ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၅/၁၅ စာ. ၂၃-၂၆
  • ဟောင်ကောင်တွင် စစ်မှန်သောစည်းစိမ်ဥစ္စာကိုတွေ့ရှိခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောင်ကောင်တွင် စစ်မှန်သောစည်းစိမ်ဥစ္စာကိုတွေ့ရှိခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • သူတို့ ဝိညာဏစည်းစိမ်ဥစ္စာကို တွေ့ရှိ
  • ဘုရားသခင့်ရှေ့မှောက် ချမ်းသာလာခြင်း
  • အခြားသူများ စစ်မှန်သောစည်းစိမ်ဥစ္စာရှာတွေ့ရန် ကူညီပေးခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၅/၁၅ စာ. ၂၃-၂၆

ဟောင်ကောင်တွင် စစ်မှန်သောစည်းစိမ်ဥစ္စာကိုတွေ့ရှိခြင်း

ဟောင်ကောင်၌ အချိန်တိုကလေးတွင်—အခွင့်သာမည်ဆိုလျှင်—ငွေများစွာရရှိနိုင်ပါသည်။ လွန်ခဲ့သော အနှစ် ၄၀ ခန့်အတွင်း ထိုဗြိတိသျှကိုလိုနီနိုင်ငံသည် ဆိတ်ငြိမ်သောဆိပ်ကမ်းအဖြစ်မှ အရှေ့တောင်အာရှ၌သာမက ကမ္ဘာ့စီးပွားရေးလောကတွင် အရေးပါအရာရောက်သော အင်အားကြီးမြို့တစ်မြို့ဖြစ်လာချေပြီ။

အခွန်နှုန်းသက်သာသည့်အတွက် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူအများအပြားရှိသဖြင့် ဟောင်ကောင်တွင်နေထိုင်သူ ခြောက်သန်းအတွက် လုပ်ကိုင်စရာလုပ်ငန်း များစွာရှိစေပါသည်။ ထို့ပြင် ယင်း၏အနေအထားကြောင့် တရုတ်ပြည်တောင်ပိုင်းနှင့် အာရှပစိဖိတ်အရပ်ဒေသအတွက် ဂိတ်ဝမြို့တော်ဖြစ်ပါသည်။ ခေတ်မီသယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစံနစ်များအပြင် လက်ကားလက်လီရောင်းချရေးဈေးကွက် ကောင်းကောင်းရှိထားသည့်အတွက် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၏ ဝယ်လိုအားကို ဟောင်ကောင်ဖြည့်ဆည်းပေးနိုင်ပါသည်။

စီးပွားရေးအောင်မြင်မှုကြောင့် ဟောင်ကောင်၏နေမှုထိုင်မှုအဆင့်သည် ကမ္ဘာတွင် အမြင့်မားဆုံးနိုင်ငံတစ်ခုဖြစ်ပါသည်။ သို့ရာတွင် ချမ်းသာကြွယ်ဝမှုက ဟောင်ကောင်တွင်နေထိုင်သူများအတွက် ကျေနပ်ရောင့်ရဲခြင်းနှင့် မြဲမြံသောပျော်ရွှင်မှု ပေးပါသလော။ မပေးပါ။ သို့သော် အချို့သူများသည် သာ၍ကောင်းသောစည်းစိမ်ဥစ္စာကို ရှာဖွေခဲ့ရာ တွေ့ရှိနေကြပါသည်။

