ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁/၁၅ စာ. ၈-၁၄
  • အလင်းဆောင်သူများ —အဘယ်ရည်ရွယ်ချက်အတွက်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလင်းဆောင်သူများ —အဘယ်ရည်ရွယ်ချက်အတွက်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသားများအတွက် ‘အလင်းကွယ်ပျောက်သွား’ ချိန်
  • “လူမျိုးများအတွက်အလင်းအဖြစ်” ပေးဆက်ခံရသူ
  • “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏”
  • ကျွန်ုပ်တို့ကိုလမ်းညွှန်ရန် ဘုရားသခင်ထံမှ အလင်းနှင့်သမ္မာတရား
  • ယေဟောဝါ၏ဘုန်းတော်ထွန်းလင်းတောက်ပခဲ့
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားသခင့်အလင်းတော်က မှောင်မိုက်ကိုပျောက်လွင့်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • လောကအလင်း၏နောက်သို့ မည်သူတို့လိုက်လျှောက်နေကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁/၁၅ စာ. ၈-၁၄

အလင်းဆောင်သူများ —အဘယ်ရည်ရွယ်ချက်အတွက်နည်း

“သင့်ကိုလူမျိုးများ၏အလင်းအဖြစ်ငါခန့်ထား၏။”—တမန်တော် ၁၃:၄၇၊ ကဘ။

၁။ တမန်တော် ၁၃:၄၇ တွင်ညွှန်ပြထားသောပညတ်က တမန်တော်ပေါလုအား မည်သို့သြဇာလွှမ်းမိုးခဲ့သနည်း။

ယေဟောဝါသည် ဤနှုတ်ကပါဌ်တော်အားဖြင့် ကျွန်ုပ်တို့အားပညတ်ထားတော်မူသည်မှာ ‘သင်သည် မြေကြီးစွန်းအထိ ကယ်တင်ခြင်းဖြစ်စေခြင်းငှာ သင့်ကို လူမျိုးများ၏အလင်းအဖြစ် ငါခန့်ထား၏’” ဟုတမန်တော်ပေါလုပြောခဲ့သည်။ (တမန်တော် ၁၃:၄၇၊ ကဘ) ယင်းကိုသူပြောရုံမျှမက ယင်း၏အရေးကြီးမှုကိုလည်း သူအသိအမှတ်ပြုခဲ့သည်။ ခရစ်ယာန်ဖြစ်လာပြီးနောက်ပိုင်းတွင် ပေါလုသည် ထိုပညတ်တော်ကို လုပ်ဆောင်ပြီးမြောက်ရန် မိမိအသက်တာကိုပေးဆက်ခဲ့သည်။ (တမန်တော် ၂၆:၁၄-၂၀) ကျွန်ုပ်တို့လည်း ထိုပညတ်ကိုလိုက်လျှောက်ရန်တာဝန်ရှိခဲ့ပြီလော။ သို့ဆိုလျှင် ယင်းပညတ်သည် ကျွန်ုပ်တို့ခေတ်တွင် အဘယ်ကြောင့်အရေးကြီးသနည်း။

လူသားများအတွက် ‘အလင်းကွယ်ပျောက်သွား’ ချိန်

၂။ (က) လောကသည် ဆုံးခန်းချိန်ထဲသို့ဝင်လာသည်နှင့်အမျှ ဝိညာဏနှင့်စာရိတ္တပိုင်းဆိုင်ရာအခြေအနေတို့ကို အပြင်းအထန်ထိခိုက်သည့် မည်သည့်အရာဖြစ်ပျက်သနည်း။ (ခ) ဗြိတိသျှအစိုးရအရာရှိတစ်ဦးက ၁၉၁၄ ခု၊ ဩဂုတ်လတွင်တွေ့မြင်ရသောအခြေအနေအပေါ် မည်သို့တုံ့ပြန်သနည်း။

၂ ယနေ့အသက်ရှင်သောလူအများစုမမွေးဖွားမီကတည်းက ဤလောကသည် ဆုံးခန်းအချိန်သို့ရောက်ရှိခဲ့သည်။ ကြီးကျယ်သည့်အဖြစ်အပျက်များသည် ရုတ်ခြည်းဆက်တိုက်ဖြစ်ပျက်ခဲ့သည်။ ဝိညာဏနှင့်စာရိတ္တမှောင်မိုက်ကို အဓိကတိုးပွားစေသူစာတန်မာရ်နတ်သည် မြေကြီးသို့နှင်ချခြင်းခံခဲ့ရသည်။ (ဧဖက် ၆:၁၂။ ဗျာဒိတ် ၁၂:၇-၁၂) လူသားတို့သည် ပထမကမ္ဘာစစ်၏ထိုးနှက်မှုကို ခံခဲ့ကြရပြီးဖြစ်သည်။ ၁၉၁၄ ခု၊ ဩဂုတ်လဆန်းပိုင်း စစ်ဖြစ်ရန်သေချာနေသောအချိန်တွင် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးဌာနအတွင်းရေးမှူးဖြစ်သူ အက်ဒွပ်ဂရေး က လန်ဒန်မြို့ရှိသူ၏ရုံးခန်းပြတင်းပေါက်တွင်ရပ်၍ “ဥရောပတစ်ခွင်မှာ မီးအိမ်တွေငြိမ်းကုန်ပြီ။ ဒို့တစ်သက်တာမှာ အဲဒီမီးအိမ်တွေပြန်ထွန်းလင်းလာတာကို ဘယ်တော့မှမြင်ရမှာမဟုတ်တော့ဘူး” ဟုပြောခဲ့သည်။

၃။ လူသားများ၏ရှေ့အလားအလာတောက်ပရန်ကြိုးစားရာတွင် ကမ္ဘာ့ခေါင်းဆောင်များမည်သည့်အောင်မြင်မှုရရှိခဲ့ပြီနည်း။

