စောင့်ဆိုင်းတတ်ရန် သင်ယူခြင်း ပြဿနာ
မိမိလိုချင်သောအရာများအတွက် စောင့်ဆိုင်းနေရခြင်းသည် လက်ခံရအခဲယဉ်းဆုံးအရာတစ်ခု ဖြစ်ပေမည်။ ကလေးငယ်များသည် ပင်ကိုသဘောအရ စိတ်ရှည်မှုမရှိကြပါ။ သူတို့မြင်ရာတွေ့ရာကို လိုချင်၍ ချက်ချင်းရချင်သည်။ သို့သော် လိုချင်သည့်အရာတိုင်းကို မရရှိနိုင်ကြောင်း ဘဝအတွေ့အကြုံမှ သင်သိရှိရပေမည်။ ရသင့်ရထိုက်သည့်အရာများနှင့်ပတ်သက်၍ပင် အချိန်တန်သည့်အခါကို စောင့်ဆိုင်းတတ်ရန်လိုသည်။ ဤသင်ခန်းစာကို နားလည်လာသူများစွာရှိသည်နည်းတူ ယင်းကိုနားမလည်နိုင်သူများလည်း ရှိပါသည်။
ဘုရားသခင့်မျက်နှာသာတော်နှင့်တွေ့လိုသူတို့သည် စောင့်ဆိုင်းတတ်ရန် အထူးလိုအပ်ပါသည်။ ခရစ်ယာန်ခေတ်မတိုင်မီက ယေဟောဝါ၏ ကျေးကျွန်ဖြစ်သူ ယေရမိက “ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက် ငြိမ်ဝပ်စွာစောင့်၍ နေကောင်း၏” ဟုအလေးအနက်ဆိုခဲ့သည်။ နောက်တွင် ခရစ်ယာန်တပည့်တော်ယာကုပ်က “ထိုကြောင့် ညီအစ်ကိုတို့ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့” ဟုဆိုသည်။—မြည်တမ်းစကား ၃:၂၆; ယာကုပ် ၅:၇။
မြင့်မြတ်သောရည်ရွယ်ချက်များ ပြီးမြောက်ပြည့်စုံချိန်ကို ယေဟောဝါ ဇယားဆွဲထားနှင့်ပြီးသား ဖြစ်သည်။ အမှုကိစ္စအချို့ကို ပြုမူရန် ကိုယ်တော်၏ အခန့်သင့်အချိန်ကို မစောင့်ဆိုင်းနိုင်လျှင် ပျော်ရွှင်မှုမရှိသည့် ရောင့်ရဲတင်းတိမ်ခြင်းမရှိသူ ဖြစ်သွားနိုင်ပါသည်။ “ထာဝရဘုရားကြောင့် ရွှင်လန်းခွင့်သည် သင်တို့၏ခံတပ်သဖွယ်ဖြစ်” သည်ဟု သူ၏နိုင်ငံသားတို့အား နေဟမိပြောသည့်အတိုင်း ပျော်ရွှင်မှုမရှိလျှင် ဘုရားသခင့်ကျေးကျွန်သည် ဝိညာဉ်ရေးဘက် အားနည်းချို့တဲ့လာပေမည်။—နေဟမိ ၈:၁၀၊ သမ။
စောင့်ဆိုင်းတတ်ခြင်း၏ ဉာဏ်ပညာ
တစ်ကိုယ်ရေသမားများသည် အိမ်ထောင်ပြုရန်၊ ကလေးမရှိသောမောင်နှံစုံများသည် ကလေးယူရန် ဆန္ဒရှိခြင်းသည် သဘာဝပင်ဖြစ်သည်။ ထို့အပြင် သင့်တော်သောပစ္စည်း သို့မဟုတ် လိုအင်ဆန္ဒကို ဖြည့်စွက်ပေးရန် ကြိုးစားခြင်းသည်လည်း မမှားပါ။ သို့ဖြစ်၍ပင် ဤအစီအစဉ်စနစ်တည်ရှိမည့်အချိန်သည် တိုတောင်းကြောင်း၊ လာလတ္တံ့သော ဘုရားသခင့်စနစ်သစ်တွင် ဘုရားသခင်သည် ‘လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူမည့်’ အကြောင်းကို ယုံကြည်သည့်အတွက် သာ၍တော်လျော်သောအချိန်တွင် ဆန္ဒရှိသည်အတိုင်း ပြုမူရန် စောင့်ဆိုင်းနေဖို့ ခရစ်ယာန်များစွာ ဆုံးဖြတ်ထားကြပါသည်။—ဆာလံ ၁၄၅:၁၆။
