ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၅/၁ စာ. ၂၁-၂၆
  • ယေဟောဝါသက်သေများ သတိနှင့်စောင့်နေကြရသည့်အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေများ သတိနှင့်စောင့်နေကြရသည့်အကြောင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးတပည့်တော်များ သတိနှင့်စောင့်နေရန် ကြိုးစားခဲ့
  • မစောင့်တော့သူများ
  • တိုး၍စောင့်နေခြင်း၏ ရလဒ်များ
  • ဤသူတို့သည် သတိနှင့်စောင့်နေသူများဖြစ်ကြောင်း မည်သို့သက်သေထူ
  • အသင် သတိနှင့်ဆက်စောင့်နေသလော
  • ကောင်းကင်မှာ နိုင်ငံတော်ဖွားမြင်ပြီ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ယေရှုရဲ့ နိုးကြားမှုပုံနမူနာကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • လုပ်ငန်းအတွက်မိမိလူမျိုးတော်ကို ယေဟောဝါစုစည်း၍တန်ဆာဆင်
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၅/၁ စာ. ၂၁-၂၆

ယေဟောဝါသက်သေများ သတိနှင့်စောင့်နေကြရသည့်အကြောင်း

“သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” —မဿဲ ၂၄:၄၂။

၁ “သတိနှင့်စောင့်နေကြလော့” ဟူသောသတိပေးချက်သည် မည်သူနှင့်သက်ဆိုင်နေသနည်း။

ဘုရားသခင်၏ ကျေးကျွန်—ငယ်ရွယ်သူ၊ အသက်ကြီးသူ၊ အပ်နှံပြီးခါစလူသစ်၊ ရှည်ကြာသည့်လုပ်ငန်းတော်မှတ်တမ်းရှိသူ—တိုင်းအတွက် သမ္မာကျမ်းစာ၏ “သတိနှင့်စောင့်နေကြလော့” ဟူသောသတိပေးချက်သည် သက်ဆိုင်နေသည်။ (မဿဲ ၂၄:၄၂) ၎င်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၂၊ ၃။ (က) အဘယ်ပုဗ္ဗနိမိတ်ကို ယေရှု ရှင်းလင်းပြတ်သားစွာ ဖော်ပြသနည်း။ ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံချက်က ဘာကိုထင်ရှားစေသနည်း။ (ခ) မဿဲ ၂၄:၄၂ တွင်ကိုးကားထားသည့် အဘယ်အခြေအနေက ကျွန်ုပ်တို့ယုံကြည်ခြင်း စစ်မှန်မမှန် စမ်းသပ်သနည်း။ မည်သို့အားဖြင့်နည်း။

၂ ယေရှု၏ မြေကြီးပေါ် ဓမ္မအမှုဆောင်ကာလ အကုန်ပိုင်းတွင် ကိုယ်တော်သည် နိုင်ငံတော်တန်ခိုးနှင့် မျက်မြင်မရရောက်ရှိနေခြင်းဆိုင်ရာ ပုဗ္ဗနိမိတ်ကို ကြိုတင်ဟောတော်မူခဲ့သည်။ (မဿဲ အခန်း ၂၄ နှင့် ၂၅) ကိုယ်တော်၏ တော်ဝင်ရောက်ရှိနေခြင်းဆိုင်ရာကာလကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားတော်မူခဲ့၍—၁၉၁၄ တွင် ကောင်းကင်၌ ဘုရင်အဖြစ် ကိုယ်တော်နန်းတင်ခံရကြောင်း ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံချက်အဖြစ် ကျွန်ုပ်တို့မြင်တွေ့ရသောအဖြစ်အပျက်များက ထင်ရှားစေသည်။ ထို့နောက် ကျွန်ုပ်တို့၌ စစ်မှန်သောယုံကြည်ခြင်းရှိမရှိ စမ်းသပ်လိမ့်မည့်အခြေအနေတစ်ခုကိုလည်း ကိုယ်တော်ဖော်ညွှန်းတော်မူသေးသည်။ ယင်းသည် ကြီးစွာသောဒုက္ခတွင် လက်ရှိ ဆိုးယုတ်သောအစီအစဉ်ကို ဖျက်ဆီးရန် ခရစ်တော်သည် အပြီးသတ်စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသူအဖြစ် စတင်လုပ်ကိုင်မည့်အချိန်နှင့်စပ်လျဉ်းသည်။ ထိုအချိန်အကြောင်း ယေရှုဤသို့ဆိုသည်– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” ယင်းကိုရည်မှတ်၍ ကိုယ်တော်ဤသို့ပြောသည်– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”—မဿဲ ၂၄:၃၆၊ ၄၂။

