ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၉/၁၅ စာ. ၂၄-၂၇
  • ဘရာဇီးလ်တွင် ရိတ်သိမ်းရန် ဝင်းနေသောလယ်ကွင်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘရာဇီးလ်တွင် ရိတ်သိမ်းရန် ဝင်းနေသောလယ်ကွင်းများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ရှေ့ဆောင်များရိတ်သိမ်းခြင်းတွင်ပါဝင်
  • ဓမ္မဆရာများ၏လွှမ်းမိုးမှု ရိတ်သိမ်းခြင်းကိုထိခိုက်
  • အဆက်မပြတ်ကြိုးပမ်းမှု ကောင်းချီးဖြစ်စေ
  • ဘဝပြောင်းလဲ
  • ရိတ်သိမ်းခြင်းတွင် အပြည့်အဝပါဝင်လော့
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၉/၁၅ စာ. ၂၄-၂၇

ဘရာဇီးလ်တွင် ရိတ်သိမ်းရန် ဝင်းနေသောလယ်ကွင်းများ

“စပါးရိတ်ခြင်းအလိုငှာလယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှာ အသီးကိုစုသိမ်း၏။” (ယောဟန် ၄:၃၅၊ ၃၆) ယေရှုခရစ်၏ ထိုပရောဖက်ပြုချက်စကားများသည် ယနေ့တွင်ကျယ်ပြောလှသော တောင်အမေရိကရှိ ဘရာဇီးနိုင်ငံအစွန်အဖျားအတွက် မှန်ကန်ပါသည်။

နှစ်ပေါင်းများစွာပင် ဘရာဇီးရှိယေဟောဝါသက်သေများသည် တိုးတက်မှုများခံစားရလျက်ရှိသည်။ ၁၉၉၁ ဧပြီလတွင် ဘုရားနိုင်ငံတော်ရိတ်သိမ်းသူအများဆုံးအရေအတွက် ၃၀၈,၉၇၃ သည်အိမ်တွင်းကျမ်းစာသင်အံမှု ၄၀၁,၅၇၄ ကျင်းပခဲ့သည်။ ၁၉၉၁၊ မတ်လ ၃၀ တွင်ရိတ်သိမ်းခြင်းလုပ်ငန်းကိုအစပြုခဲ့သော ယေရှု၏သေခြင်းကိုကျင်းပရန်စုစုပေါင်း ၈၉၇,၇၃၉ ဦးစုဝေးခဲ့သည်။

ထိုသို့သောရလဒ်ကောင်းများရသည့်တိုင် လယ်ကွင်းအချို့ပိုင်းသည် ရိတ်သိမ်းခံရဖို့ စောင့်ဆိုင်းနေဆဲဖြစ်သည်။ ယေဟောဝါသက်သေများ ဟောပြောခြင်းလုပ်ငန်းအနည်းငယ် သို့မဟုတ် လုံးဝမလုပ်ရသေးသောနယ်မြေတွင် လူပေါင်းငါးသန်းကျော်နေထိုင်သည်။ ဤနေရာများတွင် ရိတ်သိမ်းရန်ဘာပြုလုပ်နေပါသနည်း။

ရှေ့ဆောင်များရိတ်သိမ်းခြင်းတွင်ပါဝင်

မကြာသေးမီက ခြောက်လအချိန်အတွင်း ဘရာဇီးတွင်ရှိကင်းမျှော်စင်အသင်းဌာနခွဲသည် နိုင်ငံ၏လူဦးရေပိုမိုထူထပ်သည့်အရှေ့ပိုင်းသို့ အချိန်ပြည့်ဘုရားနိုင်ငံတော်ကြွေးကြော်သူများဖြစ်သည့် ယာယီအထူးရှေ့ဆောင် ၁၀၀ နှင့်မှန်မှန်ရှေ့ဆောင် ၉၇ ဦးစေလွှတ်ခဲ့သည်။ အသင်းတော်အသီးသီးမှ ကြေညာသူများလည်း ဤဒေသများတွင် မတာရှည်သောကာလအတွင်း စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့ကြသည်။ ကျော်လွှားရသောအခက်အခဲများရှိငြားလည်း ရလဒ်များမူကား အားရဖွယ်ဖြစ်သည်။