သို့ရာတွင် ဤယုံကြည်စိတ်ချရသော ခရစ်ယာန်မျှော်လင့်ချက် မရှိသူများမူကား ဆိုင်းလင့်စရာအကြောင်း ရှိမည်မဟုတ်ပါ။ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့” ကိုပေးသနားတော်မူသော ယေဟောဝါရှင်ကို ယုံကြည်အားထားမှုမရှိကြသဖြင့် လာမည်မထင်သည့် အနာဂတ်၌ ပြုမူဖို့ရန် ရည်ရွယ်ထားခြင်းသည် သူတို့အတွက် ပညာမရှိရာကြပေမည်။ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့။ နက်ဖြန်သေရကြမည်” ဟုသူတို့ယုံကြည်သည်အတိုင်း အသက်ရှင်ကြသည်။—ယာကုပ် ၁:၁၇; ၁ ကောရိန္သု ၁၅:၃၂; ဟေရှာယ ၂၂:၁၃။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် ကြော်ငြာလောကသည် ချက်ချင်းအာသာပြေစေလိုသည့် ထင်ရှားသောဉာဉ်ကို အခွင့်အရေးယူ ပြုမူကြသည်။ မိမိကိုယ်ကို အလိုလိုက်ကြရန် လူတို့အား တိုက်တွန်းလှုံ့ဆော်ပေးပါသည်။ ခေတ်မီဇိမ်ခံပစ္စည်းများ မရှိမဖြစ်ဟူ၍ စီးပွားရေးလောကကလည်း ယုံမှားစေသည်။ အထူးသဖြင့် အကြွေးယူစနစ်၊ အရစ်ကျပေးအစီအစဉ်နှင့် “ယခုဝယ်—နောက်မှပေး” စီမံကိန်းတို့က ယခုပင် ပိုင်ဆိုင်ခွင့်ပေးနေမှ အဘယ်ကြောင့်မရှိဘဲနေရမည်နည်းဟု ဆင်ခြေတက်ကြသည်။ ထို့အပြင် ‘ကိုယ့်ကိုယ်ကိုသက်ညှာပါ။ အကောင်းဆုံးရထိုက်သည်! သတိပြုပါ၊ ယခုပင်မစံစားလျှင် နောက်နောင်စံစားရတော့မည်မဟုတ်!’ ဟု အများကြိုက်ဆောင်ပုဒ်များက ဆိုသည်။
တစ်ချိန်တည်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများနေ သန်းပေါင်းများစွာသောသူတို့သည် စားရုံသောက်ရုံဖြင့်သာ အသက်ရှင်နေကြသည်—သို့မဟုတ် ထိုမျှပင်မရှိကြချေ။ လူ့နိုင်ငံရေးနှင့်စီးပွားရေးစနစ်၏ မစုံလင်မှု၊ မတရားမှုကို ကွင်းကွင်းကွက်ကွက် တင်ပြနိုင်သည့် အခြားနည်းရှိနိုင်ပါသေးသလော။
မစောင့်ဆိုင်းလို—အနည်းဆုံး စောင့်ဆိုင်းလျှင် ကောင်းစားစရာအကြောင်းမမြင်—သည့်အတွက် လတ်တလောလိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်းငှာ အကြွေးနစ်နေသူ သန်းပေါင်းများစွာ ရှိနေခြင်းက စောင့်ဆိုင်းတတ်ခြင်း၌ ဉာဏ်ပညာရှိကြောင်း ထင်ရှားစေသည်။ ဖျားနာမှု၊ သို့မဟုတ် အလုပ်လက်မဲ့ဖြစ်ခြင်း