ဟန်ဂေရီရှိ ယေဟောဝါ၏လူမျိုးတော်ကို ကိုယ်တော် ကာကွယ်တော်မူ
ဥရောပတိုက်၏အလယ်ဗဟိုတွင်တည်ရှိသော ဟန်ဂေရီနိုင်ငံသည် သမိုင်းဝင်မုန်တိုင်းဒဏ်များကို အလီလီခံခဲ့ရပြီ။ ယင်း၏တိုင်းသူပြည်သားများသည် မိမိတို့၏ပထမဘုရင် စတီဗင်၏အတင်းအကျပ်ပြုမှုကြောင့် ၁၀၀၁ ခုနှစ်တွင် အပျိုစင်မာရိထံ ဆက်ကပ်ခံခဲ့ရပြီး၊ အမည်ခံခရစ်ယာန်များ မဖြစ်ချင်ဘဲလျက် ဖြစ်လာခဲ့ကြသည့်ကြားမှပင် ဒုက္ခဆင်းရဲများစွာခံစားခဲ့ကြရပြီ။
ရာစုနှစ်များတစ်လျှောက် ဟန်ဂေရီနိုင်ငံသည် ပြည်တွင်းပဋိပက္ခအသီးသီးတို့ကြောင့် ချိနဲ့ခဲ့ရာ တိုင်းတစ်ပါးသားတို့သည် ယင်းကို အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ပါသည်။ ဤပဋိပက္ခများအတွင်း ရွာလုံးကျွတ် မြေလှန်ခံခဲ့ရပြီး၊ နောက်ပိုင်းတွင် တိုင်းတစ်ပါးသားများက လာရောက်အခြေချခဲ့ကြသည်။ ဤနည်းဖြင့် လူမျိုးပေါင်းစုံရောစပ်သော ပြည်သားများ ဖြစ်လာသည်။ နောင်တွင် ဘာသာရေးပြုပြင်မှုသည် အချို့အရပ်ဒေသများသို့ ပျံ့နှံ့ခဲ့သော်လည်း ထိုနိုင်ငံ၏လူဦးရေ သုံးပုံနှစ်ပုံခန့်သည် ကက်သလစ်ဘာသာဝင်များအဖြစ် ဆက်လက်စွဲမြဲနေကြသည်။
သိမ်ငယ်သော အစ
ဟန်ဂေရီနိုင်ငံတွင် ကျမ်းစာသမ္မာတရားမျိုးစေ့ စကြဲခဲ့ချိန်ကား ၁၉၀၈ ခုနှစ်တွင်ဖြစ်သည်။ ထိုစဉ်က ယေဟောဝါသက်သေများကို ခေါ်ဝေါ်ခဲ့ကြသည့် ကျမ်းစာကျောင်းသားများထံမှ သမ္မာတရားတတ်သိလာခဲ့သူအမျိုးသမီးတစ်ဦးအားဖြင့် ဤသို့ဖြစ်ခဲ့သည်။ သူမ၏ဟောပြောခြင်းကြောင့် သတင်းကောင်းကို လူများစွာစိတ်ဝင်စားလာခဲ့ကြသည်။ ယင်းနောက် များမကြာမီ အမေရိကန်မှ ဟန်ဂေရီသို့ ပြန်လာသောအမျိုးသားနှစ်ဦးသည် ကောလ်ပေါ်တီရာများအဖြစ် သတင်းကောင်းကို အချိန်ပြည့်ကျဲဖြန့်ခဲ့ကြသည်။ သမ္မာတရားသည် ဖြည်းဖြည်းနှင့်မှန်မှန် ပျံ့နှံ့ခဲ့ရာ ကိုလော့ဇ်ဗားမြို့တွင် ပုံနှိပ်စက်တစ်ခု တည်ထောင်ခဲ့ပါသည်။
စိတ်ချရသောပထမဦးဆုံးမှတ်တမ်းကို ၁၉၂၂ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ထိုနှစ်တွင် မြို့ဆယ်မြို့မှ ကျမ်းစာကျောင်းသား ၆၇ ဦးသည် ခရစ်တော်သေခြင်း၏ အောက်မေ့ရာပွဲတော်ကိုတက်ရောက်ခဲ့ကြောင်း သိရှိရသည်။ သူတို့၏သက်သေခံခြင်းလုပ်ငန်းသည် ချက်ချင်းအကျိုးသက်ရောက်သည့်အတွက် အတိုက်အခံတွေ့ကြုံခဲ့ကြရသည်။ သူတို့၏ဟောပြောခြင်းလုပ်ငန်းကို ဓမ္မဆရာများက အစိုးရနှင့်ပုံနှိပ်တိုက်များမှတစ်ဆင့် ပိတ်ပင်တားဆီးရန် အားပေးခဲ့သည်။