၃ ထိုအလင်းများပြန်လည်ထွန်းလင်းနိုင်ရန်ကြိုးစားသည့်အနေနှင့် ၁၉၂၀ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးသက်ဝင်လှုပ်ရှားခဲ့သည်။ သို့ရာတွင် မှိတ်တုတ်မှိတ်တုတ်လင်းရန်ပင် အနိုင်နိုင်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားသောအခါ ကမ္ဘာ့ခေါင်းဆောင်ကြီးများက ယူအဲန်အားဖြင့် ထပ်မံကြိုးစားကြပြန်သည်။ ဤတစ်ကြိမ်တွင်လည်း အလင်းသည် တောက်ပစွာမထွန်းလင်းခဲ့ပါ။ သို့ရာတွင် နောက်ဆုံးအဖြစ်အပျက်များအရ ကမ္ဘာ့ခေါင်းဆောင်များသည် “ကမ္ဘာသစ်အစီအစဉ်” ကို ပြောဆိုလာခဲ့ကြသည်။ သို့ရာတွင် သူတို့ပြုလုပ်သည့် မည်သည့် “ကမ္ဘာသစ်” မဆို စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့်လုံခြုံမှုကိုပေးခဲ့သည်ဟု ပြောနိုင်ခဲလှသည်။ ဆန့်ကျင်ဘက်အနေနှင့် လက်နက်ပြိုင်ဆိုင်မှု၊ လူမျိုးရေးပဋိပက္ခ၊ ရာဇဝတ်မှု၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဖျားနာမှုတို့သည် လူသားများ၏ဘဝပျော်ရွှင်မှုကို ဆက်လက်ဖျက်ဆီးနေကြသည်။

၄၊ ၅။ (က) မည်သည့်အချိန်က မည်သည့်နည်းဖြင့် လူ့မိသားစုကိုအမှောင်လွှမ်းခြုံခဲ့သနည်း။ (ခ) လွတ်မြောက်မှုကိုပေးရန် မည်သည့်အရာလိုအပ်သနည်း။

၄ အဖြစ်မှန်ကား ၁၉၁၄ ခုနှစ်မတိုင်မီကတည်းက လူသားများအတွက် အလင်းများဆိတ်သုဉ်းခဲ့ပေပြီ။ လွန်ခဲ့သည့်နှစ်ပေါင်း ၆,၀၀၀ ခန့်က ဧဒင်ဥယျာဉ်တွင် ကျွန်ုပ်တို့၏ကနဦးမိဘများသည် အတိအလင်းရှိနေသောဘုရားသခင့်အလိုတော်ကိုဂရုမစိုက်ဘဲ မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်များချမှတ်ရန် ရွေးချယ်ခဲ့စဉ်ကဖြစ်သည်။ ထိုအချိန်မှစ၍ လူသားမျိုးဆက်ကြုံတွေ့ခဲ့ရသည့် ဝမ်းနည်းဖွယ်အခြေအနေသည် “မှောင်မိုက်တန်ခိုး” ဟုကျမ်းစာညွှန်ပြသောအရာ၏ တစ်စိတ်တစ်ဒေသသာလျှင်ဖြစ်သည်။ (ကောလောသဲ ၁:၁၃) စာတန်မာရ်နတ်၏သြဇာလွှမ်းမိုးမှုအားဖြင့် ကနဦးလူသားအာဒံသည် လောကကို အပြစ်ထဲသို့နစ်မွန်းစေခဲ့ပြီး အာဒံ၏အပြစ်နှင့်သေခြင်းသည် လူသားအားလုံးထံသို့ရောက်ရှိသွားသည်။ (ကမ္ဘာဦး ၃:၁-၆။ ရောမ ၅:၁၂) သို့နှင့် လူသားများသည် အလင်းနှင့်အသက်တို့၏ ပင်ရင်းအမြစ်ဖြစ်တော်မူသော ယေဟောဝါ၏ မျက်နှာသာတော်ကို ဆုံးရှုံးခဲ့ကြသည်။—ဆာလံ ၃၆:၉။

၅ မည်သည့်လူသားမဆိုအတွက် အလင်းပြန်လည်ထွန်းလင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ လူ့ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်၏မျက်နှာသာတော်ကို ပြန်လည်ရရှိမှသာလျှင်ဖြစ်မည်။ ထိုအခါ “လူခပ်သိမ်းတို့ကိုဖုံးသော မျက်နှာဖုံး” ဖြစ်သည့် အပြစ်ကြောင့်ခံရသည့်ဒဏ်စီရင်ခြင်းကို ဖယ်ရှားနိုင်မည်ဖြစ်သည်။ ယင်းမည်သို့ဖြစ်နိုင်မည်နည်း။—ဟေရှာယ ၂၅:၇။

“လူမျိုးများအတွက်အလင်းအဖြစ်” ပေးဆက်ခံရသူ

၆။ ယေဟောဝါသည် ယေရှုခရစ်အားဖြင့် မည်သည့်ထူးမြတ်သောအလားအလာကို ကျွန်ုပ်တို့အားပေးတော်မူသနည်း။

၆ အာဒံနှင့်ဧဝတို့သည် ပရဒိသုမှနှင်ထုတ်မခံရမီကပင် ဖြောင့်မတ်ခြင်းကိုမြတ်နိုးသူများအတွက် ကယ်တင်ရှင်ဖြစ်မည့် “မျိုးနွယ်” တစ်ဦးကို ယေဟောဝါကြိုတင်ဖော်ပြတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ယေဟောဝါသည် ထိုကတိထားတော်မူသောမျိုးနွယ်ကို လူသားအဖြစ်မွေးဖွားစေပြီး ယေရုရှလင်မြို့ဗိမာန်တော်ရှိ အသက်ကြီးသူရှိမောင်အား “လူမျိုးများ၏မျက်နှာကိုဖုံးအုပ်သောအရာကို ဖယ်ရှားပေးမည့်အလင်း” အဖြစ် ထိုသူကိုထင်ရှားဖော်ပြစေတော်မူခဲ့သည်။ (လုကာ ၂:၂၉-၃၂၊ ကဘ) ယေရှု၏စုံလင်သောလူ့အသက်ပူဇော်သက္ကာကို ယုံကြည်ခြင်းအားဖြင့် လူသားများသည် မွေးရာပါအပြစ်ကြောင့်ဒဏ်စီရင်ခံရခြင်းမှ လွတ်မြောက်နိုင်ကြသည်။ (ယောဟန် ၃:၃၆) ယေဟောဝါ၏အလိုတော်နှင့်အညီ သူတို့သည် ကောင်းကင်နိုင်ငံတော်၏အစိတ်အပိုင်း သို့မဟုတ် ယင်း၏အုပ်ချုပ်မှုအောက်ရှိမြေကြီးပရဒိသုတွင် စုံလင်မှုနှင့်ပြည့်ဝသည့်ထာဝရအသက်ကို ယခုမျှော်လင့်နိုင်ကြသည်။ မည်မျှထူးမြတ်သောအစီအစဉ်ပါတကား။

