ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁ စာ. ၁၄-၂၀
  • “အလင်း၏ လက်နက်စုံကိုဝတ်ဆင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အလင်း၏ လက်နက်စုံကိုဝတ်ဆင်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာရေးအာဏာပိုင်များထံမှ အတိုက်အခံ
  • တစ်ကိုယ်ကောင်းနှင့်မာန်မာန
  • ‘မှောင်မိုက်ထဲမှ. . . ခေါ်သွင်း’
  • ‘ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ’
  • ပုံသဏ္ဌာန်သစ်
  • “အလင်းတော်ထဲမှာအကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏”
  • ဘုရားသခင့်အလင်းတော်က မှောင်မိုက်ကိုပျောက်လွင့်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • လောကအလင်း၏နောက်သို့ မည်သူတို့လိုက်လျှောက်နေကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁ စာ. ၁၄-၂၀

“အလင်း၏ လက်နက်စုံကိုဝတ်ဆင်”

“ညဉ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လုသောကြောင့်လည်းကောင်း ယခုအခါအိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကိုထောက်လျက် မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။”—ရောမ ၁၃:၁၂။

၁၊ ၂။ ပထမရာစုဂျူးများသည် “စစ်မှန်သောအလင်း” ကိုမည်သို့တုံ့ပြန်ခဲ့ပြီး၊ ယင်းကမည်သို့အကျိုးရှိခဲ့သနည်း။

ယေရှုခရစ်သည် “ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။” (ယောဟန် ၁:၉) ၂၉ စီအီးတွင် ကိုယ်တော်သည်မေရှိယအဖြစ် လာခဲ့စဉ် ကိုယ်တော်သည် မိမိ၏သက်သေခံများအဖြစ် ဘုရားရှင်၏ရွေးချယ်ခံခဲ့ရပြီး၊ မိန့်ဆိုခံခဲ့ရသော ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့သောလူမျိုးထံ ကြွရောက်လာခဲ့သည်။ (ဟေရှာယ ၄၃:၁၀) ဣသရေလအများသည် မေရှိယကိုစောင့်မျှော်နေခဲ့ပြီး၊ အတော်များများသည် ကိုယ်တော်အားရည်ညွှန်းသည့် ပရောဖက်ပြုချက် အချို့ကိုသိရှိခဲ့ကြသည်။ ထို့ပြင်၊ ယေရှုသည်ပါလက်စတိုင်း တစ်ခွင်ဟောပြောခဲ့ပြီး၊ လူအမြောက်အမြားရှေ့ထင်ရှားစွာနိမိတ်လက္ခဏာများပြခဲ့သည်။ ကိုယ်တော်အားကြားနာရန် လူအလုံးအရင်း စုဝေးလာပြီး၊ သူတို့မြင်ရကြားရသည်ကို အံ့အားသင့်ခဲ့ကြသည်။—မဿဲ ၄:၂၃-၂၅။ ၇:၂၈၊ ၂၉။ ၉:၃၂-၃၆။ ယောဟန် ၇:၃၁။

၂ သို့သော်အဆုံးတွင်၊ ဂျူးအများစုသည် ယေရှုကိုငြင်းပယ်ခဲ့ကြသည်။ ယောဟန်ခရစ်ဝင်ကျမ်းကဆိုသည်။ “သူသည်မိမိဒေသအရပ်သို့ ကြွလာသော်လည်း မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။” (ယောဟန် ၁:၁၁) အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ထိုမေးခွန်း၏အဖြေသည် ကျွန်ုပ်တို့အားသူတို့၏အမှားမျိုး ထပ်မဖြစ်ရန် အကူအညီပေးပါလိမ့်မည်။ ယင်းသည်ကျွန်ုပ်တို့အား “မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍၊ အလင်း၏လက်နက်စုံကို ဝတ်ဆင်” ရန်ထောက်ကူပါလိမ့်မည်။ သို့ဖြင့်ပထမရာစု ဣသရေလများခံခဲ့ရသည့် မျက်နှာသာမရသောစီရင်ချက်ကို ရှောင်ရှားနိုင်ပေမည်။—ရောမ ၁၃:၁၂။ လုကာ ၁၉:၄၃၊ ၄၄။

ဘာသာရေးအာဏာပိုင်များထံမှ အတိုက်အခံ

၃။ ဂျူးဘာသာရေးခေါင်းဆောင်များသည် “လူကန်း. . . လမ်းပြ” များဖြစ်ကြောင်း မည်သို့သောနည်းဖြင့် သက်သေထူခဲ့သနည်း။

