ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၂/၁၅ စာ. ၁၀-၁၅
  • “ကြားသောသူကလည်း၊ ‘လာခဲ့ပါ’ ဟု ဆိုပါစေ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကြားသောသူကလည်း၊ ‘လာခဲ့ပါ’ ဟု ဆိုပါစေ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်ရေလိုအပ်မှုတိုးလာ
  • သတို့သမီးအတန်းအစားက “လာခဲ့ပါ” ဟုဆိုကြ၏
  • ဝိညာဉ်တော်နှင့်သတို့သမီးက “လာခဲ့ပါ” ဟုဆိုကြ၏
  • အခြားသိုးများကလည်းပူးပေါင်း၍ “လာခဲ့ပါ” ဟုဆိုသည်
  • ကြေညာခြင်းတွင်ယခုပါဝင်လော့
  • “စွမ်းအားတော်နှင့်သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သိုးသငယ်ရဲ့ မင်္ဂလာပွဲမှာ ဝမ်းမြောက်ရွှင်လန်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ထာဝရအသက်ရှင်ခြင်း အလို့ငှာ ထွက်သောစမ်းရေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “လာခဲ့ပါ” ဟုရဲရင့်စွာ တိုး၍ဖိတ်ခေါ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၂/၁၅ စာ. ၁၀-၁၅

“ကြားသောသူကလည်း၊ ‘လာခဲ့ပါ’ ဟု ဆိုပါစေ”

နှစ်တစ်လျှောက်လုံးတွင် ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၂၀၀ ကျော်ရှိယေဟောဝါသက်သေများသည် အောက်ပါသူတို့၏၁၉၉၁ခု နှစ်ချုပ်ကျမ်းချက်နှင့်အညီ သူတို့ကိုယ်ကိုတိုးချဲ့ပါလိမ့်မည်။

“ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။”

“ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ‘လာခဲ့ပါ’ ဟုဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။”—ဗျာဒိတ် ၂၂:၁၇။

၁။ ကျွန်ုပ်တို့အားမည်သည့် “ရေ” သို့ “လာခဲ့ပါ” ရန်ဖိတ်ခေါ်ထားသနည်း။

သ င့်အား “လာခဲ့ပါ” ဟုဖိတ်ခေါ်နေသည်။ ဘာအတွက်လာခိုင်းသနည်း။ သင့်ရေငတ်ခြင်းကိုပြေစေရန်ဖြစ်သည်။ ဤရေသည်သာမန်ရေမဟုတ်ပဲ၊ ရှမာရိအမျိုးသမီးအားရေတွင်းတွင် ယေရှုခရစ်ပြောခဲ့သော ရေပင်ဖြစ်သည်။ “ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်။” (ယောဟန် ၄:၁၄) ယေရှုသည်ဤ “ရေ” ကိုဘယ်ကရသနည်း။

၂။ “ရေ” ၏ပင်ရင်းကားအဘယ်နည်း။ ယင်းသည်အဘယ်ဖြစ်ရပ်ပြီးနောက်သာ စီးဆင်းနိုင်သနည်း။

၂ တမန်တော်ယောဟန်သည် ဗျာဒိတ် ၂၂:၁ တွင်ဖော်ပြထားသည့်အတိုင်း ဤ “ရေ” ထွက်လာသောပင်ရင်းကို ရူပါရုံတွင်မြင်တွေ့ရသော အခွင့်အရေးရရှိသည်။ “တစ်ဖန်ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဘုရားသခင်နှင့်သိုးသငယ်၏ ပလ္လင်တော်ထဲကထွက်သော အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။” မှန်ပါသည်၊ အသက်ပေးသည့်အရာများပါဝင်သည့် ဤကျောက်သလင်းကဲ့သို့ကြည်လင်သောရေ၏ပင်ရင်းသည် ယေဟောဝါကိုယ်နှိုက်ပင်ဖြစ်၍ သိုးသငယ်ယေရှုခရစ်အားဖြင့် ပြင်ဆင်ပေးတော်မူသည်။ (ဗျာဒိတ် ၂၁:၆ နှင့်နှိုင်းယှဉ်) “ဘုရားသခင်နှင့်သိုးသငယ်၏ပလ္လင်” ဟုဖော်ပြထားသောကြောင့် ၁၉၁၄ ခုနှစ်တွင်မေရှိယနိုင်ငံတော်တည်ထောင်ပြီးနောက်ပိုင်း၊ သခင်ဘုရားနေ့စတင်ပြီးနောက်ပိုင်းတွင် ၄င်းရေစတင်စီးဆင်းခြင်းဖြစ်ရမည်။—ဗျာဒိတ် ၁:၁၀။