အစရှိသည့် မမျှော်လင့်သောအခြေအနေများကြောင့် ဒုက္ခရောက်နိုင်ပါသည်။ ဂျာမနီနိုင်ငံတွင် လူတစ်သန်းမျှ အိုးအိမ်မဲ့ဖြစ်နေရခြင်းမှာ “အိုးအိမ်မဲ့မဖြစ်မီ အလုပ်လက်မဲ့ဖြစ်ခြင်း သို့မဟုတ် အကြွေးများလွန်းခြင်းကြောင့် အများအားဖြင့်ဖြစ်သည်” ဟုဂျာမန်သတင်းစာ ဖရန့်ဖရတာ ဩလဂျီမိုင်နာ ဇိုင်တွန်းက တင်ပြပါသည်။
အကြွေးများလွန်း၍ မဆပ်နိုင်သည့်အတွက် ဤအဖြစ်ဆိုးကြုံကြိုက်ရသူ မြောက်မြားစွာတို့သည် အိုးအိမ်နှင့် စည်းစိမ်ရှိရှိသမျှ ဆုံးရှုံးကြရသည်။ အများအားဖြင့်ဆိုလျှင် ဖိစီးမှုများတိုးများလာ၍ အိမ်တွင်းရေး တင်းမာမှုမှ ချိနဲ့လာသောအိမ်ထောင်ရေးတို့သည် စတင်ပြိုကွဲလေတော့သည်။ ထိုအခါ စိတ်ဓာတ်ကျဆင်းချိန်များနှင့် ကျန်းမာရေးချို့တဲ့မှုပြဿနာများ ဖြစ်မြဲဖြစ်နေပေမည်။ ခရစ်ယာန်များနှင့်ပတ်သက်၍မူ သူတို့၏ဝိညာဉ်ရေးပါ ထိခိုက်လာ၍ အတွေးအခေါ်မှားယွင်းပြီး မတော်လျော်သောအပြုအမူများကိုပြုသည်။ ဤသို့ ပညာမဲ့စွာ အရာရာကို လိုချင်ကြသူများသည် နောက်ဆုံး ဗလာနတ္ထိဖြစ်ကြရသည်။
မြောက်မြားစွာသောသူတို့အတွက် စိန်ခေါ်ချက်အသစ်
“လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်” ဘဲဖြစ်ရခြင်းကို သတိပြုသင့်ကြောင်း ယေရှုအတိအလင်း ဖော်ပြပါသည်။ (မာကု ၄:၁၉) ငွေရေးကြေးရေးအပါအဝင် ယေရှုဖော်ပြခဲ့သည့် စိုးရိမ်မှုများကို မည်သည့်အုပ်ချုပ်ရေးစနစ်မျှ အောင်မြင်စွာ ပယ်ရှားမပေးနိုင်ကြောင်း အသိအမှတ်ပြုသင့်သည်။
ယခု အရှေ့ဥရောပနိုင်ငံများ ငြင်းပယ်ခဲ့သည့် ကွန်မြူနစ်ဝါဒသည် နိုင်ငံတော်ကချုပ်ကိုင်သောစီးပွားရေးအားဖြင့် မျှတမှုရှိရန် ကြိုးစားခဲ့သည်။ လွတ်လပ်သောလုပ်ငန်းစနစ်နှင့်မတူ ယခင်စနစ်က ထိုတိုင်းနိုင်ငံများရှိသူတို့အား အရင်းရှင်စနစ် မပေးနိုင်သည့် စီးပွားရေးဆိုင်ရာအာမခံချက် အနည်းအကျဉ်းရရှိစေသည်။ သို့ဖြစ်၍ပင် စားသုံးကုန်ပစ္စည်း အလုံအလောက်မရှိခြင်း၊ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်လျော့နည်းခြင်းတို့ကြောင့် ယေရှုမိန့်တော်မူသည့် စိုးရိမ်မှုများ ရှိမြဲရှိနေပါသည်။