အတိုက်အခံပြုမှုများ အရှိန်တိုးမြင့်လာ
၁၉၂၈ ခုနှစ်တွင် ကက်သလစ်ဘုန်းတော်ကြီး ဇောလ်တမ်း ညီစတောရ်က Millennialist Bible Students ဟူသောဝေစာကို ထုတ်ဝေခဲ့သည်။ ယင်းတွင် ကျမ်းစာကျောင်းသားများနှင့်ပတ်သက်၍ ဤသို့ဆိုထားသည်။ “လက်နက်စွဲကိုင်တိုက်ခိုက်သော ဘော်ရှီဗစ်တပ်နီတို့ထက်ပင် သူတို့ပိုဆိုးရွားသည်။ အကြောင်းမှာ၊ ကျမ်းစာကိုင်ပြီး မသိနားမလည်သူများအား သူတို့လှည့်ဖြားကြသည်။ ဟန်ဂေရီတော်ဝင်ရဲတပ်ဖွဲ့သည် သူတို့၏လှုပ်ရှားမှုကို ဂရုစိုက်ကြည့်ရှုနေသည်။”
ထိုအချိန်တွင် ဇွဲရှိသောညီအစ်ကို ယိုစက်ဖ် ကိရှ်သည် အသင်းတော်များထံ လှည့်လည်နေသည်။ ရဲတပ်သားများကလည်း နောက်ယောင်ခံလိုက်နေကြသည်။ ၁၉၃၁ ခုနှစ်တွင် ညီအစ်ကိုတစ်ဦးအိမ်၌ တည်းခိုနေစဉ် ရဲတို့သည် ရှောင်တခင်ဝင်ကာ သူ့အား ချက်ချင်းထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ ညီအစ်ကိုကိရှ်လည်း မိမိ၏အထုပ်အပိုးကို ထုပ်ပိုးနေစဉ် ရဲသားတစ်ဦးသည် သူ့အား သေနတ်ဒင်နှင့်ရိုက်၍ “မြန်မြန်လုပ်။ မဟုတ်ရင် ထားနဲ့ထိုးလိုက်မယ်” ဟုခြိမ်းခြောက်သည်။ ညီအစ်ကိုကိရှ်သည် ပြုံးကာ “အဲ့ဒီလိုဆိုလဲ အိမ်ကိုမြန်မြန်ရောက်တာပေါ့ဗျာ” ဟုဘိသိက်ခံခရစ်ယာန်တစ်ဦးအဖြစ် မိမိ၏ကောင်းကင်မျှော်လင့်ချက်ကိုရည်ညွှန်းပြီး ဖြေဆိုခဲ့သည်။
စစ်သားများသည် ညီအစ်ကိုကိရှ်အား ဘူတာရုံသို့လိုက်ပို့ကြသည်။ ၁၉၃၁ ဇွန် ၂၀ ရက်နေ့တွင် ဒီဘရီစင်အသင်းတော်သို့ ရောက်ရမည်ဖြစ်သော်လည်း တစ်ခါမျှရောက်မလာတော့ပါ။ ရန်သူများသည် သူ့အားရှင်းပစ်ခဲ့၍ ကောင်းကင်ဆုရရန် သူအမှန် “အိမ်ပြန်သွား” ခဲ့သည်ဟု ညီအစ်ကိုများ ယူမှတ်ကြပါသည်။ သူ၏လုပ်ငန်းကို ပိတ်ပင်တားဆီးခဲ့သော်လည်း အာဏာပိုင်များသည် သမ္မာတရားအလင်းကိုကား အမှောင်မချနိုင်ခဲ့ကြပါ။
သက်သေခံခြင်းငှာ ကြံစည်ဖန်တီးမှုကို မကြာခဏသုံးလေ့ရှိသည်။ ဥပမာ၊ ၁၉၃၀ ပြည့်လွန်နှစ်များအလယ်ပိုင်းတွင် တစ်စိုကာရာဒ်မြို့တွင် ညီအစ်ကိုတစ်ဦးကွယ်လွန်ခဲ့ပါသည်။ ထိုစဉ်က အစိုးရအရာရှိများ၏ခွင့်ပြုချက်ဖြင့်သာ အသုဘချခွင့်ရှိသည်။ ဆုတောင်းချိန်တစ်မိနစ်နှင့် သီချင်းဆိုချိန်တစ်မိနစ်သာ ညီအစ်ကိုများရခဲ့ကြသည်။ ထိုသို့ပြုရန် လှံစွပ်နှင့်ရိုင်ဖယ်များပါ ရဲတပ်သားများက လာရောက်ကြပ်မတ်ကြသည်။ ထိုအသုဘကို မည်သို့ကျင်းပမည်အကြောင်း စူးစမ်းလိုသောသဘောမျိုးဖြင့် မြို့သူမြို့သားများစွာ လာရောက်ကြည့်ရှုကြသည်။