၇။ ဟေရှာယ ၄၂:၁-၄ ပါကတိတော်နှင့် ယင်းတို့၏ပထမရာစုအတွင်းပြည့်စုံချက် နှစ်ခုလုံးတို့သည် အဘယ့်ကြောင့်ကျွန်ုပ်တို့အား မျှော်လင့်ချက်ပြည့်ဝစေသနည်း။

၇ ဤထူးမြတ်သောမျှော်လင့်ချက်များပြည့်စုံရန်အတွက် ယေရှုခရစ်ကိုယ်တော်တိုင်သည် အာမခံဖြစ်တော်မူသည်။ မဿဲက ရောဂါခံစားနေရသူများကိုယေရှုကုသပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဟေရှာယ ၄၂:၁-၄ တွင်ဖော်ပြထားသည့်အချက်ပြည့်စုံကြောင်း ထောက်ပြခဲ့သည်။ ထိုကျမ်းချက်က ဤသို့ဖော်ပြထားသည်။ “ငါထောက်မသောငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာငါရွေးချယ်သောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကိုငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။” ယင်းသည် လူမျိုးများလိုအပ်နေသည့်အရာမဟုတ်ပေလော။ ပရောဖက်ပြုချက်က “အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကိုမပြုမူ၍ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။ နင်းနယ်လျက်ရှိသောကျူပင်ကိုမချိုး၊ အတောက်သေးသောမီးစာကိုမသတ်” ဟုဆက်၍ဖော်ပြထားသည်။ ဤအချက်နှင့်အညီ ယေရှုသည် ဝေဒနာခံစားနေရသောသောသူများကို ကြမ်းတမ်းစွာမဆက်ဆံပါ။ သူတို့အား သနားကြင်နာမှုပြခဲ့သည်။ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များကိုပြသခဲ့ပြီး သူတို့ကိုကုသပေးတော်မူခဲ့သည်။—မဿဲ ၁၂:၁၅-၂၁၊ ကဘ။

၈။ ယေရှုသည် “လူများနှင့်ပဋိညာဉ်ဖွဲ့စရာဖို့” နှင့် “လူအမျိုးမျိုးလင်းစရာအဖို့” မည်သည့်နည်းဖြင့် ယေဟောဝါ၏ပေးဆက်ခြင်းကိုခံခဲ့ရသနည်း။

၈ ဤပရောဖက်ပြုချက်ကိုပေးသောပုဂ္ဂိုလ်က မိမိ၏ကျေးကျွန်ယေရှုကိုရည်ညွှန်းပြီး ဤသို့မိန့်တော်မူခဲ့သည်။ “ငါ [ယေဟောဝါ၊ ကဘ] သည် သင့်ကို တရားသဖြင့်ခေါ်ထားသည်ဖြစ်၍ လက်ဆွဲလျက်ထောက်မမည်။ သင်သည် ကန်းသောမျက်စိတို့ကို ဖွင့်စိမ့်သောငှာလည်းကောင်း၊ ချုပ်ထားသောသူတို့ကို လွှတ်စိမ့်သောငှာလည်းကောင်း၊ မှောင်မိုက်၌နေသောသူတို့ကို အမိုက်ထောင်ထဲကနှုတ်ယူစိမ့်သောငှာလည်းကောင်း၊ သင့်ကိုလူများနှင့်ပဋိညာဉ်ဖွဲ့စရာဖို့၊ လူအမျိုးမျိုးလင်းစရာအဖို့ ခန့်ထားမည်။” (ဟေရှာယ ၄၂:၆၊ ၇) မှန်ပါသည်၊ ယေဟောဝါသည် ယေရှုခရစ်အား ပဋိညာဉ်အဖြစ်၊ တည်ကြည်သောကတိဆိုင်ရာအာမခံအဖြစ် ပေးတော်မူခဲ့သည်။ မည်မျှအားရဖွယ်ပါတကား။ ယေရှုသည် မြေကြီးပေါ်ရှိခဲ့စဉ်က လူသားများအား စစ်မှန်သောအရေးစိုက်မှုကို တင်ပြတော်မူခဲ့သည်။ လူသားများအတွက် မိမိ၏အသက်ကိုပင်ပေးတော်မူခဲ့သည်။ ဤသူကား လူမျိုးအားလုံးအပေါ်အုပ်စိုးခွင့်ကို ဘုရားသခင်အပ်နှင်းသောသူပေတည်း။ ယေဟောဝါသည် သူ့အား လူမျိုးများအတွက်အလင်းအဖြစ် ရည်ညွှန်းခဲ့သည်မှာ အဆန်းမဟုတ်ပါ။ ယေရှုကိုယ်တော်တိုင်က “ငါသည် ဤလောက၏အလင်းဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၈:၁၂။

၉။ ထိုအချိန်ကတည်ရှိခဲ့သောအစီအစဉ်စနစ်တိုးတက်ရန် ယေရှုသည် အဘယ်ကြောင့်မိမိကိုယ်ကိုမမြုပ်နှံခဲ့သနည်း။