မျက်မှောက်အချိန်တွင် ထိုနိုင်ငံအများက ဈေးကွက်စီးပွားရေးစနစ်ကို အသုံးပြုနေကြရာ ပြည်သူလူထုအား စိန်ခေါ်ချက်အသစ်တစ်ခု ပေါ်ပေါက်နေပါသည်။ နောက်ဆုံးထုတ် ပြန်တမ်းတစ်ခုက–“အနောက်တိုင်း၏ စားသုံးမှုအဆင့်သို့ အလျင်အမြန်မီနိုင်ရန်စိတ်ဆန္ဒနှင့် ရိုးအခြင်း ဒွန်တွဲနေပါသည်” ဟုဆိုသည်။ ထိုသို့ဖြစ်လာနိုင်ရန် “အရှေ့ဂျာမနီရှိ လဲန်ဒါနယ်သစ်မှ ကြွေးမြီဝဲသြဃတွင် တစ်ဝဲလည်လည်ဖြစ်နေသူများ အရေအတွက်သည် တိုးများလာနေပါသည်။” ပြန်တမ်းက ထပ်ဆင့်သည်ကား “အစပိုင်းတွင် စိတ်ကျေနပ်မှုပေးသောစီးပွားရေးလွတ်လပ်ခွင့်အသစ်များ ပေါ်လာပြီးနောက် ယခု စိုးရိမ်မှုနှင့်စိတ်ဓာတ်ကျဆင်းမှုများ တိုးပွားနေပါသည်” ဟုဆိုသည်။ ရှိမြဲရှိနေသည့် စိုးရိမ်မှုတို့သည် ယခုအရင်းရှင်စနစ်အသွင်သို့ ပြောင်းလဲသွားပေပြီ။
နိုင်ငံရေးနှင့် စီးပွားရေးဘက် လွတ်လပ်မှုများ ပိုများလာသည့်အတွက် စီးပွားရေးတိုးတက်နိုင်စရာ အလားအလာသစ် များပြားလာပါပြီ။ သို့ဖြစ်သောကြောင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ရန် သို့မဟုတ် အလုပ်အကိုင်ကောင်းသည့် အခြားနိုင်ငံတစ်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ရန် စဉ်းစားသူ များစွာရှိပါသည်။
ဤကဲ့သို့သောဆုံးဖြတ်ချက်များသည် ကိုယ်ရေးကိုယ်တာကိစ္စများ ဖြစ်ပါသည်။ ခရစ်ယာန်တစ်ဦးအနေနှင့် မိမိ၏စီးပွားရေးအခြေအနေကို တိုးတက်စေလိုခြင်းသည် မမှားပါ။ “မိမိတို့လူကို မပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ” ကြောင်းကို သိထားသည့်အတွက် မိမိအိမ်ထောင်ကို ကြည့်ရှုပြုစုပေးလိုစိတ်ရှိကြပေမည်။—၁ တိမောသေ ၅:၈။
ထိုကြောင့် သူတစ်ပါးပြုသောဆုံးဖြတ်ချက်ကို အပြစ်တင်ပြောဆိုရန် မသင့်ပါ။ တစ်ချိန်တည်းတွင် မိမိတို့အတွက် ထောင်ချောက်ဖြစ်စေနိုင်သည့် အကြွေးများစွာတင်ခြင်းအားဖြင့် စီးပွားတိုးတက်ရေးကို ရှာဖွေခြင်းသည် ပညာမဲ့ကြောင်း သတိရပါ။ ဝိညာဏတာဝန်များနှင့် မှုရေးကိစ္စများကို လျစ်လျူရှုပြီး စီးပွားတိုးတက်ရန် ရှာကြံခြင်းသည်လည်း မှားယွင်းပါလိမ့်မည်။
သူတစ်ပါးထံမှ သင်ယူခြင်း
ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ်အနည်းငယ်အတွင်း စစ်ပန်းနေသောဥရောပတိုက်မှ အခြားနိုင်ငံများ၊ အထူးသဖြင့် ဩစတြေးလျားနိုင်ငံနှင့် ကနေဒါနိုင်ငံများသို့ ဂျာမန်လူမျိုး ထောင်ပေါင်းများစွာတို့သည် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ သို့ပြုခြင်းအားဖြင့် မိမိတို့၏စီးပွားရေးအခြေအနေကို တိုးတက်စေနိုင်ခဲ့သူ မြောက်မြားစွာရှိသော်လည်း ယေရှုမိန့်တော်မူခဲ့သည့် စီးပွားရေးဆိုင်ရာ စိုးရိမ်မှုများမှ တစ်ယောက်မျှ မလွတ်မြောက်နိုင်ခဲ့ကြပေ။ စီးပွားရေးပြဿနာများကို ဖြေရှင်းပေးရာတွင် အခြားပြဿနာအသစ်များ—အိမ်ကိုလွမ်းဆွတ်ခြင်း၊ မကျွမ်းကျင်သော ဘာသာစကား၊ အစားအစာအသစ်အဆန်းများနှင့် ခြားနားသောထုံးစံများကို သိကျွမ်းလာရခြင်း၊ မိတ်ဆွေအသစ်များနှင့် ပေါင်းဖော်တတ်ရခြင်း သို့မဟုတ် ခြားနားသောသဘောထားများကို ကိုင်တွယ်ဖြေရှင်းတတ်ရခြင်း—ပေါ်လာတတ်သည်။
ဤသို့ရွှေ့ပြောင်းနေထိုင်သူများမှအချို့မှာ ယေဟောဝါသက်သေများဖြစ်ကြပါသည်။ တိုင်းတစ်ပါးသို့ ရွှေ့ပြောင်းနေထိုင်ခြင်းမှ ပေါ်ပေါက်တတ်သည့်ပြဿနာများကြောင့် သူတို့၏ဝိညာဉ်ရေးကို အများစုအနေနှင့် မထိခိုက်စေခဲ့ခြင်းမှာ ချီးမွမ်းစရာပင်ဖြစ်သည်။ သို့သော် ခြွင်းချက်ရှိခဲ့ပါသည်။ အချို့တို့သည် စည်းစိမ်၏လှည့်စားခြင်းကိုခံခဲ့ကြ၍ သူတို့၏စီးပွားရေးတိုးတက်လာသကဲ့သို့ သီအိုကရက်တစ်ရေးဘက်တွင် မတိုးတက်ခဲ့ပါ။
ယင်းကြောင့် ပညာမဲ့ရာကျမည့် ဆုံးဖြတ်ချက်များမချမီ မိမိအခြေအနေကို အသေအချာ စစ်ဆေးသုံးသပ်ခြင်း၏ ဉာဏ်ပညာရှိလမ်းစဉ်ကို အဆိုပါအဖြစ်များက ဖော်ပြပါသည်။ စည်းစိမ်ဥစ္စာရှာလိုသောသဘောများက ခရစ်ယာန်များ တာဝန်ရထားသည့် နောက်တစ်ဖန် ဘယ်သောအခါမျှ ပြန်မလုပ်ကိုင်ရတော့မည့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လျော့ပေါ့လုပ်ကိုင်စေပါလိမ့်မည်။ ပြည်သူပြည်သားများ ငွေရေးကြေးရေးအတွက် ပူပင်စရာမလိုသည့်နိုင်ငံ မရှိသောကြောင့် အဘယ်နေရာ၌ပင် နေထိုင်စေကာမူ ထိုသို့ဖြစ်ပါလိမ့်မည်။
ကောင်းသော တိုက်လှန်ခြင်းကို ပြုခြင်း
“ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်လော့။ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက် . . . ကိုရမည်အကြောင်း သင်သည် ခေါ်တော်မူခြင်းကိုခံရ၍” စွဲကိုင်ထားလော့ဟု တိမောသေအား ပေါလုသတိပေးခဲ့သည်။ ကောရိန္သုခရစ်ယာန်များအား သူက “တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက် သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့” ဟုပြောပါသည်။—၁ တိမောသေ ၆:၁၁၊ ၁၂; ၁ ကောရိန္သု ၁၅:၅၈။