ညီအစ်ကိုတစ်ဦးသည် ခေါင်း နံဘေးတွင်ရပ်ကာ နာရီဝက်ကြာကြာဆုတောင်းခဲ့ပါသည်။ ဤမျှကောင်းသောဆုတောင်းချက်မျိုးကို တစ်ခါမျှမကြားဖူးခဲ့ကြောင်း လူတို့ပြောကြသည်။ ဈာပနအစီအစဉ်ကိုပင် “ဘုန်းတော်ကြီးခြောက်ယောက် ဆောင်ရွက်ပေးခဲ့လျှင် ထိုမျှကောင်းနိုင်မည်မဟုတ်” ဟုသူတို့ဆိုသည်။ ထိုနောက် အသံအလွန်ကောင်းသောညီအစ်ကိုတစ်ဦးက ဦးဆောင်၍သီချင်းစဆိုလေသော် ရဲတပ်သားတစ်ဦးက တိတ်ခိုင်းလိုက်သည်။ ဆုတောင်းချက်ကိုမူ သူတို့ဟန့်တားရမည်ကိုသိလျက်နှင့် မတားနိုင်ခဲ့ဟု နောင်တွင် ရဲသားများဝန်ခံခဲ့ကြပါသည်။
ဆက်လက်အတိုက်အခံပြုကြစဉ် ပြန်လည်ထူထောင်ရေးချာ့ချ်၏ဘုန်းကြီး လာယို့ရှ် စာဗိုသည် သူ၏ ၁၉၃၅ ခုနှစ်ထုတ် Antichrist by the River Tisza ဘရိုရှာတွင် ဤသို့ရေးသားခဲ့သည်။ “ဘာသာတရားကိုဗန်းပြပြီး လူတို့အား ဘော်ရှီဗစ်အယူကို သွန်သင်ပေးခြင်းမှာ ဉာဏ်ဆင်နည်းကောင်းဖြစ်သည်။ . . . မာ့ခ်စ်သည် ခရစ်တော်၏ပုံသဏ္ဌာန်ကို ယူဆောင်ခဲ့သည်။ . . . ဝတ်လုံနီ ဝတ်ဆင်သောအန္တိခရစ်သည် ယေဟောဝါသက်သေများနှင့် လိုက်ပါလာခဲ့ပြီ။”
ပိတ်ပင်မှုအောက်နှစ်များ
၁၉၃၉ ခုနှစ်တွင် ယေဟောဝါသက်သေများ၏လုပ်ငန်းကို လုံးဝပိတ်ပင်လိုက်သည်။ သူတို့၏လုပ်ငန်းကို “ဘာသာရေးနှင့် လူ့အဖွဲ့အစည်းကို ဆန့်ကျင်မှု” ဟုသမုတ်ခဲ့သည်။ သတ္တမဥပုသ်၊ နှစ်ခြင်း၊ ဧဝံဂေလိ၊ ပရက်စဘီတေးရီယန်းအသင်းတို့က သက်သေခံများကိုအတိုက်အခံပြုသောဝေစာများကို ထုတ်ဝေကြသည်။ သို့သော် ယေဟောဝါရှင်သည် မိမိကျေးကျွန်များကို စွန့်ပစ်မထားပါ။ အခြားနိုင်ငံများမှသက်သေခံများသည် သူတို့အား စောင့်ရှောက်ကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ဟန်ဂေရီနိုင်ငံရှိ ဘုရားသခင့်လူမျိုးတော်သည် ယုံကြည်ခြင်းအတွက် တည်ဆောက်မှုဖြစ်သောတွေ့ကြုံမှုများစွာကို ရရှိခဲ့ကြသည်။