သူတို့ ဝိညာဏစည်းစိမ်ဥစ္စာကို တွေ့ရှိ

တန်ဖိုးဖြတ်မရသော ဝိညာဏစည်းစိမ်ဥစ္စာများကို တွေ့ရှိခဲ့သူများအနက် တစ်ဦးသည် ဟောင်ကောင်တွင် မွေးဖွားခဲ့သော အဲလ်ဖရဒ်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် ဌာနချုပ်တည်ရှိသော အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းကြီးတစ်ခု၏ ညွှန်ကြားရေးမှူးအဖြစ် သူသည် တိုးတက်ကြီးပွားနေပါသည်။ ဟောင်ကောင်တွင်နေထိုင်သူအများစုကဲ့သို့ပင် သူ၏ဘဝပန်းတိုင်မှာ စည်းစိမ်ရှိရန်၊ ကိုယ်ပိုင်အိမ်ရှိရန်၊ ကောင်းစွာစားသောက်နေထိုင်ရန်ဖြစ်သည်။ သူ၏အဆင့်ရာထူး၊ သူ၏ဝင်ငွေဖြင့် ထိုအရာခပ်သိမ်းကိုရရှိနေပုံပေါက်သည်။ သို့သော် သူပျော်ရွှင်နိုင်ပါသလော။ “ငွေအင်အားဟာ အကန့်အသတ်ဘဲအကျိုးပြုတာကို ကျွန်တော့်ဘဝအတွေ့အကြုံကနေ ကျွန်တော်သဘောပေါက်တယ်” ဟုဝမ်းနည်းစွာဖြင့် အဲလ်ဖရဒ်ပြောပြသည်။ အလုပ်ပြုတ်ခဲ့လျှင် မိမိစုငွေသည် မည်မျှခံမည်နည်းဟု သူအမြဲစိုးရိမ်နေသည်။ အလုပ်ကိုစုံးစုံးမြုပ်လုပ်ကိုင်သည့်အခါ အိမ်ထောင်ရေးပြဿနာများ ပေါ်လာပြန်သည်။ ရုတ်တရက် သားကလေးသေဆုံးသွားသည့်အခါ ဇနီးဖြစ်သူအဲမလီသည် အလွန်ပူဆွေးဝမ်းနည်းခဲ့သည်။ “သားကိုကူညီပေးနိုင်ဖို့ သူဘယ်ရောက်နေတယ်ဆိုတာကို ကျွန်မသိချင်ခဲ့တယ်” ဟုသူမပြောပြပါသည်။ မည်သည့်နည်းဖြင့်မျှ ကူညီမပေးနိုင်သည့်အတွက် သူမခမျာ အလွန်ဝမ်းနည်းကြေကွဲစိတ်ပျက်နေရှာပါသည်။

ဂျစတီနာ ငယ်ရွယ်စဉ်က ဖခင်ဖြစ်သူကွယ်လွန်ခဲ့သည်။ သို့သော် သူမ၏ကြိုးစားမှုကြောင့် ဂုဏ်ရှိသောဟောင်ကောင်တက္ကသိုလ်မှ ဘွဲ့ရသူဖြစ်လာပါသည်။ ယင်းကြောင့် အစိုးရဌာနတစ်ခုတွင် အလုပ်အကိုင်ရရှိခဲ့သည်။ ကောင်းတုံစကားအရ ယင်းကို ရွှေထမင်းအုပ်အဓိပ္ပာယ်ရှိ ဂမ်ဖန်ဝန်း—ဝင်ငွေကောင်းသည့် ဘဝအာမခံချက်ရှိအလုပ်အကိုင်—ဟုခေါ်ပါသည်။ သို့ဖြစ်၍ပင် ဂျစတီနာခမျာ မပျော်နိုင်၊ ကျေနပ်မှုလည်းမရှိနိုင်ခဲ့ပါ။ ဘဝ၏ရည်ရွယ်ချက်အကြောင်း သူမကြာခဏတွေးတောမိပြီး အနာဂတ်ရေးကို သိချင်ခဲ့သည်။ သူမ၏ခင်ပွန်း ဖရမ်စစ္စသည်လည်း ဘဝမှာ ရည်ရွယ်ချက်မရှိဟု ယူမှတ်ပါသည်။ မိမိသည် စက်ယန္တရားကြီးတစ်ခုတွင် ခွေးသွားစိပ်တစ်ခုပမာ အဆုံးမရှိလုပ်ရိုးလုပ်စဉ်တစ်ခုတွင် အရာမထင်သူမျှဖြစ်သည်ဟု ခံစားရကြပါသည်။