၃ ကြီးစွာသောဒုက္ခ မည်သည့်အချိန်နာရီတွင်စတင်မည်ကို မသိခြင်းက မိမိတို့ကိုယ်ကိုခရစ်ယာန်ဟုခေါ်ဆိုသူများသည် ခရစ်ယာန်စစ်များအဖြစ် နေ့စဉ် အသက်ရှင်သင့်သည်။ ကြီးစွာသောဒုက္ခ ရောက်သောအခါ သင့်ဘဝအသက်တာကို သင်အသုံးပြုပုံသည် သခင့်မျက်နှာသာတော်နှင့်တွေ့မည်လော။ သို့မဟုတ် ထိုအချိန်မတိုင်မီ ကွယ်လွန်ပါက သင့်လက်ရှိအသက်တာ၏ အဆုံးတိုင်အောင် ယေဟောဝါအမှုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့သူအဖြစ် သင့်အား ကိုယ်တော်အမှတ်ရနိုင်ပါမည်လော။—မဿဲ ၂၄:၁၃; ဗျာဒိတ် ၂:၁၀။

ရှေးတပည့်တော်များ သတိနှင့်စောင့်နေရန် ကြိုးစားခဲ့

၄။ ဝိညာဏရေးအရ သတိနှင့်စောင့်နေခဲ့သော ယေရှု၏ပုံသက်သေမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။

၄ ဝိညာဏရေးအရ သတိနှင့်စောင့်နေခြင်းတွင် ယေရှုခရစ်သည် အကောင်းဆုံးပုံသက်သေကိုထားတော်မူခဲ့သည်။ ခမည်းတော်ထံ ကြိမ်ဖန်များစွာ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတော်မူခဲ့သည်။ (လုကာ ၆:၁၂; ၂၂:၄၂-၄၄) စမ်းသပ်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသောအခါ ကိုယ်တော်သည် ကျမ်းစာစောင်များပါ ညွှန်ကြားချက်ကို လေးလေးနက်နက် အမှီသဟဲပြုတော်မူခဲ့သည်။ (မဿဲ ၄:၃-၁၀; ၂၆:၅၂-၅၄) ယေဟောဝါပေးထားသည့်လုပ်ငန်းမှ သွေဖည်သွားရန် မိမိကိုယ်ကိုခွင့်မပြုခဲ့ပါ။ (လုကာ ၄:၄၀-၄၄; ယောဟန် ၆:၁၅) မိမိတို့ကိုယ်ကို ယေရှု၏နောက်တော်လိုက်များဟု ယူမှတ်သူများသည် ထပ်တူပင် သတိနှင့်စောင့်နေကြမည်လော။

၅။ (က) ဝိညာဏရေးအရ ဟန်ချက်ညီခြင်းတွင် ယေရှု၏တမန်တော်များ အဘယ်ကြောင့် ပြဿနာကြုံခဲ့ရသနည်း။ (ခ) ရှင်ပြန်ထမြောက်ပြီးနောက် တမန်တော်များအား ယေရှုအဘယ်အကူအညီပေးခဲ့သနည်း။