၉ ယေရှုသည် မည်သည့်ရည်ရွယ်ချက်အတွက် လောက၏အလင်းအဖြစ်ထမ်းဆောင်ခဲ့သနည်း။ လောကီရေးရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာရည်ရွယ်ချက်တစ်ခုအတွက် လုံးဝမဟုတ်ပါ။ ထိုအချိန်ကရှိခဲ့သောလောကီနိုင်ငံရေးစနစ်များကို ပြုပြင်ပေးရန် ကိုယ်တော်မကြိုးစားခဲ့ဘဲ ဤလောကမင်းစာတန်ထံမှဖြစ်စေ၊ လောကီအာဏာရှင်များထံမှဖြစ်စေ၊ လူများထံမှဖြစ်စေ ဘုရင်အရာကိုလက်မခံခဲ့ချေ။ (လုကာ ၄:၅-၈။ ယောဟန် ၆:၁၅။ ၁၄:၃၀) ကိုယ်တော်သည် ဝေဒနာခံစားရသူများအား သနားကြင်နာမှုကိုတင်ပြတော်မူခဲ့ပြီး အခြားသူများမတတ်နိုင်သည့်နည်းဖြင့် သူတို့ကို ကုသပျောက်ကင်းစေတော်မူခဲ့သည်။ သို့ရာတွင် မွေးရာပါအပြစ်နှင့် မမြင်နိုင်သောနတ်ဆိုးများ၏ ကြိုးကိုင်ချယ်လှယ်မှုတို့ကြောင့် ဘုရားသခင်၏ပြစ်ဒဏ်ချမှတ်မှုအောက်တွင်ရှိနေသောလူ့ဘောင်လောကအတွင်း တည်မြဲသောလွတ်ငြိမ်းချမ်းသာမှုမရှိနိုင်ကြောင်းကို ကိုယ်တော်သိတော်မူခဲ့သည်။ ဘုရားရေးရာထိုးထွင်းသိမြင်ခြင်းအားဖြင့် ယေရှုသည် မိမိ၏အသက်တာတစ်ခုလုံးကိုဘုရားသခင့်အလိုတော်ထမ်းဆောင်ခြင်းတွင် မြုပ်နှံခဲ့သည်။—ဟေဗြဲ ၁၀:၇။

၁၀။ ယေရှုသည် မည်သည့်နည်းနှင့် မည်သည့်ရည်ရွယ်ချက်အားဖြင့် လောက၏အလင်းအဖြစ်ထမ်းဆောင်ခဲ့သနည်း။

၁၀ သို့ဆိုလျှင် မည်သည့်နည်းနှင့်မည်သည့်ရည်ရွယ်ချက်အတွက် ယေရှုသည် လောက၏အလင်းအဖြစ်ထမ်းဆောင်ခဲ့သနည်း။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုဟောပြောခြင်း တွင် မိမိကိုယ်ကိုမြုပ်နှံခဲ့သည်။ (လုကာ ၄:၄၃။ ယောဟန် ၁၈:၃၇) ယေဟောဝါ၏ရည်ရွယ်တော်မူချက်ဆိုင်ရာသမ္မာတရားကို သက်သေခံခြင်းအားဖြင့် ယေရှုသည် ကောင်းကင်ခမည်းတော်၏နာမတော်ကိုလည်း ဘုန်းထင်ရှားစေခဲ့သည်။ (ယောဟန် ၁၇:၄၊ ၆) ထို့အပြင် လောက၏အလင်းအနေနှင့် ယေရှုသည် ဘာသာရေးမှောက်မှားမှုများကို လှစ်ဟဖော်ထုတ်ခဲ့ ခြင်းအားဖြင့် ဘာသာရေးအချုပ်အနှောင်အောက်ရောက်နေသူများအား ဝိညာဏလွတ်လပ်မှုကိုပေးခဲ့သည်။ မိမိတို့ကိုယ်ကိုသူ၏အသုံးခံရန်ခွင့်ပြုသူများ၏ မမြင်နိုင်သောကြိုးကိုင်ချယ်လှယ်သူအဖြစ် စာတန်ကို ကိုယ်တော် ဖော်ထုတ်ခဲ့ သည်။ မှောင်မိုက်နှင့်ဆိုင်သောအကျင့်များကို ရှင်းလင်းပြတ်သားစွာမှတ်သားဖော်ပြခြင်း ကိုလည်း ယေရှုပြုတော်မူခဲ့သည်။ (မဿဲ ၁၅:၃-၉။ ယောဟန် ၃:၁၉-၂၁။ ၈:၄၄) ကိုယ်တော်သည် မိမိ၏စုံလင်သောလူသားအသက်ကို ရွေးဖိုးအဖြစ်ပေးဆက်ခဲ့ခြင်းအားဖြင့် ဤအစီအစဉ်ကို ယုံကြည်ခြင်းတင်ပြသူများအား အပြစ်မှခွင့်လွှတ်ခံရပြီး ဘုရားသခင်နှင့်မျက်နှာသာရဆက်ဆံရေးရရှိကာ ယေဟောဝါ၏စကြဝဠာမိသားစုအဝင်အဖြစ် ထာဝရအသက်ရမည့်မျှော်လင့်ချက်ရရှိစေသောအားဖြင့် ဤလောက၏အလင်းဖြစ်ကြောင်း အထင်အရှားသက်သေထူခဲ့သည်။ (မဿဲ ၂၀:၂၈။ ယောဟန် ၃:၁၆) နောက်ဆုံးအနေနှင့် မိမိဘဝတစ်လျှောက်လုံး စုံလင်ပြည့်ဝသောဘုရားရေးရာဆက်ကပ်အပ်နှံမှုကို ဆက်လက်တင်ပြသွားခြင်းအားဖြင့် ယေရှုသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ထောက်ခံခဲ့ပြီး မာရ်နတ်ကိုမုသာကောင်ဖြစ်ကြောင်း သက်သေထူခဲ့သည်။ ဤနည်းဖြင့် ဖြောင့်မတ်ခြင်းကိုမြတ်နိုးသူများအတွက် ထာဝရအကျိုးကျေးဇူးကိုဖြစ်ထွန်းစေသည်။ သို့သော် ယေရှုတစ်ဦးတည်းသာ အလင်းဆောင်သူဖြစ်ရမည်လော။

“သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏”

၁၁။ ယေရှု၏တပည့်တော်များသည် အလင်းဆောင်သူများဖြစ်ကြရန် မည်သည့်အရာကိုပြုလုပ်ကြရမည်နည်း။

