ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁/၁ စာ. ၂၅-၂၉
  • အရှေ့အလယ်ပိုင်းမှ ရွှင်လန်းဖွယ်ခံနိုင်ရည်စွမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရှေ့အလယ်ပိုင်းမှ ရွှင်လန်းဖွယ်ခံနိုင်ရည်စွမ်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • “အကောင်းဘက်မှ”
  • “ယေဟောဝါ၏နာမတော် ကျွန်တော့်အသက်ကိုကယ်တင်”
  • “ယေဟောဝါ၏ကြည့်ရှုစောင့်ရှောက်မှု ကျွန်တော်တို့ကိုဝိုင်းကာထား”
  • လက်တွေ့အရေးပေါ်ကယ်ဆယ်ရေး
  • “သင်တို့သည်မည်သို့သော လူစားမျိုးနည်း”
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁/၁ စာ. ၂၅-၂၉

အရှေ့အလယ်ပိုင်းမှ ရွှင်လန်းဖွယ်ခံနိုင်ရည်စွမ်း

စိတ်တက်ကြွဖွယ်ဤသတင်းကို လက်ဘနွန်ရှိ ယေဟောဝါသက်သေများထံမှရရှိသည်

ကျွန်ုပ်တို့၏ ၁၉၉၀ အမှုဆောင်နှစ်ကို ဘေရွတ်မြို့တွင်အမြောက်သံ၊ ဗုံးသံနှင့်အတူစတင်ခဲ့သည်။ ထို့နောက် ၁၉၈၉ ခုစက်တင်ဘာလကုန်မှ ၁၉၉၀ ခုဇန်နဝါရီလအထိ ခေတ္တငြိမ်သက်ခဲ့သည်။

၁၉၈၉ ခုအမှုတော်ဆောင်နှစ်မှကြေညာသူ ၂၄၆၇ ဦးနှင့်နှိုင်းယှဉ်လိုက်လျှင် ထိုလများအတွင်း (နိုဝင်္ဘာလတွင်) ကြေညာသူနှုန်းသစ် ၂၆၅၉ ဦးမှတ်တမ်းသွင်းခဲ့ကြသည်။ လေးဆယ့်လေးယောက်နှစ်ခြင်းခံ၍ လစဉ်ပျမ်းမျှ ၆၅ ယောက်အရံရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ကြသည်။ ပထမဆုံးအကြိမ်အဖြစ် ကျမ်းစာသင်အံမှု ၂၀၀၀ ကျော်မှတ်တမ်းသွင်းလာကြသဖြင့် အနာဂတ်တွင်ဖြစ်လာနိုင်သည့် အလားအလာတို့ကို ကျွန်ုပ်တို့မျှော်မှန်းကြသည်။

သို့ရာတွင်အသင်းတော်အများစုတည်ရှိရာ ဘေရွတ်မြို့တွင် စစ်ပွဲဖြစ်ပွားပြန်သဖြင့် ကျွန်ုပ်တို့၏ညီအစ်ကို ဒါဇင်ပေါင်းများစွာသည် အခြားဒေသများသို့ ထွက်ပြေးခဲ့ကြရသည်။ စစ်ပွဲဖြစ်ပွားရာဒေသများရှိ အသင်းတော်များနှင့်ရက်ပေါင်းများစွာ အဆက်အသွယ်မရသဖြင့် အမှုဆောင်မှတ်တမ်းစုံစုံလင်လင် မရရှိခဲ့ပေ။ သို့သော်လည်း ညီအစ်ကိုတို့သည် ထွက်ပြေးရောက်ရှိရာ ဒေသရှိအသင်းတော်တို့နှင့် ပူးပေါင်းခဲ့ကြသဖြင့် တစ်အိမ်တက်ဆင်းလုပ်ငန်းသည် တစ်တိုင်းပြည်လုံးအတိုင်းအတာအရ အရှိန်အဟုန်မပျက်ဘဲ ကောင်းမြတ်သည့်အကျိုးကျေးဇူးရရှိခဲ့လေသည်။ ထိုအတောအတွင်း ကျွန်ုပ်တို့ညီအစ်ကိုများစွာ၏ နေအိမ်အများသည် ဗုံးဒဏ်ကြောင့် မီးလောင် သို့မဟုတ် ပျက်စီးခဲ့သည်။ ညီအစ်မတစ်ယောက် အသက်ဆုံးရှုံးခဲ့သည်။