၅ တစ်ခါတစ်ရံ ယေရှု၏တမန်တော်များပင်လျှင် တွေဝေခဲ့သည်။ စိတ်အားထက်သန်လွန်းရုံမက အယူအဆမှားယွင်းခဲ့သောကြောင့် သူတို့သည် စိတ်ပျက်စရာများ ကြုံတွေ့ခဲ့ရသည်။ (လုကာ ၁၉:၁၁; တမန်တော် ၁:၆) ယေဟောဝါကို လုံးလုံးလျားလျား အားမထားတတ်မီ ရုတ်တရက်ကြုံခဲ့ရသော စုံစမ်းခြင်းများကြောင့် စိတ်တွေဝေသွားခဲ့သည်။ ယင်းကြောင့် ယေရှုဖမ်းဆီးခံရချိန်တွင် တမန်တော်များ ထွက်ပြေးခဲ့ကြသည်။ ထိုနောက် ညအခါတွင် ကြောက်အားလန့်အားဖြင့် ပေတရုသည် ခရစ်တော်ကို သိပင်မသိပါဟု အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ “ဆုတောင်းလျက် စောင့်နေကြလော့” ဟူသော ယေရှု၏သြဝါဒကို တမန်တော်များသည် နှလုံးမပိုက်ကျုံးခဲ့ကြသေးချေ။ (မဿဲ ၂၆:၄၁၊ ၅၅၊ ၅၆၊ ၆၉-၇၅) ရှင်ပြန်ထမြောက်တော်မူပြီးနောက် ယေရှုသည် ကျမ်းစာကိုအသုံးပြုကာ သူတို့အား ယုံကြည်ခြင်းတိုးပွားစေတော်မူခဲ့သည်။ (လုကာ ၂၄:၄၄-၄၈) သူတို့အနက် အချို့သည် အပ်နှင်းခံရသော ဓမ္မအမှုဆောင်ရန်တာဝန်ကို ဒုတိယနေရာတွင် ထားမည့်ဟန်ရှိသောအခါ သာ၍အရေးကြီးသောလုပ်ငန်းကို အာရုံစူးစိုက်နိုင်ရန် ယေရှု လှုံ့ဆော်တိုက်တွန်းပေးတော်မူခဲ့သည်။—ယောဟန် ၂၁:၁၅-၁၇။

၆။ အစောပိုင်းတွင် တပည့်တော်များဆန့်ကျင်ရမည့် ကျော့မိနိုင်စရာ အဘယ်အကြောင်းနှစ်ခုကို ယေရှုသတိပေးခဲ့သနည်း။

၆ အစောပိုင်းတွင် ယေရှုသည် မိမိ၏တပည့်တော်များအား လောက၏အစိတ်အပိုင်းမဖြစ်ရန် သတိပေးခဲ့သည်။ (ယောဟန် ၁၅:၁၉) တစ်ဦးပေါ်တစ်ဦး သခင်မပြုဘဲ ညီအစ်ကိုချင်းကဲ့သို့ အတူတကွလုပ်ဆောင်ကြရန်လည်း ဩဝါဒပေးခဲ့သည်။ (မဿဲ ၂၀:၂၅-၂၇; ၂၃:၈-၁၂) ကိုယ်တော်၏သြဝါဒကို သူတို့ နာခံကြပါသလော။ သူတို့အား ကိုယ်တော်အပ်နှင်းထားသော လုပ်ငန်းကို ရှေးဦးထားကြပါသလော။

