“နူးညံ့သိမ်မွေ့သောသူအပေါင်းတို့ ယေဟောဝါကို ရှာကြလော့”
“ကိုယ်တော်၏တရားစီရင်ချက်အတိုင်းကျင့်သည့် မြေကြီးပေါ်ရှိနူးညံ့သိမ်မွေ့သောသူအပေါင်းတို့ ယေဟောဝါကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းကို ရှာကြလော့။ ယေဟောဝါအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။”—ဇေဖနိ ၂:၃၊ ကဘ။
ထိုစကားများကို “မြေကြီးပေါ်ရှိ နူးညံ့သိမ်မွေ့သောသူ” အား ဇေဖနိပြောဆိုခဲ့ပြီး “ယေဟောဝါအမျက်ထွက်တော်မူသောနေ့” ၌အကာအကွယ်ရရှိခြင်းငှာ “နူးညံ့သိမ်မွေ့ခြင်းကိုရှာကြ” ရန် တိုက်တွန်းထားပါသည်။ ကယ်တင်ခြင်းရခြင်းငှာ နူးညံ့သိမ်မွေ့ခြင်း ရှိဖို့လိုနေကြောင်း ငြင်းဆိုစရာမရှိပါ။ အဘယ်ကြောင့်နည်း။
နူးညံ့သိမ်မွေ့ ခြင်းကို အဘယ်ကြောင့် ရှာရ
နူးညံ့သိမ်မွေ့ ခြင်းသည် မာနထောင်လွှားခြင်း သို့မဟုတ် ဘဝင်မြင့်ခြင်း ကင်းသည့်စိတ်သဘော၏အရည်အချင်းဖြစ်သည်။ ၎င်းသည် နှိမ့်ချခြင်းနှင့် ဖြည်းညင်းသောသဘော အစရှိသည့်အရည်အချင်းများနှင့် ဆက်စပ်နေပါသည်။ ထို့သို့ဖြစ်ခြင်းကြောင့် နူးညံ့သိမ်မွေ့သောသူများသည် သွန်သင်ပေးရလွယ်ကူသည်၊ ဘုရားသခင့်ထံတော်မှ ပဲ့ပြင်မှုသည် တစ်ခဏမျှ ခံရခက်စေဦးတော့ ယင်းကို လက်ခံယူရန် အသင့်ရှိပါသည်။—ဆာလံ ၂၅:၉; ဟေဗြဲ ၁၂:၄-၁၁။
နူးညံ့သိမ်မွေ့ခြင်း ကိုယ်နှိုက်က ပညာအရည်အချင်း သို့မဟုတ် ဘဝအဆင့်အတန်းနှင့် ပတ်သက်နေစရာအကြောင်း မရှိသလောက်ဖြစ်သည်။ သို့ရာတွင် အဆင့်မြင့်ပညာတတ်မြောက်ထားသူ၊ သို့မဟုတ် လောကီရေးဘက် အောင်မြင်နေသူတို့သည် ဝတ်ပြုရေးကိစ္စများ၌ပင် အရာခပ်သိမ်းကို ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချရန် အရည်အချင်းပြည့်မီပြီဟု ယူဆတတ်ကြပါသည်။ ယင်းစိတ်ထားက သွန်သင်မှုကိုခံယူရန် သို့မဟုတ် ဆုံးမစကားကို လက်ခံယူပြီး မိမိဘဝကို လိုအပ်သလို ပြုပြင်ပြောင်းလဲရန် ခက်ခဲစေနိုင်သည်။ စည်းစိမ်ဥစ္စာကြွယ်ဝသူများမှာမူ မိမိတို့၏လုံခြုံမှုသည် မိမိတို့၏စည်းစိမ်ပေါ်အခြေပြုသည်ဟူ၍ အထင်မှားအမြင်မှားနေပေမည်။ သို့ဖြစ်သောကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာမှ ဝိညာဏဘဏ္ဍာကို ဆည်းပူးရန်မလိုဟူ၍ ယူမှတ်ပေမည်။—မဿဲ ၄:၄; ၅:၃; ၁ တိမောသေ ၆:၁၇။
