မောက်မာသောသဘောကို ရှောင်ကြဉ်
ပညာရှိကျမ်းစာစကားတစ်ခွန်းက ဤသို့ဆိုသည်။ “မိမိတံခါးကိုချီးမြှင့်သောသူသည် ပျက်စီးခြင်းကိုရှာတတ်၏။” (သု၊ ၁၇:၁၉) တံခါးကို မြှင့်ထားခြင်း၌ အဘယ်အမှားရှိသနည်း။ ဤပညာရှိစကား၏ အဓိကအချက်ကား အဘယ်နည်း။
ရှေးခေတ်တွင် မြင်းစီးသူရဲများနှင့် ဝင်ရောက်လုယက်သူများကို တွေ့လေ့တွေ့ထရှိသည်။ မြေပြန့်ရှိ အကာအကွယ်မဲ့အိမ်များသည် လုံခြုံမှုမရှိသဖြင့် အခိုးခံရလေ့ရှိသည်။ မိမိတို့ဥစ္စာပစ္စည်းများ အခိုးမခံရစေရန် အိမ်ရှင်အချို့သည် အထူးခိုင်ခံ့သောတံခါးရှိ နံရံကိုဆောက်ထားလေ့ရှိသည်။ နံရံသည် မြင့်မည်ဖြစ်သော်လည်း တံခါးမူကား နိမ့်နိမ့်သာဖြစ်သည်။ အချို့ဆိုလျှင် သုံးပေမျှရှိ၍—မြင်းနှင့်မြင်းစီးသူ ဝင်လာရန် အလွန်နိမ့်ပါသည်။ သူတို့၏ခြံဝင်းထဲသို့ ဝင်ပေါက်ကို နိမ့်နိမ့်မဆောက်လုပ်ထားသူများသည် မြင်းစီးနင်းသူများ ဝင်လာ၍လုယက်စရာအကြောင်း ရှိစေသည်။
မြို့ကြီးများတွင် ခြံဝင်းထဲ အဝင်ဝသည် အများအားဖြင့် နိမ့်နိမ့်သာဖြစ်၍ အထူးတလည်မဟုတ်ပါ။ သို့ဖြင့် ဝင်းခတ်ထားသည့်ခြံအတွင်း၌ ရှိကောင်းရှိမည့် စည်းစိမ်ချမ်းသာကို မပေါ်လွင်စေပါ။ သို့ရာတွင် ပါရှားနိုင်ငံ၌မူ မြင့်မားသောတံခါးသည် မင်းမျိုးမင်းနွယ်၏လက္ခဏာဖြစ်၍ ပြည်သူပြည်သားအချို့က ထိုသို့အတုယူ ပြုလုပ်ကြရာ စိုးရိမ်ဖွယ်များစွာရှိစေသည်။ မိမိအိမ်ဝင်းအတွက် မြင့်မားသောတံခါးဆောက်မည်ဆိုလျှင် စည်းစိမ်ဥစ္စာရှိသည်ကို ထင်ရှားစေသဖြင့် ဝင်ရောက်ခိုးယူလုယက်ဖို့ ဖိတ်ခေါ်နေရာရောက်ပါသည်။
မိမိ၌ရှိသည်ထက် ကိုယ်ကိုယ်ကိုတန်ဖိုးထားပြီး မြင့်မားသောတံခါးများကိုဆောက်လုပ်သူများသည် အန္တရာယ်ကိုဖိတ်ခေါ်နေသည်ဟု သု၊ ၁၇:၁၉ ကဤနည်းအားဖြင့် တင်ပြနေခြင်းဖြစ်သည်။ ဤပညာရှိစကားသည် နိုင်လိုမင်းထက်အသံနှင့် ကြွားဝါပြောဆိုခြင်းအားဖြင့် မြင့်မားသောအဝကဲ့သို့ဖြစ်သည့် နှုတ်ကိုလည်း ရည်ညွှန်းနိုင်ပါသည်။ ဤသို့ပြောဆိုခြင်းဖြင့် ရန်ခိုက်ဒေါသဖြစ်ပွားစေ၍ နောက်ဆုံးတွင် မာနထောင်လွှားသူသည် ပျက်စီးခြင်းသို့ရောက်သွားစေနိုင်ပါသည်။ ထိုကြောင့် မောက်မာသောသဘောကို ရှောင်ကြဉ်ရန် ပညာရှိလှပါသည်တကား။
[Picture Credit Line on page 30]
Picturesque Palestine, Sinai and Egypt, Volume 1, by Colonel Wilson (1881)