ဥပမာ၊ ညီအစ်ကိုတစ်ဦးသည် ကျောပိုးအိတ်တစ်ခုအပြည့် မဂ္ဂဇင်းများကို ချက်ကိုစလိုဗေးကီးယားနိုင်ငံမှ ထမ်းလာစဉ် အကောက်ခွန်အရာရှိတစ်ဦးက “မင်းကျောပိုးအိတ်ထဲမှာ ဘာတွေလဲ” ဟုမေးရာ ညီအစ်ကိုကလည်း ရိုးသားစွာဖြင့် “ကင်းမျှော်စင် ” တွေဟုဖြေဆိုခဲ့သည်။ ထိုအခါ အရာရှိက ညီအစ်ကိုသည် ဦးနှောက်မပြည့်ကြောင်း ဟန်အမူအရာပြကာ ခရီးဆက်စေခဲ့ပါသည်။ ဤနည်းဖြင့် ဟန်ဂေရီနိုင်ငံသို့ ဝိညာဉ်အစာ ချောချောမောမော ရောက်ရှိသွားပါသည်။
သို့သော် အနှောင့်အယှက်မရပ်စဲသွားပါ။ ဖမ်းဆီးခံရသော ညီအစ်ကိုများဦးရေ တိုးများလာပြီး ကာလအတန်ကြာ အသီးသီးထိန်းသိမ်းခံခဲ့ကြရသည်။ ထိုနောက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့အား ယေဟောဝါသက်သေများကို နှိမ်နင်းခြင်းငှာတာဝန်ပေးခဲ့ပါသည်။ ၁၉၄၂ ခုနှစ်တွင် အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအား စုရုံးဖမ်းဆီးပြီး တင်းကုပ်များနှင့် ဂျူးစာသင်ကျောင်းလွတ်များတွင် ချုပ်နှောင်ထားခဲ့သည်။ နှစ်လတိုင်နှိပ်စက်ပြီးနောက် သူတို့ကိုစစ်ဆေး၍ ဒဏ်စီရင်ချက်ချပါသည်။ အချို့တစ်သက်တစ်ကျွန်း၊ အခြားသူများမှာမူ ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ၂ နှစ်မှ ၁၅ နှစ်တိုင် အကျဉ်းချခံရသည်။ ညီအစ်ကိုသုံးဦး—ဒနက်ရှ် ဖာလူဗာဂျီ၊ အန်ဒရပ်ရှ် ဘာတာနှင့် ယာနို့ရှ် ကောန်ရာဒ်—တို့ကို ကြိုးစင်တင်သတ်ပစ်ရန် စီရင်ချက်ချပြီးနောက် ယင်းကို ပယ်ဖျက်၍ တစ်သက်တစ်ကျွန်းကျခံရန် စီရင်ပြန်သည်။ ထိုနောက် ညီအစ်ကို ၁၆၀ အား၊ ဘောရ်မြို့ရှိ သေဒဏ်ပေးတပ်စခန်းသို့ ခေါ်ဆောင်သွားပါသည်။ နယ်စပ်ကိုဖြတ်ကျော်ပြီးနောက်တွင် သူတို့ဘယ်တော့မှ အရှင်လတ်လတ်ပြန်လာရတော့မည်မဟုတ်ကြောင်း ပြောဆိုခံရပါသည်။ ပြည်နှင်ခံခဲ့ရသော ဤတပ်စခန်းသို့ပို့ခံရသူ ဂျူးပေါင်း ၆၀၀၀ အနက် ၈၃ ယောက်သာ အသက်ရှင်ကျန်ရှိသည်။ သို့ရာတွင် သက်သေခံလေးဦးမှအပ အားလုံးပြန်ရောက်လာနိုင်ခဲ့ပါသည်။
ယေဟောဝါသက်သေများအနက် အာဇာနည်များလည်းရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အဆုံးပိုင်းတွင် နာဇီတို့သည် ညီအစ်ကိုများစွာကို သတ်ပစ်ခဲ့ကြသည်။ ဘာတ်ကလန် ဇာဘို၊ ယာနော့စ် ဇောန်ဒေါနှင့် အန်တာလ် ဟိုနီရှ်တို့အား ပစ်ခတ်သတ်ဖြတ်ခဲ့၍ လာဂျို့စ် ဒဲလီမူ ကြိုးပေးခံခဲ့ရသည်။—မဿဲ ၂၄:၉။
အခွင့်သာလာခြင်းသည် ခေတ္တမျှဖြစ်