ဥပမာ၊ မီနာ ဇာရစ္စပြည်နယ်ရှိ စာအိုဂျိုအိုဒါပွန်တီ၌ရှေ့ဆောင်များသည် ဒေသခံကျောင်းရှိဘာသာရေးဆရာထံ သွားရောက်ခဲ့သည်။ သတင်းကိုကြားနာပြီးနောက် သူ၏အတန်းတွင်သင်ကြားပေးရန် လူငယ့်ဘဝအနှစ်သာရ အုပ်ရေ ၅၀ မှာယူခဲ့သည်။ နောက်ကျောင်းဆရာတစ်ဦးက ထွက်ခွာသွားတော့မည့် ရှေ့ဆောင်များအား “ခင်ဗျားတို့ဒီလောက်ကောင်းတဲ့အလုပ်တွေလုပ်နေတဲ့အတွက် ခင်ဗျားတို့မထွက်ခွာသွားသင့်ဘူး။ ကျမ်းစာကိုရှင်းရှင်းလင်းလင်း ဖြေရှင်းနိုင်တာခင်ဗျားတို့တစ်တွေဘဲရှိတယ်” ဟုပြောခဲ့သည်။

ဤအလုပ်မွန်အပေါ် ယောက်တိုင်းနှစ်သက်သည်တော့မဟုတ်ချေ။ ဥပမာ၊ ဒေသခံသတင်းစာ (Diário de Montes Claros) “အကြမ်းဖက်မှုနှင့်ခွဲခြားမှုအတွက် ဘုန်းကြီးကိုစွပ်စွဲ” ဟူသည့်မျက်နှာဖုံးစာမျက်နှာခေါင်းစီးအောက်၌ ရေးသားထားသောစာကိုသုံးသပ်ပါ။ စာကဤသို့ဆိုထားသည်။ “နယ်ခံဓမ္မဆရာများသည် သစ္စာရှိသူများအတွက်သတင်းကောင်းအပေါ်လုံလောက်သော ခရစ်ယာန်လမ်းညွှန်မှုမပေးဘဲ ဘုရားကျောင်းတွင် [ဘုန်းကြီးသည်] အခြားဂိုဏ်းဂဏ၊ ဘာသာရေးနောက်လိုက်သူများအား ကဲ့ရဲ့သည့်ထုံးစံရှိသည်။ မားစ်ဝတ်ပြုပွဲတွင်သူသည် မြို့ထဲတွင်ရှိနေသောယေဟောဝါသက်သေများ ကက်သလစ်များကိုဆိုးရွားစွာမဆက်ဆံသော်လည်း သူတို့ကိုတိုက်ခိုက်ပြောဆိုခဲ့သည်။” ဆောင်းပါးရေးသူ (ဘာသာရေးဆရာ) သည်ထိုသို့သောရန်လိုမှုမပြသဘဲ ရှေ့ဆောင်များပေးသောကျမ်းစာဟောပြောချက်ကို တက်ရောက်ခဲ့ပြီး၊ အခြားစိတ်ဝင်စားသူများကို ခေါ်ဆောင်လာခဲ့သည်။ သူတို့အားလုံးစည်းဝေးကို နှစ်သက်ခဲ့ကြသည်။

ဖော်တလီဇာမှညီအစ်ကိုလေးဦးသည် ပြည်မမှမိုင် ၂၅၀ ဝေးသောဖာနန်ဒိုဒီနိုရောန်ဟာသို့ သွားရောက်ခဲ့သည်။ ကျွန်းပေါ်ရှိနေထိုင်သူ ၁၅၀၀ သည်လွန်ခဲ့သည့် ၁၅ နှစ်အတွင်းကောင်းစွာသက်သေခံခွင့်မရရှိခဲ့ကြချေ။ ဆယ်ရက်အတွင်း ညီအစ်ကိုများသည်စာအုပ်ကြီး ၅၀ နှင့်မဂ္ဂဇင်း၊ ဘရိုရှာ ၂၄၅ အုပ်ဝေငှခဲ့ရကာ အိမ်တွင်းကျမ်းစာသင်အံမှု ၁၅ ခုစခဲ့သည်။ သူတို့လည်ပတ်စဉ်ကျရောက်ခဲ့သော ခရစ်တော်သေခြင်း၏ အောက်မေ့ရာပွဲတော်တွင် ၁၂ ဦးတက်ရောက်ခဲ့သည်။ ယေဟောဝါ၏အကူအညီဖြင့် ထိုတွင်လုပ်ငန်းအခိုင်အမာတည်ထောင်လာမည်ဟု ရှေ့ဆောင်များမျှော်လင့်သည်။ အချို့ညီအစ်ကိုများသည် ထိုကျွန်းသို့ပြောင်းရွှေ့သွားရန် စဉ်းစားခဲ့ပြီးဖြစ်သည်။