၃၊ ၄။ “ရေ” ကဘာကိုပုံဆောင်ပြီး၊ မည်သူများအတွက်ရရှိနိုင်သနည်း။

၃ ဤအသက်ရေသည်ဘာကို ပုံတင်ပြသနည်း။ ယင်းသည် ပရဒိသုအဖြစ်ပြောင်းလဲထားသော မြေကြီးပေါ်တွင်စုံလင်သောလူ့အသက်၊ စုံလင်သောထာဝရအသက်နှင့် ဘုရားရှင်၏ပြန်လည်တည်ထောင်ပေးသော ပြင်ဆင်ပေးချက်ကိုပုံတင်ပြသည်။ အသက်ရေသည် အသက်အတွက်ယေရှုအားဖြင့်ပြင်ဆင်ပေးရာ အားလုံးကိုကိုယ်စားပြုသည်။ ထိုအရာအားလုံးကို ယခုရရှိပြီလော။ အားလုံးတော့မရရှိသေးပါ။ အကြောင်းမှာဘုရားရှင်သည်ဦးဆုံး လက်ရှိဆိုးယုတ်သောအစီအစဉ်စနစ်နှင့် ယင်း၏မျက်မြင်မရအုပ်စိုးရှင် စာတန်မာရ်နတ်ကို ဖယ်ရှားပစ်ရဦးမည်ဖြစ်သည်။ သို့သော်ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းကောင်းကို ကြားနာ၊ နာခံပြီး၊ ယင်းနှင့်အညီကျွန်ုပ်တို့၏ အသက်တာကိုပုံသွင်းပေးခြင်းဖြင့် ယခုထို “ရေ” မှရရှိနိုင်သည်ကို ယူထားနိုင်သည်။—ယောဟန် ၃:၁၆။ ရောမ ၁၂:၂။

၄ ထို့ကြောင့်၊ ယောဟန်အား ‘အသက်ရေစီးရာမြစ်ကို’ ပြပြီးနောက် ယေရှုသည်ယောဟန်အား ရူပါရုံဖြင့်မိမိ၏ကောင်းကင်တမန်ကို စေလွှတ်ရသောရည်ရွယ်ချက်ကို ပြောပြသည်။ ထို့နောက်ယောဟန်သည်ကြေညာချက်တစ်ရပ်ကို ကြားခဲ့သည်။ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ‘လာခဲ့ပါ’ ဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည်လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) ထို့ကြောင့်ဘုရားရှင်၏ကျေးကျွန်များသည် ဘုရား၏သိုးသငယ်အားဖြင့် မြေကြီးပေါ်တွင်ထာဝရအသက်ရရန် ဘုရားရှင်၏ပြင်ဆင်ပေးချက်ကို စတင်သောက်သုံးရန် ရေငတ်နေသူများအားဖိတ်ခေါ်ကမ်းလှမ်းသည်။—ယောဟန် ၁:၂၉။

အသက်ရေလိုအပ်မှုတိုးလာ

၅။ လူသားများဤမြင့်မြတ်သော ပြင်ဆင်ပေးချက်ကို မည်သို့လိုအပ်လာသနည်း။

၅ ဝမ်းနည်းဖွယ်ကား၊ လူ့မိသားစု၏ ပထမဆုံးမိဘနှစ်ပါးသည် သူတို့သားစဉ်မြေးဆက်အား ပရဒိသုနေအိမ်တွင်စုံလင်သောလူ့အသက်ဖြင့် ထာဝစဉ်ခံစားရန်အခွင့်အရေးကို ပေးနိုင်သည့်လမ်းစဉ်ကို မလိုက်လျှောက်ခဲ့ကြချေ။ လူသားများထာဝရအသက်ရရန် အာဒံသည်သူ၏ဖန်ဆင်းရှင်အား နာခံလျက်အမှုဆောင်သွားရန် အမြော်အမြင်ရှိရှိ ရွေးချယ်ဖို့လိုအပ်သည်။ ပုန်ကန်သူဝိညာဏသတ္တဝါတစ်ဦး၏ ဩဇာအောက်တွင်ဧဝသည် လူသားများအားသေခြင်းကိုဖြစ်စေသည့် လှုပ်ရှားမှုကိုအစပြုခဲ့ပြီး၊ သူမ၏စုံလင်သောခင်ပွန်းအာဒံလည်း သူမနှင့်အတူထိုသေခြင်းလမ်းတွင် လိုက်လျှောက်ရန်ရွေးချယ်ခဲ့သည်။ သို့ဖြင့်မွေးဖွားလာမည့် လူမျိုးဆက်ကိုလူ့အသက်ဆက်ပေးမည့်သူအနေနှင့် အာဒံသည်လူ့မိသားစုတစ်ခုလုံးကို သေခြင်းသို့ပို့ဆောင်သူအစစ်အမှန်ဖြစ်သည်။ ထို့ကြောင့်ပင်သမ္မာကျမ်းစာက “အပြစ်တရားသည်တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုဖော်ပြထားသည်။ (ရောမ၅:၁၂) အာဒံနှင့်ဧဝသည် အပြစ်ထဲကျရောက်ပြီးနောက်မှ မိသားစုဝင်သစ်များကို သူတို့စမွေးဖွားလာကြသည်။—ဆာလံ ၅၁:၁။

