“နာမတော်ကိုထောက်၍ပြသောမေတ္တာ ကို” ဘုရားသခင်မေ့လျော့တော်မမူ
“သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ ပြုသောအားဖြင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။” (ဟေဗြဲ ၆:၁၀) တမန်တော်ပေါလု၏ ဤစကားများသည် အရှေ့ ဥရောပရှိ ယေဟောဝါသက်သေများနှင့် အလွန်ကိုက်ညီနေပါသည်။ ယခင်ဆိုဗီယက်နိုင်ငံအုပ်ချုပ်စဉ်က ချုပ်ချယ်ပိတ်ပင်မှုများအောက် ဆယ်စုနှစ်များစွာ ဆင်းရဲဒုက္ခခံပြီးဘုရားသခင့်နာမတော်အကျိုးအလို့ငှာ သစ္စာရှိရှိ အမှုဆောင်ခဲ့ကြ၏။ သူတို့ဆောင်ရွက်ခဲ့သမျှကောင်းမှုများကို ယေဟောဝါမေ့တော်မမူပဲ ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ သွန်းလောင်းပေးတော်မူပြီ။ ဥပမာ၊ ထိုဒေသများမှ သုံးနေရာ၏ လွန်ခဲ့သောလုပ်ငန်းတော်နှစ်မှတ်တမ်းကိုသာ ကြည့်ကြဦးစို့။
ယခင်ဆိုဗီယက်ပြည်ထောင်စုပိုင် အရပ်ဒေသများ
ယခင်ဆိုဗီယက်ပြည်ထောင်စုပိုင် အရပ်ဒေသများမှမှတ်တမ်းအရ ၁၉၉၂ လုပ်ငန်းတော်နှစ်အတွင်း ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ အများဆုံးအရေအတွက် ၄၉,၁၇၁ ယောက် မှ ၆၆,၂၁၁ ယောက်သို့ ၃၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရသည်။ သို့သော် ထိုမျှသာမကပါ။ မဂ္ဂဇင်းများပါအပါအဝင် ကျမ်းစာ စာပေများ တိုး၍ဝေငှခဲ့ခြင်းကိုထောက်သော် ယင်းကြေညာသူများသည် အလုပ်များစွာလုပ်ကိုင်ခဲ့ကြောင်း ထင်ရှားပါသည်။ ဘရိုရှာနှင့်စာအုပ်ငယ် ၁,၆၅၄,၅၅၉ အုပ်လည်း ဝေငှနိုင်ခဲ့သည်။ ယင်းက လွန်ခဲ့သောနှစ်၏အရေအတွက် ၄၇၇,၂၃၅ အုပ်ထက် သုံးဆမကဖြစ်ပါသည်။ ဤသို့ဝေငှနိုင်ခဲ့ခြင်းမှ အဘယ်အကျိုးခံစားခဲ့ကြရပြီနည်း။ အိမ်တွင်းကျမ်းစာသင်အံမှုအရေအတွက် နှစ်ဆတိုးများလာပေပြီ။ ယခု ကျမ်းစာသင်အံမှုပေါင်း ၃၈,၄၈၄ ခုကျင်းပနေကြပါသည်။
အရန်ရှေ့ဆောင်လုပ်ငန်း၌ ပါဝင်သူများအရေအတွက်သည်လည်း ၉၄ ရာခိုင်နှုန်းတိုးတက်လာသည်။ ယင်းကြောင့် လွန်ခဲ့သောနှစ်၏အရေအတွက် ၆,၅၇၀ နှင့်နှိုင်းယှဉ်သော် အလွန်ထူးချွန်သည့် ၃၁၁ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သော နှစ်ခြင်းခံယူသူ တပည့်အသစ်အရေအတွက် ၂၆,၉၈၆ ယောက်ထူးခြားစွာ တိုးများလာစေခြင်းဖြစ်လိမ့်မည်။
နှစ်ခြင်းခံယူသူ တပည့်အသစ်အချို့သည် သတင်းကောင်းကို မည်သို့စစိတ်ဝင်စားလာကြသနည်း။ သင်အံမှုကျင်းပသော သက်သေခံ၏နက်ရှိုင်းသောစိုးရိမ်စိတ်က အကြောင်းရင်းဖြစ်သည့်အခါများရှိသည်။ မောလ်ဒိုးဗားမှ ဦးစီးကြီးကြပ်မှူးတစ်ဦး ဤသို့ပြောပြပါသည်။