ဓမ္မဆရာများ၏လွှမ်းမိုးမှု ရိတ်သိမ်းခြင်းကိုထိခိုက်

ရီအိုဒီဂျန်နီရိုရှိ အာပိုအာဒိုအသင်းတော်မှ ကြေညာသူအုပ်စုတစ်ခုသည် ၁၂၅ မိုင်ခန့်ဝေးသော မီနပ်စ်ဂဲရေးရပ်စ်ရှိ မြို့များစွာတွင်နှစ်ပတ် စေတနာ့ဝန်ထမ်းဟောပြောခဲ့ကြသည်။ နယ်ခံလူများသည်အလွန်ဧည့်ဝတ်ကျေပွန်ပြီး၊ ကြင်နာမှုရှိခြင်းကြောင့် သူတို့ဝမ်းမြောက်ခဲ့ကြသည်။ ဘုရား သို့မဟုတ် ဘုရားနာမတော်ကိုပြောတိုင်းယောက်ျားများသည် သူတို့၏ဦးထုပ်ကိုမြှောက်သည့် ထုံးစံရှိကြသည်။ သို့သော်ဘုရားအပေါ်သူတို့၏ကိုင်းရှိုင်းမှုကြောင့် သူတို့သည်လွယ်လင့်တကူပင် ဓမ္မဆရာများ၏လွှမ်းမိုးမှုခံခဲ့ရသည်။

မြို့တစ်မြို့တွင်ဘုန်းကြီးက ယေဟောဝါသက်သေများကိုနားမထောင်ရန် သို့မဟုတ် သူတို့ကျင်းပရန်စီစဉ်နေသော အစည်းအဝေးကိုမတက်ရောက်ရန် ပြောဆိုခဲ့သည်။ စည်းဝေးနှင့်တစ်ချိန်တည်းတွင် အထူးမာ့စ်ဝတ်ပြုပွဲကိုလည်းသူစီစဉ်ခဲ့ကာ မာ့စ်ပွဲတော်ကိုသူ၏ဘုရားကျောင်းအပြင်ဘက်တွင် အသံချဲ့စက်ဖြင့် အသံကုန်လွှင့်ခဲ့သည်။ သူကြိုးပမ်းသည့်ကြားမှပင် ဧည့်သည်များအပြင်ဒေသခံ ၂၉ ဦးစည်းဝေးကိုတက်ရောက်ခဲ့သည်။

အနီးရှိမြို့မှာမူ လုံးဝကွာခြားသည်။ ထိုတွင်ရှိဘုန်းကြီးက သက်သေခံများလာသောအခါနားထောင်ရန် လူများကိုပြောခဲ့သည်။ ရလဒ်မှာပထမဆုံးစည်းဝေးတွင် ၁၆၈ ဦးတက်ရောက်ခဲ့လေသည်။ နောက်ပိုင်းတွင်သူက ယေဟောဟောဝါသက်သေများ မည်သို့အောက်မေ့ရာပွဲကျင်းပသည်ကို ကြည့်ရှုလေ့လာရန် သူတို့အားပြောခဲ့သည်။ အကြောင်းမှာ၊ “သူတို့လုပ်တဲ့နည်းမှန်တယ်” ဟုသူပြောခဲ့သည်။ ထိုဒေသတွင်နှစ်ပတ်ဟောပြောခဲ့စဉ်စာအုပ်ကြီး ၁,၀၁၄ အုပ်၊ မဂ္ဂဇင်းနှင့်ဘရိုရှာ ၁,၀၅၂ အုပ်ဝေငှခဲ့သည်။