၃ ဣသရေလတွင် ဘာသာရေးခေါင်းဆောင်များသည် အလင်းကိုငြင်းပယ်ရာတွင် ဦးဆုံးဖြစ်သည်။ “ကျမ်းတတ်” များအဖြစ် သွန်သင်ပေးသူများဖြစ်သော်လည်း သူတို့သည် ဘုရားဥပဒေနှင့်ဆန့်ကျင်လေ့ရှိသော ပညတ်ဥပဒေများကို လူများအပေါ် တင်လေ့ရှိသည်။ (လုကာ ၁၁:၄၅၊ ၄၆) သို့ဖြင့်၊ သူတို့သည် ‘မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ပယ်ကြ၏။’ (မာကု ၇:၁၃။ မဿဲ ၂၃:၁၆၊ ၂၃၊ ၂၄) သူတို့သည် အလင်းထိုးဖောက်မထွန်းလင်းနိုင်ရန် “လူကန်း. . . လမ်းပြ” များဖြစ်ကြ၏။—မဿဲ ၁၅:၁၄။

၄၊ ၅။ (က) ဂျူးအချို့သည် ယေရှုသည်မေရှိယဟုတ်မဟုတ် စဉ်းစားနေစဉ် ဖာရိရှဲများသည် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (ခ) ဖာရိရှဲများမည်သည့် ဆိုးသွမ်းသောနှလုံးသဘောကို တင်ပြကြသနည်း။

၄ တစ်ခါတွင်ဣသရေလအများက ယေရှုသည် ခရစ်တော်ဟုတ်မဟုတ် စဉ်းစားနေစဉ် ထိတ်လန့်နေသောဖာရိရှဲများသည် မင်းလုလင်များကိုစေလွှတ်၍ ကိုယ်တော်အားဖမ်းဆီးစေသည်။ မင်းလုလင်တို့သည် လက်ချည်းပြန်လာ၍ “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူး” ဟုဆိုကြသည်။ ဖာရိရှဲတို့က မင်းလုလင်များအား “သင်တို့ကိုပင်လှည့်ဖြားပြီလော။ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော။ တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုဆိုကြ၏။ လွှတ်အရာရှိဝင်တစ်ဦးဖြစ်သူ နိကောဒင်က မကြားနာမီ လူတစ်ဦးကိုစီရင်ချက်ချခြင်းသည် တရားမဝင်ဟု ကန့်ကွက်ခဲ့သည်။ ရန်ငြိုးထားလျက်၊ ဖာရိရှဲတို့သည် သူ့ဘက်လှည့်၍ “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့၏။ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်မထွန်းသည်ကို မှတ်လော့” ဟုဆိုကြသည်။—ယောဟန် ၇:၄၆-၅၂။

၅ ဘုရားရှင်ထံ ဆက်ကပ်ထားသော လူမျိုးတွင်ရှိ ဘာသာရေးခေါင်းဆောင်များသည် အဘယ်ကြောင့်ထိုသို့ ပြုမူကြသနည်း။ အကြောင်းမှာ သူတို့သည်ဆိုးသွမ်းသော နှလုံးအခြေအနေ ဖြစ်ပေါ်ခဲ့သောကြောင့်ဖြစ်သည်။ (မဿဲ ၁၂:၃၄) သာမန်လူများကို သူတို့အထင်သေးမှုက သူတို့ကိုယ်ကိုအထင်ကြီးကြောင်း ဖော်ပြနေသည်။ “မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော” ဟုသူတို့ဆိုခြင်းက မေရှိယသည် သူတို့လက်ခံသဘောတူမှသာလျှင် မေရှိယစစ်မှန်နိုင်မည်ဟု ထောင်လွှားကာ မှတ်ယူစေခြင်းဖြစ်သည်။ ထို့ပြင်၊ သူတို့သည်ရိုးသားမှု မရှိကြချေ။ ရိုးရိုးလေးစူးစမ်းရုံနှင့် ယေရှုသည် မေရှိယ၏ပရောဖက်ပြုမွေးဖွားရာဒေသဖြစ်သော ဗက်လင်တွင်အမှန်ပင် မွေးဖွားကြောင်း ပေါ်လွင်မည်ဖြစ်သော်လည်း ကိုယ်တော်သည်ဂါလိလဲမှပေါ်ထွက်လာသောကြောင့်ဟုဆိုကာ ယေရှုကိုသိက္ခာချရန် ကြိုးပမ်းခဲ့ကြသည်။—မိက္ခာ ၅:၂။ မဿဲ ၂:၁။

၆၊ ၇။ (က) ဘာသာရေးခေါင်းဆောင်များသည် လာဇရုရှင်ပြန်ထမြောက်ခြင်းကို မည်သို့တုံ့ပြန်သနည်း။ (ခ) ဘာသာရေးခေါင်းဆောင်များ၏ အမှောင်ကိုချစ်ခြင်းအား ထုတ်ဖော်ရန် ယေရှုဘာပြောခဲ့သနည်း။