ဒုတိယကမ္ဘာစစ်ပြီးနောက် အခြေအနေတစ်ဖန်ပြောင်းလဲပြန်သည်။ ညွန့်ပေါင်းအစိုးရက အခွင့်အရေးများ ရစေရမည်ဟု ကတိပြုခဲ့သည်။ စခန်းများမှ ပြန်ရောက်လာသောညီအစ်ကိုများလည်း ချက်ချင်းစတင်ဟောပြောကြ၍ အသင်းတော်များတည်ထောင်ကြလေသည်။ စည်းစိမ်ဥစ္စာစုဆောင်းဖို့အတွက်မဟုတ်ဘဲ နာမတော်မြတ်ကိုချီးမွမ်းခြင်းငှာ ယေဟောဝါရှင်သည် သူတို့အားလွတ်လပ်စေတော်မူခဲ့ပြီဟု သူတို့ယူမှတ်ကြသည်။ ၁၉၄၅ ခုနှစ်အကုန်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို တက်ကြွစွာကြေညာနေသူ ၅၉၀ ရှိနေပါသည်။ ၁၉၄၇ ခုနှစ်တွင် ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးအဖြစ်အသုံးပြုနိုင်ရန် ဝင်းခြံကျယ်အိမ်တစ်လုံးကို ဝယ်ယူခဲ့သည်။ ပထမအကြိမ်ပြည်လုံးကျွတ်စည်းဝေးပွဲကို အားကစားကွင်းတစ်ကွင်းတွင် ကျင်းပခဲ့ပါသည်။ တက်ရောက်သူဦးရေမှာ ၁,၂၀၀ ဖြစ်၍ စည်းဝေးပွဲသွားသူတို့အား ဟန်ဂေရီရထားဌာနက ၅၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးခဲ့သည်။
သို့ရာတွင် လွတ်လပ်မှုသည် မကြာပါ။ များမကြာမီ ကွန်မြူနစ်ပါတီသည် အာဏာရ၍ အစိုးရပြောင်းသွားပြန်သည်။ အစိုးရအသစ်ကလည်း ယေဟောဝါလူမျိုး၏အရေအတွက် တိုးများလာသည်ကို သတိပြုမိကြသည်။ အကြောင်းမှာ ၁၉၄၇ ခုနှစ်တွင် ကြေညာသူ ၁,၂၅၃ ယောက်ရှိရာမှ ၁၉၅၀ တွင် ၂,၃၀၇ ယောက်ရှိနေပါသည်။ ထိုနှစ်တွင်ပင် ဟောပြောခြင်းလုပ်ငန်းကို အာဏာပိုင်များ စတင်ပိတ်ပင်တားဆီးပါသည်။ ခွင့်ပြုစာများတင်ရန်လိုခဲ့၍ အစိုးရကလည်း ယင်းတို့ကိုထုတ်ပေးရန်ငြင်းဆိုသည်။ လျှောက်ထားသူများအားလည်း ပြည်တွင်းထိန်းသိမ်းရေးတပ်ဖွဲ့၏ ရိုက်နှက်ခြင်းကို ခံကြရသည်။ သတင်းစာဆောင်းပါးများက သက်သေခံများသည် ‘နယ်ချဲ့သမားများ၏ ကိုယ်စားလှယ်များဖြစ်သည်’ဟု အဆက်မပြတ်ရှုတ်ချပြစ်တင်ပါသည်။ စိတ်ဝင်စားစရာကား ကွန်မြူနစ်ဝါဒသည် အာဏာမသိမ်းပိုက်မီကပင် သက်သေခံများအား ‘ကွန်မြူနစ်ဂျူး၏ လက်ရုံး’ ဟုစွပ်စွဲ၍ အကျဉ်းချခံခဲ့ရပြီးဖြစ်သည်။
ကြောက်ရွံ့ထိတ်လန့်ဖွယ် စတင်
