သင်၏အကျင့်ကောင်းများကို မည်သူမျှ မဖျက်ဆီးစေနှင့်
“အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” —၁ ကောရိန္သု ၁၅:၃၃။
၁၊ ၂။ (က) ကောရိန္သုခရစ်ယာန်များအပေါ် တမန်တော်ပေါလု မည်သို့သဘောထားခဲ့သနည်း။ အဘယ်ကြောင့်နည်း။ (ခ) အဘယ်သြဝါဒကို ကျွန်ုပ်တို့အထူးသဖြင့် သုံးသပ်မည်နည်း။
မိဘမေတ္တာသည် အစွမ်းထက်သောစိတ်ဓာတ်ပါတကား။ သားသမီးများအတွက် ကိုယ်ကျိုးစွန့်ရန်၊ သူတို့ကို သွန်သင်ဆုံးမရန် တိုက်တွန်းပေသည်။ တမန်တော်ပေါလုသည် ဖခင်တစ်ဦး ဖြစ်ခဲ့မည်မဟုတ်သော်လည်း ကောရိန္သုမြို့ရှိခရစ်ယာန်များအား ဤသို့ရေးသားခဲ့သည်။ “သင်တို့တွင် ခရစ်တော်၏အကြောင်းကိုသင်ပေးသောဆရာ တစ်သောင်းရှိငြားသော်လည်း အဘအများမရှိ။ ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] အားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ဖြစ်ဖွားစေပြီ။”—၁ ကောရိန္သု ၄:၁၅။
၂ အစောပိုင်းက ကောရိန္သုမြို့သို့ပေါလုသွား၍ ဂျူးနှင့်ဂရိတို့ကို ဟောပြောခဲ့သည်။ ကောရိန္သုမြို့ရှိအသင်းတော်ကို တည်ထောင်ရန် ကူညီခဲ့သည်။ အခြားစာစောင်တစ်စောင်တွင် မိမိ၏ဂရုစိုက်ပုံသည် နို့ထိန်းတစ်ဦးကဲ့သို့ဖြစ်ကြောင်း နှိုင်းယှဉ်ခဲ့သော်လည်း ကောရိန္သုအသင်းသားများအတွက်မူ သူသည် ဖခင်တစ်ဦးကဲ့သို့ဖြစ်သည်။ (၁ သက်သာလောနိတ် ၂:၇) မေတ္တာရှိ ဖခင်အရင်းကဲ့သို့ မိမိ၏ဝိညာဏသားသမီးများကို ပေါလုဆုံးမပေးပါသည်။ “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟုကောရိန္သုမြို့ရှိခရစ်ယာန်များအား ဖခင်သဖွယ်ဆုံးမပေးခဲ့သောစကားများမှ အသင်လည်း အကျိုးခံစားရပေမည်။ (၁ ကောရိန္သု ၁၅:၃၃) ကောရိန္သုအသင်းသားများအား ပေါလုသည် ထိုသို့အဘယ်ကြောင့်ရေးသားခဲ့ရပါသနည်း။ ထိုသြဝါဒကို မည်သို့ကျင့်သုံးနိုင်မည်နည်း။
သူတို့အတွက်ရော ကျွန်ုပ်တို့အတွက်ပါ ဩဝါဒစကား
၃၊ ၄။ ပထမရာစုနှစ် ကောရိန္သုမြို့နှင့် ယင်း၏လူဦးရေအကြောင်း ကျွန်ုပ်တို့ဘာသိရသနည်း။
၃ ပထမရာစုတွင် ဂရိပထဝီဆရာ စထရာဘို ဤသို့ရေးသားခဲ့သည်။ “ကောရိန္သုမြို့သည် ကျွန်းဆက်ကုန်းတန်းပေါ်တည်ရှိ၍ အာရှတိုက်သို့ တန်းရောက်သည့်ဆိပ်ကမ်းနှင့် အီတလီနိုင်ငံသို့ရွက်လွှင့်သောဆိပ်ကမ်းနှစ်ခုပိုင်ဆိုင်သည်ဖြစ်၍ စီးပွားရေးအလွန်ကောင်းသောကြောင့် ယင်းကို ‘ချမ်းသာသောမြို့’ ဟုခေါ်ကြသည်။ ၎င်းနိုင်ငံနှစ်နိုင်ငံမှ ကုန်စည်စလယ်များကို ထိုမြို့မှတစ်ဆင့် လွယ်ကူစွာ ပြောင်းရွှေ့တင်ပို့ပေးနိုင်သည်။” နှစ်နှစ်တစ်ခါကျင်းပသော နာမည်ကျော် ကျွန်းဆွယ်အားကစားပွဲများကြောင့် ကောရိန္သုမြို့သည် စည်ကားလျက်ရှိသည်။
၄ အစိုးရအာဏာစက်စိုက်တည်ရာလည်းဖြစ်၊ ကာမဂုဏ်ခံစားခြင်းဘုရားမ အက်ဖရိုဒိုက်ကို ကိုးကွယ်ရာအရပ်လည်းဖြစ်သည့် ဤမြို့သားများကား အသို့နည်း။ ပါမောက္ခ တီ၊ အက်စ်၊ အဲဗင်းစ် ဤသို့ရှင်းပြသည်။ “လူဦးရေ ၄၀၀,၀၀၀ ခန့်ရှိသည်။ ယဉ်ကျေးမှုဘက် အဆင့်မြင့်သော်လည်း စာရိတ္တလျော့ရဲရုံမက ညစ်ညမ်းသည်ဟုပင် ဆိုနိုင်သည်။ . . . အာခါယပြည်ရှိ ဂရိတိုင်းရင်းသားများသည် တွေးခေါ်ဆင်ခြင်မှုပညာကို လိုက်စားတတ်ကြ၍ ထူးဆန်းသောအသိဉာဏ်ကို တလိုတလားဆည်းပူးလေ့ရှိသည်။ . . . သူတို့၏ အတ္တဆန်လွန်းခြင်းက ဂိုဏ်းဂဏဝါဒ မီးရှူးတိုင်အတွက် အသင့်ပြင်ထားသော မီးစာဖြစ်ခဲ့ပါသည်။”
