ယောနကို မျိုခဲ့သလော
ဘီစီအီး ကိုးရာစုမှ ယေဟောဝါ၏ပရောဖက်ယောနသည် တာဝန်လွှဲရှောင်နေကြောင်း သမ္မာကျမ်းစာဖော်ပြခဲ့သည်။ သင်္ဘောစီးပြီး ရှောင်ထွက်သွားခဲ့သည်။ မြေထဲပင်လယ်တွင် မုန်တိုင်းထန်သည့်ခရီးစဉ်အတောအတွင်း သင်္ဘောသားတို့သည် သူ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ “ယောနကိုမျိုခြင်းငှာ ငါးကြီးကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ခန့်ထားတော်မူသည်နှင့်အညီ ယောနသည် ငါး၏ဝမ်းထဲမှာ သုံးရက်ပတ်လုံးနေရ၏။”—ယောန ၁:၃-၁၇။
အချို့က ‘မဖြစ်နိုင်တာ။ ဘယ်ပင်လယ်သတ္တဝါမှ လူကိုမမျိုနိုင်ပါဘူး’ ဟုပြောကြသည်။ သို့သော် ဝေလငါးဖယောင်း၊ သို့မဟုတ် ငါးမန်းဖြူကြီးက မျိုနိုင်ပါသည်။ National Geographic (ဒီဇင်ဘာ ၁၉၉၂) က ဖြစ်နိုင်စရာရှိသည့် အခြားငါး—ဝေလငါးမန်း—မျိုးကို ဖော်ပြပါသည်။ အကြီးဆုံးငါးမန်းမှာ ပေ ၇၀ အထိရှည်ပြီး တန်ချိန် ၇၀ အထိလေးသည်ဟု ဆို၏။
“ဝေလငါးမန်း၏ ထူးခြားသော အစာကြေညက်နိုင်သောခန္ဓာဗေဒက ယောနဝတ္တုကိုအမျိုးမျိုး ဖြစ်ပေါ်စေပါသည်။ အလွန်ကြီးမားသည့် ဝေလငါးမန်းပါးစပ်ထဲ မထင်မမှတ်ဘဲစုပ်သွင်းခံရခြင်းကို တွေးတောကြည့်နိုင်ပါသည်။ . . . အရွယ်ရောက် ဝေလငါးမန်းအငယ်စား၏ လိုဏ်ခေါင်းပမာပါးစပ်ကြီးသည် ယောနနှစ်ကိုယ်စာကိုပင် အေးအေးဆေးဆေး ဆံ့နိုင်ပါသည်။”
ဝေလငါးမန်းသည် ရေပေါ်မျောသောပိုးမွှားငယ်နှင့် ကရီလ်ခေါ် အခွံမာကိုယ်ရှိရေသတ္တဝါများကို စားသုံးပါသည်။ ယင်းတို့သည် “အစာပြွန်မှတစ်ဆင့် အလွန်ကျယ်ဝန်းကြီးမားသည့်အထိ ဆွဲဆန့်၍ရသော အစာအိမ်ထဲ စီးဆင်းသွားပါသည်။” သို့ဖြစ်သော်လည်း မည်သို့ပြန်ထွက်လာနိုင်မည်နည်း။ National Geographic ကဤသို့ဆိုသည်။ “ငါးမန်းများသည် သူတို့မျိုချထားသည့် အစာမကြေနိုင်ပုံရှိသော ကြီးမားသည့်အရာဝတ္တုများကို သက်သောင့်သက်သာ အန်ထုတ်ပစ်နိုင်ကြ၏။ . . . ငါးမန်းသတ္တဝါသည် ယင်း၏အစာအိမ်ကို အတွင်းအပြင်ပြောင်းပြန်လှန်၍ ယင်း၏ပါးစပ်မှ အန်ထုတ်နိုင်ပါသည်။ . . . ထိုကြောင့် အကျိအချွဲဖုံးထားသည့်ကော်ဇောကဲ့သို့သောအရာပေါ်မှလျောထွက်လာသည့်အခါ ပေကျံနေမည်ဖြစ်သော်လည်း အတွေ့အကြုံတိုးများနေပါလိမ့်မည်။”
နယူးယောက်မြို့အထိ မြောက်ဘက်ကျအရပ်တွင် ယနေ့ ဝေလငါးမန်းများကို တွေ့ရှိခဲ့သော်လည်း မြေထဲပင်လယ်အရပ်၌ တွေ့ရှိရမည်မဟုတ်ပါ။ ယောနခေတ်က မြေထဲပင်လယ်အရပ်၌ ယင်းတို့ရှိခဲ့ပါသလော။ မည်သူပြောနိုင်မည်နည်း။ မည်ကဲ့သို့သော ပင်လယ်သတ္တဝါမျိုးကို ယေဟောဝါအသုံးပြုတော်မူခဲ့ကြောင်း သမ္မာကျမ်းစာက မဖော်ပြထားသော်လည်း ယောန၏အဖြစ်အပျက်သည် မှန်ကန်ကြောင်း ယေရှုကိုယ်တော်တိုင် ထောက်ခံထားပါသည်။—မဿဲ ၁၂:၃၉၊ ၄၀။
[Picture Credit Line on page 32]
Norbert Wu/Peter Arnold Inc.