၆။ ယေဟောဝါရှင်သည် အဘယ်ကြောင့် “ရေ” ရရှိရန်စီစဉ်ပေးသနည်း။

၆ မြေကြီးပရဒိသုတွင် စုံလင်သောလူသားများနှင့်ပြည့်နေရန် ဘုရားရှင်၏ရည်ရွယ်ချက်ကို မဖြစ်မြောက်စေရန် ကိုယ်တော်အားထာဝစဉ် ကာဆီးထားမည်လော။ မဟုတ်ပါဟုသမ္မာကျမ်းစာကဖြေဆိုသည်။ မိမိ၏ရည်ရွယ်ချက်ပြည့်စုံစေရန်အတွက် ယေဟောဝါရှင်သည် အာဒံ၏ဆိုးရွားသောပျက်ကွက်မှုကို ပျက်ပြယ်စေဖို့ မေတ္တာပါသောပြင်ဆင်ချက်ကိုပြုလုပ်ခဲ့ပြီး၊ ယင်းသည်ပြည့်စုံ၍ အဆုံးစွန်လက္ခဏာဖြစ်သောကိုယ်တော်၏ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ညီညွတ်ရမည်။ ကိုယ်တော်သည်ယင်းကို “အသက်ရေစီးရာမြစ်” အားဖြင့်လုပ်ဆောင်သည်။ ယင်းအားဖြင့်ကိုယ်တော်သည် အသက်ပင်ရင်းသို့ချဉ်းကပ်ရန်ဆုံးရှုံးခဲ့သည့် နာခံသည့်လူသားများကို စုံလင်သောလူ့အသက်တာသို့ ပြန်လည်တည်ထောင်ပေးမည်။ ဤမြစ်ရေသည် ယေရှုခရစ်၏အနှစ်တစ်ထောင်အုပ်ချုပ်စဉ်အတွင်း အပြည့်အဝစီးဆင်းမည်။ သို့ဖြင့်ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးတစ်လျှောက် သေရာမှရှင်ပြန်လာမည့်သူများအပါအဝင် လူသားများသည် “အသက်ရေစီးရာမြစ်” မှသောက်သုံးရမည်။—ယေဇကျေလ ၄၇:၁-၁၀။ တမန်တော် ၂၄:၁၅၊ နှင့်နှိုင်းယှဉ်။

၇။ အဘယ်အရာပေါ်အခြေခံ၍ “ရေ” ပြင်ဆင်ပေးချက်ကို ပြုလုပ်သနည်း။

၇ ယေဟောဝါရှင်သည် မိမိ၏အသက်ကိုယ်နှိုက်တွင်ပျော်မွေ့ပြီး၊ ကိုယ်တော်၏ဖန်ဆင်းရာအချို့တွင် ဉာဏ်ပညာရှိသူများကိုချထားရာ၌လည်း ပျော်မွေ့သည်။ ယေဟောဝါရှင်၏အသက်ပေးရာပြင်ဆင်ပေးချက်အခြေခံသည် ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာဖြစ်သည်။ (မာကု ၁၀:၄၅။ ၁ ယောဟန် ၄:၉၊ ၁၀) သမ္မာကျမ်းစာကတစ်ခါတစ်ရံ “ရေ” ဟုခေါ်သော ဘုရားနှုတ်ကပတ်တော်လည်းပါဝင်သည်။ (ဧဖက် ၅:၂၆) စုံလင်သောလူမောင်နှံ အာဒံနှင့်ဧဝအတွက် ဘုရားရှင်ပြုလုပ်ပေးခဲ့သော မူလပြင်ဆင်ပေးချက်ကို ဆုံးရှုံးခဲ့ရသည့်လူသားများအား ယေဟောဝါဘုရားရှင်သည် “လာခဲ့ပါ” ဟုလွတ်လပ်စွာပြောဆိုနိုင်သည်။

သတို့သမီးအတန်းအစားက “လာခဲ့ပါ” ဟုဆိုကြ၏

၈။ ဤ “ရေ” ကိုမည်သူများနှင့် အဘယ်အချိန်တွင် ပထမဆုံးပေးခဲ့သနည်း။

၈ “လာခဲ့ပါ” ဟုပထမဆုံးဖိတ်ခေါ်သူမှာ သိုးသငယ်၏ပုံဆောင်ရာသတို့သမီးဖြစ်ကြသော ယေဟောဝါရှင်၏ ဝိညာဏသားဦးများဖြစ်ကြသည်။ (ဗျာဒိတ် ၁၄:၁၊ ၃၊ ၄၊ ၂၁:၉) ခရစ်တော်၏ဝိညာဏသတို့သမီးသည် ၁၄၄၀၀၀ အပြည့်အဝဖြစ်ရန်၊ ယေဟောဝါရှင်စုရုံးဦးမည့် သတို့သမီးအဝင်များဖြစ်သည့် မိမိတို့ကိုယ်ကို “လာခဲ့ပါ” ဟုဆိုနေခြင်းမဟုတ်ချေ။ ထိုဖိတ်ခေါ်ချက်စကားများသည် အာမဂေဒုန်ပြီးနောက် မြေကြီးပေါ်တွင်စုံလင်သောအသက်တာနှင့်နေရန် မျှော်လင့်သည့်လူသားများကို ကမ်းလှမ်းထားခြင်းဖြစ်သည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ၁၉၁၄ မှစ၍ ဤအစီအစဉ်၏နောက်ဆုံးကာလတွင် ဘုရားရှင်၏သန့်ရှင်းသောဝိညာဉ်တော်နှင့်ပူးတွဲ၍ “သတို့သမီး” ၏ဖိတ်ခေါ်ကမ်းလှမ်းချက်ကို ကျွန်ုပ်တို့ကြားခဲ့ရပြီ။