၁၁ မဿဲ ၅:၁၄ တွင် ယေရှုက မိမိ၏တပည့်တော်များအား “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏” ဟုမိန့်တော်မူခဲ့သည်။ သူတို့သည် ကိုယ်တော့်ခြေတော်ရာကို လိုက်လျှောက်ကြရမည်ဖြစ်သည်။ သူတို့၏ဘဝပုံစံနှင့်ဟောပြောခြင်းအားဖြင့် စစ်မှန်သောအလင်း၏ပင်ရင်းအမြစ်ဖြစ်တော်မူသော ယေဟောဝါထံတော်သို့ လူများကိုလမ်းညွှန်ရမည်။ ယေရှုကိုတုပသောအားဖြင့် သူတို့သည် ယေဟောဝါ၏နာမတော်ကို ထင်ရှားကျော်စောစေရန်နှင့် ကိုယ်တော်၏အကြွင်းမဲ့အစိုးပိုင်ခွင့်ကို ထောက်ခံရမည်။ ယေရှုကဲ့သို့ပင် သူတို့လည်း လူသားတို့၏တစ်ခုတည်းသောမျှော်လင့်ရာအဖြစ် ဘုရားသခင့်နိုင်ငံတော်ကိုကြေညာရမည်။ သူတို့သည် ဘာသာရေးမှောက်မှားမှုများ၊ အမှောင်နှင့်ဆိုင်သောအကျင့်များ၊ ယင်းအရာများ၏နောက်ကွယ်တွင်ရှိသည့်ဆိုးညစ်သူကိုလည်း ဖော်ထုတ်ရမည်။ ခရစ်တော်၏နောက်တော်လိုက်များသည် ယေရှုခရစ်အားဖြင့် ယေဟောဝါ၏မေတ္တာပါသောကယ်တင်ခြင်းအစီအစဉ်ကို နေရာတိုင်းရှိလူများအား ပြောပြကြရမည်။ ကနဦးခရစ်ယာန်များသည် ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း ပထမတွင်ယေရုရှလင်နှင့်ယုဒနယ်၊ ထိုနောက် ရှမာရိနယ်ထိတိုင် ထိုတာဝန်ကို ဇွဲနပဲနှင့်ထမ်းဆောင်ခဲ့ကြပါသည်တကား။—တမန်တော် ၁:၈။

၁၂။ (က) ဝိညာဏအလင်းကို မည်မျှတိုင်ထွန်းလင်းရမည်နည်း။ (ခ) ဟေရှာယ ၄၂:၆ ကို ပေါလုပိုင်းခြားသိမြင်ရန် ဘုရားသခင့်ဝိညာဉ်တော်ကမည်သို့ဖြစ်စေပြီး ယင်းပရောဖက်ပြုချက်က ကျွန်ုပ်တို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၂ မည်သို့ဆိုစေ သတင်းကောင်းဟောပြောခြင်းသည် ထိုနယ်တစ်ဝိုက်တွင်သာကန့်သတ်ထားရန်မဟုတ်ပါ။ ယေရှုက ‘လူမျိုးအပေါင်းတို့အား တပည့်ဖြစ်စေရန်’ တပည့်တော်များအား ညွှန်ကြားတော်မူခဲ့သည်။ (မဿဲ ၂၈:၁၉) တာရှုမြို့သားရှောလုပြောင်းလဲသည့်အချိန်တွင် သခင်က (တမန်တော်ပေါလုဖြစ်လာသူ) ရှောလုအား ဂျူးလူမျိုးများကိုသာမကဘဲ တစ်ပါးအမျိုးသားများကိုပါဟောပြောရန် အထူးသဖြင့်ညွှန်ကြားတော်မူခဲ့သည်။ (တမန်တော် ၉:၁၅) သန့်ရှင်းသောဝိညာဉ်တော်အကူအညီအားဖြင့် ပေါလုသည် ပါဝင်ပတ်သက်သောအရာများအတွက် ကျေးဇူးတင်လေးမြတ်ခဲ့သည်။ သို့နှင့် ယေရှုခရစ်တွင်တိုက်ရိုက်ပြည့်စုံသော ဟေရှာယ ၄၂:၆ ပါပရောဖက်ပြုချက်သည် ခရစ်တော်ကိုယုံကြည်သူအားလုံးနှင့်လည်း ပတ်သက်သောအမိန့်တော်ဖြစ်ကြောင်း ပေါလုပိုင်းခြားသိမြင်ခဲ့သည်။ ထို့ကြောင့် ဟေရှာယကျမ်းကိုသူကိုးကားဖော်ပြသည့် တမန်တော် ၁၃:၄၇ (ကဘ) တွင် ပေါလုပြောသည်မှာ “ယေဟောဝါသည် ဤနှုတ်ကပါဌ်တော်အားဖြင့် ငါတို့အားပညတ်ထားတော်မူသည်မှာ ‘သင်သည် မြေကြီးစွန်းအထိ ကယ်တင်ခြင်းဖြစ်စေခြင်းငှာ သင့်ကို လူမျိုးများ၏အလင်းအဖြစ် ငါခန့်ထား၏’” ဟူ၍ဖြစ်သည်။ သင်ကောမည်သို့နည်း။ အလင်းဆောင်သူတစ်ဦးဖြစ်ရန်တာဝန်ကို သင်နှလုံးသွင်းပြီးပြီလော။ ယေရှုနှင့်ပေါလုကဲ့သို့ သင့်အသက်တာကို ဘုရားသခင့်အလိုတော်ဆောင်ခြင်းတွင် ဗဟိုပြုထားပါသလော။

ကျွန်ုပ်တို့ကိုလမ်းညွှန်ရန် ဘုရားသခင်ထံမှ အလင်းနှင့်သမ္မာတရား

၁၃။ ဆာလံ ၄၃:၃ နှင့်အညီ ကျွန်ုပ်တို့၏ထက်သန်သောဆုတောင်းချက်ကားအဘယ်နည်း။ ယင်းက ကျွန်ုပ်တို့အား မည်သည့်အရာမှကာကွယ်ပေးသနည်း။

၁၃ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ပိုင်အကြံအစည်များအားဖြင့် လူသားများ၏အနာဂတ်တောက်ပစေရန် ‘အလင်းကိုရောင်ပြန်ဟပ်’ ရမည်ဆိုလျှင် ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၏အဓိပ္ပာယ်များကို အကြီးအကျယ်နားလည်လွဲမှားသွားပေမည်။ လောကသားများမည်သို့ပင်ပြုမူနေကြပါစေ၊ ခရစ်ယာန်စစ်များသည် ယေဟောဝါအား အလင်း၏ပင်ရင်းအမြစ်အဖြစ် အားထားကြသည်။ သူတို့၏ဆုတောင်းချက်သည် ဆာလံ ၄၃:၃ တွင်မှတ်တမ်းတင်ထားသကဲ့သို့ပင်ဖြစ်သည်။ “အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူပါ။ သူတို့သည်လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့လည်းကောင်း၊ တဲတော်သို့လည်းကောင်း အကျွန်ုပ်ကိုပို့ဆောင်ပါစေသော။”