၆ အလင်းအပေါ် ဘာသာရေးခေါင်းဆောင်များ၏ မပြေငြိမ်းနိုင်သော အတိုက်အခံကို လာဇရုအားယေရှုရှင်ပြန်ထမြောက်စေခဲ့စဉ်က ထင်ရှားစွာပြသခဲ့ကြသည်။ ဘုရားကိုကြောက်ရွံ့သူတစ်ဦးအတွက်မူ၊ ထိုသို့သောလုပ်ရပ်သည် ယေရှုကိုယေဟောဝါနောက်ခံအားပေးနေကြောင်း သက်သေဖြစ်မည်။ သို့သော်၊ ဘာသာရေးခေါင်းဆောင်များမှာမူ သူတို့၏အခွင့်အရေးခံရာထူးအတွက် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်ဟုသာ ရှုမြင်ခဲ့သည်။ သူတို့က “ငါတို့သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်းလာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်” ဟုဆိုကြ၏။ (ယောဟန် ၁၁:၄၄၊ ၄၇၊ ၄၈) ထို့ကြောင့်သူတို့သည် ယေရှုနှင့်လာဇရု နှစ်ဦးစလုံးကိုသတ်ရန်တိုင်ပင်ကြ၏။ ဤသို့ဖြင့်အလင်းကို ငြိမ်းသတ်နိုင်မည်ဟု မျှော်လင့်ကြသည်။—ယောဟန် ၁၁:၅၃၊ ၅၄၊ ၁၂:၉၊ ၁၀။

၇ သို့ဖြင့်၊ ဘုရားသခင့်လူမျိုး၏ ထိုဘာသာရေးခေါင်းဆောင်များသည် ကိုယ်ကိုအထင်ကြီးခြင်း၊ မာန၊ အသိပညာဆိုင်ရာမရိုးသားမှုနှင့် ကိုယ်ကျိုးရှာစိတ်လွှမ်းမိုးမှုကြောင့် အလင်းမှဝေးလွှင့်ခဲ့ကြရသည်။ ကိုယ်တော်၏အမှုဆောင်ခြင်းအဆုံးပိုင်းတွင် ယေရှုသည်သူတို့၏အပြစ်ကိုဖော်ထုတ်၍ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၂၃:၁၃။

တစ်ကိုယ်ကောင်းနှင့်မာန်မာန

၈။ နာဇရက်တွင်မည်သည့်ဖြစ်ပျက်မှုက ထိုတွင်ရှိလူများ၏ ဆိုးသွမ်းသောနှလုံးအခြေအနေကို ဖော်ပြသနည်း။

၈ အများအားဖြင့်၊ ပထမရာစု ဂျူးလူမျိုးသည် ဆိုးသွမ်းသောနှလုံးသဘောကြောင့် အလင်းကိုငြင်းပယ်ကြရာ၌ သူတို့၏ဘာသာရေးခေါင်းဆောင်များနှင့် ထပ်တူဖြစ်ကြောင်းတင်ပြခဲ့ကြသည်။ ဥပမာ၊ တစ်ခါတွင် ယေရှုသည်နာဇရက်ရှိ တရားဇရပ်တွင် ဟောပြောရန် ဖိတ်ခေါ်ခံခဲ့ရသည်။ ကိုယ်တော်သည် ဟေရှာယမှကျမ်းတစ်ပိုဒ်ကို ဖတ်၍ရှင်းပြခဲ့ရာ ပထမပိုင်းတွင် အသင်းတော်သည် ကိုယ်တော်အားနားထောင်ခဲ့ကြ၏။ သို့သော်ကိုယ်တော်သည် သူတို့၏တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုံကြည်ခြင်းကင်းမဲ့မှုကို ဖော်ထုတ်သော သမိုင်းဆိုင်ရာနှိုင်းယှဉ်ချက်ကို ဖော်ပြသောအခါ သူတို့သည်ဒေါသထွက်၍ ကိုယ်တော်အားသတ်ရန် ကြိုးပမ်းကြသည်။ (လုကာ၊ ၄:၁၆-၃၀) အခြားအကျင့်ဆိုးများထဲတွင် မာနစိတ်သည်အလင်းကို လျောက်ပတ်စွာမတုံ့ပြန်ရန် သူတို့အားတားဆီးခဲ့သည်။