၉။ ယင်းသည်အုပ်စုငယ်လေးတစ်ခုအတွက်သာ မဟုတ်ကြောင်းကျွန်ုပ်တို့မည်သို့ သိရသနည်း။

၉ သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်က ‘မည်သူမျှမရေတွက်နိုင်သော လူအုပ်ကြီးသည်’ ဘုရားနိုင်ငံတော်၏သတင်းကောင်းကြေညာခြင်းကို တုံ့ပြန်မည်ဖြစ်ပြီး ထိုဘုရင်အုပ်ချုပ်ရေးဘက်၌ မိမိတို့ကိုယ်ကိုအခိုင်အမာရပ်တည်မည့်အကြောင်း ရင်ဖိုဖွယ်တင်ပြထားသည်။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၆၊ ၁၇) သင်သည်ထိုလူအုပ်ကြီးအဝင်တစ်ဦး ဖြစ်ပါသလော။ သို့ဖြစ်လျှင် “ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။”

ဝိညာဉ်တော်နှင့်သတို့သမီးက “လာခဲ့ပါ” ဟုဆိုကြ၏

၁၀။ ပုံဆောင်ရာရေသည်အဘယ်မှ အရင်းခံရမည်ဖြစ်ပြီး အဘယ်ကြောင့်နည်း။

၁၀ သို့သော်ဗျာဒိတ် ၂၂:၁၇ တွင်ဘုရားရှင်နှင့်ပုံဆောင်ရာသတို့သားအကြောင်း အဘယ်ကြောင့်မဖော်ပြသနည်း။ ပထမဆုံးဝိညာဉ်တော်သည် မည်သူ၏ဦးဆောင်မှုအောက်တွင် လုပ်ဆောင်ကြောင်းသတိပြုပါ။ သို့နှင့်ပင်၊ ဝိညာဉ်တော်ကိုရည်ညွှန်းရာတွင် ယေဟောဝါကိုယ်နှိုက်အပေါ် ကျွန်ုပ်တို့၏အာရုံကိုစိုက်စေသည်။ ခမည်းတော်သည်သန့်ရှင်းသောဝိညာဉ်တော်၏ အရင်းခံဖြစ်သောကြောင့် ခမည်းတော်ကိုဘေးဖယ်မထားချေ။ ဒုတိယမှာ သားတော်သည်မိမိခမည်းတော်နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်တော်မူ၏။ ကိုယ်တော်ကိုယ်နှိုက်ပြောသကဲ့သို့ပင်။ “ယေရှူကလည်း၊ သင်တို့အားငါအမှန်အကန်ဆိုသည်ကား ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည်မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။” (ယောဟန် ၅:၁၉) ၄င်းပြင်၊ ဤဖိတ်ခေါ်ချက်သည် ယေဟောဝါဘုရားရှင်ထံမှ လုံးလုံးလျားလျားလာသော မှုတ်သွင်းခံစကားဖြစ်ပြီး လူသားများသည် “နှုတ်ကပတ်တော်” ယေရှုခရစ်အားဖြင့် မြင့်မြတ်သောလမ်းညွှန်မှု သို့မဟုတ် “မှုတ်သွင်းခံစကားတော်များကို” ရရှိနိုင်သည်။ (ဗျာဒိတ် ၂၂:၆။ ၂၂:၁၇။ Reference Bible, footnote; ယောဟန် ၁:၁) လျောက်ပတ်စွာပင်ကျွန်ုပ်တို့သည် ခရစ်တော်တည်းဟူသောသတို့သားကို ဤဖိတ်ခေါ်ချက်နှင့်အကြုံးဝင်စေနိုင်သည်။ မှန်ပါသည်၊ “လာခဲ့ပါ” ဟုဆိုရာတွင် သတို့သား၏ဖခင် ယေဟောဝါဘုရားရှင်နှင့်ယေရှုခရစ်နှစ်ဦးစလုံးသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သတို့သမီးနှင့်ပူးပေါင်းခဲ့မည်ကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။

၁၁၊ ၁၂။ (က) သောက်သုံးရန်ဖိတ်ခေါ်ချက်ကို တိုးချဲ့ကမ်းလှမ်းမည့်အကြောင်း မည်သည့်စောစောပိုင်း တင်ပြချက်များရှိသနည်း။ (ခ) နှစ်များတစ်လျှောက်တွင် ယင်းကိစ္စသည်မည်သို့ ပို၍ထင်ရှားလာသနည်း။

၁၁ “အသက်ရေ” ငတ်နေသူများထံ “လာခဲ့ပါ” ဟူသည့်ဖိတ်ခေါ်ချက်ရောက်ရှိနေသည်မှာ နှစ်အတန်ကြာခဲ့ပေပြီ။ ၁၉၁၈ ကပင်သတို့သမီးအတန်းအစားသည် အထူးသဖြင့်မြေကြီးပေါ်တွင်နေမည့် သူများနှင့်ဆိုင်သည့်သတင်းကို စဟောခဲ့သည်။ “ယခုအသက်ရှင်နေသူသန်းပေါင်းများစွာ ဘယ်တော့မျှမသေပဲဖြစ်နိုင်” ဟူသည့်လူထုတရားဟောပွဲဖြစ်သည်။ ယင်းကအများသည် အာမဂေဒုန်ကျော်ပြီးနောက် ဘုရားရှင်၏မေရှိယနိုင်ငံတော်အောက် ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရရှိမည့် မျှော်လင့်ချက်ကိုပေးခဲ့သည်။ သို့သော်ယင်းသတင်းသည် ခြုံ၍ဖြောင့်မတ်မှုရှိခြင်းမှအပ ဤလွတ်မြောက်ရေးအခွင့်အရေးလမ်းကို အတိအကျမဖော်ပြခဲ့ချေ။