အဆက်မပြတ်ကြိုးပမ်းမှု ကောင်းချီးဖြစ်စေ

တစ်လကြာသောအခါ ပထမအကြိမ်လည်ပတ်စဉ်က စခဲ့သောကျမ်းစာသင်အံမှုများကို ကြည့်ရှုရန်ပြန်လာခဲ့ကြသည်။ ဦးဆောင်သူခရစ်ယာန်အကြီးအကဲက “ကျွန်တော်တို့ကို စိတ်ဝင်စားသူများ ကျေးဇူးတင်စွာနဲ့မျက်ရည်ဝဲပြီး ကြိုဆိုကြပုံဟာ ရင်ဖိုစရာပါဘဲ” ဟုရေးသားခဲ့သည်။ ညီအစ်မတစ်ဦးက စားသောက်ဆိုင်တစ်ခုတွင် မိန်းမတစ်ဦးသည် သူနှင့်အခြားသက်သေခံများထံချဉ်းကပ်ပြီး “ကျွန်မတို့အားသူမနှင့်လာ၍ ကျမ်းစာသင်အံရန် မျက်ရည်ဝဲလျက်တောင်းပန်ကြောင်း” ပြောပြသည်။ နောက်အမျိုးသမီးတစ်ဦးသည် ထိုတွင်သက်သေခံများရှိစဉ် တစ်ပတ်လျှင်သုံးကြိမ်ကျမ်းစာသင်အံခဲ့သည်။ အခေါက်တိုင်းတွင် သူမသည်သူမ၏သင်ခန်းစာကိုပြင်ဆင်ကာ သင်အံမှုအတွက် စောင့်ဆိုင်းနေခဲ့သည်။ အမျိုးသမီးကသူမသည် မှန်သောဘုရားယေဟောဝါထံ စတင်ဆုတောင်းပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ “ကျွန်မနှလုံးသားထဲမှာ ဒါဟာကျွန်မအမြဲစောင့်ဆိုင်းနေတဲ့အရာဘဲ” ဟုသူမကထပ်ဆင့်လိုက်သည်။

နောက်ပိုင်းတွင် ရှေ့ဆောင်နှစ်ဦးကိုထိုဒေသတွင်ရှိ စိတ်ဝင်စားသူများကိုကူညီရန် ခန့်အပ်ခဲ့သည်။ စီအီးပထမရာစုမှာကဲ့သို့ပင် “ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသောသူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ” လေသည်။ (တမန်တော် ၁၃:၄၈) ယာကုပ်ရေတွင်းတွင်ယေရှုသက်သေခံခဲ့သော ရှမာရိမိန်းမကဲ့သို့သူတို့သည် မိမိတို့ကြားသိခဲ့ရသည်တို့ကို အခြားသူများအား တစ်ဖန်ပြောပြကြသည်။ (ယောဟန် ၄:၅-၃၀) ယခုရှေ့ဆောင်နှစ်ဦးသည် သူတို့နှင့်အတူအမှုဆောင်နေသည့်အခြား ၆ ဦးရှိနေပြီး၊ ပတ်စဉ်စည်းဝေးများကိုပျမ်းမျှ ၂၀ ဦးတက်ရောက်ကြသည်။

ဤအထူးလုပ်ငန်း၏အောင်မြင်မှုကြောင့် အားတက်ကြလျက် အာပိုအာဒိုအသင်းတော်ရှိကြေညာသူ ၂၉ ဦးသည်မိုင် ၃၀၀ ခန့်ဝေးသောမူတွမ်မြို့သို့ ဟောပြောရန်သွားရောက်ခဲ့ကြသည်။ “လက်ခံပုံကတော့အံ့သြစရာပါဘဲ” ဟုအုပ်စုကိုဦးဆောင်သော အကြီးအကဲကဆိုသည်။ “လူအများဟာ ဘယ်လောက်အာရုံစိုက်သလဲဆိုရင် ကျမ်းစာသင်အံမှုပေါင်း ၁၇၀ စခဲ့ပြီး၊ သူတို့အထဲကအများစုဟာ ဆက်လက်သင်အံနေမယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။” နှစ်ပတ်အတွင်းကြေညာသူတစ်ဦးလျှင် ပျမ်းမျှနာရီပေါင်း ၉၀ စီဟောပြောခဲ့ပြီး၊ လူများကိုစာအုပ်ပေါင်း ၁,၁၀၀ ဝေငှခဲ့သည်။ ညီအစ်ကိုများဟောပြောခဲ့သော လူထုဟောပြောပွဲများတွင်အများဆုံး ၁၈၁ ယောက်တက်ရောက်ခဲ့သည်။