၅။ ကောရိန္သုညီအစ်ကိုများ အဘယ်အန္တရာယ်ရှိခဲ့သနည်း။
၅ အချိန်တန်လေသော် ကိုယ်ကိုယ်ကိုအထင်ကြီးကာ မှန်းဆတွေးတောတတ်သူအချို့ကြောင့် အသင်းတော်ထဲ၌ပင် စိတ်ဝမ်းကွဲလာသည်။ (၁ ကောရိန္သု ၁:၁၀-၃၁၊ ၃:၂-၉) အဓိကပြဿနာတစ်ခုမှာ အချို့သူတို့က “သေသောသူတို့သည် ထမြောက်ခြင်းမရှိ” ဟုဆိုနေကြပါသည်။ (၁ ကောရိန္သု ၁၅:၁၂။ ၂ တိမောသေ ၂:၁၆-၁၈) သူတို့မည်သို့ပင် ယုံကြည်စေကာမူ (သို့မဟုတ် မယုံဘဲနေကြစေကာမူ) ခရစ်တော်သည် “သေခြင်းမှ ထမြောက်တော်မူ” ပြီဖြစ်ကြောင်း သက်သေအထောက်အထားနှင့် ပေါလုဆုံးမပေးခဲ့ရသည်။ သို့ဖြစ်၍ ဘုရားသခင်သည် “ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူမည်” အကြောင်း ခရစ်ယာန်များစိတ်ချယုံကြည်နိုင်ကြပါသည်။ (၁ ကောရိန္သု ၁၅:၂၀၊ ၅၁-၅၇) ထိုနေရာတွင် အသင်ရှိခဲ့ပါမူ အသင်လည်း အန္တရာယ်တွေ့နေမည်လော။
၆။ ၁ ကောရိန္သု ၁၅:၃၃ ပါပေါလု၏သြဝါဒသည် အထူးသဖြင့် မည်သူနှင့်သက်ဆိုင်သနည်း။
၆ လူသေများသည် ထမြောက်ကြလိမ့်မည်ဟု ခိုင်လုံသောသက်သေအထောက်အထား တင်ပြရာတွင် ပေါလုက “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟုမှာကြားခဲ့သည်။ ဤသို့ဆုံးမရခြင်းကား ရှင်ပြန်ထမြောက်ခြင်းအယူဝါဒကို လက်မခံနိုင်ကြသည့် အသင်းတော်နှင့်ပေါင်းသင်းနေသူများကြောင့် ဖြစ်သည်။ သူတို့နားမလည်နိုင်ကြသည့်အချက်တစ်ချက်ကို အသေအချာမသိရုံမျှသာ ဖြစ်ပါသလော။ (လုကာ ၂၄:၃၈ နှိုင်းယှဉ်။) မဟုတ်ပါ။ ပေါလုက “ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့ . . . ဆို” နေကြသည်ဟု ရေးသားခဲ့ပါသည်။ ထိုသို့ပြောဆိုနေသူများသည် သဘောကွဲလွဲ၍ ဖောက်ပြန်လိုစိတ်ရှိနေကြောင်း ထင်ရှားပါသည်။ ဤသူတို့သည် အခြားသူတို့၏ကောင်းသောအကျင့်များနှင့် အတွေးအခေါ်ကိုပင် ပျက်စီးစေနိုင်ကြောင်း ပေါလုကောင်းစွာသိပါသည်။—တမန်တော် ၂၀:၃၀။ ၂ ပေတရု ၂:၁။
၇။ အဘယ်အခြေအနေနှင့် ၁ ကောရိန္သု ၁၅:၃၃ ပတ်သက်သည်ဟု ဆိုနိုင်သနည်း။
၇ အပေါင်းအသင်းနှင့်ပတ်သက်သည့် ပေါလု၏သတိပေးချက်ကို မည်သို့ကျင့်သုံးနိုင်မည်နည်း။ ကျမ်းချက်တစ်ချက်၊ သို့မဟုတ် သွန်သင်ချက်တစ်ခုကို နားလည်ရန် အခက်အခဲတွေ့နေသော အသင်းတော်သားတစ်ဦးကို မကူညီရဟု သူဆိုလိုနေခြင်းမဟုတ်ပါ။ အမှန်မှာ၊ ဤသို့သံသယဝင်နေသည့် စိတ်ရင်းမှန်သူများကို ကြင်နာမှုပြကာ ကူညီပေးရမည်ဟု ယုဒ ၂၂၊ ၂၃ ကတိုက်တွန်းထားသည်။ (ယာကုပ် ၅:၁၉၊ ၂၀) သို့ရာတွင် ကျမ်းစာပါ သမ္မာတရားစစ်ကို ခြွင်းချက်နှင့် အမြဲလက်ခံတတ်သူ၊ သို့မဟုတ် သံသယ၊ အဖျက်သဘောနှင့် ပြောဆိုလေ့ရှိသူတစ်ဦးနှင့်စပ်လျဉ်း၍မူကား ပေါလု၏ ဖခင်သဖွယ်ပေးခဲ့သောသြဝါဒကို အမှန်ကျင့်သုံးသင့်သည်။ ထိုကဲ့သို့သောလူစားနှင့် ပေါင်းသင်းခြင်းကို သတိပြုသင့်သည်။ ယုံကြည်ခြင်းဖောက်ပြန်သူ အမှန်ဖြစ်ကြောင်း ထင်ရှားလာလျှင်မူကား ဝိညာဏသိုးထိန်းများသည် သိုးတော်စုကို ကာကွယ်ပေးရတော့မည်။—၂ တိမောသေ ၂:၁၆-၁၈။ တိတု ၃:၁၀၊ ၁၁။