၁၂ “လာခဲ့ပါ” ဟူသည့် ဖိတ်ခေါ်ချက်သည် လူများထံပိုရောက်ရန် ၁၉၂၂ တွင် “ဘုရင်နှင့်နိုင်ငံတော်ကို ကြေညာလော့” သတင်းသည် ဘုရားရှင်အမှုဆောင်ရွက်ရန် စိတ်ဝင်စားသူများအားလုံးထံ ရောက်ရှိခဲ့သည်။ ၁၉၂၃ တွင်သတို့သမီးအတန်းအစားသည် မဿဲ ၂၅:၃၁-၄၆ ရှိယေရှု၏ “သိုး” နှင့် “ဆိတ်” ပုံဥပမာသည် အာမဂေဒုန်မတိုင်မီပေါ်လာကြောင်း နားလည်ခဲ့ကြသည်။ ထို့နောက် ၁၉၂၉ မတ်လ ၁၅ ရက်ကင်းမျှော်စင်တွင် “ထူးမြတ်သောဖိတ်ခေါ်ချက်” အကြောင်းပါရှိသည်။ ယင်း၏အဓိကကျမ်းချက်မှာ ဗျာဒိတ် ၂၂:၁၇ ဖြစ်သည်။ ယင်းကသတို့သမီး၏ “လာခဲ့ပါ” ဟူသည့် ဖိတ်ခေါ်ချက်တာဝန်ကိုတိုးချဲ့ရန် အလေးပေးဖော်ပြခဲ့သည်။—စာမျက်နှာ ၈၇-၉a

အခြားသိုးများကလည်းပူးပေါင်း၍ “လာခဲ့ပါ” ဟုဆိုသည်

၁၃၊ ၁၄။ ၁၉၃၀ ပြည့်နှစ်များတွင် အခြားသူများလည်းပုံဆောင်ရာရေကို သောက်သုံးမည့်အကြောင်း မည်သည့်ထပ်ဆင့်ရှင်းလင်းချက်များပေးခဲ့သနည်း။

၁၃ ၄င်းပြင် ၁၉၃၂ လောက်ကတည်းကကင်းမျှော်စင် က “အခြားသိုး” များသည်ပြန်၍ “လာခဲ့ပါ” ဟုဆိုရန်တာဝန်ကို ညွှန်ပြခဲ့သည်။ (ယောဟန် ၁၀:၁၆) ဩဂုတ်လ ၁ ရက်ထုတ်၊ စာမျက်နှာ ၂၃၂ အပိုဒ် ၂၉ တွင် “ယေဟောဝါသက်သေများသည် ယေဟုကဲ့သို့ဇွဲရှိပြီး သူတို့သည်ယောနဒပ်အတန်းအစား [အခြားသိုး] ကိုသူတို့နှင့်အတူလာ၍ ဘုရားနိုင်ငံတော်ရောက်ရှိကြောင်း အခြားသူများကိုကြေညာရာ၌ တစ်စိတ်တစ်ပိုင်းပါဝင်ရန် အားပေးသင့်သည်” ဟုဖော်ပြထားသည်။ ထို့နောက်၊ ဗျာဒိတ် ၂၂:၁၇ ကိုကိုးကားပြီးနောက်အပိုဒ်က “နိုင်ငံတော်သတင်းကောင်းဟောပြောရန် ပါဝင်လိုသူအားလုံးကို ဘိသိက်ခံများအားပေးပါစေ။ သခင်၏သတင်းကိုကြေညာရန် သခင်၏ဘိသိက်ခံဖြစ်ရန်မလိုပါ။ အာမဂေဒုန်ကိုကျော်ပြီး ယေဟောဝါ၏ကြွယ်ဝသော ကောင်းမြတ်မှုများကြောင့် ထာဝရအသက်ရရှိမည့်သူများအတွက် အသက်ရေကိုသယ်ပေးခွင့်ရရှိကြောင်း ယခုသိရှိရသည့်အတွက် ယေဟောဝါသက်သေများအတွက် နှစ်သိမ့်မှုကြီးပင်ဖြစ်သည်။”b

၁၄ ၁၉၃၄ ခုနှစ်မှစ၍ဘိသိက်ခံအကြွင်းအကျန်များက ဤအခြားသိုးများသည် ယခုမိမိတို့ကိုယ်ကိုဘုရားထံဆက်ကပ်ရမည်ဖြစ်ပြီး သူတို့၏ဆက်ကပ်မှုကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့်တင်ပြကာ သတို့သမီးအတန်းအစားနှင့်ပူးပေါင်း၍ အခြားရေငတ်နေသူများအားတစ်ဖန် “လာခဲ့ပါ” ဟုဆိုရန် ညွှန်ပြခဲ့သည်။ ထို့ကြောင့်၊ သတို့သမီးအတန်းအစားသည် “သိုးထိန်းတစ်ပါး” ယေရှုခရစ်၏အောက်၌ “သိုးခြံတစ်ခု” တည်းတွင် ဤရေငတ်နေသောအခြားသိုးများကို စုရုံးရန်တိကျသောဖိတ်ခေါ်ချက်ကို ယခုကမ်းလှမ်းလျက်ရှိသည်။ (ယောဟန် ၁၀:၁၆) ဘိသိက်ခံအကြွင်းအကျန်သည်၁၉၃၅တွင် သူတို့၏စည်းဝေးကြီး၌ “လာခဲ့ပါ” ဟုသူတို့ဖိတ်ခေါ်နေသည့် သိုးကဲ့သို့သောအတန်းအစားသည် ဗျာဒိတ် ၇:၉-၁၇ မှ “လူအုပ်ကြီး” သာဖြစ်ကြောင်း သိရသည့်အခါ စိတ်လှုပ်ရှားခဲ့ကြသည်။