ယေဟောဝါထံမှကူညီမစမှုနှင့် လမ်းညွှန်မှုကို ကျွန်ုပ်တို့ယုံကြည်စိတ်ချစွာ မျှော်ကိုးကြ၏။ သတ္တိရှိသော ရှေ့ဆောင်များသည်ဝိုင်းရံခံရသောဒေသများရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများထံသို့ ဝိညာဉ်အစာမှစ၍ အစားအစာနှင့်သောက်ရေများကို စေတနာအလျောက် သယ်ဆောင်ပေးကြသည်။ ယေဟောဝါနှင့်ညီအစ်ကိုများအပေါ်ထားရှိသော မေတ္တာ၏စေ့ဆော်မှုကြောင့် မိုင်းထောင်ထားသော လမ်းများကိုပင် အသက်စွန့်၍ဖြတ်သန်းသွားလာကြသည်။ ညီအစ်ကိုများ၏မိသားစုများထံ အကူအညီများရောက်ရှိလာသည်ကို လူတို့တွေ့ရသောအခါ သူတို့အတွက်ကောင်းသော သက်သေခံချက်ဖြစ်ခဲ့သည်။ တစ်ဆူတည်းမှန်သောဘုရားယေဟောဝါအား လူအားလုံးစည်းလုံးစွာ ကိုးကွယ်ကြသောအခါ မေတ္တာစစ်သည်မည်သို့စွမ်းဆောင်နိုင်ကြောင်းကို ထိုသူတို့တွေ့မြင်ကြရသည်။—⁠ယောဟန် ၁၃:၃၄၊ ၃၅၊ ၁၅:၁၃။

ထိုအမှုဆောင်နှစ်အတွင်း ညီအစ်ကိုများသည် မဂ္ဂဇင်းတစ်စောင်မျှမလွတ်ဘဲ အားလုံးရရှိခဲ့သည်။ အာရပ်ဘာသာစကားဖြင့်ထုတ်ဝေသော နိုးလော့ ကို ၁၉၉၀၊ ဇန်နဝါရီ ၈ ရက်ထုတ်မှအစပြု၍ ကင်းမျှော်စင် နည်းတူ အင်္ဂလိပ်ဘာသာနှင့်တစ်ပြိုင်တည်း စတင်ထုတ်ဝေခဲ့သည်။ သက်သေခံများနှင့်စိတ်ပါဝင်စားသူများ အထူးဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ Should you Believe in the Trinity? ရုပ်ပြစာစောင့်နှင့် The Bible—God’ word or Man’s? နှင့်ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ် ကဲ့သို့သောအာရပ်ဘာသာဖြင့် အသစ်ထွက်ပေါ်လာသည့်စာအုပ်များကိုတွေ့ရသည်မှာလည်း ဘဝင်ခိုက်စရာဖြစ်ပေသည်။

ဘေရွတ်မြို့တွင် စက်ရုံများစွာနှင့် အခြားဌာနများစွာပိတ်ထားသည့်ကြားမှ အထက်ပါဝိညာဏလက်ဆောင်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ တိုင်းပြည်တစ်ဝန်းတွင် စီးပွားရေးအခြေအနေမှာ ဆိုးရွားလှသည်။ နေရာများစွာ၌ လျှပ်စစ်ဓာတ်အားမရှိ၊ သောက်သုံးရေမရှိ၊ တယ်လီဖုန်းဆက်သွယ်ရေးမရှိဖြစ်နေသည်။ ၁၅ နှစ်ကြာညောင်းလာပြီဖြစ်သော စစ်ပွဲ၏အနိဌာရုံကို ရုန်းကန်ရင်ဆိုင်နေရလျက်နှင့် မည်သို့ဝမ်းမြောက်နိုင်ကြသည်ကို ညီအစ်ကိုအချို့အား ယခုပြောပြခွင့်ပြုပါ။

“အကောင်းဘက်မှ”

ဘေရွတ်မြို့မှ ညီအစ်ကိုတစ်ဦးအောက်ပါအတိုင်း စာရေးသားပေးပို့သည်။ ကျွန်ုပ်တို့ရင်ဆိုင်ရသည့် ခက်ခဲကြပ်တည်းသည့်အခြေအနေအမျိုးမျိုးကြား၌ စင်ကြယ်သည့်ကိုးကွယ်မှုဆိုင်ရာ အဖွဲ့တော်အတွင်း ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ပေးခြင်းအတွက် ယေဟောဝါ၏ကျေးဇူးတော်ကို ရင်ထဲမှ လှိုက်လှဲစွာဦးစွာ ချီးမွမ်းလိုပါသည်။ လတ်တလောဖြစ်ပျက်သည့် ဖြစ်ရပ်များအတွင်း ကျွန်ုပ်အားဝမ်းမြောက်ဝမ်းသာဖြစ်စေသည့် အတွေ့အကြုံအချို့ တွေ့ကြုံခဲ့ရသည်။

“အမြောက်သဲသဲမဲမဲ ပစ်ခတ်သောအချိန်အတွင်း ကျွန်တော်တို့သည်အိမ်နီးနားခြင်းတို့နှင့်အတူ လှေခါးပေါ်တွင် ထိုင်နေတတ်ကြသည်။ ထိုသို့သောအချိန်မျိုး၌ ထိုနေရာလေးသည် အလုံခြုံဆုံးနေရာဖြစ်သောကြောင့်တည်း။ ကျွန်တော်တို့သည် လူသားတို့၏ပြဿနာများကို ဖြေရှင်းပေးမည့်တစ်ခုတည်းသောအရာမှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်ကြောင်း သူတို့အားအမြဲပြောဆိုသည့်ပြင် ကျွန်တော်တို့၏ဘုရားသခင်ယေဟောဝါထံ အကြိမ်ကြိမ်ဆုတောင်းကြသည်။ အားလုံးကဤအကြောင်းကိုသိကြသည်။