လအနည်းငယ်ကြာသောအခါ၊ အသင်းတော်သည် ခန်းမနှင့်ရှေ့ဆောင်အိမ်အဖြစ်အသုံးပြုရန် မူတွမ်မြို့အလယ်၌ ကောင်းမွန်သောအိမ်တစ်လုံးကို ငှားရမ်းခဲ့သည်။ ထိုတွင်တာဝန်ခန့်အပ်ထားသော ညီအစ်မနှစ်ဦးကအသင်းမသို့ပို့လိုက်သော ပထမဆုံးစာတွင် ဤသို့တစ်စိတ်တစ်ဒေသဆိုထားသည်။ “သင်အံမှုတွေအတော်များများ စထားပြီးဖြစ်တဲ့အတွက် ကျွန်မတို့နောက်ထပ်ရှေ့ဆောင်တွေလိုအပ်တယ်။ ရီအိုဒီဂျန်နီရိုက ညီအစ်ကိုတွေတစ်လတစ်ကြိမ်လာကူညီတာတောင် လုပ်ငန်းဟာကြီးမားလှတယ်။ ဆယ်အိမ်မှာကိုးအိမ်က ပြန်လာဖို့ကျွန်မတို့ကို ဖိတ်ခေါ်ခဲ့တယ်။ စည်းဝေးတွေကျင်းပဖို့ အကူအညီလည်းကျွန်မတို့လိုအပ်နေတယ်။” ယခုနောက်ထပ်ရှေ့ဆောင်တစ်ဦးသူတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည်။

ဘဝပြောင်းလဲ

သမ္မာတရားသည် အမြစ်စွဲ၍အသီးကောင်းများသီးသည်ကိုမြင်ရသည်မှာ အားရဖွယ်ပင်ဖြစ်သည်။ စိတ်ဝင်စားသူတစ်ဦးက “သမ္မာကျမ်းစာရဲ့ ဒီအသိပညာကိုရရှိခြင်းဟာ ကျွန်တော့ဘဝမှာ ဖြစ်ပျက်ခဲ့သမျှတွေထဲမှာ အကောင်းဆုံးပဲ။ ကျွန်တော့်ဘဝဟာ ပိုကောင်းဖို့ပြောင်းလဲသွားပြီး၊ ကျွန်တော်ဟာစိတ်ငြိမ်ဆေးတွေ စားစရာမလိုတော့ဘူး။ . . . ကျွန်တော့်အတွက် ခင်ဗျားတို့လုပ်ပေးသမျှအပေါ် ယေဟောဝါဆုချပါစေ။”

