စာရှုသူများထံမှ မေးခွန်းလွှာ
▪ ခရစ်ယာန်တစ်ဦးသည် သွေးသွင်းရန်အမိန့် သို့မဟုတ် တရားရုံးမှချမှတ်ချက်ကို မည်မျှခိုင်မာစွာ ငြင်းဆန်သင့်သနည်း။
အခြေအနေတစ်ခုစီသည်ကွာခြားသည်။ ထို့ကြောင့်ယင်းကိစ္စတွင် တစ်ချက်လွှတ်ဥပဒေမရှိချေ။ ခရစ်ယာန်များသည် လေးစားစွာဖြင့် ‘ကဲသာဘုရင်၏ဥစ္စာကိုကဲသာဘုရင်အားဆက်ပေး’လျက် အစိုးရဥပဒေ၏နာခံသူများအဖြစ် လူများသိကြသည်။ သို့ပင်ငြားလည်း၊ သူတို့၏ပို၍ကြီးလေးသောတာဝန်မှာ “ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေး” လျက်ကိုယ်တော်၏ဥပဒေကို မချိုးဖောက်ရန်ဖြစ်သည်။—မာကု ၁၂:၁၇။
ရောမ ၁၃:၁-၇ ကအုပ်ချုပ်ရေး “မင်းအာဏာစက်” များအပေါ် ခရစ်ယာန်များ၏ဆက်ဆံရေးကို ဆွေးနွေးထားသည်။ ထိုသို့သောအစိုးရများသည် အများအားဖြင့် လူထု၏ကောင်းကျိုးအလို့ငှာ ဥပဒေများ သို့မဟုတ် ညွှန်ကြားချက်များထုတ်ပိုင်ခွင့်ရှိလေသည်။ အစိုးရများသည် သူတို့၏ဥပဒေကိုလိုက်လျှောက်ရန် ‘ဓားကိုဆောင်’ ၍ ‘မကောင်းသောအကျင့်ကိုကျင့်သောသူတို့ကို အပြစ်တရားစီရင်’ ရန်ဖြစ်သည်။ အထက်အာဏာပိုင်များအောက်ဝန်ခံသောကြောင့် ခရစ်ယာန်များသည် ဥပဒေများနှင့်တရားရုံးအမိန့်များကို နာခံလိုကြသည်။ သို့သော်ယင်းလက်အောက်ခံခြင်းသည် အထိုက်အလျောက်ဖြစ်လေသည်။ အကယ်၍ခရစ်ယာန်တစ်ဦးအား သာ၍မြင့်သောဘုရားဥပဒေကို ချိုးဖောက်ရန်ခိုင်းစေလျှင် ဘုရားရှင်၏ဥပဒေအား ပထမထားရမည်။ ယင်းကိုဦးစားပေးရမည်။
အခြေခံအားဖြင့် ကောင်းသောအချို့မျက်မှောက်ခေတ် ဥပဒေအချို့ကို ခရစ်ယာန်တစ်ဦးအပေါ် အဓမ္မသွေးသွင်းရာ၌ တစ်လွဲသုံးပေမည်။ ဤသို့သောအခြေအနေတွင် ခရစ်ယာန်များသည် တမန်တော်ပေတရုကဲ့သို့ အလားတူရပ်တည်ရမည်။ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။”—တမန်တော် ၅:၂၉။
ယေဟောဝါသည်ဣသရေလများအား “အသွေးကိုမစားမည်အကြောင်း သတိပြုလော့။ အသက်သည်အသွေး၌တည်၏။ အသားနှင့်တကွ အသက်ကိုမစားရ” ဟုအမိန့်ထုတ်ခဲ့သည်။ (တရားဟောရာ ၁၂:၂၃) ၁၉၁၇ ခုနှစ်ထုတ်ဂျူးဘာသာပြန်ကျမ်းတစ်အုပ်တွင် “သွေးကိုမစားရန်သာ ခိုင်မြဲလော့” ဟုဖတ်ရသည်။ အိုင်းဇက်လီစာက “သွေးကိုမစားရန်သာ ခိုင်မာလော့” ဟုပြန်ဆိုခဲ့သည်။ ယင်းသည်ဘုရားကျေးကျွန်များအနေနှင့် ကိုယ်တော်၏ပညတ်များကိုစွဲကိုင်ကြရာ၌ ပေါ့ဆစွာ သို့မဟုတ် ပြုသမျှငုံ့ခံနေရမည်ဟု အဓိပ္ပာယ်ထွက်ပါသလော။
အာဏာပိုင်များက ညွှန်ကြားသည့်တိုင် အကြောင်းရင်းကောင်းဖြင့် ခရစ်ယာန်များသည် ဘုရားဥပဒေကိုနာခံရန် လုံးဝပိုင်းဖြတ်ထားခဲ့ကြသည်။ ပရော်ဖက်ဆာ ရောဘတ်အယ်လ်ဝင်လ်ကင်ကရေးသားခဲ့သည်။ “ခရစ်ယာန်များသည် [ရောမ] စစ်တပ်တွင်အမှုထမ်းရန်ငြင်းဆန်ရုံမကဘဲ သူတို့သည်ရာထူးရာခံ သို့မဟုတ် မြို့အုပ်ချုပ်ရေးပိုင်းတာဝန်များကို မထမ်းဆောင်ကြချေ။” (The Christians as the Romans Saw Them) ငြင်းဆန်ခြင်းဖြင့် ဥပဒေချိုးဖောက်သူဟုသတ်မှတ် သို့မဟုတ် ရောမကစားကွင်းထဲ အချခံရနိုင်သည်။