“အရင်က သမ္မာတရားကို စိတ်ဝင်စားဖူးခဲ့တဲ့ အမျိုးသမီးတစ်ဦးဆီကို ကျွန်တော့်ဇနီးနှင့်အတူ လည်ပတ်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ သူမနဲ့ ကျမ်းစာသင်အံမှု စနိုင်ခဲ့တယ်။ ဒါပေမယ့်သူမရဲ့ ယောက်ျားက စိတ်ဝင်စားပုံလုံးဝမရှိဘူး။ သင်အံမှုဆက်ကျင်းပဖို့ သူမဆီသွားခဲ့တဲ့နေ့တစ်နေ့က ရက်ရက်စက်စက်အေးပြီး နှင်းတွေကျနေတဲ့ရက်ဖြစ်တယ်။ လမ်းပေါ်မှာလည်း လူသွားလူလာ မရှိသလောက်ပဲ။ ဒါပေမယ့် ချိန်းထားတဲ့အချိန်မှာ သူတို့အိမ်ကို ကျွန်တော်တို့ရောက်သွားတယ်။ အဲ့ဒီအခါ သူမက သူ့အမျိုးသားကို ‘ကျမတို့ကို ဘယ်လောက်ဂရုစိုက်တယ်တွေ့လား။ နှင်းတောထဲကနေ အချိန်မီ အရောက်လာကြတယ်’ ဟုပြောလိုက်တယ်။ အဲ့ဒီအဖြစ်အပျက်က သူမရဲ့အမျိုးသားအတွက် စဉ်းစားစရာဖြစ်စေတယ်။ ဒါနဲ့ပဲ သူပါ စိတ်ပြောင်းလဲပြီး သင်အံမှုမှာ ထိုင်နားထောင်တယ်။ အခု သူတို့လင်မယား နှစ်ခြင်းယူပြီးတဲ့ သက်သေခံများ ဖြစ်နေကြတယ်။”
အခြားအချိန်အခါများတွင် သက်သေခံ၏ ရည်မွန်ခြင်းက သတင်းကောင်းကို စိတ်ဝင်စားစေခဲ့ပါသည်။ မောလ်ဒိုးဗားမှ အခြားအကြီးအကဲတစ်ဦး ဤသို့တွေ့ ကြုံခဲ့သည်။
“ကျွန်တော်လည်ပတ်ဟောပြောသည့်ရပ်ကွက်၌ တွေ့ရှိခဲ့သော အမျိုးသားတစ်ဦးသည် ယေဟောဝါသက်သေများ၏သတင်းကို စိတ်မဝင်စားခဲ့ပါ။ သူက သူ၏အဖေတို့၊ အဖိုးတို့နည်းတူ အော်သဒေါက်စ်ဘာသာဝင်ဖြစ်သည်ဟု ဆိုပါသည်။ သို့ ဖြစ်၍ သူ၏ခြံဝင်းမှ ထွက်သွားပါဟုဆိုသည်။ သို့ရာတွင် ကျွန်တော်မသွားမီ သူ့ထံအဘယ်ကြောင့်ရောက်လာခဲ့ကြောင်း ပြောပြရန် အခွင့်ကောင်းယူ ပြောပြလိုက်ရပါသည်။ ‘လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေး’ ပါဟုဆိုသော မဿဲ ၂၈:၁၉ ကို ကျွန်တော်ညွှန်ပြခဲ့သည်။ ထိုနောက် စည်းဝေးရာနေရာ၏လိပ်စာကိုပေးပြီး ထွက်ခွါခဲ့ပါသည်။ တစ်ပတ်အကြာတွင် ထိုသူ စည်းဝေးလာတက်သည်ကိုတွေ့ရှိလိုက်ရ၍ အလွန်အံ့သြမိသည်။ အစီအစဉ်ပြီးဆုံးသည်အထိ သူနေခဲ့သည်။ ကျွန်တော့်ကို သူရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံမိခဲ့၍ တစ်ပတ်လုံး စိတ်မကောင်းဖြစ်နေကြောင်း သူပြောပြပါသည်။ ထိုအချိန်တွင်ပင် ကျမ်းစာသင်အံမှုစတင်ခဲ့ရာ သူသည် ယခုညီအစ်ကိုတစ်ဦး ဖြစ်နေပါပြီ။”
လုပ်ငန်းတော်နှစ်၏ ထူးခြားသောအခြားအကြောင်းတစ်ခုမှာ ထိုအရပ်ဒေသရှိ ညီအစ်ကိုများ၏ ဆင်းရဲချို့ငဲ့မှုကို အလျှံပယ်ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။ ၁၉၉၁/၉၂ ဆောင်းရာသီအတွင်း ချို့ငဲ့သူများအတွက် အစာရေစာနှင့် အမျိုးသား၊ အမျိုးသမီး၊ ကလေးများအတွက် အဝတ်အစားတန်ချိန် ၄၀၀ ခန့်ပို့ပေးခဲ့ပါသည်။ ဤလိုအပ်ရာများကို ဆိုက်ဘေးရီးယားရှိ အီရ်ကွတ်စ်မြို့နှင့် ဂျပန်နိုင်ငံအနီးရှိ ခါဘာရော့ဗစကစ်မြို့တိုင်အောင် ယခင်ဆိုဗီယက်ပြည်ထောင်စုပိုင် အရပ်ဒေသတစ်လျှောက်နီးပါး အနှံ့အပြားပို့ပေးခဲ့ပါသည်။ နာမတော်ကိုထောက်၍ ညီအစ်ကိုပြသောမေတ္တာကို ယေဟောဝါမေ့တော်မမူကြောင်း အမှန်ထူးခြားစွာဖော်ပြခြင်းပါတကား။ ယေဟောဝါ၏ဝိညာဉ်တော်တိုက်တွန်းမှုကြောင့် ညီအစ်ကိုချင်းမေတ္တာထင်ရှားပြခြင်းက ကမ္ဘာချီမိသားစုကြီးနှင့် တစ်စည်းတစ်လုံးဖြစ်စေပါသည်။ ဥပမာ၊ ယူကရိန်းနိုင်ငံမှ ညီအစ်မတစ်ဦး ဌာနခွဲထံ ဤစာကိုရေးပို့ခဲ့သည်။