၁၅။ “လာခဲ့ပါ” ဟူသည့်ဖိတ်ခေါ်ချက်တွင် “ဝိညာဉ်တော်” သည်မည်သို့ပတ်သက်သနည်း။

၁၅ “လာခဲ့ပါ” ဟုဆိုရာတွင် သတို့သမီးအတန်းအစားသည် ဘုရားရှင်၏သန့်ရှင်းသောဝိညာဉ်တော်နှင့်အညီဖြစ်သည်။ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်အားဖြင့် မိမိ၏ရေးသားထားသောနှုတ်ကပတ်တော်မှ ပရောဖက်ပြုချက်ကိုဖွင့်ပြခြင်းဖြင့်ကိုယ်တော်သည် သတို့သမီးအတန်းအစားမှ အကြွင်းအကျန်များအား ဖိတ်ခေါ်ချက်ကိုတိုးချဲ့စေခဲ့သည်။ သူတို့၏ဖိတ်ခေါ်ချက်ကိုအခြေပြုသော ပရောဖက်ပြုချက်များသည် ဘုရား၏ဝိညာဉ်တော်ဖြင့် မှုတ်သွင်းထားသည်။ ထို့ကြောင့်ခရစ်တော်နှင့် မိမိ၏သတို့သမီးမှတစ်ဆင့် စီးဆင်းနေသော သန့်ရှင်းသောဝိညာဉ်တော်က သိုးကဲ့သို့သောလူအုပ်ကြီးကို “လာခဲ့ပါ” ဟုဆိုနေခြင်းသာဖြစ်သည်။—ဗျာဒိတ် ၁၉:၁၀။

၁၆။ ယနေ့ဖိတ်ခေါ်ချက်တွင် ဝိညာဉ်တော်နှင့်သတို့သမီးသည် မည်သို့ဆက်နွယ်နေသနည်း။

၁၆ ယနေ့ထိတိုင် ဝိညာဉ်တော်နှင့်အကြွင်းအကျန်ဖြင့်ကိုယ်စားပြုသော သတို့သမီးက “‘လာခဲ့ပါ’ ဟုဆက်၍ဆိုနေကြသည်။” အကြွင်းအကျန်များက ဤအခြားသိုးများအား အခြားသူများကိုတစ်ဖန် “လာခဲ့ပါ” ဟုဖိတ်ခေါ်ရန်ပြောသည်။ သူတို့သည် ယနေ့ရရှိနိုင်သော “အသက်ရေ” ကိုသူတို့အတွက်သာ ထားဖို့မဟုတ်ချေ။ သူတို့သည် “ဝိညာဉ်တော်နှင့်သတို့သမီး” မှ “ကြားသောသူကလည်း ‘လာခဲ့ပါ’”ဟူသည့်အမိန့်တော်ကို နာခံရမည်။ ရေငတ်ပြေသူအားလုံး ဖိတ်ခေါ်ချက်ကိုဖြန့်ရမည်။ သူတို့သည် လူမျိုးမရွေး၊ ဘာသာမရွေး နေရာတိုင်းရှိလူတိုင်းအား ကမ်းလှမ်းရမည်။ လောလောဆယ်တွင်ရနိုင်သမျှ “အသက်ရေ” ကိုလူခပ်သိမ်း အခမဲ့သောက်သုံးရန် ယေဟောဝါသက်သေများ ဖိတ်ခေါ်ကူညီပေးနေခြင်းပါတကား။

၁၇။ ယနေ့မည်သို့သော “ရေ” ရရှိနိုင်သနည်း။

၁၇ ကမ္ဘာချီ၍၊ သိုးသငယ်ယေရှုခရစ်သည်အမှန်ပင် လူအုပ်ကြီးကို “အသက်စမ်းရေတွင်းသို့” လမ်းပြလျက်ရှိသည်။ (ဗျာဒိတ် ၇:၁၇) ယင်းသည်ညစ်ညမ်းသောရေမဟုတ်ပဲ မူလကတည်းကသန့်ရှင်း၊ အေးမြ၊ ကောင်းမွန်သောရေဖြစ်သည်။ ဤပုံဆောင်ရာရေများသည် သမ္မာတရားကိုနားလည်ခြင်းဆိုင်ရာရေများထက်မက ပို၍ဆိုလိုသည်။ ယင်းတို့သည်လူအုပ်ကြီးအား ပျော်ရွှင်မှု၌ ထာဝရစုံလင်သောအသက်ရရှိရန်လမ်းသို့ ယခုပင်စပို့ဆောင်နေသော ယေရှုခရစ်အားဖြင့် ဘုရားရှင်ပြင်ဆင်ပေးရာခပ်သိမ်းကို ဆိုလိုသည်။