၈။ ကျမ်းစာသွန်သင်ချက်တစ်ခုကို တစ်ဦးတစ်ယောက် သဘောမတူနိုင်သောအခါ ထိုးထွင်းဉာဏ်ဖြင့် မည်သို့တုံ့ပြန်သင့်သနည်း။
၈ အသင်းတော်ပြင်ပရှိ မှောက်မှားသောအယူများ သွန်သင်သူတို့နှင့်စပ်လျဉ်း၍လည်း ၁ ကောရိန္သု ၁၅:၃၃ ပါ ဖခင်သဖွယ် ပေါလုပေးခဲ့သောဆုံးမစကားကို အသုံးပြုသင့်သည်။ သူတို့နှင့် မည်သို့အပေါင်းအသင်းဖြစ်သွားနိုင်မည်နည်း။ သမ္မာတရားရစေရန် ကူညီပေးနိုင်သူလော၊ မှောက်မှားသောအယူကို ပျံ့ပွားရန် စိန်ခေါ်နေသူမျှ ဖြစ်သလောဟူ၍ ဝေခွဲ၍မတတ်လျှင် အပေါင်းအသင်းဖြစ်သွားနိုင်မည်။ ဥပမာ၊ သက်သေခံလုပ်ငန်းတွင် အကြောင်းတစ်ချက်ကို လက်မခံနိုင်၍ ဆက်ဆွေးနွေးလိုသူတစ်ဦးနှင့် တွေ့ဆုံခဲ့ပေမည်။ (တမန်တော် ၁၇:၃၂-၃၄) ထိုတွေ့ကြုံမှုကိုယ်နှိုက်သည် ပြဿနာမဟုတ်ပါ။ အကြောင်းမူကား၊ သမ္မာတရားကိုသိလိုသူ မည်သူမဆိုအား ဝမ်းသာအားရစွာဖြင့် ပြန်လည်သွား၍ပင် အထောက်အထားများနှင့် ဆွေးနွေးတင်ပြလိုပါသည်။ (၁ ပေတရု ၃:၁၅) သို့သော် အချို့သူများသည် သမ္မာတရားကို စိတ်ဝင်စားခြင်း ဖြစ်ချင်မှဖြစ်မည်။
၉။ ကျွန်ုပ်တို့ယုံကြည်ချက်များကို အငြင်းအခုံလုပ်သည့်အခါ မည်သို့တုံ့ပြန်သင့်သနည်း။
၉ လူအများသည် အချိန်ကုန်ခံ၍ တစ်ပတ်ပြီးတစ်ပတ် အပြန်အလှန်ဆွေးနွေးသော်လည်း သမ္မာတရားရလို၍မဟုတ်ပါ။ ဟေဗြဲ၊ ဂရိ၊ သို့မဟုတ် ဆင့်ကဲဆိုင်ရာ သိပ္ပံပညာတတ်မြောက်ထားဟန်ရှိခြင်းကို ဝါကြွားစဉ် သူတစ်ပါး၏ယုံကြည်ခြင်းကို ဖျက်ဆီးလို၍သာဖြစ်ကြသည်။ ဤသူများနှင့် တွေ့ဆုံသည့်အခါ သက်သေခံအချို့သည် စိန်ခေါ်ခံရသည်ဟု ယူမှတ်ကာ မှောက်မှားသော ဘာသာရေးအယူအဆ၊ အတွေးအခေါ်ပညာ၊ သို့မဟုတ် သိပ္ပံဆိုင်ရာ အယူအဆအမှားများကို အဓိကထား၍ ရှည်ရှည်ဝေးဝေး ဆွေးနွေးရခြင်းသာ အဖတ်တင်ခဲ့ကြပါသည်။ ဟေဗြဲ၊ သို့မဟုတ် ဂရိပညာတတ် ဘာသာရေးခေါင်းဆောင်များနှင့် စကားရည်လုသည့်အခါ ယေရှုအနိုင်ယူနိုင်သည်မှန်သော်လည်း ထိုသို့မပြုခဲ့ကြောင်း သတိပြုသင့်သည်။ အငြင်းပွားသည့်အခါ ယေရှုသည် တိုတိုသာပြန်ဖြေဆို၍ စိတ်နှိမ့်ချသော သိုးစစ်သိုးမှန်ကိုသာ တစ်ဖန်အာရုံပြုလေသည်။—မဿဲ ၂၂:၄၁-၄၆။ ၁ ကောရိန္သု ၁:၂၃–၂:၂။
၁၀။ ကွန်ပျူတာရှိသူများနှင့် အီလက်ထရွန်နစ်ကြော်ငြာသင်ပုန်းများကိုလက်လှမ်းမှီသော ခရစ်ယာန်များသည်သတိပြုရန် အဘယ်ကြောင့်လျောက်ပတ်သနည်း။
၁၀ ခေတ်မီကွန်ပျူတာများသည် မကောင်းသောသူနှင့် ပေါင်းသင်းရန် လမ်းစဖွင့်ပေးသည်။ အချို့စီးပွားရေးကုန်တိုက်ကြီးများက စာရင်းပေးသွင်းသူများအား ကွန်ပျူတာတစ်လုံးနှင့်တယ်လီဖုန်းတစ်ခုကိုအသုံးပြုကာ အီလက်ထရောနစ်ကြေညာသင်ပုန်းကြီးများသို့ အကြောင်းအရာတစ်ခုပေးပို့နိုင်စေကြသည်။ သို့ဖြင့် လူတစ်ဦးသည် စာရင်းပေးသွင်းသူအားလုံးအတွက် ဖွင့်ပေးထားသော ကြေညာသင်ပုန်းပေါ်တွင် အကြောင်းအရာတစ်ခုကို ဖော်ပြနိုင်သည်။ ယင်းက ဘာသာရေးကိစ္စများနှင့်ပတ်သက်သော အီလက်ထရောနစ်စကားအခြေအတင်ပြောဆိုခြင်းသို့ ပို့ဆောင်ပေးသည်။ ခရစ်ယာန်တစ်ဦးသည် ထိုစကားအခြေအတင်ပြောဆိုခြင်းတွင်ပါဝင်ရန် ဆွဲဆောင်ခံရနိုင်ပြီး