နောက်တစ်ဦးက “ယေဟောဝါကျွန်တော့်မျက်စိကို ဘယ်လိုဖွင့်ပေးတယ်ဆိုတာ ကျွန်တော်တကယ်ဘဲ အံ့ဩမိတယ်။ ကျွန်တော်ဟာကျွန်တော့်ရဲ့အဖွားကို ဒီအပတ်ထဲမှာဘဲ ဆုံးရှုံးခဲ့ပေမဲ့ ကျွန်တော်အခုသူ့ကိုပြန်တွေ့ဖို့ မျှော်လင့်ချက်ရှိနေပြီ။ ကျွန်တော်နှစ်ခြင်းခံချင်တယ်၊ ဒါပေမယ့်ဦးဆုံးကျွန်တော်ကောင်းကောင်းပြင်ဆင်ထားချင်တယ်။ ခင်ဗျားတို့ဒီကိုလာပြီး ထာဝရအသက်ကိုပို့ဆောင်တဲ့ လမ်းကျဉ်းကိုပြသပေးမှုအတွက် သင်တို့ကိုယေဟောဝါကောင်းချီးပေးပါစေ” ဟုရေးသားခဲ့သည်။ နောက်တစ်ဦးကလည်း “ကျွန်တော်ဟာတစ်လလောက်က ဆေးလိပ်ပြတ်သွားတယ်ဆိုတာ သိစေလိုပါတယ်။ ခင်ဗျားပို့ပေးတဲ့ မဂ္ဂဇင်းကြောင့်ကျွန်တော်သိပ်ပျော်ပါတယ်။ အဲ့ဒီထဲမှာကောင်းတဲ့အရာတွေ အများကြီးပါပြီး ကျွန်တော်လည်းကောင်းတာကိုလုပ်ဖို့ အဲ့ဒါကကူညီပေးခဲ့တယ်။” အမှန်ပင်၊ ရိတ်သိမ်းခြင်းသည် ပျော်ရွှင်ဖွယ်အကြောင်းရင်းပါတကား။

သို့သော်၊ ထိုသို့သောကောင်းချီးများသည် မရုန်းကန်ရဘဲ ရရှိလာခြင်းမဟုတ်ပါ။ ဥပမာ၊ အမျိုးသမီးတစ်ဦးနှင့် သူ၏သမီးသည် စတင်လေ့လာသောအခါ နယ်ခံဓမ္မဆရာက သူတို့သည်သက်သေခံများ၏စည်းဝေးသို့သွားလျှင် အသင်းထဲမှထုတ်ပစ်မည်ဖြစ်ကြောင်း သူတို့အားသတိပေးခဲ့သည်။ သို့နှင့်သူတို့သည် မိတ်ဆွေဟောင်းများ၏ ဝိုင်းပယ်ခံခဲ့ရပြီး၊ အချို့ကကက်သလစ်ကျမ်းစာတွင် “ယေဟောဝါ” မပါသောကြောင့် သူတို့ရူးသွားပြီဖြစ်ကြောင်း စွပ်စွဲကြသည်။ အမျိုးသမီးသည် မိမိ၏ကက်သလစ်ကျမ်းစာတွင် ယေဟောဝါ၏နာမကို ရှာ၍မတွေ့နိုင်သောကြောင့်၊ ရှေ့ဆောင်များနှင့်ကျမ်းစာသင်သောနေ့တွင် သူ့ထံလာလည်ပတ်ရန် အိမ်နီးချင်းများကိုသူမဖိတ်ခေါ်ခဲ့သည်။ အမျိုးသမီးတစ်ဦးက သူမ၏ကက်သလစ်ပေါလီနပ်စ်ဘာသာပြန်ကျမ်းစာနှင့် လာရောက်ခဲ့သည်။ သူမသည်ထွက်မြောက်ရာ ၆:၃ ၏အောက်ခြေမှတ်ချက်တွင် ဘုရားနာမတော်ကို ဖတ်ရှုရသောအခါ သူမအိမ်တွင်ကျမ်းစာသင်အံမှုကိုလက်ခံခဲ့သည်။

ရိတ်သိမ်းခြင်းတွင် အပြည့်အဝပါဝင်လော့

အမှုဆောင်ခြင်းနည်းပါးသော ရပ်ကွက်တွင်လုပ်ဆောင်ခြင်းသည် လုပ်ဆောင်သူများကိုယ်နှိုက်အပေါ် မည်သည့်အကျိုးသက်ရောက်မှုရှိပါသနည်း။ ကြေညာသူတစ်ဦးကဤသို့ဆိုသည်။ “ဤလုပ်ငန်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့စေပြီး၊ ကျွန်ုပ်တို့ဦးစားပေးရမည့်အရာကို ပြန်လည်သုံးသပ်စေသည်။” နောက်ကြေညာသူတစ်ဦးက “အဲ့ဒီ ၁၄ ရက်အချိန်ဟာ နူးညံ့သူများကိုရှာဖွေဖို့ ရည်ရွယ်ချက်တစ်ခုနဲ့ မိသားစုတစ်ခုလို အမှုဆောင်ခဲ့တဲ့ ကျွန်တော့်ညီအစ်ကိုများအပေါ် ကျွန်တော့်ရဲ့မေတ္တာကိုတိုးပွားစေခဲ့တယ်။ သမ္မာတရားကို တကယ်ငတ်မွတ်နေကြောင်းပြပြီး၊ အများအားဖြင့်မျက်ရည်ဝဲဝဲနဲ့ ကျွန်တော်တို့သတင်းကို လက်ခံလာသူတွေအပေါ် ပိုမိုချစ်မြတ်နိုးလာစေခဲ့တယ်။ အဓိက,ကတော့၊ ကိုယ်တော်အမှုကို ဆောင်ရတဲ့အခွင့်အရေးပေးတဲ့အတွက် ယေဟောဝါရဲ့မေတ္တာကို ကျွန်တော်ခံစားမိတယ်” ဟုဆိုခဲ့သည်။

