သမ္မာကျမ်းစာ ခေတ်လူသားအတွက် လက်တွေ့ကျ လမ်းပြ
သမ္မာကျမ်းစာ၏သွန်သင်ချက်များ၊ ပုံသက်သေများနှင့် အယူဝါဒများသည် ခေတ်လူသားအတွက် အလွန်လက်တွေ့ကျပါသည်။ ဤစာအုပ်ပါ ဖြောင့်မတ်သောမူဝါဒများနှင့် မြင့်မားသော စာရိတ္တစံချိန်များသည် စာအုပ်တကာတို့ထက် ယင်းကို များစွာထူးခြားစေပါသည်။ အရေးကြီးမေးခွန်းများကိုသာ ကျမ်းစာဖြေဆိုပေးရုံမက လိုက်နာကျင့်သုံးပါက ကမ္ဘာ့လူသားထု၏ ကာယနှင့် စိတ်ဓာတ်ကျန်းမာရေးကိုပါ များစွာမြှင့်တင်ပေးမည့် လက်တွေ့ကျ အကြံပြုချက် မြောက်မြားစွာကိုလည်း ပေးသည်။
တရားမျှတစွာ စီးပွားရှာရန် မျဉ်းတံအဖြစ် အမှားအမှန်ကို သမ္မာကျမ်းစာက မူများ ချမှတ်ပေးသည်။ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟု ယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၇:၁၂) ပညာရှိရှောလမုန်က “ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍ သူ၏ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။ အကြောင်းမူကား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သူတို့အမှုကိုစောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသောသူတို့၏အသက်ကို လုယူတော်မူမည်။”—သု၊ ၂၂:၂၂၊ ၂၃။
ဘုရားသခင့်မှုတ်သွင်းခံ နှုတ်ကပါဌ်တော်တွင် ဝီရိယစိုက်ထုတ်ခြင်းနှင့် စင်ကြယ်သောစာရိတ္တကို အထင်အရှား ဖော်ပြထားသည်။ “ငါတို့မှာထားခဲ့သည့်အတိုင်း သေဝပ်စွာနေထိုင်လျက်၊ ကိုယ့်အမှုအရေးကို ဂရုစိုက်လျက်၊ ကိုယ့်လက်ဖြင့် လုပ်ကိုင်လျက် ကြိုးစားကြစေရန်လည်းကောင်း၊ ငါတို့နှိုးဆော်ကြ၏။ သို့မှမတောင့်တဘဲ သာသနာပတို့ရှေ့ တင့်တယ်စွာ ကျင့်ကြံပြုမူကြရလိမ့်မည်” ဟုတမန်တော်ပေါလု မှာကြားခဲ့သည်။ (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂၊ သမ) “ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်းတို့ဖြစ်သည်။ . . . ဝိညာဉ်တော်နှင့်ဆိုင်ရာအသီးမူကား ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ကရုဏာပြခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းများပေတည်း။ ထိုသို့သောအကျင့်တို့ကိုအဘယ်တရားကမျှမမြစ်တား။”—ဂလာတိ ၅:၁၉-၂၃၊ ကဘ။
“အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟူသောသတိပေးချက်ကိုလည်း သတိပြုပါ။ (၁ ကောရိန္သု ၁၅:၃၃) ဤသတိပေးချက်ကို နာခံရန် အလွန်အရေးကြီးလှသည်တကား။ အကြောင်းမူကား၊ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သု၊ ၁၃:၂၀။
သမ္မာကျမ်းစာသည် အိမ်ထောင်တွင်း ဆက်ဆံရေးများအတွက် အကောင်းဆုံး အကြံပြုချက်များ ပါဝင်သည့် သင်ရိုးစာအုပ်ဖြစ်သည်။ (တရားဟောရာ ၆:၄-၉။ ဧဖက် ၅:၂၁-၃၃) ထိုကြောင့် နာမည်ကျော်ပညာပေးသူ ဝီလျမ် လိုင်ယန် ဖလက်စ် တစ်ချိန်က ဤသို့ဆိုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ “ကောလိပ်ပညာမရှိပဲ သမ္မာကျမ်းစာပညာရှိထားခြင်းသည် ကျမ်းစာပညာမရှိပဲ ကောလိပ်ပညာတတ်မြောက်ခြင်းထက် ပိုတန်ဖိုးရှိသည်ဟု အကျွန်ုပ်ယူဆသည်။” သမ္မာကျမ်းစာနှင့်ပတ်သက်၍ ဂျောန် ကွင်စီ အဲဒမ်စ် ဤသို့ရေးသားခဲ့သည်။ “ကမ္ဘာ့စာစောင်ရှိရှိသမျှတို့ထက် ယင်းသည် လူတို့အား ကောင်းမြတ်ရန်၊ ပညာရှိရန်၊ ပျော်ရွှင်မှုရှိရန် အများဆုံးအထောက်အကူပြုသည်။” ယင်းကို သင်၏လမ်းပြစာအုပ်ဖြစ်စေကာ သင့်အတွက် မည်မျှလက်တွေ့ကျကြောင်း တွေ့ရှိသိမြင်ပါလေ။