၁၉၅၀ နိုဝင်ဘာ ၁၃ ရက်တွင် ဌာနခွဲကြီးကြပ်မှူးနှင့် ဘာသာပြန်တို့ (တစ်ချိန်က သေဒဏ်သင့်ခဲ့သူနှစ်ဦး) သည် ပထမတိုက်နယ်၏ ကြီးကြပ်မှူးနှင့်အတူ ဖမ်းဆီးခံရပါသည်။ သူတို့အား ဘူဒါပက်စ်မြို့၊ ၆၀ အန်ဒရပ်စီလမ်းရှိ စက်ဆုပ်ဖွယ်ကောင်းသော မြေအောက်အကျဉ်းထောင်သို့ “ပျော့ပျောင်းလာစေရန်” ခေါ်ဆောင်သွားခြင်းခံရသည်။ နောက်တစ်နှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် သူတို့အား စစ်ဆေးခဲ့သည်။ ဌာနခွဲကြီးကြပ်မှူးအား ဆယ်နှစ်၊ ဘာသာပြန်အား ကိုးနှစ်နှင့် တိုက်နယ်ကြီးကြပ်မှူးကိုကား ရှစ်နှစ်အကျဉ်းချရန် စီရင်ခဲ့သည်။ သူတို့သုံးဦးစလုံး၏ ပိုင်ဆိုင်ရာပစ္စည်းများကို သိမ်းယူခဲ့သည်။ တရားစီရင်ချိန်အတွင်း အသင်းတော်အကြီးအကဲ အခြားလေးဦးအား အစိုးရကို ဖြုတ်ချရန်ကြံဆောင်မှုစွပ်စွဲချက်များနှင့်ငါးနှစ်မှခြောက်နှစ် ထောင်ဒဏ်ပေးခဲ့ပါသည်။
ညီအစ်ကိုများအား အထူးလုံခြုံရေးအကျဉ်းထောင်တွင်ချထားခဲ့ရာ သူတို့အား စာ၊ အထုပ်အပိုး၊ ဧည့်သည်လက်ခံခွင့်များမရကြပါ။ သူတို့မိသားစုများထံ သတင်းလုံးဝမရောက်ရှိခဲ့ပါ။ ထောင်စောင့်များပင် သူတို့၏နာမည်များကို ခေါ်ဆိုခွင့်မရှိကြပါ။ မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ခြင်းငှာ နံပါတ်တပ်ထားသည့် သစ်သားပြားကို အသီးသီးလည်ပင်းတွင် ချိတ်ဆွဲထားရ၏။ နံရံပေါ်ဆောင်ပုဒ်က “အကျဉ်းသားများကို စောင့်ကြပ်ရုံသာမပြုနှင့် သူတို့ကိုမုန်းတီးပါ” ဟုဆိုသည်။
သက်သေခံများ မြေအောက်ရောက်သွားကြသော်လည်း ဟောပြောခြင်းလုပ်ငန်း မရပ်စဲခဲ့ပါ။ ထောင်ချခံရသူများအစားဝင်၍ အခြားသက်သေခံများက ဆက်လက်ထမ်းဆောင်ကြသည်။ အတန်ကြာသော် အစားဝင်ဆောင်ရွက်သူများပါ ဖမ်ဆီးခံကြရသည်။ ၁၉၅၃ ခုနှစ်တိုင်လေသော် ညီအစ်ကိုပေါင်း ၅၀၀ ကျော်တို့အား တရားစီရင်၍ ထောင်ဒဏ်ချခဲ့သော်လည်း သတင်းကောင်းကိုကား သံကြိုးဖြင့်ချည်နှောင်ထား၍ မရပါ။ အစောင့်အကြပ်များ၏ စွဲမက်ဖွယ်ကတိပြုချက်များကို ညီအစ်ကိုအနည်းအကျဉ်းသာယုံကြည်၍ ဖယ်ခွာသွားခဲ့ကြသည်။
တောက်ပသော အလားအလာများ
၁၉၅၆ ခုနှစ်ဆောင်းဦးချိန်တွင် ပြည်သူလူထုသည် အစိုးရကိုတော်လှန်ကြသည်။ ဆိုဗီယက်စစ်တပ်က တော်လှန်ရေးကို နှိမ်နင်းလိုက်၍ ကွန်မြူနစ်ပါတီသည် အာဏာပြန်ရလေသည်။