အမှုဆောင်ခဲသောရပ်ကွက်တွင် ဟောပြောခြင်း၌ပါဝင်ခဲ့သည့် အကြီးအကဲတစ်ဦးက ထိုတွင်ရှိအသက်တာသည် မြို့ကြီးများနှင့်ကွာခြားပုံကို ထောက်ပြခဲ့သည်။ သူက “အတွင်းပိုင်းကိုပြောင်းရွှေ့ခြင်းဖြင့် ညီအစ်ကိုတွေရဲ့အသက်တာဟာ ဘယ်လောက်ကောင်းချီးရမယ်ဆိုတာ ကျွန်တော်စဉ်းစားမိတယ်။ အဲ့ဒီမှာ၊ အကြမ်းဖက်မှုဟာ မရှိသလောက်ဘဲ။ ငယ်တဲ့အလယ်အလတ်မြို့တွေမှာ ပိုမိုအကုန်အကျနည်းနည်းနဲ့နေထိုင်နိုင်ရုံမကဲဘဲ ညီအစ်ကိုတွေနဲ့ပိုမို ပေါင်းသင်းနိုင်ပြီး၊ ဝိညာဏလုပ်ငန်းတွေမှာ ပိုမိုအချိန်အသုံးပြုနိုင်တယ်။ အငြိမ်းစားညီအစ်ကိုများ၊ အိမ်ထောင်တာဝန်အနည်းငယ်သာရှိသည့်လူငယ်များ၊ ပြောင်းရွှေ့ရန်အလုပ်အကိုင်ကခွင့်ပြုသူများသည် ပိုမို၍ဤထူးခြားလှသည့် အခွင့်အရေးကိုလက်ခံကာ သူတို့ကိုယ်နှိုက်၊ ယေဟောဝါနှင့်သူတို့၏အိမ်နီးချင်းများအပေါ် ရွှင်လန်းမှုကိုဖြစ်စေနိုင်မလား။”

ဤအမှုဆောင်ခဲသောရပ်ကွက်အပေါ်မှတ်တမ်းက ဘရာဇီးတွင်လယ်ကွင်းများရိတ်သိမ်းရန် ဝင်းနေကြောင်းတင်ပြသည်။ နှစ်နှစ်ထဲနှင့်ပင်၊ ဤလယ်ကွင်းတွင်အမှုဆောင်ခြင်းဖြင့် အသင်းတော်ပေါင်း ၁၉၁ ခုနှင့်သီးခြားအုပ်စုများ ပေါ်ထွန်းခဲ့သည်။ လုပ်ဆောင်စရာများစွာ ရှိနေသေးသည်။ သို့သော်ဘုရားနိုင်ငံတော်ကြေညာသူများသည် အသီးသီးသောရိတ်သိမ်းမှုတွင် ပိုမိုပါဝင်စဉ် ယေဟောဝါသည်အမှန်ပင် မိမိ၏ကောင်းချီးများဆက်လက် သွန်းလောင်ချပါလိမ့်မည်။ သင်သည် ထိုလုပ်ငန်းတွင် ပိုမိုပါဝင်နိုင်ပါမည်လော။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

မီနပ်စ်ဂဲရေးရပ်စ်တွင် ကျေးလက်ပိုင်းသက်သေခံခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