“တစ်ခါတစ်ရံဤသို့ပစ်ခတ်ခြင်းသည် ရက်အတန်ကြာတတ်သဖြင့် ကျွန်တော်တို့စည်းဝေးမတက်နိုင်ဘဲရှိကြသည်။ ထို့ကြောင့်ကျွန်တော်သည် ကင်းမျှော်စင် မဂ္ဂဇင်းကိုတစ်ပါးတည်းယူဆောင်ကာ လှေကားပေါ်တွင်ထိုင်နေစဉ်ဖတ်သည်။ အိမ်နားနီးချင်းတို့က စိတ်ဝင်စားလာကြသည်။ ထိုသူတို့အနက်အချို့သည် ကျွန်တော်တို့သက်သေခံဖြစ်ကြသဖြင့် ယခင်ကစကားမပြောဘဲနေခဲ့ကြသည်။ သို့သော်ကျွန်တော်တို့အိမ် ဗုံးထိသွားသည့်အခါ ကျွန်တော်တို့၏ညီအစ်ကိုများပြသသည့်မေတ္တာကြောင့် သူတို့အံ့အားသင့်သွားကြသည်။ ယခုအခါကျွန်တော်တို့ကို စကားပြောလိုစိတ်ရှိလာသည်။ ဤသို့ဖြင့်သူတို့အား နိုးလော့ နှစ်စဉ်ကြေးဝေငှနိုင်ခွင့်ရရှိခဲ့သည်။

“ဤတွေ့ကြုံမှုများက သမ္မာတရားအကြောင်း အမြဲပြောဆိုဖို့ ကျွန်တော့်ကို စိတ်ဆုံးဖြတ်စေသည်။ ကျွန်တော်တို့၏ဝတ်ပြုမှု၊ ရိုသေလေးမြတ်မှုနှင့်ဘုန်းထင်ရှားမှုကို ယေဟောဝါရထိုက်တော်မူသည်။”

“ယေဟောဝါ၏နာမတော် ကျွန်တော့်အသက်ကိုကယ်တင်”

ရာ့စ်ဘေရွတ်အသင်းတော်မှ ညီအစ်ကိုတစ်ဦးအောက်ပါအတိုင်း ပြန်ပြောပြ၏။ “ကျွန်တော်၊ ကျွန်တော့်မိန်းမနှင့်သားလေးနှစ်ယောက်တို့သည် ဘေရွတ်မြို့အနောက်ဘက်ပိုင်းခြမ်းတွင် တစ်အိမ်တက်ဆင်းအမှုဆောင်ခြင်းဖြင့် တစ်နေ့တာကိုစတင်ကြသည်။ မွန်းလွဲပိုင်းတွင် ကျွန်တော့်အိမ်တွင် အင်္ဂလိပ်ဘာသာဖြင့်ပြုလုပ်သော စည်းဝေးရှိသည်။ ၆:၃၀ နာရီလောက်တွင် မှောင်စပြုလာသည်။ လမ်းမပေါ်တွင် လက်နက်ကိုင်ဆောင်သူများသာ ရှိတော့သည်။ ဗုံးများတရစပ်ကျလာသည်။ ကျွန်တော်တို့နေထိုင်သည့်တိုက်မှ လူအများတို့သည် ထွက်ပြေးသွားကြသည်။ ရေလည်းမရှိ၊ လျှပ်စစ်မီးလည်းမရှိပေ။ မကြာမီတံခါးခေါက်သံကိုကြားရသည်။

“အိမ်နီးချင်းတစ်ယောက်ရေ သို့မဟုတ် ပေါင်မုန့်အလိုရှိ၍ လာခေါက်သည်ဟုအထင်နှင့်ကျွန်တော့်မိန်းမက ဖွင့်ပေးလိုက်သည်။ လက်နက်ကိုင်လေးယောက်ကို တွေ့လိုက်ရသည်။ သူတို့ကကျွန်တော့်မိန်းမကို သေနတ်နှင့်ချိန်လျက်ကျွန်တော့်ကိုနာမည်နှင့်မေးသည်။ ထိုသီတင်းပတ်အတွင်း လူကိုးယောက်ကိုဤနည်းဖြင့် သူတို့အိမ်မှခေါ်သွားပြီး ချက်ချင်းပင်ပစ်သတ်လိုက်သည်။ ကျွန်တော့်ကိုတွေ့သောအခါ သူတို့၏အော်တိုမက်တစ်ရိုင်ဖယ်နှင့် ကျွန်တော့်ခေါင်းကိုချိန်ပြီး သူတို့နှင့်လိုက်ခဲ့ဖို့ အမိန့်ပေးသည်။ ‘ကျွန်တော်လိုက်ပါမယ်၊ အဝတ်လေး ဝတ်ပါရစေအုံး’ ဟုကျွန်တော်ပြောလိုက်သည်။ ကျွန်တော်စိတ်နှလုံးအကြွင်းမဲ့ ယေဟောဝါထံဆုတောင်းပြီး အကူအညီတောင်းသည်။ ဆုတောင်းပြီးသည်နှင့် ကျွန်တော့်စိတ်ထဲမှာပေါ့သွားသည်။ ကြောက်စရာကောင်းသော ဤလက်နက်ကိုင်တို့ကို သာမန်လူကဲ့သို့ မြင်စပြုလာသည်။ သူတို့နှင့်မကြောက်မရွံ့ စကားပြောလာနိုင်သည်။