အသင်းတော်မှနှင်ထုတ်ထားသူများဖြစ်နိုင်သည့် အယူဖောက်ပြန်ရေးသမားများနှင့်အတူ နာရီပေါင်းများစွာအကုန်ခံရန်ဖြစ်စေနိုင်သည်။ ဤကဲ့သို့သောစကားအခြေအတင်ပြောပွဲများတွင် ယုံကြည်ခြင်းဖောက်ပြန်သူတစ်ဦး၊ သို့မဟုတ် အသင်းတော်မှ နှင်ထုတ်ထားသူတစ်ဦးနှင့် ခရစ်ယာန်တစ်ဦးသည် နာရီပေါင်းများစွာ ပါဝင်ဆွေးနွေးလျက်မိသား ဖြစ်နိုင်ပါသည်။ ၂ ယောဟန် ၉-၁၁ ပါ ညွှန်ကြားချက်က မကောင်းသောသူတို့နှင့် အပေါင်းအသင်းပြုခြင်းကို ရှောင်ကြဉ်ရန် ဖခင်သဖွယ် ပေါလုပေးခဲ့သောသြဝါဒကို အလေးအနက်ဖော်ပြပါသည်။a
အလွဲယူမိခြင်းကို ရှောင်ကြည်
၁၁။ ကောရိန္သုမြို့ရှိ စီးပွားရေးအခြေအနေက အဘယ်အခွင့်အရေးကို ပေးပါသနည်း။
၁၁ တင်ပြခဲ့သည်အတိုင်းပင် ကောရိန္သုမြို့သည် စီးပွားရေးအချက်အချာကျသည့်မြို့ဖြစ်၍ ထိုတွင်ဆိုင်ခန်းများနှင့် စီးပွားရေးအမျိုးမျိုးရှိပါသည်။ (၁ ကောရိန္သု ၁၀:၂၅) ကျွန်းဆွယ်အားကစားပွဲအတွက် ရောက်ရှိလာသူအများသည် တဲထိုးနေကြပြီး ထိုပွဲတော်ကျင်းပစဉ် ကုန်သည်တို့သည် တဲရှင်များ၊ သို့မဟုတ် အမိုးပါဆိုင်ကလေးများမှ ကူးသန်းရောင်းဝယ်ကြသည်။ (တမန်တော် ၁၈:၁-၃ နှိုင်းယှဉ်။) ယင်းကြောင့် တဲရှင်များထိုးသည့်အလုပ်ကို ပေါလုရနိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏အလုပ်လုပ်ရာနေရာမှလည်း သတင်းကောင်းဟောပြောနိုင်ခဲ့မည်။ ပါမောက္ခ ဂျေ၊ မောဖီ အိုကော်နာ ဤသို့ရေးသားခဲ့သည်။ “အရောင်းအဝယ်သွက်သောဈေးထဲတွင် လမ်းဘေးရှိ ဆိုင်ခန်းကလေးတစ်ခုမှ . . . လုပ်ဖော်ကိုင်ဖက်နှင့် ဖောက်သည်များကိုသာမက လူထုနှင့်ပါ ပေါလုဆက်သွယ်နိုင်သည်။ အလုပ်ပါးသည့်အချိန်တွင် တံခါးဝတွင်ရပ်ကာ နားထောင်လိမ့်မည်ဟု သူယူမှတ်သူများနှင့် စကားဖောင်ဖွဲ့နိုင်လိမ့်မည်။ . . . သူသည် တက်ကြွလှုပ်ရှားသူဖြစ်၍ လုံးဝသက်ဝင်ယုံကြည်သူဖြစ်ခြင်းက ထိုဒေသ၌ သူ့အား ‘လူထူးလူဆန်း’ ဖြစ်စေနိုင်သဖြင့် အချိန်ဖြုန်းပြီးစူးစမ်းသူများသာမက အမှန်ရှာဖွေစူးစမ်းသူတို့ သူ့ထံလာကြမည်အမှန်။ . . . သူ့အကြောင်း ကြားနာဖူးသော အိမ်ထောင်သည်အမျိုးသမီးများနှင့် ယင်းတို့၏အပေါင်းအဖော်များသည် ဝယ်ခြမ်းလိုဟန်ဆောင်၍ သူ့ထံရောက်လာခဲ့မည်။ အခြေအနေမကောင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့မဟုတ် အနှောင့်အယှက်ပေးခြင်း ပေါ်ပေါက်လာသည့်အခါ ယုံကြည်သူများသည် ဖောက်သည်များအဖြစ် သူ့ထံရောက်လာနိုင်ကြပါသည်။ ထိုဆိုင်ခန်းတွင် မြို့တော်စည်ပင်သာယာဌာနမှ အရာရှိများကိုလည်း သူတွေ့ဆုံခဲ့ပါသည်။”
၁၂၊ ၁၃။ ၁ ကောရိန္သု ၁၅:၃၃ သည်အလုပ်ခွင်နှင့် မည်သို့လျောက်ပတ်စွာ သက်ဆိုင်သနည်း။
၁၂ သို့သော် အလုပ်ခွင်၌ “မကောင်းသောသူတို့နှင့်ပေါင်းဖော်” နိုင်ကြောင်းကိုလည်း ပေါလုအသိအမှတ်ပြုပါသည်။ ကျွန်ုပ်တို့လည်း သတိပြုသင့်သည်။ ထိုကြောင့် အကြောင်းရှိသဖြင့် ပေါလုက အချို့သူတို့၏စိတ်ထားမှာ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့။ နက်ဖြန် သေရကြမည်” ဟူ၍ဖြစ်နေကြောင်း ဖော်ပြပါသည်။ (၁ ကောရိန္သု ၁၅:၃၂) ထိုသို့ဆိုပြီးနောက် ဆက်၍ “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟူသော ဖခင်သဖွယ်ပေးသည့်သြဝါဒကို ချက်ချင်းဆက်ပြောပါသည်။ အလုပ်ခွင်သည် ပျော်ရွှင်မှုရှာယူခြင်းနှင့် မည်သို့ကွင်းဆက်၍ အန္တရာယ်ရှိစေနိုင်မည်နည်း။