၉။ ဂါလိလဲရှိလူအုပ်ကြီး၏ မှားယွင်းသောသဘောထားကို မည်သို့ဖော်ထုတ်ခဲ့သနည်း။

၉ နောက်တစ်ချိန်တွင်၊ ယေရှုသည်ဂါလိလဲပင်လယ်ဘေးတွင် လူအုပ်ကြီးအား အံ့ဖွယ်နည်းဖြင့် ကျွေးမွေးခဲ့သည်။ ဤအံ့ဖွယ်ဖြစ်ရပ်၏ သက်သေများက “ဤသူကားဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်” ဟုဆိုကြ၏။ (ယောဟန် ၆:၁၀-၁၄) ယေရှုသည်နောက်တစ်နေရာသို့ လှေနှင့်သွားစဉ် လူအုပ်ကြီးသည်ပင်လယ်တစ်ဝိုက်တွင်လျှောက်၍ ကိုယ်တော်နောက်လိုက်ကြ၏။ သို့သော်လူအများ၏စိတ်သဘောသည် အလင်းကိုချစ်၍မဟုတ်ကြောင်း ယေရှုသိခဲ့လေသည်။ ကိုယ်တော်ကသူတို့အား “သင်တို့သည် နိမိတ်လက္ခဏာတို့ကိုမြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၆:၂၆) မကြာမီပင် ကိုယ်တော်နောက်လိုက်သူ အတော်များများသည် လောကဘက်ပြန်လှည့်သွားသောအခါ ကိုယ်တော်မှန်ကြောင်း သက်သေထူခဲ့သည်။ (ယောဟန် ၆:၆၆) “ငါဘာအကျိုးခံစားရမလဲ” ဟူသည့် တစ်ကိုယ်ကောင်းဆန်သော အတွေးကအလင်းကို ပိတ်ဆို့ခဲ့သည်။

၁၀။ တစ်ပါးအမျိုးသားအများစုသည် အလင်းကိုမည်သို့ တုံ့ပြန်ခဲ့သနည်း။

၁၀ ယေရှုသေဆုံး၍ ထမြောက်ပြီးနောက် ယုံကြည်သောဂျူးများသည် ဆက်လက်၍အခြားဂျူးများထံအလင်းကို သယ်ဆောင်သွားခဲ့ကြသည်။ သို့သော်အနည်းငယ်သာ တုံ့ပြန်ခဲ့ကြသည်။ ထို့ကြောင့် “တစ်ပါးအမျိုးသားတို့ လင်းစရာဖို့” လုပ်ဆောင်နေသော တမန်တော်ပေါလုနှင့် အခြားသူများသည် သတင်းကောင်းကို အခြားနယ်များသို့ ဖြန့်ခဲ့ကြသည်။ (တမန်တော် ၁၃:၄၄-၄၇) ဂျူးမဟုတ်သူအများ တုံ့ပြန်ခဲ့ကြသည်။ သို့သော်အများ၏ တုံ့ပြန်ချက်မှာ ပေါလုတင်ပြသည်အတိုင်း “ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏အကြောင်းကို ဟောပြောကြ၏။ . . . တစ်ပါးအမျိုးသား၌ကား မိုက်မဲခြင်းဖြစ်၏။” (၁ကောရိန္သု ၁:၂၂၊ ၂၃) ဂျူးမဟုတ်သူအများစုသည် ဒိဌိအယူသီးမှုများ (ဝါ) လောကီအတွေးအခေါ်များကြောင့် ကန်းနေသည့်အတွက် အလင်းကိုငြင်းပယ်ခဲ့ကြသည်။—တမန်တော် ၁၄:၈-၁၃၊ ၁၇:၃၂၊ ၁၉:၂၃-၂၈။

‘မှောင်မိုက်ထဲမှ. . . ခေါ်သွင်း’

၁၁၊ ၁၂။ ပထမရာစုတွင် မည်သူများအလင်းကိုတုံ့ပြန်ခဲ့ပြီး၊ ယနေ့တွင်မည်သူများတုံ့ပြန်သနည်း။

၁၁ ပထမရာစုတွင် အများစုသည် တုံ့ပြန်မှုမဲ့သော်ငြားလည်း နှလုံးရိုးဖြောင့်သူအများသည် ‘မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ဆောင်သွင်း’ ခံခဲ့ရလေသည်။ (၁ပေတရု ၂:၉) သူတို့အကြောင်းတမန်တော် ယောဟန်က “ထိုသူ [ခရစ်တော်] ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” ဟုရေးသားခဲ့လေသည်။ (ယောဟန် ၁:၁၂) ၃၃ စီအီးပင်တေကုတ္တေနေ့မှစ၍အလင်းကိုချစ်သော ဤသူများအားသန့်ရှင်းသော ဝိညာဉ်တော်ဖြင့် နှစ်ခြင်းပေးခဲ့ပြီး၊ ယေရှုနှင့်အတူ ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်တွင်အုပ်ချုပ်ရန် မျှော်လင့်ချက်ဖြင့် ဘုရား၏သားများဖြစ်လာလေသည်။