“သင်တို့ပေးသည့်အထောက်အပံ့သည် ကျွန်မတို့ကို အလွန်စိတ်လှုပ်ရှားစေခဲ့ပါသည်။ မျက်ရည်ကျမိပြီး ကျွန်မတို့ကို မေ့ထားတော်မမူသော ယေဟောဝါဘုရားသခင်ကိုလည်း ကျေးဇူးတင်ကြပါသည်။ ယခုကျွန်မတို့ ဆင်းရဲနွမ်းပါးနေကြသည်မှန်၏။ သို့သော် အနောက်ပိုင်းမှ ညီအစ်ကိုများထံကအကူအညီကြောင့် ကာယရေးဘက် နလန်ထူနိုင်ကြပါပြီ။ ယခု ညီအစ်ကိုတို့၏အကူအညီကြောင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်မတို့မိသားစုသည် အချိန်ပိုများများ ပါဝင်နိုင်ကြတော့မည်။ ယေဟောဝါအလိုတော်ရှိမည်ဆိုလျှင် နွေအတွင်း ကျွန်မတို့သားအမိ အရန်ရှေ့ဆောင်ကြပါမည်။”
ထို့ ပြင် ဤသို့သောကယ်ဆယ်ရေးကြောင့် အပြင်လူများအတွက် သက်သေခံချက်ဖြစ်ခဲ့ပါသည်။ အကြောင်းမူကား သက်သေခံများသည် အပြုအမူအားဖြင့်ပါ မေတ္တာပြကြကြောင်းကို တွေ့ မြင်စေပါသည်။ အခြားအသင်းတော်တစ်ခုမှ မိသားစုတစ်စု ဤသို့စာရေးပါသည်။ “စားစရာများနှင့် အဝတ်အစားများစွာ ပို့ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ညီအစ်ကိုများ၏ ထောက်ပံ့အားပေးမှုသည် သူတစ်ပါးကို အကျိုးပြုရမည်ဟု ကျွန်တော်တို့အား သင်ခန်းစာပေးပါသည်။ ဤသို့မေတ္တာပြခြင်းကို စိတ်ဝင်စားသူများ၊ သူတို့၏ မိသားစုများနှင့် အခြားမယုံကြည်သူများပါ တွေ့ရှိကြပြီး စစ်မှန်သောညီအစ်ကိုအသင်းအပင်းအတွက် ကြီးမားသောသက်သေခံချက် ဖြစ်ခဲ့ပါပြီ။”
လွန်ခဲ့သော ဇွန်နှင့် ဇူလိုင်လများတွင် “အလင်းဆောင်သူများ” အဓိကခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော ခရိုင်စည်းဝေးပွဲ ငါးခုနှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးတစ်ခုသည်လည်း ယေဟောဝါသက်သေခံများ၏ ကြိုးပမ်းမှုနှင့် နာမတော်ထင်ရှားရေးကိုထောက်၍ပြသောမေတ္တာကို ကိုယ်တော်ကောင်းချီးသွန်းလောင်းပေးနေခြင်း၏ သာဓကအခြားတစ်ခုဖြစ်ပါသည်။ စည်းဝေးပွဲကြီးများကို ၉၁,၆၇၃ ယောက်တက်ခဲ့၍ ၈,၅၆၂ ယောက် နှစ်ခြင်းခံခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးကျင်းပခဲ့သော စိန့်ပီတာစဘာ့ဂ်မြို့တွင် နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များအပါအဝင် တက်ရောက်သူအများဆုံးအရေအတွက် ၄၆,၂၁၄ ယောက်တို့သည် ကီရောဗ် အားကစားကွင်းတွင် စည်းဝေးခဲ့ကြပါသည်။