“ကျွန်တော်သူတို့ကိုမေးသည်။ ‘ကျွန်တော့်ဆီကဘာအလိုရှိပါသလဲ။ မသွားခင်အိမ်ထဲဝင်ပြီး ခဏတစ်ဖြုတ်လောက် စကားပြောကြရအောင်လား။’ ဧည့်ခန်းထဲရောက်သည်နှင့်သူတို့အကြီးအကဲဖြစ်သူကမေးသည်။ ‘လူတွေရဲ့အိမ်ထဲကိုဝင်ပြီး တရားဟောရအောင် ခင်ဗျားမှာဘာအခွင့်အာဏာရှိသလဲ။’ ကျွန်တော်က ‘ခင်ဗျားလက်နက်ကိုင်ဆောင်ပြီး ကိုယ်လိုရာအတင်းအကြပ် ခိုင်းစေလို့ရတယ်။ ခင်ဗျားကိုဘယ်သူမှ မဟန့်တားနိုင်ဘူး။ ကျွန်တော်ဟာသွားဟောပါဆိုပြီး ခရစ်တော်အမိန့်ပေးခဲ့တဲ့ ငြိမ်သက်ခြင်းသတင်းကောင်းကို လူတွေဆီသယ်ဆောင်သွားတယ်’ ဟုပြန်ဖြေသည်။ ထို့နောက်ယေဟောဝါသက်သေများ၏ ယုံကြည်ချက်များနှင့် လုပ်ငန်းစဉ်ကိုရှင်းပြသည်။ ယေဟောဝါ၏နာမတော်ကိုကျွန်တော်ပြောလိုက်သည်နှင့် သူတို့က ‘ခင်ဗျားကိုဒီမှာမေးမြန်းစစ်ဆေးလိုက်ရတာ တော်လောက်ပါပြီ။ ကျေနပ်ပါတယ်။ ခင်ဗျားကိုခေါ်သွားစရာ မလိုတော့ပါဘူး’ ဟုဆိုသည်။ သူတို့အနက်မှတစ်ယောက်က ညီအစ်ကိုတစ်ယောက်နှင့်သိကျွမ်းသည်မှာထင်ရှားသည်။ သူက ‘ဒီလူဟာ ယာယိုရာ လူမျိုးပဲ’ ဟုပြောသည်။

“ကျွန်တော်တို့သည် တစ်နာရီခွဲကြာအောင် ထိုလက်နက်ကိုင်တို့အား သက်သေခံ၍ သူတို့၏မေးခွန်းများကို ဖြေဆိုခဲ့သည်။ ထိုနောက်အခြားလူတို့အား ပြုမူသကဲ့သို့ ကျွန်တော့်ကိုသူတို့၏အလုံပိတ်ကားနှင့် ခေါ်မသွားတော့ဘဲ တောင်းပန်စကားပြောပြီး ကျွန်တော့်ကိုနမ်းသည်။ အကူအညီလိုအပ်လျှင် တောင်းဆိုရန်ကမ်းလှမ်းပြီးနောက် ပြန်သွားကြသည်။ ယေဟောဝါ၏ကာကွယ်မှုကို တစ်လျှောက်လုံး ကျွန်တော်ခံစားရသည်။ ထိုနေ့မနက်တွင် တစ်အိမ်တက်ဆင်းလုပ်ငန်းတွင်ပါဝင်ပြီး မွန်းလွဲပိုင်းတွင် စည်းဝေးတက်ခဲ့ခြင်းကြောင့် မားမားမတ်မတ်ရပ်တည်နိုင်ရန် ကျွန်တော်ခွန်အားရရှိခဲ့သည်။ မှန်ပါသည်။ ယေဟောဝါ၏နာမတော်သည် ကျွန်တော့်အသက်ကို ကယ်တင်တော်မူခဲ့သည်။”—⁠သု၊ ၁၈:၁၀။

“ယေဟောဝါ၏ကြည့်ရှုစောင့်ရှောက်မှု ကျွန်တော်တို့ကိုဝိုင်းကာထား”