၁၂ ကျွန်ုပ်တို့လက်ထက်တွင်၊ ဘုရားသခင်၏နောက်ဆုံးဘိသိတ်ခံသားများကို စုရုံးခဲ့ပြီး၊ ဒံယေလ၏ပရောဖက်ပြုချက်ကို ပြည့်စုံစေကာ သူတို့သည် “ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့” ပို့ဆောင်ပေးကြသည်။ (ဒံယေလ ၁၂:၃) သူတို့သည် သူတို့၏အလင်းကို မည်မျှတိုင်ထွန်းလင်းခဲ့သည်ဟူမူ လေးသန်းကျော်သော “အခြားသိုး” များသည် သမ္မာတရားသို့ ဆွဲဆောင်ခံခဲ့ရပြီး၊ ဘုရားရှေ့တော်၌ ဖြောင့်မတ်သောရပ်တည်မှုကို ခံစားကြရသည်။ (ယောဟန် ၁၀:၁၆) ဤသူများသည်တစ်ဖန် ကမ္ဘာတစ်ခွင်တွင် အလင်းကိုရောင်ပြန်ကြရာ ယခုအခါအလင်းသည်တစ်ခါနှင့်မျှမတူအောင် ထွန်းလင်းလျက်ရှိသည်။ ယနေ့တွင် ပထမရာစုမှာကဲ့သို့ “အမှောင်သည် [အလင်း] ကိုမလွှမ်းမိုးနိုင်ချေ။”—ယောဟန် ၁:၅။ NW

‘ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ’

၁၃။ တမန်တော်ယောဟန်က ကျွန်ုပ်တို့အား မည်သည့်သတိပေးချက်ကို ပေးခဲ့သနည်း။

၁၃ သို့သော်ကျွန်ုပ်တို့သည် တမန်တော်ယောဟန်၏သတိပေးချက်ကို မည်သည့်အခါမျှ မမေ့သင့်ချေ။ “ထိုနှုတ်ကပါဌ်တော်ထံ၌ ငါတို့သည်ကြားရ၍ သင်တို့အားပြသသောတရားစကားဟူမူကား ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။ ‘ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ပြီ’ ဟုဆိုလျက်ပင် မှောက်မိုက်၌ကျင်လည်လျှင် သစ္စာတရားကိုမကျင့်၊ မုသာကိုသုံးသောသူဖြစ်ကြ၏။” (၁ယောဟန် ၁:၅၊ ၆) ရှင်းနေသည်မှာ၊ ဂျူးများကဲ့သို့ ခရစ်ယာန်များသည် အလားတူထောင်ချောက်ထဲသို့ ကျရောက်နိုင်ပြီး၊ ဘုရားရှင်၏သက်သေများအဖြစ် သမုတ်ခံရစဉ် အမှောင်၏အကျင့်များ ကျင့်နိုင်လေသည်။

၁၄၊ ၁၅။ ပထမရာစုခရစ်ယာန်အသင်းတော်တွင် မည်သည့်မှောင်မိုက်အကျင့်များ ထင်ရှားခဲ့သနည်း။ ယင်းမှကျွန်ုပ်တို့ ဘာသင်အံနိုင်သနည်း။

၁၄ အမှန်ပင်၊ ယင်းသည် ပထမရာစုတွင် ဖြစ်ပျက်ခဲ့သည်။ ကောရိန္သုတွင် ကြီးမားသော အုပ်စုကွဲခြင်းအကြောင်း ကျွန်ုပ်တို့ဖတ်ရှုရသည်။ (၁ ကောရိန္သု ၁:၁၀-၁၇) တမန်တော်ယောဟန်က ဘိသိက်ခံခရစ်ယာန်များအား တစ်ဦးနှင့်တစ်ဦးမမုန်းရန် သတိပေးခဲ့ရပြီး၊ ယာကုပ်က ချမ်းသာသူများကို ဆင်းရဲသူများထက် မျက်နှာမလိုက်ရန် သတိပေးခဲ့ရသည်။ (ယာကုပ် ၂:၂-၄။ ၁ယောဟန် ၂:၉၊ ၁၀။ ၃ ယောဟန် ၁၁၊ ၁၂) ထပ်ဆင့်၍၊ ယေရှုသည် အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ခုကို စစ်ဆေးခဲ့စဉ်၊ ဗျာဒိတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း အယူဖောက်ပြန်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ အကျင့်ယိုယွင်းခြင်းနှင့် ရုပ်ဝါဒအပါအဝင် အခွင့်မဲ့ဝင်ရောက်လာသော အမှောင်၏အကျင့်များကို ကိုယ်တော်မိန့်ကြားခဲ့သည်။ (ဗျာဒိတ် ၂:၄၊ ၁၄၊ ၁၅၊ ၂၀-၂၃။ ၃:၁၊ ၁၅-၁၇) ထိုစောစောပိုင်း ခရစ်ယာန်အသင်းတော်အချိန်က အတော်များများသည် အလင်းကိုစွန့်ခဲ့ပြီး၊ အချို့သည်နှင်ထုတ်ခံရကာ အချို့သည် “ပြင်အရပ်မှောင်မိုက်” ထဲသို့ရွေ့လျော့ သွားခဲ့ကြသည်။—မဿဲ ၂၅:၃၀။ ဖိလိပ္ပိ ၃:၁၈။ ဟေဗြဲ ၂:၁။ ၂ ယောဟန် ၈-၁၁။