ဤမွန်မြတ်သောသြဝါဒကို လိုက်နာခြင်းသည် ရုပ်ဝါဒကို အောင်မြင်စွာတိုက်လှန်ရန် အကောင်းဆုံးနည်းဖြစ်သည်။ ခရစ်ယာန်တစ်ဦး ဆောင်ရွက်စရာအမှု အမှန်ပင်များပြားလှသည်! ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသူအရေအတွက် မများလှသောနိုင်ငံအချို့တွင် လူပေါင်းများစွာတို့သည် သမ္မာတရားကို အနည်းအကျဉ်းသာ ကြားနာခဲ့ဖူးပြီ။ “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏” ဟူ၍ တိကျမှန်ကန်စွာ ယေရှုကြိုတင်ဟောထားခဲ့ပြီ။—မဿဲ ၉:၃၇။
ဤတိုင်းနိုင်ငံများရှိ ငွေရေးကြေးရေးအတွက် ပူပင်သောကများကြောင့် လုပ်ကိုင်ရမည့် ဝိညာဏလုပ်ငန်းမှ သူတို့အား လမ်းလွှဲစေမည့်အစား ယေဟောဝါသက်သေများသည် ရရှိထားသည့်အခွင့်အရေးများကို အပြည့်အဝ အသုံးပြုကြခြင်းအားဖြင့် အလိုက်သင့်နေထိုင်ကြပါသည်။ ခေတ္တယာယီ အလုပ်လက်မဲ့ဖြစ်ချိန်တွင် သူတို့အနက် များစွာတို့သည် ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပို၍ ပါဝင်ကြလေသည်။ သူတို့၏အမှုဆောင်ခြင်းလုပ်ငန်းသည် ယေဟောဝါအား ချီးမွမ်းထောမနာပြုသံ တိုးမြှင့်စေရုံမက ကိုယ်တိုင်၏ စီးပွားရေးပြဿနာများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သည့်ရွှင်လန်းမှုကို ရရှိစေပါသည်။
ဤသက်သေခံများသည် ဟောပြောခြင်းလုပ်ငန်းကို ဦးစားပေးပြီး စီးပွားရေးအခက်အခဲများကို ဒုတိယအဆင့်တွင် ထားကြပါသည်။ ဤသို့ပြုခြင်းအားဖြင့် ယေဟောဝါဘုရားသခင်ကို သူတို့ယုံကြည်အားထားကြောင်း ကမ္ဘာချီညီအစ်ကိုများအသင်းအပင်းအား တင်ပြကြပါသည်။ ကိုယ်တော်၏ကတိတော်ကား “ဘုရားသခင်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဖြစ်သည်။—မဿဲ ၆:၃၃။
၁၉၁၉ ခုနှစ်တွင် စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ထောင်လာကတည်းက ယေဟောဝါ၏လူမျိုးတော်အား ကိုယ်တော်သည် မယိမ်းယိုင်စေခဲ့ပါ။ ပြင်းထန်သောညှဉ်းပန်းမှုများအပြင် အချို့နေရာများတွင် ဆယ်စုနှစ်များစွာ မြေအောက်လုပ်ငန်း ဆောင်ရွက်ခဲ့ရချိန်တွင် သူတို့အား ကိုယ်တော်ကာကွယ်ပေးတော်မူခဲ့ပြီ။ နှိပ်စက်ညှဉ်းပန်းမှုအားဖြင့် မာရ်နတ်သည် မအောင်မြင်နိုင်ခဲ့သည့်နည်းတူ စည်းစိမ်ဥစ္စာရှာခြင်းအားဖြင့်လည်း မအောင်မြင်နိုင်စေရန် ယေဟောဝါသက်သေများ စိတ်ဆုံးဖြတ်ထားကြပြီတကား!