၁၃ ခရစ်ယာန်များသည် လုပ်ဖော်ဆောင်ဖက်များနှင့် ခင်မင်စွာနေလိုကြသည်။ ယင်းကြောင့် ထိရောက်စွာသက်သေခံခွင့်ရရှိခဲ့ကြောင်း တွေ့ကြုံမှုများစွာက သက်သေထူသည်။ သို့သော် လုပ်ဖော်ဆောင်ဖက်တစ်ဦးသည် ခင်မင်မှုကို တလွဲယူမှတ်ကာ ပျော်ကြရွှင်ကြရန် ကမ်းလှမ်းဖိတ်ခေါ်နေသည်ဟု ထင်ကောင်းထင်မည်။ သို့ဖြစ်၍ နေ့လည်စာ အတူစားသောက်ရန်၊ အလုပ်ဆင်းသည့်အခါ အအေးသောက်ကြရန်၊ သို့မဟုတ် စနေ၊ တနင်္ဂနွေအားရက်များတွင် အပန်းဖြေမှုတစ်မျိုးမျိုးပြုကြရန် အမှတ်တမဲ့ရိုးရိုးသားသား ဖိတ်ခေါ်ပေမည်။ ဖိတ်ခေါ်သူသည်လည်း စိတ်နေသဘောထား ဖြူစင်ပုံ ရှိကောင်းရှိမည်။ သူ့ဖိတ်ခေါ်ချက်သည်လည်း ရိုးသားပုံပေါက်လိမ့်မည်။ သို့ဖြစ်၍ပင် ပေါလုက “အလွဲမယူကြနှင့်” ဟုသတိပေးထားသည်။
၁၄။ အပေါင်းအသင်းများအားဖြင့် ခရစ်ယာန်အချို့ မည်သို့လမ်းလွဲခဲ့ပြီနည်း။
၁၄ ခရစ်ယာန်အချို့ အလွဲယူခဲ့ကြ၏။ လုပ်ဖော်ဆောင်ဖက်များနှင့် ပေါင်းသင်းခြင်းကို ပေါ့ပေါ့ဆဆသာ သဘောထားခဲ့ကြပါသည်။ အားကစားတစ်မျိုးတစ်မည်၊ စိတ်ဝင်စားမှု တစ်ခုကို ကြိုက်နှစ်သက်ကြသူချည်းဖြစ်၍ ပိုရင်းနှီးလာခဲ့မည်။ သို့မဟုတ် အလုပ်ခွင်ရှိ ခရစ်ယာန်မဟုတ်သူသည် တခြားသူတို့ထက် ပိုကြင်နာတတ်ပုံ၊ စာနာမှုရှိပုံပေါက်မည်။ သို့နှင့် ထိုသူနှင့် ပိုမိုပေါင်းသင်းနှီးနှောလာခဲ့ရာ အသင်းတော်ရှိအချို့သူများထက်ပင် ဤကဲ့သို့သောသူများနှင့်ပေါင်းဖော်ခြင်းကို ပိုနှစ်သက်လာပေမည်။ ထိုနောက် အပေါင်းအသင်းကြောင့် အစည်းအဝေးကို တစ်ခါပျက်ကွက်မိမည်။ တစ်ညနေတွင် ပေါင်းသင်းစဉ် ညဉ့်နက်သွား၍ နံနက်ချိန် လယ်ကွင်းဓမ္မအမှု၌ပါဝင်သည့်အကျင့် ပျက်ကွက်သွားပေမည်။ ခရစ်ယာန်ဖြစ်သူသည် ကြည့်လေ့ကြည့်ထမရှိသော ရုပ်ရှင်၊ သို့မဟုတ် ဗွီဒီယိုကို ကြည့်ကောင်းကြည့်မိမည်။ ‘ငါတော့ ဒီလိုဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး’ ဟုထင်ကောင်းထင်မည်။ သို့သော် အလွဲယူခဲ့သူ အများသည် အစကနဦးတွင် ထိုအတိုင်း တုံ့ပြန်ခဲ့ကြပါသည်။ ကိုယ်ကိုယ်ကိုမေးမြန်းသင့်သည်ကား ‘ပေါလု၏သြဝါဒကို ကျင့်သုံးမယ်လို့ ငါ့ဆုံးဖြတ်ချက် ဘယ်လောက်ခိုင်မာသလဲ’ ဟူ၍ဖြစ်သည်။
၁၅။ အိမ်နီးချင်းအပေါ် အဘယ်မျှတသောသဘောထားရှိရမည်နည်း။
၁၅ အလုပ်ခွင်နှင့်စပ်လျဉ်း၍ သုံးသပ်ပြီးခါစကိစ္စသည် အိမ်နီးနားချင်းနှင့်ပေါင်းသင်းခြင်းကိစ္စပါ သက်ဆိုင်ပါသည်။ ရှေးကောရိန္သုမြို့မှ ခရစ်ယာန်များ၌ အိမ်နီးနားချင်းများ ရှိခဲ့မည်အမှန်။ အချို့ဒေသများတွင် အိမ်နီးနားချင်းတို့နှင့် တရင်းတနှီးပေါင်းသင်း၍ ရိုင်းပင်းကူညီခြင်းသည် ဓမ္မတာပင်။ ကျေးလက်တောရွာသားတို့သည် သီးခြားဖြစ်နေကြသည့်အတွက် တစ်ဦးကိုတစ်ဦး အားကိုးတတ်ကြသည်။ အချို့ယဉ်ကျေးမှုများတွင် မိသားစုနှောင်ကြိုးသည် အလွန်ခိုင်မြဲတတ်၍ စားပွဲသောက်ပွဲများသို့ အပြန်အလှန်ဖိတ်ကြားလေ့ရှိသည်။ ယေရှုတင်ပြသည့်အတိုင်းပင် မျှတသောအမြင်ရှိရန် အလွန်အရေးကြီးပါသည်။ (လုကာ ၈:၂၀၊ ၂၁။ ယောဟန် ၂:၁၂) အိမ်နီးနားချင်း၊ ဆွေမျိုးများနှင့် ဆက်ဆံကြရာတွင် ခရစ်ယာန်မဖြစ်လာမီကအတိုင်း ဆက်ပေါင်းသင်းနေထိုင်ချင်ပါသလော။ ထိုသို့ပြုမည့်အစား ဤသို့သောဆက်ဆံရေးများကို ယခုပြန်သုံးသပ်ကြည့်ကာ အဘယ်ကန့်သတ်ချက်များသည် သင့်တော်လိမ့်မည်ကို အသိတရားရှိရှိ ဆုံးဖြတ်သင့်သည်မဟုတ်လော။