၁၅ ပထမရာစုမှ ဤမှတ်တမ်းအားလုံးက စာတန့်လောက၏မှောင်မိုက်သည် ခရစ်ယာန်တစ်ဦးစီ သို့မဟုတ် အသင်းတော်တစ်ခုလုံး၏ အတွေးတွင်စိမ့်ဝင်နိုင်ပုံ နည်းအဖုံဖုံကို တင်ပြသည်။ ထိုသို့ကျွန်ုပ်တို့တွင် ဘယ်တော့မျှမဖြစ်ရန် သတိရှိသင့်သည်။ ကျွန်ုပ်တို့မည်သို့ သတိရှိနိုင်သနည်း။

ပုံသဏ္ဌာန်သစ်

၁၆။ ပေါလုသည်ဧဖက်သားများအား မည်သည့်အခြေအမြစ်ရှိသော သွန်သင်ချက်ကို ပေးခဲ့သနည်း။

၁၆ ပေါလုကဧဖက်သားများအား “ထိုသူတို့သည်ဉာဏ်အလင်းကွယ်သည်ဖြစ်၍. . . ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။” ထိုအမှောင်ထဲ သူတို့ပြန်မရွေ့လျော့သွားရန် သူတို့သည် အလင်းနှင့်ဆိုင်သော နှလုံးသဘောကို မွေးမြူရမည်။ ပေါလုက “အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကိုချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” ရန် ပြောကြားခဲ့သည်။—ဧဖက် ၄:၁၈၊ ၂၂-၂၄။

၁၇။ ယနေ့ကျွန်ုပ်တို့သည် အမှောင်ထဲပြန်ချော်မသွားရန် မည်သို့ရှောင်ရှားနိုင်သနည်း။

၁၇ ပေါလုကဤတွင် အရင်းအမြစ်မှအကုန်အစင်ခွဲစိတ်သည့်ပမာ—တစ်ခါကကျွန်ုပ်တို့၏အစိတ်အပိုင်းဖြစ်သော ကျွန်ုပ်တို့၏ပုံသဏ္ဌာန်ဟောင်းကို ဖြတ်ထုတ်ပြီး၊ စိတ်နှလုံးအသစ် ‘သဘော’ လုံးလုံးလျားလျား ဖြစ်ပေါ်လာရန် ခွင့်ပြုရမည်။ သူကစိတ်ဝင်စားခါစ လူသစ်များကိုမဟုတ်ဘဲ နှစ်ခြင်းခံပြီးသော ခရစ်ယာန်များကို ပြောဆိုနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ပုံသဏ္ဌာန်ပြောင်းလဲခြင်းသည် နှစ်ခြင်းခံသည်နှင့် ရပ်စဲမသွားချေ။ ဆက်လက်ပြောင်းလဲနေသည်။ ကျွန်ုပ်တို့သည် ပုံသဏ္ဌာန်သစ် မွေးမြူခြင်းအားရပ်တန့်လိုက်လျှင် မာနစိတ်၊ ကိုယ်ကိုအထင်ကြီးခြင်းနှင့် ကိုယ်ကျိုးရှာစိတ်နှင့်အတူ အဟောင်းသည် ပြန်လည်ပေါ်ထွက်လာနိုင်သည်။ (ကမ္ဘာဦး ၈:၂၁။ ရောမ ၇:၂၁-၂၅) ယင်းသည်မှောင်မိုက်အကျင့်များသို့ တစ်ဖန်ပြန်ရောက်ရှိစေနိုင်သည်။

“အလင်းတော်ထဲမှာအကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏”

၁၈၊ ၁၉။ ယေရှုနှင့်ပေါလုက “အလင်း၏သား” များအားသိမှတ်နိုင်ပုံကို မည်သို့ဖော်ပြခဲ့သနည်း။

၁၈ ကျွန်ုပ်တို့ထာဝရအသက်ရရှိခြင်းသည် ဘုရားရှင်ထံမှ မျက်နှာသာရ တရားစီရင်ခြင်းအပေါ် မူတည်လေသည်။ ယင်းတရားစီရင်ခြင်းသည် ကျွန်ုပ်တို့အလင်းကို မည်မျှချစ်သည်အပေါ် မူတည်လေသည်။ ယင်းကိုရည်ညွှန်း၍ ယေရှုက “ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ။ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကိုထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်” ဟုမိန့်ကြားခဲ့သည်။—ယောဟန် ၃:၁၉-၂၁။