လုပ်ငန်းမန်နေဂျာတစ်ဦးဖြစ်သူ ရစ်ကီလည်းရှိသည်။ ဝင်ငွေအလွန်ကောင်းသော်လည်း အသက်တာဘဝ၏ အခြားတစ်ဖက်—အလုပ်သမားအချင်းချင်း ဘယ်သူသေသေ ငတေမာပြီးရောသဘောထားမျိုးရှိခြင်းနှင့် အိမ်တွင်းရေးပြဿနာများကို သူတွေ့ကြုံနေရပါသည်။ ဤပြဿနာများကို ငွေအင်အားဖြင့် မဖြေရှင်းပေးနိုင်ပါ။ ဇနီးဖြစ်သူ ဝင်ဒီကလည်း ဂုဏ်အသရရှိလုပ်ငန်းကိုင်ငန်း၊ ငွေများစွာရှိခြင်းနှင့် နိုင်ငံရေးသဘောအရ တည်ငြိမ်သောအဖွဲ့အစည်းတွင် နေထိုင်ရခြင်းမှာ လုံခြုံမှုဖြစ်သည်ဟု ထင်မှတ်ပါသည်။ သို့သော် လုံခြုံဟန်ရှိသော သူမ၏ဘဝသည် မည်မျှကြာရှည်ပါမည်နည်း။ ယင်းက သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်နေပါသည်။ အကြောင်းမှာ သေခြင်းတရားက သူမ၏အသက်တာဘဝကို အဓိပ္ပာယ်မဲ့စေ၍ ရည်ရွယ်ချက်ပန်းတိုင်မရှိ ဖြစ်နေစေပါသည်။

ဒေးဗစ်လည်း ပြောဆိုစရာရှိပါသည်။ သူ၏တက္ကသိုလ်ပညာကြောင့် အလုပ်အကိုင်ကောင်းနှင့် ငွေရေးကြေးရေးအလုံအလောက်ရှိနေငြား ကျေနပ်မှုမရှိဘဲဖြစ်နေရှာသည်။ အဘယ်ကြောင့်နည်း။ ဆင့်ကဲအယူနှင့်အတွေးအခေါ်ပညာတွင် သူစုံးစုံးမြုပ်နေ၍ ဘဝသည် လက်ရှိအသက်တာမျှဖြစ်သည်ဟု သူယုံကြည်ပါသည်။ သူ့မှာ မျှော်လင့်စရာ ဘာမျှမရှိဟု ဒေးဗစ်ခံစားရပြီး သူ၏စည်းစိမ်ဥစ္စာကလည်း သူ့အား အကူအညီမပေးနိုင်ခဲ့ပါ။

ဤသူများသည် ဘဝနောက်ခံမတူညီကြသော်လည်း သူတို့အားလုံး တူညီချက်တစ်ခုရှိကြသည်။ ယင်းကား၊ ပျော်ရွှင်ချမ်းမြေ့၊ ကျေနပ်ရောင့်ရဲမှုပေးမည်ဟု သူတို့ယူမှတ်သောအခြေအနေမျိုးသို့ သူတို့အားလုံး ရောက်ရှိနေကြ၍ ဘဝပန်းတိုင်မီပြီဟု ထင်မှတ်ကြသော်လည်း သူတို့ဘဝသည် အဓိပ္ပာယ်မဲ့ဖြစ်နေကြရှာသည်။

ဘုရားသခင့်ရှေ့မှောက် ချမ်းသာလာခြင်း

အဲလ်ဖရဒ်၊ ဂျစတီနာနှင့် ဖော်ပြပါသူများ၏အဖြစ်သည် ယေရှု၏ပုံဥပမာပါ သူကြွယ်၏အဖြစ်နှင့်တူပါသည်။ သူသည် ‘ကိုယ်အဖို့ ဘဏ္ဍာများကိုဆည်းပူးသော်လည်း ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ’ နေပါသည်။ (လုကာ ၁၂:၂၁) သို့ရာတွင် ဝမ်းသာစရာကား သူတို့သည် သာ၍ကောင်းမွန်သောအရာ—စစ်မှန်သောစည်းစိမ်ဥစ္စာအပြည့်ရှိသောဘဝ—ကိုသူတို့ရှာတွေ့ကြပါသည်။ စစ်မှန်သောပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှုရလိုသူများသည် “မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်” ဖြစ်သည်။ (၁ တိမောသေ ၆:၁၇) မှန်ပါသည်။ စစ်မှန်သောဘုရားသခင် ယေဟောဝါရှင်ကိုသိကျွမ်းလာပြီး ကိုယ်တော်ကိုအားထားလာကြသည့်အတွက် ဤသူအသီးသီးတို့၏ဘဝသည် ထူးခြားလာပါသည်။ ယင်းသို့ အဘယ်နည်းဖြင့် ဖြစ်ပျက်လာသည်ကို ကြည့်ကြစို့လေ။