နောက်ညီအစ်ကိုတစ်ဦးလည်း ဘေရွတ်မြို့မှအောက်ပါအတိုင်း ရေးသားလိုက်သည်။ “၁၉၉၀ ခုနှစ်ဇန်နဝါရီ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ညီအစ်မတစ်ဦး၏အိမ်တွင် ကျွန်တော်နှင့်ညီဖြစ်သူတို့ အလုပ်လုပ်နေစဉ် တိုက်ပွဲစတင်လာပြန်သည်။ နေရာတိုင်း၌ဗုံးပေါက်ကွဲသည်။ တိုက်ပွဲအလွန်ပြင်းထန်သောကြောင့် ကျွန်တော်တို့အိမ်မပြန်နိုင်ဘဲရှိသည်။ ထိုညီအစ်မသည် ပေါင်မုန့်အနည်းငယ်မျှသာရှိသော်လည်း အလွန်ဧည့်ဝတ်ကျေပွန်သည်။

“ကျွန်တော့်မိန်းမမှာ ဖိလိပိုင်လူမျိုးဖြစ်ပြီး ပြင်းထန်သောတိုက်ပွဲမကြုံဖူးသဖြင့် သူ့အတွက်ကျွန်တော်အထူးစိုးရိမ်ပူပန်မိသည်။ သို့သော်လည်းဒုတိယနေ့တွင် ကျွန်တော်အိမ်ပြန်နိုင်ခဲ့သည်။ အိမ်ထောင်ပရိဘောဂပုံကြီးများ လမ်းမများကိုပိတ်ဆို့ထားသည်ကို တွေ့ရသည်။ သို့ရာတွင်ယေဟောဝါ၏ကျေးဇူးတော်ကြောင့် ကျွန်တော်တို့မိသားစုမှာ ဘေးလွတ်လုံခြုံလျက်ရှိသည်။ ခေတ္တငြိမ်သက်ပြီးနောက် အမြောက်နှင့်အပြင်းအထန် တစ်ဖန်ပစ်ခတ်ကြပြန်သည်။ ကျွန်တော်တို့သည် အိမ်နားမှညီအစ်ကိုတစ်ဦး၏အိမ်တွင် ပုန်းအောင်းနေကြသည်။ ကျွန်တော်၊ ကျွန်တော့်မိန်းမနှင့်နှစ်နှစ်အရွယ်သားလေး၊ ကျွန်တော့်ညီနှင့်သူ့မိန်းမ အားလုံးပေါင်းငါးယောက်ဖြစ်သည်။ ဗုံးများ၊ အမြောက်ဆံများနှင့်ဒုံးကျည်များသည် ကျွန်တော်တို့ပတ်လည်တွင် ကျရောက်ပေါက်ကွဲသော်လည်း ယေဟောဝါ၏ကြည့်ရှုစောင့်ရှောက်မှုသည် ကျွန်တော်တို့ကိုဝိုင်းကာထားသည်။ နှစ်ရက်ကြာအမြောက်နှင့်အပြင်းအထန် ပစ်ခတ်ကြပြီးသော် ကျွန်တော်တို့သည် ကြမ်းပြင်ပေါ်တွင်ဝပ်လျက် နှာခေါင်းဝတွင်ယမ်းခိုးငွေ့တို့နှင့် ကျန်ခဲ့ကြသည်။

“ပေါက်ကွဲသံများကိုနားထောင်ယင်းနှင့်ကျွန်တော်တို့သည် ဆာလံ ၁၈:၁-၉၊ ၁၆-၂၂၊ ၂၉၊ ၃၀ မှဒါဝိဒ်စကားများကို သတိရကြသည်။ ခက်ခဲကြပ်တည်းသော ထိုအခိုက်အတန့်ကလေးများ၌ ဖြစ်ပျက်ခဲ့သမျှကြားမှ ကျွန်တော်တို့သည်ပျော်ရွှင်၍ ပြုံးနိုင်ခဲ့ကြသည်။ ကျွန်တော်တို့သေရမည်ဆိုလျှင်လည်း သက်သက်သာသာနှင့်ဝေဒနာမခံရဘဲ သေပါရစေဟုယေဟောဝါထံ ဆုတောင်းကြ၏။ ကျွန်တော်တို့၏ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်သည် ခိုင်ခံ့လှသည်။

“နောက်တစ်နေ့သည်မယုံနိုင်စရာပင်။ ကျွန်တော်တို့ပုံးခိုနေသော အိမ်အနီးတစ်ဝိုက်တွင်ဗုံး ၂၅ လုံးကျရောက်ပေါက်ကွဲခဲ့သော်လည်း ကျွန်တော်တို့တစ်ယောက်မျှ ထိခိုက်ခြင်းမရှိခဲ့ပေ။ ယေဟောဝါကာကွယ်စောင့်ရှောက်မှုကို ကျွန်တော်တို့သိမြင်သောအခါ၌ဖြစ်ပေါ်သည့် ခံစားချက်များကို သင်စိတ်ကူးကြည့်နိုင်သလော။ နောက်တစ်နေ့မနက်တွင် ထွက်ပြေးရန်ကျွန်တော်တို့ချက်ချင်းဆုံးဖြတ်လိုက်ကြသည်။ လမ်းမပေါ်တွင်မီးမလောင်သည့်ကားဟူ၍ ကျွန်တော့်ကားတစ်စီးသာရှိတော့သည်။ ကျွန်တော်သည်မိုင်းနှင့်ဗုံးဒဏ်များကြားမှ ဖြတ်သန်းမောင်းနှင်ခဲ့ရသော်လည်း ယေဟောဝါ၏ကျေးဇူးတော်ကြောင့် အနည်းငယ်ပို၍ငြိမ်သက်သောဒေသသို့ ချောမောစွာရောက်ရှိနိုင်ခဲ့ကြသည်။ ထိုနေရာတွင် ကျွန်တော်တို့၏ညီအစ်ကိုများသည် မေတ္တာရှေ့ထား၍ ကျွန်တော်တို့အားအဝတ်၊ အစားအသောက်နှင့် ငွေများပေးကမ်းကူညီကြသည်။