၁၉ ပေါလုကဧဖက်သားများထံ ရေးသားခဲ့စဉ် ယင်းသဘောထားကို ထောက်ခံခဲ့သည်။ “အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။ အလင်းတော်၏အကျိုးမူကား၊ အလုံးစုံသောကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းဖြစ်သတည်း။” (ဧဖက် ၅:၈၊ ၉) ထို့ကြောင့်ကျွန်ုပ်တို့၏အကျင့်က ကျွန်ုပ်တို့သည် အလင်း၏သားသမီးလော၊ အမှောင်၏သားသမီးလော ဆိုသည်ကိုတင်ပြသည်။ သို့သော်မှန်သောအကျင့်သည် ကောင်းမွန်သောနှလုံးမှသာ ပေါ်ထွက်လာနိုင်သည်။ ထို့အတွက်ကြောင့်ကျွန်ုပ်တို့သည် ကိုယ့်နှလုံးကိုစောင့်ကြပ်ရန်၊ မိမိပုံသဏ္ဌာန်ကို သစ်လွင်နေရန်လုပ်ဖို့အသင့်ရှိနေရန်၊ စိတ်ကိုလှုံ့ဆော်သည်များအား သတိပြုနေရန်ဖြစ်လေသည်။—သု၊ ၄:၂၃။

၂၀၊ ၂၁။ (က) ခရစ်ယာန်မိသားစုတွင် မွေးဖွားလာသူများ မည်သည့်အထူးစိန်ခေါ်ချက်ကို ရင်ဆိုင်ရသနည်း။ (ခ) ခရစ်ယာန်မိဘများ၏ ကလေးအားလုံး မည်သည့်စိန်ခေါ်ချက် ရင်ဆိုင်လျက်ရှိသနည်း။

၂၀ အချို့ကိစ္စများတွင်၊ ယင်းသည်အပ်နှံထားသည့် ယေဟောဝါသက်သေများအတွင်း၌ မွေးဖွားလာသော ကလေးများအတွက် အထူးစိန်ခေါ်ချက်တစ်ရပ်ဖြစ်လေသည်။ အဘယ်ကြောင့်နည်း။ တစ်ဘက်မှကြည့်လျှင် ထိုသို့သောကလေးများသည် ထူးမြတ်လှသော ကောင်းချီးများ ခံစားရလေသည်။ ငယ်စဉ်တောင်ကျေးဘဝမှ သမ္မာတရားကိုသိရှိသောကြောင့် စာတန်လောက၏မှောင်မိုက်တွင် တိုက်ရိုက်တွေ့ကြုံရန် ဘယ်တော့မျှမလိုအပ်ချေ။ (၂တိမောသေ ၃:၁၄၊ ၁၅) အခြားတစ်ဘက်တွင်၊ ဤအခြေအနေတွင်ရှိ အချို့ကလေးများသည် သမ္မာတရားကိုပေါ့ပေါ့တန်တန် သဘောထားကာ၊ အလင်းကိုချစ်ရန် တစ်ခါမျှအမှန်တကယ် မသင်အံကြချေ။ ယင်းသည်ပထမရာစုရှိ ဂျူးအများစု၏အခြေအနေဖြစ်လေသည်။ သူတို့သည်ယေဟောဝါထံ၌ ဆက်ကပ်ထားသောလူမျိုး၌ကြီးပြင်းလာခဲ့ပြီး၊ အတော်အသင့် သမ္မာတရားအသိပညာရှိခဲ့ကြသည်။ သို့သော်ယင်းသည် သူတို့နှလုံးထဲတွင် မရှိခဲ့ချေ။—မဿဲ ၁၅:၈၊ ၉။

၂၁ ခရစ်ယာန်မိဘများသည် သူတို့၏ကလေးများကို အလင်းတွင်ကြီးပြင်းစေရန် ဘုရားရှင်ရှေ့၌ တာဝန်ရှိလေသည်။ (တရားဟောရာ ၆:၄-၉။ ဧဖက် ၆:၄) အဆုံးတွင်မူ၊ ကလေးကိုယ်နှိုက်က အလင်းကိုအမှောင်ထက် ပိုမိုချစ်မြတ်နိုးလာရန်ဖြစ်သည်။ သမ္မာတရားအလင်းကို သူ့ကိုယ်နှိုက်၏အစိတ်အပိုင်းဖြစ်လာရန် ပြုလုပ်ဖို့ဖြစ်သည်။ သူကြီးပြင်းလာသည်နှင့်အမျှ၊ စာတန့်လောက၏ အရာအချို့သည် ဆွဲဆောင်မှုရှိသယောင်ဖြစ်မည်။ သူ့အပေါင်းအသင်းများ၏ ဂရုမမူ သို့မဟုတ် ထင်သလိုနေသော ဘဝပုံစံသည် စိတ်လှုပ်ရှားဖွယ်သယောင်ဖြစ်မည်။ ကျောင်းခန်းတွင်သင်ကြားသော ဘာသာရေးကိုယုံမှားရန် သင်ပေးမှုသည် လှည့်စားနိုင်သည်။ သို့သော်အလင်းပြင်ပတွင် ‘မှောင်မိုက်သည်မြေကြီးကိုဖုံးလွှမ်း’ ကြောင်းသူဘယ်တော့မျှ မမေ့သင့်ချေ။ (ဟေရှာယ ၆၀:၂) ရေရှည်တွင်၊ ဤမှောင်မိုက်လောကသည် ကောင်းသည့်အရာ ဘာမျှပေးစရာမရှိချေ။—၁ယောဟန် ၂:၁၅-၁၇။