ဆိုက်ဘေးရီယားတွင် အသက် ၆၀ ရှိအမျိုးသားတစ်ဦးသည် ကြည့်ရုံကြည့်လို၍ အီရ်ကွတ်စ်မြို့ရှိ အားကစားကွင်းထဲ ဝင်လာခဲ့ပါသည်။ သူက “ပြုံးရွှင်တဲ့မျက်နှာနဲ့ တက်ရောက်သူအားလုံးတို့ဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး အချင်းချင်းကိုလည်း ကြင်နာမှုပြကြတယ်။ ဒီလူတွေဟာ စည်းလုံးတဲ့ မိသားစုကြီးတစ်ခုနဲ့တူတယ်။ အားကစားကွင်းထဲမှာပဲမဟုတ်ဘူး နေ့စဉ်လည်း မိတ်ဆွေကောင်းများဖြစ်တယ်ဆိုတာ သိနိုင်တယ်။ တကယ်ကောင်းတဲ့ ကျမ်းစာ စာပေများကို အဲ့ဒီနေရာက ကျွန်တော်ရရှိခဲ့ပြီး အဲ့ဒီအဖွဲ့အစည်းကို ပိုသဘောပေါက်လာတယ်။ ယေဟောဝါသက်သေများနဲ့ အမြဲအဆက်အသွယ်လုပ်ချင်တယ်။ သူတို့နဲ့လည်း ကျမ်းစာလေ့လာရမယ်” ဟုဆိုသည်။
တက်ရောက်သူအရေအတွက် ၅,၀၅၁ ယောက်ရှိခဲ့သော အီရ်ကွတ်စ်မြို့၌ကျင်းပခဲ့သည့် ထိုစည်းဝေးပွဲတွင်ပင် ဆိုက်ဘေးရီးယားနယ်၊ ယာကုခ်တ်ပြည်ထောင်စုမှ စိတ်ဝင်စားသောအမျိုးသမီးတစ်ဦး ဤသို့ဆိုသည်။ “လူတွေကိုကြည့်ပြီး ပျော်လွန်းအားကြီးလို့ ငိုချင်လာတယ်။ ဒီလိုလူများကို ကျမသိလာရတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်တယ်။ ဒီစည်းဝေးပွဲမှာ စာအုပ်များကို ကျမရတယ်။ အဲ့ဒီအကြောင်းတွေကို အခြားသူတွေကိုလည်း ပြောပြရမယ်။ ကျမလည်း ယေဟောဝါကိုကိုးကွယ်သူတစ်ဦး သိပ်ဖြစ်ချင်ပြီ။”
လူပေါင်း ၆,၆၀၅ ယောက်တက်ခဲ့သည့် ကဇာတ်ခ်စတန်နယ်၊ အဲလ်မာအဲတာမြို့ရှိ ဗဟိုအားကစားကွင်း၏ ညွှန်ကြားရေးမှူးက ဤသို့ဆိုသည်။ “ခင်ဗျားတို့ရဲ့စိတ်ဓာတ်ကို အကြီးအကျယ်အားကျတယ်။ ခင်ဗျားတို့အားလုံး အကြီးဆုံးက အငယ်ဆုံးအထိဟာ လေးစားခံထိုက်တဲ့လူချည်းပဲဆိုတာကို အခုကျွန်တော်ကောင်းကောင်းယုံကြည်သွားပြီ။ ဘုရားသခင်ကို ကျွန်တော်ယုံတယ်လို့မဆိုနိုင်ပေမယ့် ခင်ဗျားတို့ ညီအစ်ကိုများအသင်းအပင်းမှာ တင်ပြနေကြတဲ့ မြင့်မြတ်တဲ့အရာတွေကိုရော ဝိညာဏနှင့် ကာယရေးကို ခင်ဗျားတို့ သဘောထားပုံကိုပါ ယုံကြည်သွားပြီ။”
အဲလ်မာအဲတာမြို့စည်းဝေးပွဲကြီးတွင် ရဲအရာရှိတစ်ဦး ဤသို့ဆိုသည်။ “ခင်ဗျားတို့နဲ့ ဆုံတာ နှစ်ကြိမ်ရှိပြီ။ နှစ်ကြိမ်စလုံး စည်းဝေးပွဲကြီးမှာဖြစ်တယ်။ ယေဟောဝါသက်သေများနဲ့ တွဲဖက်အလုပ်လုပ်ရတာ အတော့်ကိုပျော်စရာကောင်းတယ်။”
ရိုမေးနီးယားနိုင်ငံ
ယေဟောဝါ၏နာမတော်ကိုထောက်၍ ရိုမေးနီးယားနိုင်ငံရှိ ညီအစ်ကိုများပြသောမေတ္တာကိုလည်း ကိုယ်တော်မေ့တော်မမူပါ။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း သက်သေခံများအတွက် ရွှင်လန်းအားရစရာများစွာ ဖြစ်ပျက်ခဲ့သည်။ ဦးဆုံး ဘူခရက်စ်မြို့တွင် ဌာနခွဲရုံး ပြန်တည်ထောင်နိုင်ခဲ့သည်။ ၁၉၄၉ ခုနှစ်က တရားဝင်အမှုဆောင်ခွင့်ကို ပိတ်ပင်ခဲ့ပါသည်။ ယခုနေရာအသစ်တွင် ရုံးအမှုထမ်း ညီအစ်ကိုညီအစ်မပေါင်း ၂၀ ခန့်ရှိပါသည်။ ဌာနခွဲရုံးသည် လွန်ခဲ့သောနှစ်၏ပျမ်းမျှခြင်းထက် ၂၁ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သော အများဆုံးကြေညာသူနှုန်းသစ် ၂၄,၇၅၂ ယောက်၏အကျိုးကို ဆောင်ရွက်ပေးနေပါသည်။
