ချစ်မြတ်နိုးသူတစ်ဦး သေဆုံး သည့်အခါ
“၁ ၉၈၁ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ကျွန်မအမေဆုံးခဲ့တယ်။ သူမဟာကျွန်မရဲ့မွေးစားမိခင်ဖြစ်ပါတယ်။ အမေဆုံးတာ ကျွန်မနဲ့ကျွန်မရဲ့မွေးစားမောင်လေးအတွက် သိပ်အခံရခက်စေပါတယ်။ ကျွန်မအသက် ၁၇ နှစ်၊ မောင်လေးအသက်က ၁၁ နှစ်ရှိပြီ။ အမေကို ကျွန်မသိပ်လွမ်းပါတယ်။ အမေဟာကောင်းကင်ရောက်နေပြီလို့ သွန်သင်ခံထားရပါတယ်။ ဒါဆိုကျွန်မလည်း အမေနဲ့အတူနေရဖို့ ဘဝပြောင်းချင်တယ်။ အမေဟာ ကျွန်မရဲ့အကောင်းဆုံးမိတ်ဆွေပဲ။”—ရိုဘာတာ၊ ၂၅ နှစ်။
သင်ကောအလားတူ တွေ့ကြုံခံစားဖူးပါသလော။ သို့ဆိုလျှင်၊ ချစ်မြတ်နိုးသူတစ်ဦးကို ဆုံးရှုံးရခြင်းအတွက် ခံရသည့်ဝေဒနာကို သင်ကိုယ်တွေ့သိနားလည်ပေမည်။ ကျွန်ုပ်တို့ချစ်မြတ်နိုးသူတစ်ဦးအား သေခြင်းကခေါ်ယူသွားနိုင်သည့် တန်ခိုးရှိခြင်းမှာ အလွန်တရားမျှတမှုမရှိပုံရသည်။ သင်ချစ်ခင်မြတ်နိုးသူနှင့် စကားပြောခြင်း၊ အတူရယ်မောခြင်း၊ ထိတွေ့ကိုင်တွယ်ခြင်းများ ဘယ်တော့မျှမပြုနိုင်တော့ကြောင်း သိရှိရခြင်းသည် အခံရခက်ဆုံးအရာဖြစ်သည်။ ရိုဘာတာ၏စကားအရ၊ ချစ်ခင်မြတ်နိုးသူ ကောင်းကင်ရောက်ရှိနေကြောင်းသိရခြင်းသည်လည်း ထိုဝေဒနာကိုမကုစားနိုင်ပါ။
မဝေးတော့သည့်အနာဂတ်တွင် သင်ချစ်မြတ်နိုးသည့်ကွယ်လွန်သူနှင့် ကောင်းကင်တွင်မဟုတ်ပဲ ငြိမ်းချမ်းဖြောင့်မတ်သော ဤကမ္ဘာမြေကြီးပေါ်၌ပင် ပြန်လည်တွေ့ဆုံနိုင်ကြောင်းသိရလျှင် သင်မည်သို့ယူမှတ်မည်နည်း။ ထိုအချိန်တွင် လူသားများသည် စုံလင်သည့်ကျန်းမာမှုနှင့် ဘယ်တော့မျှမသေရတော့သည့် အလားအလာရှိကြောင်း သင်သိရလျှင်ကော။ “ရည်မှန်းတမ်းတခြင်းရယ်ပါ” ဟုသင်ပြောကောင်းပြောမည်။
သို့သော်လွန်ခဲ့သည့် စီအီးပထမရာစုက ယေရှုဤသို့အတိအလင်းပြောခဲ့သည်။ “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ထမြောက်လိမ့်မည်။” (ယောဟန် ၁၁:၂၅) သေလွန်သူများအသက်ပြန်ရှင်လာဦးမည့် ကတိတော်ဖြစ်သည်။ စိတ်လှုပ်ရှားတက်ကြွဖွယ် မျှော်လင့်ချက်ပါတကား။
သင်သိလိုကောင်းသိလိုမည့်မေးခွန်းများမှာ ‘ထိုသို့သောကတိကို ယုံကြည်ရန်ခိုင်လုံသည့်အခြေအမြစ်ရှိပါသလော။ ယင်းသည် ရည်မှန်းတမ်းတခြင်းသက်သက်မဟုတ်ကြောင်း ကျွန်ုပ်မည်သို့စိတ်ချနိုင်မည်နည်း။ ယင်းကိုယုံကြည်ရန် ခိုင်လုံသည့်အခြေအမြစ်ရှိသည်ဆိုလျှင် ချစ်မြတ်နိုးသူအား မည်သို့ဖြစ်စေမည်နည်း’ တို့ဖြစ်သည်။ နောက်ဆောင်းပါးက ဤမေးခွန်းများနှင့်အခြားမေးခွန်းများကို ဆွေးနွေးသွားမည်။