ကြေညာခြင်းတွင်ယခုပါဝင်လော့

၁၈။ ကျွန်ုပ်တို့အချိန်တွင် ဖိတ်ခေါ်ချက်သည်မည်မျှ ကျယ်ပြန့်သနည်း။

၁၈ ယခုပင်ဤလူအုပ်ကြီးအရေအတွက်သည် သန်းပေါင်းများစွာရှိနေချေပြီ။ သူတို့သည်ဇွဲလုံ့လဖြင့် နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာအရပ်ရပ်၌ ဆက်လက်ဟောပြောလျက်ရှိသည်။ သူတို့သည်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းရပ်ကို မှန်မှန်မှတ်တမ်းသွင်းကြရာယခု ၂၁၂ နိုင်ငံသို့ရောက်ရှိသွားပေပြီ။ ဤအစီအစဉ်စနစ်၏နောက်ဆုံးချိန် ခွင့်ပြုသည့်အလျောက် မဟာအချိန်စောင့်ထိန်းရှင် ယေဟောဝါဘုရားသခင်၏ သည်းခံစိတ်ရှည်ခြင်းနှင့်အညီ ဖိတ်ခေါ်ချက်သည်ဆက်လက်ရှိနေမည်။ ဘယ်တော့အချိန်ပြည့်မည်နှင့် သမ္မာကျမ်းပရောဖက်ပြုချက်တွင် ထပ်တစ်လဲလဲကတိပြုထားသည်နှင့်အညီ မိမိသည်ယေဟောဝါဖြစ်ကြောင်း လူခပ်သိမ်းအားသိစေမည့် အကျပ်အတည်းအချိန်သည် ဘယ်တော့ဖြစ်မည်ကို ကိုယ်တော်သိတော်မူမည်။—ယေဇကျေလ ၃၆:၂၃။ ၃၈:၂၁-၂၃။ ၃၉:၇။

၁၉။ ဤ “ရေ” ကိုအခမဲ့ပေးဝေကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် ဆိုနိုင်သနည်း။

၁၉ အချိန်ရှိနေသေးစဉ်၊ ‘အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ’ ဟုဆိုရာတွင် သတို့သမီးအဖွဲ့မှအကြွင်းအကျန်တို့နှင့်အတူ လူအုပ်ကြီးအဝင်တို့သည် ရွှင်လန်းစွာဖြင့်ပါဝင်ကြသည်။ ဤအသက်ကယ်သတင်းကောင်းကို ကြေညာသူများသည် အခမဲ့ကြေညာနေပြီး ကမ္ဘာတစ်ဝန်းတွင် နိုင်ငံတော်သတင်းဖြန့်ဝေရာ၌ သူတို့၏အမှုဆောင်ခြင်းကို အဖိုးအခမယူကြချေ။

၂၀။ ဤ “ရေ” ရရှိသောကြောင့် ဘာဖြစ်လာမည်နည်း။

၂၀ သောက်သုံးလိုသူများသည် အသက်ကယ်တင်ခြင်းရလဒ်များကို အပြည့်အဝရရှိနိုင်ရန် အသက်ရေကို ယခုကမ္ဘာတစ်ဝန်းတွင်ရရှိနိုင်သည်။ ရွေးနှုတ်ထားသောလူသားများသည် မကုန်ဆုံးနိုင်သည့်အသက်ကို ယေဟောဝါ၏အဖိုးထိုက်လှသော ရည်ရွယ်ချက်ကိုထင်ရှားစေသည့် ပရဒိသုအဖြစ်ပြောင်းလဲမည့် ဤမြေကြီးပေါ်တွင် ခံစားကြပါလိမ့်မည်။ ကျွန်ုပ်တို့ဖန်ဆင်းရှင်သည် ဤမြေကြီးကိုအချည်းနှီးဖြစ်ဖို့မဟုတ်ဘဲ ဧဒင်ဥယျာဉ်ကိုဝန်းရံနေသောကမ္ဘာ သို့မဟုတ် ဘုရားရှင်၏ပုံသဏ္ဌာန်နှင့်အညီ စုံလင်သောလူသားများနေထိုင်သည့် သာယာသောပရဒိသုအဖြစ် ဖန်ဆင်းတော်မူသည်။