၁၄၊ ၁၅။ (က) ယခုအခါ ယေဟောဝါသည် မည်သည့်နည်းဖြင့် မိမိ၏အလင်းနှင့်သမ္မာတရားကို စေလွှတ်နေသနည်း။ (ခ) ဘုရားသခင်၏အလင်းနှင့်သမ္မာတရားသည် ကျွန်ုပ်တို့အားအမှန်တကယ်လမ်းပြနေကြောင်း ကျွန်ုပ်တို့မည်သို့ပြသနိုင်သနည်း။

၁၄ ယေဟောဝါသည် မိမိ၏သစ္စာနှံကျေးကျွန်များ၏ဆုတောင်းချက်ကို ဆက်၍ဖြေကြားတော်မူသည်။ မိမိ၏ရည်ရွယ်တော်မူချက်ကိုကြေညာခြင်းအားဖြင့်၊ ယင်းကို မိမိ၏ကျေးကျွန်များအားနားလည်စေခြင်းအားဖြင့်၊ ကြေညာထားသည့်အရာကို ပြည့်စုံစေခြင်းအားဖြင့် အလင်းကိုကိုယ်တော်စေလွှတ်တော်မူသည်။ ကျွန်ုပ်တို့ဆုတောင်းသောအခါ သန့်ရှင်းသည့်အသွင်ကိုတင်ပြသည့် ထုံးစံသက်သက်အရပြုမူခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ထက်သန်သည့်ဆန္ဒမှာ ဆာလံဆရာပြောသကဲ့သို့ ယေဟောဝါထံတော်မှလာသောအလင်းတော်သည် ကျွန်ုပ်တို့အားလမ်းပြရန်ဖြစ်သည်။ ဘုရားသခင်ပေးတော်မူသောအလင်းတော်ကိုခံယူခြင်းနှင့် တွဲဖက်ပါဝင်သောတာဝန်များကို ကျွန်ုပ်တို့လက်ခံကြသည်။ တမန်တော်ပေါလုကဲ့သို့ပင် ယေဟောဝါ၏နှုတ်ကပါဌ်တော်ပြည့်စုံချက်နှင့်အတူ ယင်းကိုယုံကြည်သူအားလုံးနှင့်သက်ဆိုင်သောပညတ်တော်လည်း ပူးတွဲပါဝင်လာသည်။ ထိုရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့အားဘုရားသခင်အပ်နှင်းထားသောသတင်းကောင်းကို အခြားသူများအားမပြောပြမချင်း ကြွေးတင်နေသူကဲ့သို့ကျွန်ုပ်တို့ခံစားကြရသည်။—ရောမ ၁:၁၄၊ ၁၅။

၁၅ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါစေလွှတ်ပေးသော အလင်းနှင့်သမ္မာတရားသည် ကောင်းကင်ပလ္လင်တွင် ယေရှုခရစ်တက်ကြွစွာအုပ်စိုးနေခြင်းအားဖြင့် ထင်ရှားဖော်ပြခြင်းခံရသည်။ (ဆာလံ ၂:၆-၈။ ဗျာဒိတ် ၁၁:၁၅) ဘုရင်အဖြစ်မိမိရောက်ရှိနေချိန်အတွင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သောဤသတင်းကောင်းကို ကမ္ဘာတစ်ခွင်လုံးတွင် သက်သေအဖြစ်ဟောပြောမည့်အကြောင်း ယေရှုကြိုတင်ပြောထားခဲ့သည်။ (မဿဲ ၂၄:၃၊ ၁၄) ထိုလုပ်ငန်းသည် ယခုလုပ်ဆောင်နေပြီး ကမ္ဘာတစ်ခွင်လုံးတွင် အရှိန်အဟုန်မြင့်မားနေသည်။ ကျွန်ုပ်တို့၏အသက်တာတွင် ထိုလုပ်ငန်းကို အရေးကြီးဆုံးအရာအဖြစ်ထားရှိပါက ဆာလံဆရာပြောသကဲ့သို့ ဘုရားသခင့်အလင်းနှင့်သမ္မာတရားသည် ကျွန်ုပ်တို့အားလမ်းပြနေပေသည်။

ယေဟောဝါ၏ဘုန်းတော်ထွန်းလင်းတောက်ပခဲ့

၁၆၊ ၁၇။ ယေဟောဝါသည် ၁၉၁၄ ခုနှစ်က မိမိ၏မိန်းမသဖွယ်အဖွဲ့အစည်းအပေါ် မည်သည့်နည်းဖြင့် မိမိ၏ဘုန်းတော်ထင်ရှားစေတော်မူခဲ့ပြီး သူမအားမည်သည့်အမိန့်တော်ပေးခဲ့သနည်း။

၁၆ ဘုရားသခင့်အလင်းတော်သည် နေရာတိုင်းရှိလူများထံ ပျံ့နှံ့ရောက်ရှိသည့်သဘောကို ကျမ်းစာက စိတ်အားတက်ကြွဖွယ်ဖော်ပြထားသည်။ ယေဟောဝါ၏ “မိန်းမ” သို့မဟုတ် သစ္စာရှိကျေးကျွန်များပါဝင်သည့်ကောင်းကင်အဖွဲ့အစည်းကို ဖော်ပြထားသည့် ဟေရှာယ ၆၀:၁-၃ တွင်ပြောထားသည်မှာ “သင်ထလော့။ လင်းလော့။ သင်၏အလင်းရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏အပေါ်မှာပေါ်ထွန်းလျက်ရှိ၏။ ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း သင်၏အပေါ်မှာ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ပေါ်ထွန်းတော်မူ၍ ဘုန်းတော်သည် သင်၏အပေါ်မှာထင်ရှားလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်” ဟူ၍ဖြစ်သည်။