“အခက်အခဲအမျိုးမျိုးကြားမှ ယေဟောဝါကျွန်တော်တို့နှင့်အတူရှိတော်မူသောကြောင့် ကျွန်တော်တို့ပျော်ရွှင်ခဲ့ကြသည်။ ကိုယ်တော်သည်မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်ကာ ဗုံးများကိုကျွန်တော်တို့နှင့် ဝေးရာသို့လွဲဖယ်စေသည့်အလားဖြစ်သည်။ (ဆာလံ ၃၄:၇) မှန်ပါသည်။ ကျွန်တော်တို့၏ဝမ်းမြောက်ခြင်းသည် ကြီးမားလှပေသည်။ သို့ရာတွင်အာမဂေဒုန်ကိုကပ်ကျော်ပြီးနောက် ကျွန်တော်တို့ခံစားရမည့် ဝမ်းမြောက်ခြင်းသည် ပို၍ပင်ကြီးမားပေမည်။”

လက်တွေ့အရေးပေါ်ကယ်ဆယ်ရေး

ဘေရွတ်မြို့၏နေရာအချို့သည် မြေငလျင်ဒဏ်ခံထိထားသကဲ့သို့ ထင်ရသည်။ ကျွန်ုပ်တို့ညီအစ်ကိုများစွာ၏နေအိမ်များသည် ထိခိုက်ပျက်စီးသွားသည်။ လတ်တလောဖြစ်ပေါ်သည့်အရေးအခင်း၌ ဌာနခွဲကော်မတီသည် ညီအစ်ကိုများ၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ကယ်ဆယ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့သည်။ စစ်ဒဏ်ကြောင့်ထိခိုက်ပျက်စီးနေသည့် ဒေသများသို့ ကျွန်ုပ်တို့ဝင်ရောက်နိုင်သည့်အချိန်နှင့် မရှေးမနှောင်း၊ ၁၉၉၀ခု၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်အဆိုပါကော်မတီသည် လုပ်ငန်းစတင်ထမ်းဆောင်သည်။ ဤကော်မတီကိုအောက်ပါရည်ရွယ်ချက်သုံးရပ်နှင့် ဖွဲ့စည်းခဲ့သည်။ ညီအစ်ကိုများအား ဝိညာဉ်ရေးဘက်အားပေးရန်၊ သူတို့၏ငွေရေးကြေးရေးလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရန်နှင့် သူတို့၏အိမ်ကိုပြုပြင်ပေးရန် သို့မဟုတ် ပြန်လည်တည်ဆောက်ပေးရန်ဖြစ်သည်။

စေတနာ့ဝန်ထမ်းများအား ဆင့်ခေါ်စရာပင်မလိုအပ်ခဲ့ပေ။ နေ့စဉ်နံနက်စောစော ရောက်လာကြသည်။ အောက်ပါတို့မှာကူညီခံရသူတို့ ပြောပြသည့်ခံစားချက်အချို့ဖြစ်သည်။

ညီအစ်မတစ်ဦးသည်သူ့အိမ်ကို ညီအစ်ကိုများသန့်ရှင်းပြုပြင်ပေးပြီးနောက် ဤသို့ပြောခဲ့သည်။ “ကပ်ဘေးကျရောက်တဲ့အခါတိုင်း ညီအစ်ကိုများကအကူအညီပေးတဲ့အကြောင်း ကြားဖူးတယ်။ အခုကျွန်မကိုယ်တိုင်တွေ့မြင်ခံစားနေရပါပြီ။” သူ့အိမ်နီးချင်းမူစလင်အမျိုးသမီးတစ်ဦးကပင် ညီအစ်မအားအောက်ပါအတိုင်းပြောခဲ့သည်။ “ရှင်တို့ဟာတကယ်ပဲချစ်ကြပါလား။ ရှင်တို့ဘာသာဟာမှန်တယ်။ အခုကျွန်မရွာကိုသွားပြီး ရှင်တို့လုပ်ဆောင်သမျှကို ပြောပြမယ်။” ယင်းအမျိုးသမီးသည် စေတနာ့ဝန်ထမ်းလုပ်သားများအား စားစရာလာပို့ပေးသည်။