လျှို့ဝှက်၍ နှစ်ချီဟောပြောခဲ့ပြီးနောက် ယခုကြေညာသူများသည် လွတ်လပ်စွာ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းလုပ်ငန်းကို ထမ်းဆောင်တတ်လာကြပါပြီ။ ခရီးထွက်နေစဉ်ပင် သက်သေခံအချို့သည် သူတစ်ပါးအား မည်သို့အခွင့်အရေးရှာယူပြီး ဟောပြောသက်သေခံကြောင်းကို မြူရစ္စကောင်တီမှ ဤတွေ့ ကြုံမှုက တင်ပြပါသည်။ ဌာနခွဲရုံးက ဤသို့အကြောင်းကြားသည်။
“ကြေညာသူတစ်ဦးသည် ရထားတွဲ တစ်တွဲမှတစ်တွဲ ဟောပြောရန် စိတ်ဆုံးဖြတ်ပါသည်။ လူအများ လက်သင့်ခံနားထောင်ခဲ့သည်။ သို့သော် နောက်ဆုံးအတွဲတွင် ပြဿနာအနည်းငယ်ပေါ်ခဲ့သည်။ ခရီးသည်တစ်ယောက်မျှ ကျွန်တော်တို့၏မဂ္ဂဇင်းများကို မယူလိုကြပါ။ နောက်ဆုံး လူတစ်ဦးသည် ဒေါသထွက်ပြီး မတ်တပ်ရပ်ခါ ‘မင်းမဂ္ဂဇင်းအားလုံးကို ပြူတင်းပေါက်ကနေ ပစ်လိုက်မယ်နော်။ မင်းဘာသာကို ငါတို့ကိုလာပြောပြီး ဘာကြောင့်နှောင့်ယှက်နေရတာလဲ’ ဟုအော်ပြောသည်။ မဂ္ဂဇင်းများကို လွှင့်ပစ်သည့်တိုင် ယင်းကိုကောက်ယူမည့် အခြားသူတစ်ဦးသည် အကျိုးခံစားရလိမ့်မည်အကြောင်း ကြေညာသူက ကြင်နာစွာပြန်ဖြေဆိုလိုက်သည်။ ကြေညာသူ၏တည်ငြိမ်မှုကို သတိပြုမိကာ ထိုအမျိုးသားသည် မည်မျှစွဲမှတ်သွားသနည်းဟူမူ မဂ္ဂဇင်းများကို ကိုယ်တိုင်ယူ၍ ထိုရထားတွဲရှိ ခရီးသည်များအား ဝေငှပေးလေသည်။ အံ့ဩစရာမှာ ခရီးသည်အားလုံး မဂ္ဂဇင်းများ လက်ခံယူကြပါသည်။ အားလုံးဝေငှပြီးသည့်နောက် ထိုသူအတွက် တစ်စောင်မျှမကျန်ကြွင်းတော့ချေ။ ထိုအခါ ကြေညာသူက ‘ဆရာကိုယ်တိုင် ယူမဖတ်ချင်ဘူးလား’ ဟုမေးလေသော် နှစ်စောင်ယူထားသည့်ခရီးသည်လက်ထဲမှ တစ်စောင်ကိုဆွဲယူလိုက်ပြီး ‘အခု ငါလဲတစ်စောင်ရပြီ’ ဟုဆိုသည်။”
နိုင်ငံများစွာတွင် ယေဟောဝါသက်သေများ၏ဟောပြောခြင်းလုပ်ငန်းကို ခရစ်ယာန်ဘောင်ဓမ္မဆရာများ အတိုက်အခံပြုတတ်ကြပါသည်။ ရိုမေးနီးယားနိုင်ငံတွင် အော်သဒေါက်စ်အသင်း၏ဓမ္မဆရာများသည် သက်သေခံများကို မကြာခဏအမျက်ထွက်ခဲ့ကြသည်။ သို့သော် ယင်းက နာမတော်ကိုထောက်၍ပြသော ယေဟောဝါလူမျိုး၏မေတ္တာကို ကိုယ်တော်ကောင်းချီးမပေးစေခြင်းငှာ အဟန့်အတားမဖြစ်ခဲ့ပါ။ တိုက်နယ်ကြီးကြပ်မှူးတစ်ဦး ဤသို့အကြောင်းကြားသည်။
“ဒေသခံအသင်းတော်နှင့်အတူ ကျေးလက်ပိုင်းတွင် ကျွန်တော်တို့ အမှုဆောင်ထွက်ခဲ့ကြသည်။ ညီအစ်ကိုပေါင်းတစ်ရာရှိပါသည်။ ၃၅ မိုင်ခန့်ဝေးသော တောနယ်အရပ်ဒေသရှိ မြို့ငယ်တစ်ခုသို့သွားရန် ဘတ်စ်ကားတစ်စီးငှားရမ်းခဲ့သည်။ ယဉ်ကျေးမှုပြပွဲရုံတွင် ကျင်းပမည့် လူထုဟောပြောပွဲသို့ လူတို့အားခေါ်ဖိတ်ခဲ့ကြပါသည်။ စည်းဝေးစသည်နှင့် အော်သဒေါက်စ်ဓမ္မဆရာရောက်လာပြီး စည်းဝေးကိုဖျက်ဆီးရန် ကြိုးစားသည်။ ရဲအရာရှိများက