၁၇ ယေဟောဝါ၏ဘုန်းတော်သည် ကိုယ်တော်၏ကောင်းကင်ဆိုင်ရာမိန်းမသဖွယ်အဖွဲ့အစည်းအပေါ်သို့ ၁၉၁၄ ခုနှစ်တွင် ထွန်းလင်းခဲ့သည်။ ကာလကြာမြင့်စွာစောင့်မျှော်ချိန်ပြီးနောက် ဘုရင်ဖြစ်သောယေရှုနှင့်အတူ မေရှိယနိုင်ငံတော်ကို သူမ မွေးဖွားသည့်အချိန်တွင် ဖြစ်ခဲ့သည်။ (ဗျာဒိတ် ၁၂:၁-၅) ယေဟောဝါ၏ဘုန်းတော်အလင်းသည် ထိုနိုင်ငံတော်အပေါ်သို့ မြေကြီးတစ်ခွင်တရားဝင်နိုင်ငံတော်အဖြစ် မျက်နှာသာပေးထွန်းလင်းလျက်ရှိသည်။

၁၈။ (က) ဟေရှာယ ၆၀:၂ တွင်ကြိုပြောထားသည့်အတိုင်း အဘယ့်ကြောင့်မြေကြီးကို မှောင်မိုက်ဖုံးလွှမ်းသနည်း။ (ခ) လောကီမှောင်မိုက်မှ လူတစ်ဦးစီမည်သို့လွတ်မြောက်နိုင်မည်နည်း။

၁၈ ဆန့်ကျင်ဘက်အနေနှင့် မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းပြီး လူမျိုးများတွင် ထူထပ်သောမှောင်မိုက်ကျရောက်လျက်ရှိသည်။ အဘယ့်ကြောင့်နည်း။ လူ့ဥပဒေသများကြောင့် လူမျိုးများသည် ဘုရားသခင့်ချစ်သားတော်၏အုပ်ချုပ်မှုကို ငြင်းပယ်ကြသောကြောင့်ဖြစ်သည်။ လူအစိုးရပုံစံတစ်ခုကို ပယ်ရှားပစ်ပြီး အခြားတစ်ခုကိုဆက်ခံခြင်းအားဖြင့် သူတို့၏ပြဿနာကိုဖြေရှင်းနိုင်ကြမည်ဟုထင်ကြသည်။ သို့ရာတွင် ယင်းသည် သူတို့မျှော်လင့်သောလျော့ပါးမှုကို မဖြစ်စေပါ။ မမြင်နိုင်သောနောက်ကွယ်မှနေ၍ ဝိညာဏလောကမှ မည်သူကြိုးဆွဲနေသည်ကို သူတို့မမြင်ကြပါ။ (၂ ကောရိန္သု ၄:၄) သူတို့သည် စစ်မှန်သောအလင်း၏ပင်ရင်းအမြစ်ကို ငြင်းပယ်ကြသောကြောင့် အမှောင်ထဲတွင်သာရှိကြသည်။ (ဧဖက် ၆:၁၂) လူမျိုးများမည်သည့်အရာကိုလုပ်စေကာမူ တစ်ဦးစီသည် ထိုမှောင်မိုက်မှ လွတ်မြောက်ထွက်လာနိုင်သည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင့်နိုင်ငံတော်ကို အပြည့်အဝယုံကြည်ပြီး ယင်းကိုလက်အောက်ခံခြင်းအားဖြင့်ဖြစ်သည်။

၁၉၊ ၂၀။ (က) ယေဟောဝါ၏ဘုန်းတော်သည် ယေရှု၏ဘိသိက်ခံနောက်တော်လိုက်များအပေါ် အဘယ့်ကြောင့်နှင့် အဘယ်နည်းအားဖြင့် ထွန်းလင်းခဲ့သနည်း။ (ခ) ယေဟောဝါသည် မိမိ၏ဘိသိက်ခံများကို အဘယ့်ကြောင့်အလင်းဆောင်သူများဖြစ်စေသနည်း။ (ဂ) ကြိုတင်ပြောထားသည့်အတိုင်း “ရှင်ဘုရင်များ” နှင့် “လူမျိုးများ” သည် ဘုရားသခင်ပေးထားသည့်အလင်းသို့ မည်သည့်နည်းဖြင့်ဆွဲဆောင်ခံခဲ့ကြရသနည်း။

၁၉ ခရစ်ယာန်ဘောင်သည် ဘုရားသခင့်နိုင်ငံတော်ကိုမယုံကြည်၊ လက်အောက်လည်းမခံပါ။ သို့သော် ဝိညာဏဘိသိက်ခံယေရှု၏နောက်တော်လိုက်များမူ ယုံကြည်လက်အောက်ခံကြသည်။ ရလဒ်အနေနှင့် ယေဟောဝါ၏မျက်နှာသာတော်အလင်းသည် ကောင်းကင်အဖွဲ့အစည်း၏ ဤမျက်မြင်ရကိုယ်စားလှယ်များအပေါ်ထွန်းလင်းခဲ့ပြီး ကိုယ်တော့်ဘုန်းတော်သူတို့အပေါ်ထင်ရှားခဲ့သည်။ (ဟေရှာယ ၆၀:၁၉-၂၁) လောကနိုင်ငံရေး သို့မဟုတ် စီးပွားရေးဖြစ်ရပ်တို့၏ မည်သည့်ပြောင်းလဲမှုကမှ မပျက်သုဉ်းစေနိုင်သော ဝိညာဏအလင်းတွင် သူတို့မွေ့လျော်ကြသည်။ မဟာဗာဗုလုန်မှ ယေဟောဝါကယ်တင်ခြင်းကို သူတို့တွေ့ကြုံခံစားလာခဲ့ကြရသည်။ (ဗျာဒိတ် ၁၈:၄) သူတို့သည် ကိုယ်တော်၏ဆုံးမမှုကိုခံယူပြီး ကိုယ်တော်၏အကြွင်းမဲ့အစိုးပိုင်ခွင့်ကို ထောက်ခံကြသောကြောင့် ကိုယ်တော့်မျက်နှာသာရအပြုံးကို မွေ့လျော်ကြသည်။ သူတို့သည် တောက်ပသောအနာဂတ်ရှိကြပြီး သူတို့ရှေ့တွင်ကိုယ်တော်ချမှတ်ပေးသောမျှော်လင့်ချက်တွင် ဝမ်းမြောက်ကြသည်။