အသက်ကြီးသောညီအစ်မတစ်ဦးကလည်း ဤသို့ဆိုသည်။ “ညီအစ်ကိုကျွန်မဆီရောက်လာမှာကို ကျွန်မမျှော်လင့်ထားပါတယ်။ ဒါပေမယ့်ကျွန်မဆီကိုရေပို့ပေးဖို့ တစ်ယောက်ယောက်ကို အသင်းမစေလွှတ်ပေးမှာကိုတော့ ကျွန်မမမျှော်လင့်ခဲ့မိဘူး။” လာရောက်ကူညီပေးသည့်ညီအစ်ကိုကိုနမ်းရင်းနှင့် သူမငိုမိခဲ့သည်။

နှစ်ခြင်းမခံရသေးသော လင်မယားနှင့်သားလေးတစ်ယောက် ပေါင်းသုံးယောက်ပါဝင်သော မိသားစုတစ်စုထံ ညီအစ်ကိုများသွားရောက်လည်ပတ်ကာ နို့သေတ္တာကြီးတစ်လုံး၊ ပေါင်မုန့်၊ သောက်ရေနှင့်ငွေ ပေးခဲ့သည်။ ဤအရာများကိုယေဟောဝါသက်သေများ စီစဉ်ပေးခြင်းဖြစ်ကြောင်း ပြောပြသောအခါ ယောက်ျားဖြစ်သူက “ဧဝံဂေလိအသင်းမှာ ကျွန်တော် ၁၁ နှစ်ကြာနေခဲ့တယ်။ အတော်လည်းတက်ကြွခဲ့တယ်။ ဒါပေမဲ့လက်ဘနွန်ပြည်တွင်းစစ် ၁၅ နှစ်အတွင်း သူတို့အသင်းသားတွေအတွက် ဒီလိုလုပ်ဆောင်ပေးဖို့ လုံးဝမစဉ်းစားခဲ့ကြဘူး” ဟုပြောပြသည်။ “ဒီအဖွဲ့အစည်းဟာ ဘုရားရှင်ရဲ့တစ်ခုတည်းသော အဖွဲ့အစည်းမှန်ဖြစ်တယ်” ဟုဆက်ပြောသည်။ ယင်းဇနီးမောင်နှံတို့သည် ၁၉၉၀ ခုနှစ်မေလအတွင်းအစည်းအဝေးတစ်ခု၌ နှစ်ခြင်းခံခဲ့ကြသည်။

အကြီးအကဲတစ်ဦးကလည်း အောက်ပါအတိုင်းထုတ်ဖော်ပြောဆိုခဲ့သည်။ “ဒုက္ခရောက်နေတဲ့ ညီအစ်ကိုများကို ညီအစ်ကိုများရဲ့လုပ်ဆောင်ပေးတဲ့ မေတ္တာလုပ်ရပ်များအတွက် ကျွန်တော်တို့ရင်ထဲမှာရှိတဲ့ ကျေးဇူးတင်မှုကိုပြောပြဖို့ စကားလုံးတောင်ရှာမတွေ့နိုင်အောင်ဖြစ်ပါတယ်။ ကျွန်တော့်မိဘတို့ရဲ့အိမ်ကို ငယ်ရွယ်တဲ့ညီအစ်ကိုတွေ၊ စေတနာ့ဝန်ထမ်းများအဖွဲ့က ပြန်လည်တည်ဆောက်ပေးတာကိုကြည့်ပြီး ကျွန်တော်မျက်ရည်ကျတဲ့အထိ စိတ်ထိခိုက်မိခဲ့တယ်။ အခုလိုလက်တွေ့ကျကျထောက်မကူညီမှုအတွက် ယေဟောဝါနဲ့အဖွဲ့အစည်းကို ကျွန်တော်တကယ်ပဲကျေးဇူးတင်ပါတယ်။ ‘ယေဟောဝါကိုဘုရားအဖြစ်ကိုးကွယ်သောလူမျိုးသည် မင်္ဂလာရှိ၏’ ဟူသောဆာလံ ၁၄၄:၁၅ မှစကားများသည် အလွန်မှန်ကန်လှပါတယ်။”

“သင်တို့သည်မည်သို့သော လူစားမျိုးနည်း”

အိမ်ထောင်သည်ညီအစ်မတစ်ဦး အောက်ပါအတိုင်းရေးသားခဲ့သည်။ “ယေဟောဝါနှင့်အဖွဲ့အစည်းတို့၏မေတ္တာအတွက် လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ကျွန်မအိမ်သည်အမြောက်ဆံအများအပြားထိမှန်၍ မီးလောင်သွားပါသည်။ ပြန်ပြုပြင်၍မရနိုင်တော့ကြောင်း လူအများကပြောကြသည်။ သို့သော်ယခုမူ ဘာမျှမဖြစ်ခဲ့သကဲ့သို့ လုံးဝပြင်ဆင်ပြီးစီးပြီး အကောင်းပကတိအတိုင်း တည်ရှိနေသည်။ ကျွန်မတို့အိမ်ပတ်ပတ်လည်မှာ ရာပေါင်းများစွာသော အိမ်ရာတိုက်တာများ မီးလောင်ကျွမ်းပျက်စီးလျက်နေသည်။