အဲလ်ဖရဒ်နှင့်အဲမလီတို့၏သားသည် ရုတ်တရက်သေလွန်သွားသည့်အခါ သူတို့ခမျာ အလွန်ဝမ်းနည်းကြေကွဲနေကြသည်။ ခံစားနေကြရသောပူဆွေးမှုဝေဒနာကို သူတို့၏စည်းစိမ်ဥစ္စာက မဖြေသိမ့်ပေးနိုင်ခဲ့ပါ။ ချာ့ချ်သွားတက်ကြသော်လည်း သူတို့ဘဝသည် အဓိပ္ပာယ်မဲ့၍ ကျေနပ်မှုမရရှိနိုင်ဘဲ ဖြစ်နေကြရှာသည်။ ထိုအခါ သူတို့အိမ်ပေါက်ဝသို့ ယေဟောဝါသက်သေတစ်ဦးရောက်ရှိလာပြီး “အနာဂတ်အတွက် လူ့မျှော်လင့်ချက်ကား အဘယ်နည်း” ဟုမေးမြန်းပါသည်။ အဲလ်ဖရဒ်သည် ချာ့ချ်တွင်ကြားသိထားသည့် ကောင်းကင်နှင့်ငရဲအကြောင်းပြောပြလိုက်သည်။ သို့ရာတွင် လူသေများသည် “အဘယ်အရာကိုမျှမသိ” ကြောင်း၊ ဘုရားသခင့်သတိရအောက်မေ့ခြင်းခံရသူများသည် လူတိုင်းရောက်ရသောသင်္ချိုင်းအရပ်၌ ရှင်ပြန်ထမြောက်ခြင်းငှာ စောင့်မျှော်လျက်နေကြကြောင်း သမ္မာကျမ်းစာမှ သူသိရှိနားလည်လာလေသည်။ (ဒေသနာ ၉:၅၊ ၁၀။ ယောဟန် ၅:၂၈၊ ၂၉) ယင်းက အဲလ်ဖရဒ်အတွက် ယုတ္တိရှိ၍ ဆင်ခြင်တုံတရားနှင့်လည်း ညီညွတ်ပုံရှိနေပါသည်။ သားကလေးသည် တစ်နေရာတွင် ဝေဒနာမခံနေရဘဲ သေခြင်း၌အိပ်ပျော်နေ၍ ရှင်ပြန်ထမြောက်လာခြင်းအားဖြင့် မိသားစုနှင့်ပြန်ဆုံဆည်းရန် မျှော်လင့်ချက်ရှိနိုင်ကြောင်း ယခုသူသဘောပေါက်လာပါသည်။ တကယ်စိတ်သက်သာမှုပေးသော သတင်းပါတကား။ အချိန်တန်လေသော် အဲလ်ဖရဒ်နှင့်သူ၏ဇနီးသည် အိမ်တွင်းကျမ်းစာသင်အံမှုကိုလက်ခံကြ၍ သမ္မာကျမ်းစာကမ်းလှမ်းသည့် စစ်မှန်သောစည်းစိမ်ဥစ္စာကို ဆုပ်ကိုင်ထားနိုင်သည့်လမ်းစဉ်ပေါ် စတင်လျှောက်ကြလေသည်။