ယေရှုခေတ်ရှိ ကျမ်းတတ်များ၊ ဖာရိရှဲများနှင့် ယဇ်ပုရောဟိတ်ကြီးများကို ဆင်ခြင်သုံးသပ်ပါ။ တစ်ချိန်တွင် ယေရှုကိုဖမ်းဆီးခဲ့ရန် ဖာရိရှဲများ စေလွှတ်ခဲ့သော စစ်အရာရှိများသည် ကိုယ်တော်မပါဘဲ ပြန်လာကြသောအခါ ဖာရိရှဲများက “သင်တို့ကိုပင် လှည့်ဖြားပြီလော။ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှ ရှိသလော။ တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်” ဟုဆိုကြသည်။ (ယောဟန် ၇:၄၅-၄၉) တစ်နည်းအားဖြင့်ဆိုလျှင် သူတို့အဆိုအရ နားလည်မှု နည်းသောသူ၊ ပညာမဲ့သောသူများသာလျှင် ရိုး အလွန်း၍ ယေရှုကို ယုံကြည်ကြမည် ဟူ၍ဖြစ်သည်။
သို့ဆိုသည့်တိုင် ဖာရိရှဲအချို့သည် သမ္မာတရားကို မြတ်နိုးတတ်လာကြ၍ ယေရှုနှင့်ခရစ်ယာန်များဘက်မှ ခုခံကာကွယ်ပြောဆိုပေးခဲ့ပါသည်။ နိကောဒင်နှင့် ဂါမလျေလတို့သည် ထိုသူများအဝင် ဖြစ်ပါသည်။ (ယောဟန် ၇:၅၀-၅၂; တမန်တော် ၅:၃၄-၄၀) ယေရှုကွယ်လွန်ပြီးနောက် “ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။” (တမန်တော် ၆:၇) အထူးခြားဆုံးပုံသက်သေမှာ တမန်တော်ပေါလုဖြစ်ကြောင်း ထင်ရှားပါသည်။ သူသည် ဂါမလျေလ၏ခြေရင်း၌ ပညာသင်ယူခဲ့သူဖြစ်၍ ယုဒဘာသာ၌ အလွန်ပေါက်ရောက် ထောက်ခံသူအဖြစ် လေးစားခံခဲ့ရသူလည်း ဖြစ်ခဲ့ပါသည်။ သို့ရာတွင် အချိန်တန်လေသော် ခရစ်တော်ယေရှု၏ ဖိတ်ခေါ်ခြင်းကို နှိမ့်ချစွာလက်ခံကာ ဇွဲလုံ့လရှိသော တပည့်နောက်လိုက်တစ်ဦးဖြစ်လာပါသည်။—တမန်တော် ၂၂:၃; ၂၆:၄၊ ၅; ဂလာတိ ၁:၁၄-၂၄; ၁ တိမောသေ ၁:၁၂-၁၆။
တစ်ဦးတစ်ယောက်၏ နောက်ခံသည် မည်သို့ပင်ရှိစေကာမူ၊ ယခုမျက်မှောက်အချိန်တွင် သမ္မာကျမ်းစာမှ သတင်းတရားကို မည်သို့ပင်ယူဆထားစေကာမူ ဇေဖနိ၏စကားများသည် သက်ဆိုင်နေဆဲဖြစ်ကြောင်း အထက်ပါအဖြစ်အပျက်အားလုံးတို့က ဖော်ပြပါသည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင့်အလိုတော်နှင့်တွေ့လို၍ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ လမ်းညွှန်မှုကို ခံယူလိုပါက နူးညံ့သိမ်မွေ့ခြင်းသည် မရှိလျှင်မဖြစ်ပါ။
ယနေ့ “နူးညံ့သိမ်မွေ့ ခြင်းကို ရှာ” သူများ
ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံနာယူနေကြပါသည်။ ယေဟောဝါသက်သေများသည် ဤကဲ့သို့သောသူများ၏အိမ်တွင် ပတ်စဉ်ပင် ကျမ်းစာသင်အံမှုပေါင်း လေးသန်းကျော် ကျင်းပနေကြပါသည်။ ၎င်းတို့သည် နောက်ခံအမျိုးမျိုး၊ စီးပွားရေးအခြေအနေနှင့် လူမှုရေးအခြေအနေအမျိုးမျိုးမှလာကြသူများ ဖြစ်ပါသည်။ သို့ဖြစ်၍ပင် သူတို့အားလုံး၌ရှိသောအရည်အချင်းတစ်ခုကား