချင်းချင်းတိုင်ပင်ကြ၏။ “ဘုရားကဖြစ်သည်ဟုငါတို့ဖြေလျှင် သင်တို့သည်ယောဟန်ကိုအဘယ်ကြောင့်မယုံသနည်းဟု မေးလာဦးမည်။ လူကဖြစ်သည်ဟုငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည်ယောဟန်ကိုပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။”
ထိုသူတို့သည် မည်သို့ပြန်ဖြေရမည်ကိုမသိကြချေ။ ထိုကြောင့် “ကျွန်ုပ်တို့မသိပါ” ဟုသခင်ယေရှုအားပြန်လျှောက်ကြ၏။
သခင်ယေရှုကလည်း “ထိုအတူဤအမှုများကို အဘယ်အခွင့်နှင့်ငါပြုသည်ကိုငါမပြော” ဟုမိန့်တော်မူ၏။ မဿဲ ၂၁:၁၉–၂၇။ မာကု ၁၁:၁၉–၃၃။ လုကာ ၂၀:၁–၈။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
◆ နိသန်လ ၁၁ ရက်၊ အင်္ဂါနေ့နှင့်စပ်လျဉ်း၍ ဘာထူးခြားသနည်း။
◆ သင်္ဘောသဖန်းပင်ကို သွေ့ခြောက်စေသောအခါ အဘယ်သင်ခန်းစာကို ယေရှုပေးတော်မူသနည်း။
◆ မည်သူ့အခွင့်နှင့်ပြုသနည်းဟုမေးသောအခါ သူတို့ကိုယေရှုမည်သို့ဖြေဆိုတော်မူသနည်း။