၁၆။ မဿဲ ၁၃:၃၊ ၄ ပါယေရှု၏စကားများကို မည်သို့သဘောပေါက်သင့်သနည်း။
၁၆ ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော တရားစကားများကို “လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စား” ခဲ့သောမျိုးစေ့နှင့် ယေရှုတစ်ချိန်က နှိုင်းယှဉ်ခဲ့ပါသည်။ (မဿဲ ၁၃:၃၊ ၄၊ ၁၉) ထိုစဉ်က လူအသွားအလာများသည့် လမ်းဘေးမြေကြီးသည် အလွန်မာကျောတတ်သည်။ လူအများလည်း ထိုနည်းထပ်တူပင်။ သူတို့အသက်တာဘဝသည် အိမ်နီးနားချင်း၊ ဆွေမျိုး၊ အခြားသူများနှင့် လည်ပတ်သွားလာခြင်းဖြင့် အလုပ်ရှုပ်နေကြပါသည်။ ယင်းက သူတို့၏နှလုံးမြေသားကို ဖိနင်းဘိသကဲ့သို့ဖြစ်ရာ သမ္မာတရားမျိုးစေ့များ အမြစ်မတွယ်စေနိုင်ဘဲ ဖြစ်စေပါသည်။ ခရစ်ယာန်တစ်ဦးဖြစ်ပြီးသူ၌လည်း ထပ်တူအဖြစ်မျိုး ပေါ်ပေါက်နိုင်ပါသည်။
၁၇။ အိမ်နီးချင်းအပြင် အခြားသူများနှင့်ပေါင်းသင်းခြင်းက ကျွန်ုပ်တို့အား မည်သို့အကျိုးသက်ရောက်စေနိုင်မည်နည်း။
၁၇ လောကီသားများဖြစ်သော အိမ်နီးချင်းနှင့်ဆွေမျိုးအချို့သည် ဝိညာဉ်ရေးရာများကို စိတ်ဝင်စားမှုမပြ၊ ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးကြောင်းကို တသမတ်တည်းပြသခြင်းမရှိခဲ့သော်လည်း ခင်မင်ရင်းနှီးစရာ၊ အလွန်ဝိုင်းဝန်းကူညီတတ်သူများ ဖြစ်ကြပေမည်။ (မာကု ၁၀:၂၁၊ ၂၂။ ၂ ကောရိန္သု ၆:၁၄) ကျွန်ုပ်တို့ ခရစ်ယာန်များဖြစ်လာကြပြီဖြစ်သည့်အတွက် ခင်မင်မှုမရှိ၊ အိမ်နီးချင်းစိတ်ထား မရှိသူများ ဖြစ်ရမည်ဟု မယူဆသင့်ပါ။ သူတစ်ပါးကို တကယ်စိတ်ဝင်စားကြောင်းတင်ပြရန် ယေရှုမှာကြားတော်မူခဲ့သည်။ (လုကာ ၁၀:၂၉-၃၇) သို့သော် အပေါင်းအသင်းကို ဂရုစိုက်ရန် ပေါလု၏သြဝါဒသည် ထပ်တူပင် မှုတ်သွင်းခံစကားဖြစ်၍ လိုအပ်ချက်ဖြစ်သည်။ ယေရှု၏သြဝါဒကို လိုက်နာစဉ် ပေါလု၏ဆုံးမစကားကိုလည်း မမေ့လျော့သင့်ပါ။ မူဝါဒနှစ်ခုစလုံးကို စွဲမှတ်မထားပါက ကျွန်ုပ်တို့အကျင့်ပျက်သွားနိုင်ပါသည်။ ရိုးသားဖြောင့်မတ်ခြင်း၊ သို့မဟုတ် ကဲသာ၏ဥပဒေကိုလိုက်လျှောက်ခြင်းနှင့်စပ်လျဉ်း၍ သင့်အကျင့်များကို သင့်အိမ်နီးချင်း၊ သို့မဟုတ် ဆွေမျိုးများ၏အကျင့်များနှင့်နှိုင်းယှဉ်ကြည့်သော် မည်သို့နည်း။ ဥပမာ၊ အခွန်အတုတ်ပေးဆောင်ရမည့်အချိန်တွင် ဝင်ငွေ၊ သို့မဟုတ် စီးပွားရေးမှရရှိသောအမြတ်ငွေကို လျှော့ပေါ့တင်ပြခြင်းသည် မမှား၊ ဆက်တည်တံ့ရေးအတွက် လိုအပ်ရာပင်ဖြစ်သည်ဟု သူတို့ယူမှတ်ကြပေမည်။ သူတို့၏သဘောထားကို စကားစမြည်ဖောင်ဖွဲ့ပြောဆိုစဉ်၊ သို့မဟုတ် တစ်ခဏအလည်အပတ်လာစဉ် ပြောဆိုတင်ပြပေမည်။ ယင်းစကားများက သင့်အတွေးအခေါ်နှင့် ရိုးသားသောအကျင့်များကို မည်သို့ဖြစ်စေနိုင်ပါသနည်း။ (မာကု ၁၂:၁၇။ ရောမ ၁၂:၂) “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။”