၂၁။ မြေကြီးအတွက်ဘုရားရည်ရွယ်ချက်သည် မည်သို့ပြည်စုံလာမည်နည်း။

၂၁ အမှန်ပင်၊ ထိုသို့သောကမ္ဘာသစ်တွင် နေရခြင်းသည်မပြောပြနိုင်သော အခွင့်အရေးထူးကြီးပင်ဖြစ်မည်။ ထိုအခါ ကမ္ဘာဦး ၁:၂၇၊ ၂၈ တွင်ဘုရားရှင်ပေးခဲ့သောတာဝန်သည် လှိုင်လှိုင်ကြီးပြည့်စုံပါလိမ့်မည်။ လူသားများကျရောက်ခဲ့ရသည့် ဒုက္ခဘေးကိုပိုင်နိုင်စွာကိုင်တွယ်ပေးခဲ့သော ယေဟောဝါရှင်အားကျေးဇူးတင်ပါ၏။ မြေကြီးသည် စုံလင်သောလူသားများနှင့် ပြည့်နေသည့်ပရဒိသုဖြစ်လာမည်။ မှန်ပါသည်၊ ဘုရားရှင်သည် သူပြုသမျှခဲ့သမျှကို ကြည့်ရှုတော်မူမည်ဖြစ်ပြီး ကြည့်ပါ၊ ယင်းသည်အလွန်တရာ ကောင်းမွန်ပါလိမ့်မည်။ ထိုတွင်သင်ရှိနေမည်လော။ သို့ဖြစ်လျှင်သင်သည် ယခုမှစ၍အသက်ရေကိုလေးမြတ်စွာဖြင့် အခမဲ့စတင်သောက်သုံးရမည်။ “လာခဲ့” ပြီး ယခုတွင်စတင်စီးဆင်းနေကာ လာလတံ့သောအနှစ်တစ်ထောင်အုပ်ချုပ်ရေးတွင် အပြည့်အဝစီးဆင်းမည့် အသက်ရေဖြင့်သင်၏ရေငတ်နေခြင်းကိုပြေစေ၍ အဝသောက်ပါလေ။ ဤချိုသာသောဖိတ်ခေါ်ချက်ကို ကြားသူမည်သူမဆိုသည် “လာခဲ့ပါ” ဟုဆိုပါလေ။

[အောက်ခြေမှတ်ချက်များ]

a ဖော်ပြချက်များထဲမှ တစ်ခုကဤသို့ဆိုသည်။ “လွန်ခဲ့သည့်နှစ်အနည်းငယ်ကလောက် သမ္မာတရားကိုသက်သေခံခြင်းဤမျှလောက် မကျယ်ပြန့်ခဲ့ချေ။ . . . အကြွင်းအကျန်သည် သူတို့ထံဝမ်းမြောက်ဖွယ်သတင်းကို ယူဆောင်လာပြီး သူတို့အား ‘အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ’ ဟုဆိုသည်။ သူတို့သည်ယခုစာတန်နှင့်ဆန့်ကျင်ဘက် သခင်ဘုရားဘက်နေကာ ကောင်းချီးများခံစားရန် သူတို့အားပြောပြသည်။ ဤသူများသည် နှိမ့်ချခြင်းနှင့်ဖြောင့်မတ်ခြင်းကိုရှာသော ကိုယ်တော်၏အမျက်ထွက်ရာနေ့တွင် ပုန်းရှောင်ရာကိုတွေ့ကာ အာမဂေဒုန်စစ်ပွဲကိုကျော်နင်း၍ မသေဘဲထာဝစဉ်နေသွားမည့် အတန်းအစားမဟုတ်ပေလော။ (ဇေဖနိ ၂:၃) . . . သစ္စာရှိအကြွင်းအကျန်အတန်းအစားသည် ထူးမြတ်လှသောဖိတ်ခေါ်ချက်တွင်ပါဝင်၍ ‘လာခဲ့ပါ’ ဟုဆိုသည်။ ဤသတင်းသည် ဖြောင့်မတ်ခြင်းနှင့်သမ္မာတရားကို တောင့်တသူများအား ကြေညာရန်ဖြစ်သည်။ ယခုပင်ပြုရမည်။”

b ၁၉၃၄ ဩဂုတ်လ ၁၅ ရက်ထုတ် ကင်းမျှော်စင် ကလည်းအခြားသိုးများတာဝန်ကို ညွှန်းထား၍ စာမျက်နှာ ၂၄၉၊ အပိုဒ် ၃၁ တွင်ဆိုထားသည်။ “ယောနဒပ်အတန်းအစားသည် သမ္မာတရားသတင်းကိုကြားပြီး အခြားသူများကြားရန် ‘ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။’ (ဗျာဒိတ် ၂၂:၁၇) ယောနဒပ်အတန်းအစားဝင်တို့သည် ပုံဆောင်ရာယေဟုအုပ်စုဖြစ်သော ဘိသိက်ခံများနှင့်အတူ သွားရမည်ဖြစ်ပြီး သူတို့သည်ယေဟောဝါ၏ဘိသိက်ခံများမဟုတ်သော်လည်း နိုင်ငံတော်သတင်းကိုကြေညာရမည်။”

သင်၏အဖြေကားအသို့နည်း

▫ အဘယ် “ရေ” ကို ဗျာဒိတ် ၂၂:၁၇ တွင် ရည်ညွှန်းသနည်း။

▫ “ရေ” ၏ပင်ရင်းကားအဘယ်နည်း။

▫ “ရေ” ကိုအဘယ်ကြောင့်လိုအပ်ပြီး၊ ယင်းသည်ဘယ်အချိန်ကသာစ၍ စီးဆင်းနိုင်ခဲ့သနည်း။

▫ ကျွန်ုပ်တို့၏ကျမ်းပိုဒ်တွင် “ဝိညာဉ်တော်” ကိုရည်ညွှန်းခြင်းကဘာကို တင်ပြပြီး၊ သတို့သမီးသည် မည်သို့ပတ်သက်သနည်း။

▫ “ရေ” ကိုမည်သူသောက်သုံးနိုင်ပြီး ရလဒ်ကားအဘယ်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