သူတို့အိမ်ဝ သို့မဟုတ် အခြားနေရာတစ်နေရာတွင် သမ္မာကျမ်းစာသတင်းကို တစ်ယောက်ယောက်က တင်ဆက်ပြောဆိုသည့်အခါ ယင်းကိုလက်ခံရန် နှိမ့်ချမှုအလုံအလောက်ရှိခဲ့ခြင်းဖြစ်သည်။ သူတို့၏ခရီးလမ်းတွင် အတားအဆီးများကို ကျော်လွှားနိုင်ရန် ကြိုးစားအားထုတ်လိုသောကြောင့်လည်း ဤသူအများတို့သည် အမှန်တိုးတက်နေကြခြင်းဖြစ်သည်။ မှန်ပေသည်။ ဤသူတို့သည် ယနေ့ “မြေကြီးပေါ်ရှိ နူးညံ့သိမ်မွေ့သူများ” အဝင်ဖြစ်ကြပါသည်။
ဥပမာအနေနှင့် မက္ကဆီကိုနိုင်ငံရှိ မာရီယာကိုကြည့်လေ။ တက္ကသိုလ်တွင် ဥပဒေပညာသင်ယူခဲ့သူဖြစ်ပြီး အမွေရထားသောကြောင့် ငွေရေးကြေးရေးအတွက် ပူပင်စရာမလိုအပ်သူဖြစ်ပါသည်။ ယင်းကြောင့်လည်း သူကိုယ်တိုင်ပြောသည့်အတိုင်း မိမိသည် “တော်လှန်ပုန်ကန်၊ ရိုင်းပျခက်ထန်၊ နိုင်ထက်စီးနင်းလုပ်ပြီး ဘုရားမဲ့ဝါဒီ” တစ်ဦးဖြစ်လာစေသည့် လွတ်လပ်လွန်းသော အယူအဆအချို့ကို ခံယူခဲ့သည်။ “အရာရာကို ငွေဖြင့် ဖြေရှင်းနိုင်ပြီး ဘုရားသခင်သည် အရေးမကြီးပါဟူ၍ ထင်မှတ်လာသည်။ အမှန်မှာ ဘုရားမရှိဟု မာရီယာထင်မှတ်ခဲ့သည်။ ချာ့ချ်ဆိုသည်မှာ ရယ်ဖွယ်ကောင်းပြီး လူမှုရေးပြဋ္ဌာန်းချက်မျှသာ ဖြစ်သည်” ဟုသူယူဆခဲ့ကြောင်း ပြောပြပါသည်။
နောင်တွင် သူ၏ဝမ်းကွဲတစ်ဦးသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လာသောအခါ ပြောင်းလဲလာသည်ကို မာရီယာ သတိပြုမိသည်။ “တစ်ချိန်က အလွန်ဆိုးခဲ့သူသည် ယခု အေးဆေးငြိမ်သက်ပြီး ရိုးသားဖြောင့်မတ်လာသည်” ဟုမာရီယာရှင်းပြသည်။ “ဆွေမျိုးတို့ကလည်း သူသည် တရားဟောပြီး ကျမ်းစာဖတ်နေသည့်အတွက် အရက်မသောက်၊ မိန်းမမလိုက်စားတော့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ကျွန်မအား သူ ကျမ်းစာလာဖတ်ပေးမည်ဆိုလျှင် ကျွန်မအလွန်တမ်းတသည့် စိတ်ငြိမ်သက်ခြင်းချမ်းသာကို ရရှိမည်ဟု ထင်မှတ်ခဲ့ပါသည်။” ရလဒ်ကား မာရီယာသည် သက်သေခံမောင်နှံစုံတစ်ဦးနှင့် သမ္မာကျမ်းစာ လေ့လာလေတော့သည်။
သူမ ပြုပြင်ရသည့်အကျင့် များစွာရှိခဲ့ပါသည်။ လင့်သြဇာကိုခံရမည်ဟူသော ကျမ်းစာ၏ဦးစီးမှုစည်းမျဉ်းကို သူမလက်ခံရန် အလွန်ခဲယဉ်းခဲ့သည်။ သို့သော် သူမ၏ဘဝအသက်တာနှင့် စိတ်နေစိတ်ထားတွင် အကြီးအကျယ်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ သူမက “ကျွန်မအိမ်သို့ ညီအစ်ကိုများလာပြီး ယေဟောဝါအကူအညီကို ကမ်းလှမ်းပေးခဲ့သည့်အချိန်ကတည်းက ကျွန်မအိမ်တွင် ပျော်ရွှင်မှု၊ ငြိမ်သက်ခြင်းနှင့် ဘုရားသခင့်ကောင်းချီး ခံစားခဲ့ရပါသည်” ဟုသူမပြောပြသည်။။ ယနေ့ မာရီယာသည် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံယူထားသော ယေဟောဝါ၏သက်သေတစ်ဦး ဖြစ်ချေပြီ။