လူငယ့်အကျင့်များလည်း
၁၈။ ၁ ကောရိန္သု ၁၅:၃၃ သည် လူငယ်များနှင့်လည်း အဘယ်ကြောင့်သက်ဆိုင်သနည်း။
၁၈ အထူးသဖြင့် လူငယ်များသည် သူတို့တွေ့မြင်ကြားနာရာတို့ကြောင့် စိတ်လှုပ်ရှားတတ်ကြသည်။ မိဘများ၊ သို့မဟုတ် မွေးချင်းတို့၏ အမူအရာ၊ အကျင့်များရှိသည့် ကလေးများကို သတိပြုမိပါသလော။ ထိုကြောင့် ကလေးများသည် ကစားဖော်ကစားဖက်များ၊ သို့မဟုတ် ကျောင်းနေဖက်များ၏ ဩဇာလွှမ်းမိုးမှုကို များစွာခံရခြင်းကို မအံ့သြသင့်ပါ။ (မဿဲ ၁၁:၁၆၊ ၁၇ နှိုင်းယှဉ်။) သင့်သား၊ သို့မဟုတ်သမီးသည် မိဘကိုမရိုသေသောလူငယ်များနှင့် ပေါင်းဖော်မည်ဆိုလျှင် သင့်သားသမီးများလည်း ထိုနည်းတူဖြစ်လာမည်မဟုတ်ဟု အဘယ်ကြောင့်ယူမှတ်ပါသနည်း။ အခြားလူငယ်များသည် ညစ်ညမ်းသောစကားပြောဆိုခြင်းကို မကြာခဏကြားနာနေရမည်ဆိုလျှင်ကော။ ကျောင်းမှ၊ သို့မဟုတ် ရပ်ကွက်ရှိ ရွယ်တူသက်တူများသည် ဖိနပ်ပုံစံအသစ်၊ သို့မဟုတ် လက်ဝတ်တန်ဆာအသစ်တစ်မျိုးအပေါ်စိတ်လှုပ်ရှားနေကြမည်ဆိုလျှင်ကော။ ငယ်ရွယ်သောခရစ်ယာန်များသည် ဤကဲ့သို့သောသြဇာလွှမ်းမိုးမှုကို ခံရမည်မဟုတ်ဟု ထင်မှတ်သင့်ပါသလော။ ၁ ကောရိန္သု ၁၅:၃၃ သည် ကန့်သတ်ထားသည့်အရွယ်ရောက်သူများနှင့်သာ သက်ဆိုင်သည်ဟု ပေါလုပြောပါသလော။
၁၉။ မိမိသားသမီးများ၌ မိဘများသည် အဘယ်အမြင်မျိုး မွေးမြူပေးသင့်သနည်း။
၁၉ သင်သည် မိဘဖြစ်ပါက သားသမီးများနှင့် နှီးနှောဆင်ခြင်သည့်အခါ၊ သူတို့နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချသည့်အခါ ထိုဆုံးမစကားကို စွဲမှတ်ထားပါသလော။ ယင်းကြောင့် ရပ်ကွက်တွင်လည်းကောင်း၊ ကျောင်းတွင်လည်းကောင်း သင့်သားသမီးများပေါင်းသင်းလေ့ရှိသည့် လူငယ်အားလုံးသည် မကောင်းသောသူများဖြစ်သည်ဟု ဆိုလိုနေခြင်းမဟုတ်ကြောင်းကို အသိအမှတ်ပြုပါက အကူအညီဖြစ်ပေမည်။ အချို့လူငယ်များသည် သင့်အိမ်နီးချင်း၊ ဆွေမျိုးနှင့် လုပ်ဖော်ဆောင်ဖက်အချို့နည်းတူ ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်ကြပေမည်။ ယင်းကို သားသမီးများ သဘောပေါက်စေရန် ကူညီပေးပါ။ ကောရိန္သုမြို့သားများအား ဖခင်ကောင်းပီသစွာ ပေါလုပေးခဲ့သည့် ပညာရှိသြဝါဒကို အသင်ကျင့်သုံးရာတွင် မျှတသောအမြင်ရှိကြောင်း နားလည်စေပါ။ ကိစ္စအဝဝကို အသင်သည် မျှမျှတတ၊ ချင့်ချိန်ပြုမူပုံကို သူတို့တွေ့မြင်ကြရာ သင့်ကိုအတုယူတတ်လာကြပါလိမ့်မည်။—လုကာ ၆:၄၀။ ၂ တိမောသေ ၂:၂၂။
၂၀။ လူငယ်များ အဘယ်စိန်ခေါ်ချက်ကို ရင်ဆိုင်နေကြရသနည်း။
၂၀ ငယ်ရွယ်သေးသော အသင်တို့။ ပေါလု၏သြဝါဒကို ပညာရှိရှိ မည်သို့ကျင့်သုံးမည်ကို နားလည်နိုင်ရန် ကြိုးစားပါ။ ယင်းသြဝါဒသည် ခရစ်ယာန်လူငယ်၊ လူကြီးတိုင်းအတွက် အရေးကြီးကြောင်း အသိအမှတ်ပြုပါ။ ယင်းသို့ပြုရန် စိန်ခေါ်ချက်ပင်ဖြစ်နိုင်သည်။ သို့သော် ထိုစိန်ခေါ်ချက်ကို ရင်ဆိုင်ရန် အသင့်ရှိပါ။ ငယ်ရွယ်စဉ်ကတည်းက ထိုလူငယ်အချို့ကို သင်သိကျွမ်းခဲ့သည့်အတွက် သူတို့သည် သင့်အကျင့်ကိုမဖျက်နိုင်၊ ခရစ်ယာန်လူငယ်တစ်ဦးအနေနှင့် သင်ကြိုးစားပြုပြင်နေသည့် အကျင့်များကို မဖျက်ဆီးနိုင်ပါဟူ၍ မယူမှတ်ပါနှင့်။—သု၊ ၂:၁၊ ၁၀-၁၅။