ဓမ္မဆရာအား ကြိုးစားတားဆီးပေးသော်လည်း သူ၏ဒေါသကို ထိန်းသိမ်းနိုင်ပုံမရှိပါ။ ခန်းမဆောင်အဝင်ဝ မှန်တံခါးကြီးကို သူခွဲလိုက်သောအခါ စည်းဝေးပျက်သွားပါသည်။ သို့ရာတွင် ဒေသခံလူအများက ဓမ္မဆရာ၏အပြုအမူကို သည်းမခံနိုင်ဘဲဖြစ်ခဲ့ကြသည်။ သို့ ဖြစ်၍ တက်ရောက်သူအားလုံးအား အသေအချာဟောပြောနိုင်ခွင့်ရပြီး စာအုပ်စာတမ်းများစွာကိုလည်း ဝေငှပေးနိုင်ခဲ့ပါသည်။”
ဝမ်းနည်းစရာကား၊ ဤနိုင်ငံတွင် သက်သေခံအနည်းငယ်သာရှိသည့် အရပ်ဒေသများစွာရှိခြင်းဖြစ်သည်။ အိုလ်တ်ခရိုင်သို့ မှန်မှန်ရှေ့ဆောင်တစ်ဦး စရောက်ချိန်တွင် တစ်နယ်လုံး၌ ညီအစ်ကိုကိုးဦးသာရှိပြီး ဟောပြောရန် ရပ်ကွက်မှာ အလွန်ကျယ်ပြန့်နေကြောင်းတွေ့ရှိခဲ့သည်။ တစ်နှစ်အကြာတွင် သက်သေခံအရေအတွက် ၂၇ ယောက်သို့တိုးတက်လာသည်။ ငါးဦးမှာ ပြန်လှုပ်ရှားပေးခံရသည့် ကြေညာသူဟောင်းများဖြစ်သည်။ ရှေ့ဆောင်သည် သက်သေခံလုံးဝမရှိသော ကိုရာဘီယာမြို့တွင် အိမ်ငှားနေနိုင်ခဲ့သည်။ ထိုအရပ်တွင် သက်သေခံများ ၄၅ ရက်သာရှိနေသေးစဉ် ဒေသခံဓမ္မဆရာက ခရာယိုဗာရေဒီယိုမှ သူတို့လုပ်ငန်းကို ကန့်ကွက်ပြောဆိုပါသည်။ သက်သေခံများသည် ကိုရာဘီယာမြို့ထဲ “ကျူးကျော်” ရောက်လာ၍ သူတို့၏သွန်သင်ချက်များကိုဟောပြောပြီး လူတို့အား ဘာသာပြောင်းစေရန် ကြိုးစားနေကြသည်ဟု သူဆိုသည်။ လုပ်ငန်းကိုပိတ်ပင်လို၍ ထိုဒေသတွင် သက်သေခံများ နာမည်ပျက်သွားစေရန် ဆက်အတိုက်အခံပြုပါသည်။ ညီအစ်ကိုများ ဘူခရက်စ်မြို့တွင် ခရိုင်စည်းဝေးပွဲတက်နေကြစဉ် ယင်းအတိုက်အခံသည် အထွတ်အထိပ်သို့ရောက်ခဲ့သည်။ ကိုရာဘီယာမြို့၏ အော်သဒေါက်စ်ဓမ္မဆရာသည် သူ၏ဘုရားကျောင်းတွင် ဆုတောင်းစည်းဝေးအပြီး၌ ဤသို့ ပြင်းပြင်းထန်ထန်ကြေညာခဲ့သည်။ “တစ်နယ်လုံးမှာ သက်သေခံစာပေတွေ အနှံ့အပြားဝေထားပြီး လူတို့ရဲ့စိတ်ဓာတ်ကို ပျက်စီးစေပြီ။ ဒါကြောင့် သက်သေခံများကို ရဲတို့အရေးယူစီရင်ပေးဖို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရမယ်။” သို့သော်စည်းဝေးထိုင်ဆွေးနွေးကြမည့်အချိန်မတိုင်မီ ထိုညချင်းတွင်ပင် မဖြစ်စဖူးသောအဖြစ်အပျက်တစ်ခု ဖြစ်လာသည်။ အဖျက်သမားအချို့သည် ဘုရားရှိခိုးကျောင်းကြီးနှင့် မြို့တော်ယဉ်ကျေးမှုပြပွဲရုံကို ဖျက်ဆီးပစ်ခဲ့သည်။ ယင်းကြောင့် ကန့်ကွက်စည်းဝေးပွဲကို မကျင်းပဖြစ်တော့ပါ။
ယခင်ယူဂိုဆလားဗီးယားပိုင် အရပ်ဒေသများ
၁၉၉၂ လုပ်ငန်းတော်နှစ်သည် ယူဂိုဆလားဗီးယားနယ်ရှိ ညီအစ်ကိုများအတွက် အခဲယဉ်းဆုံးနှစ်ဖြစ်ခဲ့ပါသည်။ သို့သော် တစ်ကြိမ်တည်းတွင် ဝမ်းသာအားရစရာတွေ့ ကြုံမှုများကို သူတို့ရရှိခဲ့သည်။ သူတို့အလုပ်နှင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကို ယေဟောဝါမေ့တော်မမူသည့်အတွက် ကျေးဇူးကြီးပါသည်။