“ယေဟောဝါသက်သေခံမဟုတ်သော အိမ်နီးချင်းတို့ကပင် ဤသို့မေးကြသည်။ ‘ဒီမေတ္တာဘယ်ကလာတာလဲ။ သင်တို့ဟာဘယ်လိုလူစားမျိုးလဲ။ ငြိမ်သက်ရည်မွန်ပြီး အားကြိုးမာန်တက်အလုပ်လုပ်နေကြသူတွေဟာ ဘယ်သူတွေလဲ။ သင်တို့အား ဒီလိုမေတ္တာနဲ့ကိုယ်ကျိုးစွန့်တဲ့စိတ်ဓာတ်ပေးသနားတော်မူတဲ့ ဘုရားရှင်ကိုချီးမွမ်းကြ။’ ဆာလံ ၈၄:၁၁၊ ၁၂ မှစကားများသည်မည်မျှဆီလျော်လှပါသည်တကား။ ‘ထာဝရအရှင်ဘုရားသခင် [ယေဟောဝါ၊ NW] သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်းဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ NW] သည်ကျေးဇူးတော်နှင့်ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား [ယေဟောဝါ၊ NW] ကိုယ်တော်၌ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏။’ ”

မိမိ၏ဇနီးနှင့်ကလေးများသည် ယေဟောဝါသက်သေဖြစ်ကြသော အမျိုးသားတစ်ဦး ဤသို့ရေးသားခဲ့သည်။ “ကျွန်တော့်အိမ်ကိုပြုပြင်ရာတွင် ကူညီပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ သင်တို့လုပ်ဆောင်မှုသည် ယခုခေတ်တွင်အလွန်တရာကြုံတောင့်ကြုံခဲသော စစ်မှန်သည့်ခရစ်ယာန်မေတ္တာကို ဖော်ကျူးနေသည်။ သင်တို့၏အားထုတ်ကြိုးစားမှုကို ဘုရားရှင်ကောင်းချီးပေးပါစေ။”

အကြီးအကဲတစ်ဦး၏အိမ်ကို ပြန်လည်တည်ဆောက်ပြီးနောက်သူက “ကျွန်တော်တို့ရင်ထဲကခံစားချက်ကို နှုတ်နဲ့ဖွင့်မပြောနိုင်အောင်ပါပဲ။ ယေဟောဝါနှင့်အဖွဲ့အစည်းတော်ကို ဘယ်လောက်လေးမြတ်တန်ဖိုးထားကြောင်းကို ဖော်ပြဖို့စကားလုံး ရှာမတွေ့နိုင်အောင်ပါပဲ။ ကျွန်တော်တို့အတိဒုက္ခရောက်နေစဉ်မှာ ယေဟောဝါကျွန်တော်တို့အနားမှာ ရှိတာကိုခံစားရတယ်။ သင်တို့ရဲ့မေတ္တာဟာ ဒုက္ခရောက်သူတို့ကိုကူညီပေးဖို့ ကျွန်တော့်မိသားစုအားလုံးကို အားပေးတိုက်တွန်းမှု ဖြစ်ခဲ့တယ်” ဟုဆိုခဲ့သည်။

ဧပြီလအတွင်းလက်ဘနွန်နိုင်ငံတွင် အရံရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်သူ ၁၉၄ ဦးရှိခဲ့သည်။ သတိရအောက်မေ့ရာပွဲတော်ကျင်းပသည့်ညသည် အခြားညများထက် ပို၍ငြိမ်သက်ခဲ့သည်။ စုစုပေါင်း ၅၀၃၄ ယောက်တက်ရောက်ခဲ့သည်။ နိုင်ငံတွင်းရှုပ်ထွေးမှုများကြား စီစဉ်ရေးဆွဲထားသည့် အစည်းအဝေးအားလုံး ကျင်းပနိုင်ခဲ့ပြီး ထိုနှစ်အတွင်းနှစ်ခြင်းခံသူစုစုပေါင်း ၁၂၁ ဦးရှိခဲ့သည်။ အသင်းတော်များမှ မိသားစုများစွာသည် တိုင်းပြည်မှအပြီးအပိုင် ထွက်ခွာသွားကြသည်။ သို့သော်လည်း စိတ်ဝင်စားသူလူသစ်များသည် နှစ်ခြင်းခံသည့်အဆင့်အထိ တိုးတက်လာကြသဖြင့် နိုင်ငံတော်ကြေညာသူအရေအတွက်သည် ဆက်လက်တိုးပွားလျက်ရှိသည်။ ၁၉၉၀ ခုအမှုတော်ဆောင်နှစ်အတွင်း လက်ဘနွန်နိုင်ငံရှိယေဟောဝါလူမျိုးတော်သည် ရုန်းရင်းခတ်ဖြစ်သောကာလတစ်လျှောက်လုံး လမ်းပြညွှန်ကြားပေးခြင်း ခံရကြသဖြင့် ယေဟောဝါ၏သစ္စာတရားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရကြသည်။—⁠ဆာလံ ၃၃:၄၊ ၅၊ ၃၄:၁-၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