ကျွန်ုပ်တို့အကျင့်များကို ကာကွယ်ပေးရန် အပြုသဘောပါခြေလှမ်းများ
၂၁။ (က) ပေါင်းသင်းမှုနှင့်ပတ်သက်၍ အဘယ်အရာလိုအပ်ပါသနည်း။ (ခ) ပေါင်းသင်းမှုအချို့သည် အန္တရာယ်ရှိနိုင်ကြောင်း အဘယ်ကြောင့်သေချာပါသနည်း။
၂၁ ကျွန်ုပ်တို့အားလုံး အပေါင်းအသင်းများရှိရန်လိုသည်။ သို့သော် ကျွန်ုပ်တို့အပေါင်းအသင်းများသည် ကျွန်ုပ်တို့ကို ကောင်းကျိုး၊ သို့မဟုတ် ဆိုးကျိုး ပြုနိုင်ကြောင်း သတိရှိရမည်။ အာဒံအပြင် ထိုအချိန်ကတည်းက နှစ်ပရိစ္ဆေဒပေါင်းများစွာတစ်လျှောက်ရှိ လူတိုင်းနှင့်ပတ်သက်၍ ထိုကဲ့သို့ပင်ဖြစ်ခဲ့ပါပြီ။ ဥပမာ၊ ယုဒနိုင်ငံ၏မင်းကောင်း၊ ယောရှဖတ်သည် ယေဟောဝါ၏မျက်နှာသာနှင့်ကောင်းချီးများကို ခံစားနေရပါသည်။ သို့သော် မိမိသားအား ဣသရေလနိုင်ငံ၏ဘုရင်အာဟပ်သမီးကို ထိမ်းမြားရန် ခွင့်ပြုပြီးသည့်နောက် ယောရှဖတ်သည် အာဟပ်နှင့်ပေါင်းဖော်ခဲ့ပါသည်။ ထိုမကောင်းသောအပေါင်းအသင်းကြောင့် ယောရှဖတ် အသက်ဆုံးရှုံးလုဆဲဆဲဖြစ်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၈:၁၆-၁၈။ ၂ ရာဇဝင်ချုပ် ၁၈:၁-၃၊ ၂၉-၃၁) ပညာကင်းမဲ့စွာ အပေါင်းအသင်းအမှားများကို ရွေးချယ်ကြမည်ဆိုလျှင် ထိုနည်းထပ်တူပင် အန္တရာယ်ရှိနိုင်ပါသည်။
၂၂။ အဘယ်အချက်ကို နှလုံးပိုက်ကျုံးသင့်သနည်း။ အဘယ်ကြောင့်နည်း။
၂၂ ထိုကြောင့် ၁ ကောရိန္သု ၁၅:၃၃ တွင်ပါသော ပေါလု၏ မေတ္တာပါသြဝါဒကို နှလုံးပိုက်ကျုံးကြစို့။ ယင်းဆုံးမစကားများသည် အလွတ်ရွတ်ပြနိုင်လောက်အောင် ကြိမ်ဖန်များစွာ ကြားဖူးခဲ့သောစကားများမျှ မဟုတ်ပါ။ ထိုသြဝါဒစကားများတွင် ကောရိန္သုညီအစ်ကိုညီအစ်မများအပေါ်မက ကျွန်ုပ်တို့အထိတိုင်အောင် ပေါလုထားရှိသည့် ဖခင်သဖွယ်ကြင်နာစုံမက်သောသဘော ထင်ရှားပါသည်။ ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို အောင်မြင်စေလိုတော်မူသည့်အတွက် ကောင်းကင်ခမည်းတော်ပေးသည့် ဩဝါဒစကားများလည်း အမှန်ဖြစ်ပါသည်။—၁ ကောရိန္သု ၁၅:၅၈။
[အောက်ခြေမှတ်ချက်]
a ဤကဲ့သို့သောကြေညာသင်ပုန်းကြီးများမှ ပေါ်ပေါက်နိုင်သည့် အခြားအန္တရာယ်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာ မူပိုင်ဥပဒေများကိုချိုးဖောက်ကာ ကနဦးပိုင်ရှင်၊ သို့မဟုတ် ကလောင်ရှင်၏ခွင့်ပြုချက်မပါဘဲ မူပိုင်အစီအစဉ်များ၊ သို့မဟုတ် စာပေများကို မိမိကွန်ပျူတာထဲ ထည့်သွင်းလိုစိတ် ပေါ်လာနိုင်ပါသည်။—ရောမ ၁၃:၁။
သင်မှတ်မိသလော
◻ ၁ ကောရိန္သု ၁၅:၃၃ ကိုအဘယ်အကြောင်းကြောင့် ပေါလုရေးသားခဲ့သနည်း။
◻ အလုပ်ခွင်တွင် ပေါလု၏သြဝါဒကို မည်သို့ကျင့်သုံး နိုင်သနည်း။
◻ အိမ်နီးချင်းအပေါ် အဘယ်မျှတသောအမြင် ရှိသင့်သနည်း။
◻ ၁ ကောရိန္သု ၁၅:၃၃ သည် အထူးသဖြင့်လူငယ်များ အတွက် အဘယ်ကြောင့်သင့်တော်သနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သတင်းကောင်းပျံ့နှံ့စေရန် အလုပ်ခွင်ကို ပေါလုအသုံးပြုခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အခြားလူငယ်များ သင့်ခရစ်ယာန်အကျင့်များကို ဖျက်ဆီးနိုင်