ဦးဦးဆုံး စလိုဘေးနီးယားတွင် စစ်စဖြစ်ပြီးနောက် ခရိုအေးရှား၊ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားနယ်များသို့ စစ်ဒဏ်ဆက်သွားခဲ့ပါသည်။ တစ်နှစ်အတွင်းပင် သမ္မတနိုင်ငံတစ်ခုတည်းမှ ပြည်နယ်အသစ်ငါးခုသည် ကိုယ်ပိုင်နယ်နိမိတ်၊ ကိုယ်ပိုင်တရားဥပဒေ၊ ကိုယ်ပိုင်သုံးစွဲငွေ ရှိလိုကြသည်။ ရာနှင့်ချီသော သက်သေခံများသည် မိမိတို့အိုးအိမ်ကိုပစ်ပြီး အခြားနယ်မြေများရှိ ညီအစ်ကိုများနှင့် ခိုကိုးနေကြရရှာသည်။ သို့ ဖြစ်၍ အရှေ့ ဥရောပရှိ အခြားနိုင်ငံများနည်းတူ တည်းခိုရေး၊ စားသောက်ရေး၊ အဝတ်အစားများစီစဉ်ပေးရန် မြို့ ကြီးများတွင် အရေးပေါ်ကော်မတီများဖွဲ့ကာ ကူညီပေးခဲ့ကြပါသည်။ လုပ်ငန်းတော်နှစ်အတွင်း ဘေးတွေ့နေသောနေရာများရှိ အသင်းတော်သားများအား စားနပ်ရိက္ခာ ၅၅ တန်ခန့် ဝေမျှပေးခဲ့ပါသည်။ ကျေးဇူးတင်စာ မြောက်မြားစွာကို ရရှိခဲ့ပေပြီ။
ရရှိခဲ့သော ထောက်ပံ့ကူညီမှုအတွက် ဒူဘရော့ဗနစ်ခ်မြို့ရှိ ညီအစ်ကိုများက ကျေးဇူးတင်ကြောင်း ပြောဆိုကြသည်။ စားစရာများပိုက်၍ ညီအစ်မတစ်ဦး အိမ်သို့ပြန်သွားနေစဉ် ကြက်ဥများကို အဘယ်နေရာမှ ဝယ်ခဲ့ကြောင်း သူမ၏အိမ်နီးချင်းက မေးမြန်းလိုက်သည်။ ညီအစ်မဖြစ်သူက အခြားအရပ်မှ ဝိညာဏညီအစ်ကိုများ ပို့ပေးခဲ့ကြောင်းပြောပြပါသည်။ အိမ်နီးချင်းဖြစ်သူမှာ အံ့အားသင့်သွားသည်။ အခြားအဖြစ်အပျက်တစ်ခုကား စလိုဘေးနီးယားပြည်နယ်မှ အမည်မဖော်သူတစ်ဦးသည် အကြီးအကဲတစ်ဦးထံ ဖုန်းဆက်၍ ဤသို့ဆိုသည်။ “ခင်ဗျားတို့ညီအစ်ကိုများပို့ပေးသည့် စားနပ်ရိက္ခာကို ယေဟောဝါသက်သေများ မျှမျှတတ ဝေငှပေးနေကြောင်း ကျွန်တော်သတင်းရသည်။ လူအသီးအသီးထံ ကျွန်တော် အထုပ်များပို့ပေးခဲ့သော်လည်း မရောက်သွားပါ။ ထိုကြောင့်ယင်းကယ်ဆယ်ရေးပစ္စည်းများကို သင်တို့ထံပို့လိုက်မည်ဆိုလျှင် ဝေငှပေးနိုင်ပါမည်လော။” သတင်းစာနှင့် ရေဒီယိုများကလည်း ကျွန်ုပ်တို့၏အထောက်အပံ့လုပ်ငန်းကို ချီးမွမ်းသြဘာပေးကြပါသည်။
ဇာဂရဗ်မြို့တွင် ၁၉၉၁ ခုနှစ်၌ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးတွင် နှစ်ခြင်းယူခဲ့သော ညီအစ်ကိုတစ်ဦးသည် တိုးများလာနေသည့်အခက်အခဲများကို ကြိုမြင်၍ စားနပ်ရိက္ခာဆိုင်တစ်ဆိုင်လုံးကို ဝယ်လိုက်သည်။ ထိုနောက် စစ်ဘေးဒဏ်သင့်နေသောဒေသအနီးရှိ မိမိအိမ်သို့ ထိုရိက္ခာကို သယ်ယူသွားခဲ့သည်။ အစာရှားပါးလာနှင့်အမျှ သူစုဆောင်းထားသောရိက္ခာသည် ညီအစ်ကိုများအတွက် တကယ့်ကောင်းချီးဖြစ်ခဲ့ပါသည်။
ဆာရာယေဗိုမြို့တွင် ဝန်းရံပိတ်ဆို့ခံနေရသော ညီအစ်ကိုများထံ ကုန်တင်ကားဖြင့် စားနပ်ရိက္ခာပို့ပေးရန် အခွင့်ရရှိခဲ့သည်။ အောင်မြင်စွာဖြင့် ပို့ပေးနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာနိုင်ပါသည်။