ဂျစတီနာသည် မိမိ၏လုပ်ဖော်လုပ်ဖက်များတွင် လူတို့ကိုမစကူညီပေးလိုစိတ်ရှိသူ မတွေ့ခဲ့ရသဖြင့် အလွန်စိတ်ပျက်နေပါသည်။ သူမမှာ စိတ်ထက်သန်သော ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်၍ ဘုန်းကြီးများသည် ဆေးလိပ်သောက်ရုံမက ကခုန်ပွဲများတွင် အခြားသူများနည်းတူ ပါဝင်ကခုန်သည်ကို သတိပြုမိပြီး စိတ်ပျက်နေပါသည်။ ထိုအခါ ယေဟောဝါသက်သေများနှင့် သူတွေ့ဆုံးကာ မေးခွန်းများစွာမေးမြန်းခဲ့ရာ စိတ်ကျေနပ်လောက်ဖွယ်အဖြေများကို ကျမ်းစာမှရရှိခဲ့ပါသည်။ ဘုန်းကြီးမူကား သူ၏ကိုယ်ပိုင်အကြံဉာဏ်မှအပ အဖြေကောင်းများမပေးရုံမက သူမအနေနှင့်လည်း ချာ့ချ်ကိုမှန်မှန်တက်ပြီး ၁၀ နှစ်တိုင် ဒါယကာလုပ်သားဖြစ်ခဲ့သော်လည်း ကျမ်းစာကို ဖွင့်မဖတ်ခဲ့သည်မှာ ၁၆ နှစ်ပင်ရှိနေပေပြီ။

သက်သေခံများသည် ဂျစတီနာနှင့် သူ၏လင်ယောက်ျားဖြစ်သူ ဖရမ်စစ္စနှင့် ကျမ်းစာလေ့လာကြရာတွင် သက်သေခံများ၏ ယုံကြည်ချက်နှင့်လှုပ်ရှားမှုသည် ကမ္ဘာချီစည်းလုံးလျက်ရှိသည်ကို သူတို့တွေ့မြင်၍ စွဲမှတ်စရာဖြစ်လာပါသည်။ ထိုအခါ ဘုရားသခင်သည် တကယ်ပင်ဖြစ်ကြောင်း ဖရန်စစ္စအသေအချာယုံကြည်လာသည်။ အမှန်ဆိုလျှင် အသက်ရှင်၍စစ်မှန်သောဘုရားသခင်ဖြစ်၍သာ အပြည်ပြည်ဆိုင်ရာလူစုတစ်စုကို ဤနည်းဖြင့် ဩဇာလွှမ်းမိုးနိုင်လိမ့်မည်ဖြစ်သည်။ ဤမောင်နှံစုံသည် စစ်မှန်သောစည်းစိမ်ဥစ္စာကို တွေ့ရှိလာကြသည့်အတွက် အလွန်ဝမ်းသာအားရကြသည်တကား။

ရစ်ကီနှင့်ဝင်ဒီတို့သည် ကိုယ်ရေးကိုယ်တာပြဿနာ များသည်ထက်များလာသည်ကို တွေ့ရှိကြသောအခါ ယင်းတို့ကို သူတို့အရေးတယူဖြေရှင်းဖို့လိုကြောင်း သိရှိလာကြသည်။ သူတို့နှစ်ဦးစလုံးသည် ယခင်ဆက်သွယ်ခဲ့ဖူးသော ယေဟောဝါသက်သေများကို သီးခြားစီ လိုက်ရှာကြသည်။ သူတို့၏ကြိုးစားမှုကြောင့် ပြဿနာများအတွက် လက်တွေ့ကျဖြေရှင်းနည်းများကိုသာမက “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါနှင့် နှစ်ကိုယ်ကြားဆက်ဆံမှု၌ စစ်မှန်သောစည်းစိမ်ဥစ္စာကိုပါ ရှာတွေ့နေကြပါသည်။—၁ တိမောသေ ၁:၁၁၊ ကဘ။

ယေဟောဝါသက်သေများ ဒေးဗစ်ထံလည်ပတ်လာသည့်အခါ သူ့ဘဝလည်း ပြောင်းလဲခဲ့သည်။ သက်သေခံများ၏အမှားများကို ဖော်ထုတ်ပြမည်ရည်ရွယ်ချက်ဖြင့်သာ သူတို့အား ပြန်လာခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း အချိန်တန်လေသော် မျက်စိပွင့်လင်းလာပြီး သမ္မာကျမ်းစာသည် သိပ္ပံနည်းကျကျ၊ ရာဇဝင်သမိုင်းအရမက အဘက်ဘက်မှန်ကန်ကြောင်းကို သူသဘောပေါက်နားလည်လာခဲ့သည်။ ယင်းတို့အားလုံးကြောင့် သမ္မာကျမ်းစာကို သူ့ဘဝအတွက် ရည်ရွယ်ချက်ရှိ သမ္မာတရားစာအုပ်အဖြစ်ယူမှတ်ရန် ဒေးဗစ်အကူအညီရခဲ့ပါသည်။ သူ့အဖို့ အလွန်အားရဝမ်းသာစရာ၊ အဓိပ္ပာယ်ပြည့်ဝသော ပြောင်းလဲမှုဖြစ်ပါသည်တကား။