၂၀ သို့သော် ယေဟောဝါသည် သူတို့အား မည်သည့်ရည်ရွယ်ချက်ဖြင့် ဤနည်းအတိုင်းဆက်ဆံခဲ့သနည်း။ ဟေရှာယ ၆၀:၂၁ တွင် ကိုယ်တော်တိုင်ဖော်ပြထားသည့်အတိုင်းဆိုလျှင် ကိုယ်တော် “ဘုန်းပွင့်” ရန်၊ ကိုယ်တော့်နာမတော်ချီးမြောက်ခံရရန်၊ တစ်ဆူတည်းသောဘုရားမှန်ဖြစ်သည့်ကိုယ်တော့်ထံ လူများဆွဲဆောင်ခံရရန်—ဤနည်းဖြင့် သူတို့၏ထာဝရကောင်းကျိုးဖြစ်ထွန်းရန်တို့အတွက်ဖြစ်သည်။ ဤအချက်နှင့်အညီ ၁၉၃၁ ခုနှစ်တွင် ဤစစ်မှန်သောဘုရားကိုဝတ်ပြုသူများသည် ယေဟောဝါသက်သေဟူသောအမည်ကို ခံယူခဲ့ကြသည်။ သူတို့သက်သေခံခြင်း၏ရလဒ်အနေနှင့် ဟေရှာယကြိုပြောထားသည့်အတိုင်း “ရှင်ဘုရင်တို့” သည် သူတို့ထွန်းလင်းသောအလင်းထံသို့ ဆွဲဆောင်ခံရကြသလော။ ခံရကြပါသည်။ မြေကြီးအုပ်စိုးရှင်များမဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်တွင် ဘုရင်များအဖြစ် ခရစ်တော်နှင့်အတူအုပ်ချုပ်ရမည့် အကြွင်းအကျန်များဖြစ်ကြသည်။ (ဗျာဒိတ် ၁:၅၊ ၆၊ ၂၁:၂၄) “လူမျိုးများ” ကောမည်သို့နည်း။ ဤအလင်းတော်သို့ သူတို့ဆွဲဆောင်ခံရကြသလော။ ထိုအတိုင်းပင်ဖြစ်ခဲ့သည်။ တိုင်းနိုင်ငံတစ်ခုဆွဲဆောင်ခံရခြင်းမဟုတ်ဘဲ လူမျိုးအားလုံးထဲမှ လူအုပ်ကြီးသည် ဘုရားသခင့်နိုင်ငံတော်ဘက်တွင်ရပ်တည်ကာဘုရားသခင့်ကမ္ဘာသစ်သို့ကပ်ကျော်လွတ်မြောက်ရန် စိတ်အားထက်သန်စွာမျှော်လင့်နေကြသည်။ ယင်းကား ဖြောင့်မတ်ခြင်းတည်ရှိမည့်ကမ္ဘာသစ်အမှန်ဖြစ်ပေတော့မည်။—၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၇:၉၊ ၁၀။

၂၁။ ယေဟောဝါသည် မိမိ၏အလိုတော်ကို ကျွန်ုပ်တို့အားသိနားလည်စေသည့် မခံစားထိုက်သောကရုဏာတော်၏ရည်ရွယ်ချက်ကို ကျွန်ုပ်တို့လက်မလွတ်ကြောင်းမည်သို့တင်ပြနိုင်ကြသနည်း။

၂၁ သင်သည် ထိုတိုးပွားနေသော အလင်းဆောင်သူလူအုပ်ကြီးတွင် တစ်ဦးအပါအဝင်ဖြစ်သလော။ ကျွန်ုပ်တို့သည်ယေရှုကဲ့သို့ အလင်းဆောင်သူများဖြစ်ကြရန် ယေဟောဝါသည် မိမိ၏အလိုတော်ကို ကျွန်ုပ်တို့အားနားလည်စေတော်မူခဲ့ပြီ။ ကျွန်ုပ်တို့ခေတ်တွင် မိမိ၏ကျေးကျွန်များအား ယေဟောဝါအပ်နှင်းတော်မူသောလုပ်ငန်းတွင် ဇွဲရှိကြောင်းတင်ပြခြင်းအားဖြင့် ယေဟောဝါကျွန်ုပ်တို့အပေါ်သွန်းလောင်းတော်မူသည့် မခံစားထိုက်သောကရုဏာတော်၏ရည်ရွယ်ချက်ကို လက်မလွတ်ကြောင်း ကျွန်ုပ်တို့အားလုံးတင်ပြကြစို့။ (၂ ကောရိန္သု ၆:၁၊ ၂) ကျွန်ုပ်တို့ခေတ်တွင် ယင်းထက်သာ၍အရေးကြီးသောအလုပ်မရှိတော့ပါ။ ယေဟောဝါထံတော်မှလာသော ဘုန်းအသရေရှိအလင်းတော်ကို သူတစ်ပါးအားထွန်းလင်းခြင်းအားဖြင့် ယေဟောဝါအားဘုန်းထင်ရှားစေခြင်းထက် သာ၍ကြီးမြတ်သောအခွင့်အရေးကျွန်ုပ်တို့တွင်မရှိတော့ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

◻ လူသားများအတွက် ဝမ်းနည်းဖွယ်ပြဿနာ၏အခြေအမြစ်ကျသည့်အကြောင်းများကား အဘယ်နည်း။

◻ ယေရှုနှင့်ကိုယ်တော့်နောက်တော်လိုက်များသည် မည်သည့်နည်းအားဖြင့် “ဤလောက၏အလင်း” ဖြစ်ကြသနည်း။

◻ ယေဟောဝါ၏အလင်းတော်နှင့်သမ္မာတရားက ကျွန်ုပ်တို့အား မည်သို့လမ်းပြနေသနည်း။

◻ ယေဟောဝါသည် မိမိ၏အဖွဲ့အစည်းအပေါ် မိမိ၏ဘုန်းတော်အလင်းကို မည်သို့ထင်ရှားစေတော်မူသနည်း။

◻ ယေဟောဝါသည် မိမိလူများအားအလင်းဆောင်သူများဖြစ်စေခြင်းက အဘယ်ရည်ရွယ်ချက်အတွက်နည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဧဒင်အဖြစ်အပျက်က ယနေ့လူသားတို့၏ကြေကွဲဖွယ်ပြဿနာများကို ကျွန်ုပ်တို့နားလည်ရန် ထောက်ကူ

[Credit Lines]

Tom Haley/​Sipa

Paringaux/​Sipa

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