နည်းအမျိုးမျိုးဖြင့် စောင့်ဆိုင်းနေတတ်ခြင်း
ကျယ်ဝန်းသော နိုင်ငံတော်ခန်းမဆောင်များ၊ တန်ဖိုးကြီးသော အသံချဲ့ကိရိယာများ၊ စည်းဝေးပွဲခန်းမများ၊ လှပတင့်တယ်သော ဗေသလအိမ်များတို့က ဘုရားသခင့်ဘုန်းတော် ထင်ရှားစေ၍ ကိုယ်တော့်လူမျိုးကို ကိုယ်တော်ကောင်းချီးပေးနေတော်မူကြောင်း သက်သေထူပါသည်။ ကြာမြင့်စွာ လုပ်ငန်းပိတ်ပင်ထားသည့်နိုင်ငံများရှိ ယေဟောဝါသက်သေများသည် ဤကိစ္စတွင် သူတို့ လိုက်မီနိုင်ရန် အတော်အတန်ကြိုးစားရဦးမည်ဟု ယူဆကြပေမည်။ သို့သော် အရေးအကြီးဆုံးကား ဝိညာဉ်ရေးအရ သူတို့ရင်ပေါင်တန်းနေကြခြင်းဖြစ်သည်။ အချိန်တန်လျှင် ရုပ်ပိုင်းဆိုင်ရာနည်းလမ်းအရ သူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူမည့်အကြောင်း တွေ့ရှိလာကြပါလိမ့်မည်။
မိမိအကျိုးကိုရှာကြံပြုမူရာတွင် အချို့သောအရာတို့မရှိဘဲ နေခဲ့သည့်အချိန်မှာ ကြာမြင့်ပေပြီဟု စတင်မခံစားမိကြရန် ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသောကျေးကျွန်များ သတိပြုသင့်ပါသည်။ စီးပွားရေးနှင့် လူမှုရေးမညီမျှမှုများမှ လွတ်မြောက်လိုစိတ်ရှိခြင်းသည် ဓမ္မတာပင်။ သို့သော် ဘုရားသခင့်ကျေးကျွန်အားလုံးသည် လွတ်မြောက်မှုကိုရလိုကြကြောင်း ယေဟောဝါ၏လူများ လျစ်လျူမရှုပါ။ မျက်စိမမြင်သူများသည် ပြန်တွေ့မြင်လိုကြ၏၊ နာတာရှည်ဖျားနာသူသည် ကျန်းမာရေးပြန်ကောင်းလာချင်သည်၊ စိတ်ဓာတ်ကျဆင်းသူများသည် တောက်ပသော မျှော်လင့်ချက်ကို လိုလားကြသည်၊ လွမ်းဆွတ်ရသူများသည် ချစ်မြတ်နိုးရသော သေလွန်သူများကို ပြန်တွေ့လိုကြသည်။
အခြေအနေအမျိုးမျိုးကြောင့် ခရစ်ယာန်တိုင်းသည် မိမိတို့ပြဿနာများကို ယေဟောဝါ၏ကမ္ဘာသစ် ဖြေရှင်းပေးမည့်အချိန်အတွက် တစ်နည်းနည်းဖြင့် စောင့်ဆိုင်းနေရပါသည်။ ယင်းကြောင့် ကိုယ့်ကိုယ်ကိုမေးသင့်သည်ကား ‘စားရန်၊ ဝတ်ရန်ရှိသမျှနှင့် အကျွန်ုပ်ရောင့်ရဲလျက် စီးပွားရေးပြဿနာများ ပြေလည်သွားချိန်ကို စောင့်ဆိုင်းနေလိုစိတ် မရှိသင့်သလော’ ဟူ၍ဖြစ်သည်။—၁ တိမောသေ ၆:၈။
ယေဟောဝါကို အားထားမှီခိုသောခရစ်ယာန်များ စိတ်ချနိုင်သည်ကား သူတို့သာ စောင့်ဆိုင်းလိုစိတ်ရှိမည်ဆိုလျှင် သူတို့၏တော်လျော်သောလိုအင်ဆန္ဒများသည် များမကြာမီ ရောင့်ရဲတင်းတိမ်တော့မည်ဖြစ်သည်။ မည်သူမျှ အချည်းနှီးစောင့်ဆိုင်းခဲ့သည် မဖြစ်ရပါ။ ပေါလု၏စကားများကို ထပ်မံပြောဆိုပါမည်–“သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက် သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၁၅:၅၈။
ထိုကြောင့် စောင့်ဆိုင်းတတ်ရန် သင်ယူခြင်းသည် ဤမျှကြီးမားသောပြဿနာ ဖြစ်သင့်ပါသလော။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
စောင့်ဆိုင်းတတ်ရန် သင်ယူခြင်းသည် သင့်အသက်ကို ကယ်ဆယ်နိုင်