အခြားသူများ စစ်မှန်သောစည်းစိမ်ဥစ္စာရှာတွေ့ရန် ကူညီပေးခြင်း

ဟောင်ကောင်တွင်နေထိုင်သူမြောက်မြားစွာအနက် အဲလ်ဖရဒ်၊ အဲမလီ၊ ဂျစတီနာ၊ ဖရန်စစ္စနှင့် ဤတွင်ဖော်ပြထားသူတို့သည် ကျမ်းစာမှသမ္မာတရား၏ စစ်မှန်သောစည်းစိမ်ဥစ္စာကိုတွေ့ရှိ၍ ယေဟောဝါဘုရားသခင်ကိုယုံကြည်လာကြသူများအနက် အနည်းငယ်မျှသာဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် ယေဟောဝါ၏သက်သေခံ ၂,၆၀၀ ခန့်သည် ဟောင်ကောင်တွင်နေထိုင်သူများထံ နာရီပေါင်း ၉၀၀,၀၀၀ နီးပါးလည်ပတ်သွားပြီး သူတို့နှင့် အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၃,၈၀၀ မကကျင်းပခဲ့ကြပါသည်။ သို့ရာတွင် ဟောင်ကောင်၏ဘဝပုံစံသည်လျင်မြန်သည်ဖြစ်၍ လူတိုင်း အလုပ်များတတ်ကြပါသည်။ ထိုကြောင့် တစ်အိမ်မှတစ်အိမ်လည်ပတ်သည့်အပြင် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများသည် လမ်းပေါ်သက်သေခံခြင်းလုပ်ငန်း၌ အောင်မြင်မှုများစွာ တွေ့ရှိနေကြပါသည်။ ရုံးလုပ်သားများ၊ ဆိုင်ရှင်များ၊ လယ်သမားများ နှင့် တရုတ်ပင်လယ်တောင်ပိုင်းမှ ငါးမျှားပြန်လာသူများကို တွေ့ဆုံစကားပြောဆိုကြပါသည်။

ဟောင်ကောင်၌ “စပါးရိတ်စရာများစွာရှိ၍ ရိတ်သောသူတို့သည် နည်း” နေသည်ဟု အမှန်ပြောနိုင်သည်။ (မဿဲ ၉:၃၇) လတ်တလောအချိန်တွင် လူဦးရေနှင့်သက်သေခံများ၏အချိုးသည် ၁ အချိုး ၂,၃၀၀ ဖြစ်သည်။ အရေးတကြီးစပါးရိတ်စရာလိုနေကြောင်းကို သဘောပေါက်ကြကာ ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ ၂,၆၀၀ တို့အနက် ၆၀၀ နီးပါးသည် ရှေ့ဆောင်၊ သို့မဟုတ် အချိန်ပြည့်သတင်းကောင်းဟောပြောသူများဖြစ်ကြသည်။ ‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်’ ကြောင်း အခြားနေရာများရှိသူများကဲ့သို့ပင် ဟောင်ကောင်ရှိ ယေဟောဝါသက်သေများလည်း အသိအမှတ်ပြုကြပါသည်။ (သု၊ ၁၀:၂၂) သို့ဖြစ်၍ သူတို့၏ချမ်းသာကြွယ်ဝသောအရပ်ဒေသတွင် များစွာသောသူတို့ စစ်မှန်သောစည်းစိမ်ဥစ္စာကိုရှာတွေ့နိုင်ရန် ကြိုးစားလုပ်ကိုင်နေကြပါသည်။

[စာမျက်နှာ ၂၃ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

တောင်တရုတ်ပင်လယ်

တရုတ်နိုင်ငံ

ဟောင်ကောင်

ကီလိုမီတာ

မိုင်

၁၅

၁၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