၂၂။ ယေဟောဝါသည် ယခုအလင်းသို့လာသူများအား မည်သို့ကောင်းချီးပေးပြီး၊ အနာဂတ်တွင်သူတို့အား မည်သို့ကောင်းချီးပေးမည်နည်း။

၂၂ ဘုရင်ဒါဝိဒ်က “ကိုယ်တော် [ယေဟောဝါ] ထံမှာအသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။ ကိုယ်တော်ကိုသိသောသူတို့အား၊ ကရုဏာတော်ကိုလည်းကောင်း” ဆက်လက်ပြသရန် ရေးသားခဲ့သည်။ (ဆာလံ ၃၆:၉၊ ၁၀) အလင်းကိုချစ်သူများသည် ယေဟောဝါကိုသိရှိလာပြီး၊ ယင်းသည်တစ်ဖန် သူတို့အတွက်အသက်ကိုဖြစ်စေနိုင်သည်။ (ယောဟန် ၁၇:၃) ကိုယ်တော်၏မေတ္တာကရုဏာတော်၌ ယေဟောဝါသည်ယခုသူတို့အားထောက်မပြီး၊ ကြီးစွာသောဒုက္ခစသောအခါ ကိုယ်တော်သည်သူတို့အား ကမ္ဘာသစ်ထဲသို့ သယ်ဆောင်သွားပါလိမ့်မည်။ ကမ္ဘာသစ်တွင်၊ လူသားတို့သည် ပရဒိသု၌စုံလင်သောအသက်သို့ တစ်ဖန်ပြန်လည် ရရှိပါလိမ့်မည်။ (ဗျာဒိတ် ၂၁:၃-၅) ထိုအခါမျက်နှာသာရ တရားစီရင်ခြင်းကိုခံရသောသူများသည် အစဉ်ယေဟောဝါ၏အလင်းတွင် ခိုလှုံခွင့်ရရှိသော အခွင့်အလမ်းရှိလေသည်။ မည်မျှထူးမြတ်သော အလားအလာပါတကား။ “မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍၊ အလင်း၏လက်နက်စုံကိုဝတ်ဆင်” ရန်မည်မျှ အားကြီးသော စေ့ဆော်ဆွဲဆောင်ချက်ပါတကား။—ရောမ ၁၃:၁၂။

သင်မှတ်မိသလော

▫ ယေရှုအချိန်ရှိဂျူးအများစုသည်အဘယ်ကြောင့်အလင်းကိုငြင်းပယ်ခဲ့ကြသနည်း။

▫ မျက်မှောက်ခေတ်တွင်အလင်းသည် မည်သည့်အတိုင်းအတာထိ ထွန်းလင်းနေသနည်း။

▫ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မာနကြီးခြင်းနှင့်စပ်လျဉ်း၍ ပထမရာစုပုံသက်သေများကမည်သည့်သတိပေးချက်များကိုဖော်ပြထားသနည်း။

▫ အလင်း၌ကျွန်ုပ်တို့ရပ်တည်နေမည်ဆိုလျှင် ဘာအရေးကြီးသနည်း။

▫ အလင်းကိုချစ်သူများအတွက် မည်သည့်ကောင်းချီးများသိုလှောင်ထားသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရှုလက်ထက်ရှိဂျူးအများစုသည် အလင်းကိုတုံ့ပြန်ခဲ့ခြင်းမရှိကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဆယ်စုနှစ်များအတွင်း တပည့်ဖြစ်စေခြင်း၌ ‘အလင်းကိုထွန်းလင်း’ ရန်နည်းအဖုံဖုံအသုံးပြုခဲ့သည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သင်သည် ပုံသဏ္ဍန်ဟောင်းကို ချွတ်ပယ်သင့်ပြီး ပုံသဏ္ဍန်သစ်ကို ဝတ်ဆင်သင့်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