အကျဉ်းကျနေသောသက်သေခံအားလုံးကို လွှတ်ခဲ့သော်လည်း လူသိများသောညီအစ်ကိုအချို့ကိုမူကား သူတို့၏ဒဏ်စီရင်ချက်ဆက်လက်ကျခံစေရန် ထောင်သို့ပြန်ပို့ခဲ့သည်။ အခြားလူသစ်များကိုမူ ထပ်၍ဒဏ်မစီရင်တော့ပါ။ နောက်ဆုံး ၁၉၆၄ ခုနှစ်တွင် အခြေအနေသက်သာလာပါသည်။ အာဏာပိုင်များသည် ဈာပနအခမ်းအနားများနှင့် ထိမ်းမြားပွဲများတွင် ဝင်ရောက်မနှောင့်ယှက်ကြတော့ချေ။ တိုက်နယ်စည်းဝေးပွဲများကို တောအရပ်များတွင် ကျင်းပနိုင်ခဲ့ကြသည်။ ယင်းတို့အနက်အချို့ ဟန့်တားခံခဲ့ရသော်လည်း အကျဉ်းထောင်ပို့ခံရသော သက်သေခံများ ထပ်မတိုးတော့ပါ။
၁၉၇၈ ခုနှစ်တွင် ကြီးကြပ်ကွပ်ကဲရသောညီအစ်ကိုများသည် ဗီယင်နာမြို့တွင်ကျင်းပသော စည်းဝေးပွဲကြီးကို တက်ခွင့်ရရှိခဲ့သည်။ ထိုနှစ်အတွင်းလည်း အာဏာပိုင်များက ယေဟောဝါသက်သေများအား တရားဝင်အသိအမှတ်ပြုခွင့်ပေးမည်ဟု ကတိပြုသော်လည်း ယင်းသို့ဖြစ်ခြင်းငှာ နောက်ထပ်ဆယ်နှစ်စောင့်မျှော်ခဲ့ကြရသည်။ ၁၉၈၆ ခုနှစ်တွင် ကာမရာသစ်တောအတွင်း လူငယ့်ဥယျာဉ်၌ အာဏာပိုင်များ အသိအမှတ်ပြုသည့် ပထမခရိုင်စည်းဝေးပွဲကြီးကို ကျင်းပခဲ့ပါသည်။ ယေဟောဝါသက်သေများ၏ “မြင့်မြတ်သောငြိမ်းချမ်းရေး” ခရိုင်စည်းဝေးပွဲဟုဆိုသော ဆိုင်းဘုတ်တစ်ခုကိုပင် အထင်အရှားထူထားခဲ့သည်။ နောက်တစ်နှစ်တွင် “ယေဟောဝါကိုယုံစားလော့” ခရိုင်စည်းဝေးပွဲကြီးကျင်းပခဲ့၍ ၁၉၈၈ ခုနှစ်တွင် ညီအစ်ကိုများသည် “မြင့်မြတ်သောတရားမျှတခြင်း” ခရိုင်စည်းဝေးပွဲ ကျင်းပခွင့်ရရှိခဲ့ကြသည်။
လွတ်လပ်ပြီလေ
၁၉၈၉ ဇွန် ၂၇ ရက်နေ့သည် အလွန်ဝမ်းသာစရာနေ့ရက်ဖြစ်ပါသည်။ ထိုနေ့ရက်တွင် ဟန်ဂေရီနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဘာသာရေးအဖွဲ့အစည်းကို တရားဝင်အသိအမှတ်ပြုကြောင်း ခွင့်ပြုချက်ကို ညီအစ်ကိုများရရှိခဲ့ပါသည်။ ဇူလိုင်လတွင် ခမ်းနားသော ဘူဒါပက်စ်မြို့တော် အားကစားရုံ၌ “ဘုရားရေးရာဆက်ကပ်အပ်နှံခြင်း” ခရိုင်စည်းဝေးပွဲကျင်းပခဲ့ရာ တက်ရောက်သူ ၉,၄၇၇ ယောက်ရှိခဲ့ပါသည်။ ဤခန်းမဆောင်တွင်ပင် “စင်ကြယ်သောဘာသာစကား” ခရိုင်စည်းဝေးပွဲကို ၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့ရာ ဟန်ဂေရီနိုင်ငံရှိ အခြားမြို့ကြီးသုံးခုတွင်လည်း စည်းဝေးပွဲများ ကျင်းပခဲ့ပါသည်။