တိုက်ပွဲကြောင့် အရပ်သား သေဆုံးသူများလည်း ရှိပါသည်။ လုပ်ငန်းတော်နှစ်အကုန်တွင် ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မခြောက်ဦးနှင့် စိတ်ဝင်စားသူနှစ်ဦး သေဆုံးသွားပြီး အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
သို့ရာတွင် ယေဟောဝါသက်သေဖြစ်ရခြင်းသည် အကာအကွယ်ဖြစ်ကြောင်း တွေ့ကြုံမှုများစွာက တင်ပြပါသည်။ အဖြစ်အပျက်တစ်ခုတွင် ညီအစ်ကိုများသည် ဘဲဂရိတ်မြို့၌ကျင်းပမည့် ခရိုင်စည်းဝေးပွဲသို့ ခရီးသွားနေစဉ် သူတို့၏ဘတ်စ်ကားကို စစ်သားများရပ်တားခဲ့ပြီး ဘာသာတစ်ခု၏အသင်းဝင်များ ကားပေါ်ပါမပါမေးမြန်းရာ ညီအစ်ကိုများက လုံးဝမပါကြောင်းဖြေဆို၍ သူတို့အား မှတ်ပုံတင်များ ပြလိုက်ကြသည်။ ညီအစ်ကိုအချို့တို့၏နာမည်များမှာ ထိုဘာသာဝင်များ ဖြစ်နိုင်ပုံရှိသည်ကို တွေ့ရှိကြသည်။ သို့ဖြစ်၍ စစ်သားများက မုသားသုံးသည်ဟု စွပ်စွဲသည့်အခါ ညီအစ်ကိုများသည် ထိုဘာသာ၏ချာ့ချ်မှ နှုတ်ထွက်ထားကြောင်း သက်သေအထောက်အထား စာရွက်စာတမ်းများကို ထုတ်ပြလေသည်။ သူတို့သည် မွေးဖွားစဉ်က ယင်းဘာသာဝင်ဖြစ်ခဲ့ကြသော်လည်း ယခု သူတို့ယေဟောဝါသက်သေများဖြစ်နေကြရာ မိမိတို့၏စည်းဝေးပွဲကိုတက်ရောက်ရန် ခရီးသွားနေကြကြောင်း ရှင်းပြနိုင်ခဲ့သည်။ ထိုနောက် စစ်သားများက ခရီးဆက်ခွင့်ပြုလိုက်လေသည်။
ရှေ့ဆောင်များသည် ဇွဲလုံ့လမလျှော့ဘဲ သူတို့၏လုပ်ငန်းတော်ကို ဆက်ဆောင်ရွက်နေကြပါသည်။ ယင်းကြောင့်လည်း လုပ်ငန်းတော်အတွက် တိုက်တွန်းလှုံ့ဆော်မှုဖြစ်ပါသည်။ ထိုအရပ်ဒေသသုံး အဓိကဘာသာစကားများသို့ တစ်ပြိုင်တည်းပြန်ဆိုထားသည့် ရောင်စုံမျက်နှာဖုံးများဖြင့် ကင်းမျှော်စင်ကို ထုတ်ဝေနေပါသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို မြတ်နိုးသူများအတွက် ဝိညာဉ်အစာကို “အချိန်တန်လျှင် အစားအသောက်တို့” အဖြစ် ယင်းမှတစ်ဆင့်မှန်မှန် ကျွေးပေးနေပါသည်။ (လုကာ ၁၂:၄၂) ၁၉၉၂ လုပ်ငန်းတော်နှစ်အတွင်း ညီအစ်ကိုညီအစ်မအသစ် ၆၇၄ ဦးနှစ်ခြင်းယူခဲ့ပါသည်။
အရှေ့ ဥရောပရှိညီအစ်ကိုများ၏အလုပ်နှင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကို ဘုရားသခင်မေ့လျော့တော်မမူကြောင်း ထင်ရှားပါသည်။ ထို့ ပြင် ကိုယ်တော်အားဝတ်ပြုသူများ မည်သည့်အရပ်ဒေသတွင်ပင် နေထိုင်ကြစေကာမူ သူတို့အားလုံးသည် ဟေဗြဲ ၆:၁၁ ၌ ပေါလုဆက်ပြောသည့်သြဝါဒကို လိုက်နာကြရန် အလိုရှိတော်မူသည်။ သူဤသို့ဆိုသည်။ “သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်းလွတ်၍ . . . အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသောမျှော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငှာ ငါတို့သည်အလိုရှိကြ၏။”