စစ်မှန်သောဝတ်ပြုမှုကို လိုက်စားရာတွင် နူးညံ့သိမ်မွေ့ခြင်း သို့မဟုတ် ထိုအရည်အချင်းကင်းမဲ့ခြင်းသည် အရေးကြီးကဏ္ဍတွင်ပါဝင်သည့် အခြားတစ်နေရာရှိပါသေးသည်။ များသောအားဖြင့်ဆိုလျှင် မိသားစုတစ်ခုတွင် ဇနီးသည်ဖြစ်သူသည် သမ္မာတရားကိုလက်ခံလေ့ရှိ၍ ဘုရားသခင့်အမှုတော်ကို ဆောင်ရွက်လိုသော်လည်း လင်ယောက်ျားသည် တွန့်ဆုတ်နေတတ်ပါသည်။ မိမိ၏ဇနီးဖြစ်သူ လက်အောက်ခံရမည့် အခြားသူတစ်ပါး—ယေဟောဝါဘုရားသခင်—ရှိနေခြင်းကို အချို့လင်သားများလက်မခံနိုင်ခြင်း ဖြစ်ကောင်းဖြစ်မည်။ (၁ ကောရိန္သု ၁၁:၃) မက္ကဆီကိုနိုင်ငံ၊ ချီဟွာဟွာမြို့ရှိ အမျိုးသမီးတစ်ဦးသည် ကျမ်းစာသင်ပေးရန် တောင်းဆိုခဲ့၍ အချိန်တန်လေသော် သူမနှင့် သူမ၏ သားသမီးခုနစ်ယောက်တို့သည် သမ္မာတရားရရှိလာသည်။ အစအဦးတွင် လင်ယောက်ျား၏ အတိုက်အခံကို သူမကြုံတွေ့ခဲ့ရပါသည်။ အဘယ်ကြောင့်နည်း။ မိမိအိမ်သူအိမ်သားများသည် ကျမ်းစာစာပေများကို တစ်အိမ်မှတစ်အိမ်ဟောပြောဝေငှခြင်းကို သူ မလိုလားခဲ့သောကြောင့်ဖြစ်သည်။ ယင်းသို့ပြုခြင်းသည် မိမိဂုဏ်ကိုနိမ့်ကျစေသည်ဟု သူယူမှတ်နေခြင်း ဖြစ်ပေမည်။ သို့ရာတွင် သူ၏မိသားစုမူကား ဘုရားသခင့်အမှုတော်ကိုထမ်းဆောင်ရန် သူတို့၏ဆုံးဖြတ်ချက်ကို ခိုင်မြဲစွာရပ်တည်ခဲ့ကြသည်။ အချိန်တန်လေသော် ဘုရားသခင့်အစီအစဉ်ကိုလက်ခံခြင်း၏တန်ဖိုးကို လင်ယောက်ျားဖြစ်သူပါ စတင်သဘောပေါက်လာပါသည်။ သို့သော် ၁၅ နှစ်ကြာမှသာ သူသည် ယေဟောဝါထံဆက်ကပ်အပ်နှံသူတစ်ဦး ဖြစ်လာခဲ့ပါသည်။
တိုင်းရင်းအိန္ဒိယဘာသာစကားနှင့် ထုံးစံများကိုလိုက်သည့် ဒေသခံများနေထိုင်ရာ သီးခြားရပ်ကွက်မြောက်မြားစွာ မက္ကဆီကိုနိုင်ငံတစ်လျှောက် ရှိနေဆဲဖြစ်ပါသည်။ သမ္မာကျမ်းစာမှ သတင်းတရားသည် ဤသူများထံရောက်ရှိနေပြီး သမ္မာတရားကို သူတို့သင်ယူကြရာတွင် စာရေးတတ်ဖတ်တတ်လာကြရာ သူတို့၏ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်လာဖို့ များစွာအကူအညီပေးပါသည်။ သို့ရာတွင် ပညာအရည်အချင်းမရှိ၊ သို့မဟုတ် ငွေအင်အားနည်းသည့်အတွက် လက်သင့်ခံမှုပိုများလိမ့်မည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ကိုယ့်လူမျိုးကိုယ်အထင်ကြီးခြင်း၊ ဘိုးစဉ်ဘောင်ဆက်မှ ရိုးရာထုံးစံများကို အစွဲအလန်းကြီးခြင်းကလည်း သမ္မာတရားကိုလက်ခံရန် အချို့သူများအတွက် အခက်အခဲဖြစ်စေပါသည်။ ယင်းကြောင့် အချို့အိန္ဒိယရွာကလေးများတွင် သမ္မာတရားကိုလက်ခံသူများသည် အခြားရွာသားများ၏ အနှောက်အယှက်ကို အဘယ်ကြောင့်ခံရကြောင်း သဘောပေါက်နိုင်ပါသည်။ ထိုကြောင့် နူးညံ့သိမ်မွေ့ခြင်းသည် အသွင်အမျိုးမျိုးရှိသည်။
နူးညံ့သိမ်မွေ့စွာ တုံ့ပြန်
အသင်ကိုယ်တိုင်ကော။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ သမ္မာတရားကို သင်လက်သင့်ခံ တုံ့ပြန်နေပါသလော။ သို့မဟုတ် သမ္မာကျမ်းစာမှ တရားစစ်တရားမှန်အချို့ကို လက်ခံယူရန် ခဲယဉ်းနေပါသလော။ အသင့်အား အဘယ်အရာသည် အခက်အခဲဖြစ်စေနေသည်ကို စစ်ဆေးကြည့်လိုပေမည်။ သမ္မာတရားကိုနှစ်သက်သူအများစုသည် နှိမ့်ချသောအခြေမှလာသူများဖြစ်သည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်နေပါသလော။ ဤသို့တွေးခေါ်ရခြင်းသည် မာန်မာနစိတ်ကြောင့်လော။ တမန်တော်ပေါလု၏စကားကို ပြန်သုံးသပ်ကြည့်လျှင် ကောင်းပေသည်– “ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။ ထိုကြောင့် ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာအကြောင်းမရှိ။”—၁ ကောရိန္သု ၁:၂၇-၂၉။
ရိုးရိုးမြေအိုးတစ်လုံးတွင် ဘဏ္ဍာတစ်ခုကိုတွေ့ရှိလိုက်သည့်အတွက် ယင်းကို သင်လက်မခံ ငြင်းပယ်မည်လော။ လက်မခံဘဲနေမည်မဟုတ်ပါ။ သို့သော် အသက်ကယ်သည့် နှုတ်ကပါဌ်တော်မှ သမ္မာတရားကို ထိုသို့ပင် ကျွန်ုပ်တို့အား ဘုရားသခင်ပေးလိုတော်မူခဲ့ကြောင်း တမန်တော်ပေါလု ဤသို့ရှင်းပြသည်– “တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏။” (၂ ကောရိန္သု ၄:၇) နူးညံ့သိမ်မွေ့ခြင်းနှင့် နှိမ့်ချခြင်းရှိမည်ဆိုလျှင် ကျွန်ုပ်တို့ထံ ထိုဘဏ္ဍာကို လာပေးသည့် “မြေအိုးများ” သို့မဟုတ် လူ့ကိုယ်စားလှယ်များသာမက ဘဏ္ဍာ၏ တန်ဖိုးကို တွေ့ရှိနားလည်ရန် အကူအညီရပါလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် “ယေဟောဝါအမျက်ထွက်တော်မူသောနေ့၌ . . . ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့” နိုင်စရာအခွင့် တိုးပွားများပြား၍ “မြေကြီးကိုအမွေခံမည့်” နူးညံ့သိမ်မွေ့သူများအဝင် ဖြစ်နေပါလိမ့်မည်။—ဇေဖနိ ၂:၃; မဿဲ ၅:၅။