ယခုပိတ်ပင်မှု လုံးဝမရှိတော့သဖြင့် ပထမဆုံးအပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးကျင်းပရန် စီစဉ်နိုင်ကြပါသည်။ ရာသီဥတုဆိုးရွားနေသည်တိုင် ယင်းကို ဘူဒါပက်စ်မြို့၊ နက်ပစတာဒီရောန်တွင်ကျင်းပခဲ့ရာ ညီအစ်ကိုများ၏ချစ်ခြင်းမေတ္တာမှ နွေးထွေးမှုခံစားခြင်းငှာ ၄၀,၆၀၁ ယောက်စုဝေးခဲ့ပါသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါတက်ရောက်ခဲ့၍ သူတို့၏ဟောပြောချက်များဖြင့် ညီအစ်ကိုများ ယုံကြည်ခြင်းတိုးပွားခိုင်ခံ့ခဲ့ရုံမက ဤစည်းဝေးပွဲကြီးတွင် ရောင်စုံရုပ်ပုံများပါ စာအုပ်နှင့်ဘရိုရှာအသစ်များကို ထုတ်ဝေခဲ့ပါသည်။
ယနေ့မည်သို့ဖြစ်ပျက်နေ
ဟန်ဂေရီဘာသာစကားဖြင့် ကင်းမျှော်စင်နှင့်နိုးလော့တို့ကို သူတို့၏အင်္ဂလိပ်လထုတ်များနှင့် တစ်ပြိုင်တည်း၊ ထပ်တူတင့်တယ်သောပုံစံအတိုင်း ယခုပုံနှိပ်ထုတ်ဝေနေပါသည်။ ၁၉၉၂ ခုနှစ်တွင် Yearbook ကိုဟန်ဂေရီဘာသာဖြင့် စတင်ထုတ်ဝေခဲ့သည်။ သတင်းကောင်းကြေညာသူများအရေအတွက်သည် ၁၉၇၁ ခုနှစ်တွင် ၆,၃၅၂ မှ ၁၉၉၃ ဇန်နဝါရီတွင် ၁၃,၁၃၆ သို့ခုန်တက်သွားပါသည်။
ယနေ့ ဟန်ဂေရီနိုင်ငံရှိ ယေဟောဝါသက်သေများသည် ဘာသာရေးလွတ်လပ်မှုရရှိကြပြီး တစ်အိမ်မှတစ်အိမ် လွတ်လပ်စွာ ဟောပြောခွင့်ရရှိကြပါသည်။ အသင်းတော်ပေါင်း ၂၀၅ ခုရှိ၍ ၁၉၉၂ ဧပြီ ၁၇ ရက်နေ့တွင် သတိရအောက်မေ့ပွဲကိုတက်ရောက်ခဲ့သူ ၂၇,၈၄၄ ယောက်ရှိခဲ့ပါသည်။ နိုင်ငံတော်ခန်းမများအလုံအလောက်မရှိမချင်း အသင်းတော်များသည် ကျောင်းများ၊ ယဉ်ကျေးမှုဌာနများ၊ အားလပ်နေသော တန်းလျားများနှင့် ကွန်မြူနစ်ပါတီ ယခင်ကတည်စိုက်ခဲ့သော ရုံးခန်းများတွင်ပင် ဆက်စည်းဝေးကြသည်။ ၁၉၉၂ ခုနှစ်မှစ၍ အသင်းတော်ပေါင်းဆယ်ခုသည် မိမိတို့၏ [ဘုရားသခင့်] နိုင်ငံတော်ခန်းမများကို အပ်နှံခဲ့၍ အခြားခန်းမများကိုလည်း ဆက်တည်ဆောက်နေကြသည်။
အပြောင်းအလဲများနှင့် တော်လှန်ရေးများဖြစ်စဉ်တစ်လျှောက် ညီအစ်ကိုများသည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်ယေရှုခရစ်တော်ဘက် သစ္စာရှိရှိရပ်တည်ခဲ့ကြပြီး ဆက်လက်ဟောပြောခဲ့ကြပါသည်။ ခေတ်ကာလမုန်တိုင်းများက သူတို့အား မဖျက်ဆီးပစ်နိုင်ခဲ့ပါ။ အကြောင်းမှာ၊ ဟန်ဂေရီနိုင်ငံရှိ ယေဟောဝါလူမျိုးတော်ကို ကိုယ်တော်ကာကွယ်ထားတော်မူသောကြောင့်တည်း။—သု၊ ၁၈:၁၀။
[စာမျက်နှာ ၉ ပါ မြေပုံ]
ဗီယင်နာမြို့
ဩစတြီးယား
ဘူဒါပက်စ်မြို့
ဒီဗရီစင်မြို့
ဟန်ဂေရီ
ရိုမေးနီးယား
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါ၏လူမျိုးတော်သည် ဘူဒါပက်စ်မြို့တွင် စည်းဝေးခဲ့