ယနေ့ခရစ်ယာန်များလည်း ခိုင်မြဲရမည်။ အာဏာစက်နှင့်စပ်လျဉ်း၍ အန္တရာယ်ကျရောက်လျှင်လည်း ဘုရားဥပဒေကို မချိုးဖောက်ရန် အခိုင်အမာပိုင်းဖြတ်ထားရမည်။ စကြဝဠာတွင်အမြင့်ဆုံးဥပဒေဖြစ်သော ဘုရားပညတ်က ခရစ်ယာန်များအနေနှင့် မတရားမေထုန် (လိင်ယိုယွင်းမှု) ကိုရှောင်ရန် အမိန့်ထုတ်ခံရသကဲ့သို့ သူတို့သည်သွေးကို တလွဲမသုံးရန်တောင်းဆိုထားသည်။ သမ္မာကျမ်းစာက ယင်းတားမြစ်ချက်များကို “လိုအပ်ရာများ” ဟုခေါ်ထားသည်။ (တမန်တော် ၁၅:၁၉-၂၁၊ ၂၈၊ ၂၉၊ NW) ထိုသို့သောဘုရားပညတ်များကို အဆင်ပြေသည့်အခါ သို့မဟုတ် ပြဿနာမပေါ်သည့်အခါမှသာ လိုက်နာရန် ပေါ့ဆစွာမယူမှတ်သင့်ချေ။
သို့ဖြစ်လျှင်စာမျက်နှာ ၁၉ တွင်ခရစ်ယာန်လူငယ်တစ်ဦးက တရားရုံးကို “သူ့ကိုယ်တွင်အတင်းသွေးသွင်းခြင်းသည် မုဒိမ်းမှုနှင့်နှိုင်းယှဉ်နိုင်သည်” ဟုဆိုခဲ့သည်ကို ကျွန်ုပ်တို့သဘောပေါက်နိုင်သည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေ လိင်ဆိုင်ရာတိုက်ခိုက်မှုကြောင့် မတရားမေထုန်ပြုကျင့်ခံရခြင်းကို တရားဥပဒေက ခွင့်လွှတ်လျှင်ပင် မုဒိမ်းကျင့်ခံရခြင်းကို မခုခံဘဲလက်ခံမည်လော။
အလားတူပင်၊ ယင်းစာမျက်နှာတွင်ကိုးကားထားသော ၁၂ နှစ်အရွယ်ရှိသူက ‘သူမသည် ရှိသမျှခွန်အားနှင့် ရုံးတော်မှချမှတ်သော သွေးသွင်းခြင်းကိုတွန်းလှန်မည်၊ သူမသည်အော်ဟစ်မည်၊ ရုန်းကန်မည်၊ သူမ၏လက်မောင်းတွင် စိုက်ထားသောအပ်ကိုဆွဲထုတ်မည်၊ သူ့ကုတင်အပေါ်ရှိသွေးအိတ်ကို ဖျက်ဆီးပစ်ရန်ကြိုးစားမည်’ မှာယုံမှားဖွယ်မရှိချေ။ သူမသည်ဘုရားဥပဒေကို လိုက်နာရန် အခိုင်အမာပိုင်းဖြတ်ထားပြီးဖြစ်သည်။
ယေရှုသည်ကိုယ်တော်အား ဘုရင်ခန့်ရန်လိုလားသောအခါ ရှောင်သွားခဲ့သည်။ အလားတူပင်၊ အကယ်၍သွေးသွင်းရန် တရားရုံးကချမှတ်ခဲ့လျှင် ခရစ်ယာန်တစ်ဦးသည် ထိုသို့သောဘုရားဥပဒေကိုချိုးဖောက်ခြင်းကိုရှောင်ရှားရန် ရွေးချယ်မည်။ (မဿဲ ၁၀:၁၆။ ယောဟန် ၆:၁၅) တစ်ချိန်တည်းမှာပင်၊ ခရစ်ယာန်တစ်ဦးသည် ပညာရှိစွာဖြင့် အခြားဆေးကုသမှုကို ခံယူမည်။ သို့ဖြင့်အသက်ကိုထိန်းသိမ်းထားရန်နှင့် ကျန်းမာရေးပြန်ကောင်းလာရန် တကယ်ကြိုးပမ်းမည်။
ခရစ်ယာန်တစ်ဦးသည် ဘုရားရှင်၏သွေးပညတ်ကို မချိုးဖောက်ရန် အပြင်းအထန်ကြိုးပမ်းလျှင် အာဏာပိုင်များက သူ့အားဥပဒေချိုးဖောက်သူဟုသတ်မှတ် သို့မဟုတ် တရားစွဲခံနိုင်သည်။ အကယ်၍တရားစီရင်ခံရလျှင်၊ ခရစ်ယာန်တစ်ဦးသည် ယင်းကိုဖြောင့်မတ်ခြင်းအတွက် ခံရသည်ဟုယူမှတ်နိုင်သည်။ (၁ ပေတရု ၂:၁၈-၂၀၊ နှင့်နှိုင်းယှဉ်) သို့သော်အများအားဖြင့် ခရစ်ယာန်များသည် သွေးသွင်းခြင်းကိုရှောင်ရှားခဲ့ပြီး တတ်ကျွမ်းသောဆေးကုသမှုများဖြင့် ပြန်ကောင်းလာသောကြောင့် တရားရေးပြဿနာများမပေါ်ပေါက်ခဲ့ချေ။ ပို၍အရေးကြီးသည်ကား၊ သူတို့သည်သူတို့၏ အသက်ပေးတော်မူရှင်နှင့်တရားသူကြီးထံ တည်ကြည်ကြသည်။