“တောင်များမမွေးဖွားမီ”
“ကိုယ်တော်သည် လူမျိုးအစဉ်အဆက် အကျွန်ုပ်တို့ခိုလှုံရာဖြစ်တော်မူ၏။ တောင်များမမွေးဖွားမီ သို့မဟုတ် မြေကြီးနှင့်ကမ္ဘာကို ဖြစ်စေတော်မမူမီ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှ နောက်ကမ္ဘာအဆက်ဆက်ထိတိုင် ဘုရားဖြစ်တော်မူ၏။” (ဆာလံ ၉၀:၁၊ ၂။ New International Version) ထိုစကားများသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကိုရည်ညွှန်းပြီး အထူးသဖြင့်ယနေ့ကဲ့သို့ မည်သည့်အရာမျှတည်မြဲပုံမရသည့်အခါမျိုးတွင် မည်မျှနှစ်သိမ့်ဖွယ်ရာပါတကား။
စီးပွားရေးအခြေအနေကျဆင်းမှုများကြားတွင် အနာဂတ်အတွက်ယုံကြည်စိတ်ချမှုရှိသူနည်းပါးလာသည်။ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုများ သိသိသာသာတိုးပွားလာခြင်းက အချို့မြို့ကြီးများအား စစ်ပွဲဇုံဖြစ်စေသည်။ ရှေးအစဉ်အဆက်ကတည်းကရှိခဲ့သောအစုအစည်းဖြစ်သည့် မိသားစုပင်လျှင် ယိမ်းယိုင်လျက်ရှိသည်။ လိင်တူဆက်ဆံသောမိသားစုကဲ့သို့သော တစ်ခါမျှမကြားဖူးသည့်အရာများကို ကျွန်ုပ်တို့ကြားနေကြရသည်။ ကြင်ဖော်မဲ့မိဘရှိသောမိသားစုအရေအတွက်တိုးပွားလာပြီး တစ်ဦးတည်းသောမိဘက ဒုက္ခများကို ရင်ဆိုင်ရုန်းကန်နေရသည်။ အိမ်ထောင်ဖက်အားရိုက်နှက်ခြင်းနှင့် ကလေးများကို မတော်မလျော်ပြုကျင့်ခြင်းများကဲ့သို့သော စက်ဆုပ်ရွံရှာဖွယ်များဖြင့် မိသားစုများစွာ၏အေးချမ်းမှု အစိတ်စိတ်အမြွှာမြွှာကွဲလွင့်ရသည်။
ဤခေတ်ကျပ်ကြီးထဲတွင် ကျွန်ုပ်တို့အား မည်သူလမ်းညွှန်မှုပေးမည်နည်း။ စိတ္တဗေဒပညာရှင်များ၊ ပညာတတ်များစသည်တို့က အကြံဉာဏ်များပေးကြသော်လည်း ယင်းတို့သည် အများအားဖြင့် ကွဲပြားခြားနားကြသည်။ အနောက်နိုင်ငံရှိလူမျိုးစုတစ်ခုလုံးအတွက် ကလေးများအားပညာပေးခြင်းကိစ္စနှင့်ပတ်သက်၍ အကောင်းဆုံးအကြံပေးသူမှာ ဒေါက်တာဘင်ဂျမင်စပေါ့စ်ဖြစ်သည်။ သို့နှင့်ပင်သူဝန်ခံသည်မှာ သူ့အကြံဉာဏ်သည် မှားယွင်းနေသည်ဟူ၍ဖြစ်သည်။
ဘုရားသခင်ကို ကျွန်ုပ်တို့၏ “ခိုလှုံရာ” ဖြစ်စေခြင်းကား မည်မျှပညာရှိရာကျပါသည်တကား။ ဤကယောက်ကယက်ဖြစ်နေသောအချိန်တွင် ကိုယ်တော်သည် တည်ငြိမ်သောကျောက်၊ “ရှေးကမ္ဘာအဆက်ဆက်မှ နောက်ကမ္ဘာအဆက်ဆက်” တည်တော်မူသောသူဖြစ်သည်။ ပရောဖက်မာလခိအားဖြင့် မိမိအကြောင်းကို ဤသို့ဖော်ပြသည်။ “ငါသည် ယေဟောဝါဖြစ်၏။ ငါသည် ပြောင်းလဲခြင်းမရှိ။” (မာလခိ ၃:၆၊ ကဘ) ကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏စံချိန်တော်များကို အပြည့်အဝယုံကြည်အားထားနိုင်သည်။ “တောင်များမမွေးဖွားမီ” ကိုယ်တော်ရှိတော်မူပြီး သမ္မာကျမ်းစာတွင်ရနိုင်သောကိုယ်တော့်သွန်သင်ချက်များသည် ကိုယ်တော်၏ထာဝရဉာဏ်တော်များပေါ်တွင် အခြေပြုသည်။ ယင်းကား ကျွန်ုပ်တို့ပျော်ရွှင်မှုနှင့်အောင်မြင်မှုအတွက် လိုအပ်သောအရာပင်ဖြစ်သည်။
ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာအပေါ် ယုံကြည်စိတ်ချခြင်းသည် ပညာရှိရာရောက်သည်။ ဘုရားသခင့်ဉာဏ်တော်မှအကျိုးခံစားရရန် ယင်းကိုလေ့လာပါ။ သင်လေ့လာသိရှိသည့်အရာကို ယုံစားပြီး ယင်းကို သင့်ဘဝခရီးလမ်းတစ်လျှောက်လုံးအတွက် လမ်းပြသောအလင်းအဖြစ်ခံယူပါ။ (ဆာလံ ၁၁၉:၁၀၅) ထိုသို့ပြုသောသူသာလျှင် အနာဂတ်အတွက် ယုံကြည်စိတ်ချနိုင်သည့်အကြောင်းရှိပြီး စစ်မှန်သောစိတ်နှလုံးငြိမ်သက်မှုကို ရရှိမည်ဖြစ်သည်။