၇၊ ၈။ (က) ယေရှု၏သြဝါဒကို ပထမရာစုခရစ်ယာန်များ နှလုံးပိုက်ကျုံးခဲ့ကြောင်း မှတ်တမ်းက မည်သို့ဖော်ပြသနည်း။ (ခ) ဝိညာဏရေးအရ ဆက်၍ သတိနှင့်စောင့်နေရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၇ တမန်တော်များအသက်ရှင်နေသရွေ့ အသင်းတော်ကို သူတို့ စောင့်ရှောက်ခဲ့ကြသည်။ ရှေးခရစ်ယာန်များသည် ရောမအင်ပါယာ၏နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်းမရှိခဲ့ကြောင်း၊ သူတို့တွင် ချီးမြှောက်ခံဓမ္မဆရာအတန်းအစား မရှိခဲ့ကြောင်း သမိုင်းကသက်သေထူသည်။ အခြားတစ်ဖက်တွင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကြောင်း ထက်သန်စွာကြေညာသူများဖြစ်ခဲ့ကြသည်။ ပထမရာစုအကုန်ပိုင်းတွင် ရောမအင်ပါယာတစ်ခွင်လုံးကို သက်သေခံပြီးသားဖြစ်ခဲ့ပြီး အာရှ၊ ဥရောပနှင့် မြောက်အာဖရိကတို့တွင် တပည့်ဖြစ်စေခဲ့ကြသည်။—ကောလောသဲ ၁:၂၃။

၈ သို့သော် ဟောပြောခြင်း၌ ထိုသို့သောအောင်မြင်မှုများကြောင့် ဝိညာဉ်ရေးအရနိုးကြားနေရန်မလိုတော့ဟု မဆိုလိုပါ။ ယေရှုကြိုပြောခဲ့သည့် မိမိကြွလာခြင်းသည် ကြာရှည်သည့်အနာဂတ်တွင်သာရှိသေးသည်။ အသင်းတော်သည် စီ.အီး. ဒုတိယရာစုသို့ရောက်လာသောအခါ ခရစ်ယာန်များ၏ဝိညာဉ်ရေးကို အန္တရာယ်ပြုသည့်အခြေအနေများ ပေါ်ပေါက်လာခဲ့သည်။ မည်သို့အားဖြင့်နည်း။

မစောင့်တော့သူများ

၉၊ ၁၀။ (က) တမန်တော်များကွယ်လွန်ပြီးနောက် ခရစ်ယာန်အခေါ်ခံသူများစွာသည် သတိနှင့်ဆက်မစောင့်နေကြောင်း အဘယ်အဖြစ်အပျက်များက ဖော်ပြသနည်း။ (ခ) ဤအပိုဒ်တွင်ကိုးကားထားသည့် အဘယ်ကျမ်းချက်များသည် ခရစ်ယာန်အခေါ်ခံသူများကို ဝိညာဏခွန်အားရှိမြဲရှိစေရန် အကူအညီဖြစ်နိုင်ခဲ့မည်နည်း။

၉ အသင်းတော်သို့ဝင်ရောက်လာသူအချို့တို့က မိမိတို့၏ဟောပြောခြင်းကို လောကအနေနှင့် ပိုမိုလက်ခံနိုင်ရန် မိမိတို့၏ယုံကြည်ချက်များကို ဂရိအတွေးအခေါ်ပညာ၏ အသုံးအနှုန်းများနှင့် ဖော်ပြရန်လိုအပ်သည်ဟု စတင်ယူမှတ်ကြသည်။ အဆုံးတွင် သုံးပါးတစ်ဆူနှင့်စိုးလ်မသေနိုင်စသည်တို့ကဲ့သို့သော တိတ္ထိအယူဝါဒများသည် ယိုယွင်းသည့် ခရစ်ယာန်ဘာသာ၏အစိတ်အပိုင်းဖြစ်လာခဲ့သည်။ ယင်းက အနှစ်တစ်ထောင်နှင့်ဆိုင်သောမျှော်လင့်ချက်ကို စွန့်လွှတ်စေသည်။ အဘယ့်ကြောင့်နည်း။ စိုးလ်မသေနိုင်ဟူသော အယူအဆကို လက်ခံသူသည် ခရစ်တော်အုပ်ချုပ်ရေးဆိုင်ရာကောင်းချီးများကို နာမ်ဝိညာဉ်လောကတွင် လူ့ခန္ဓာကိုယ်မှလွတ်မြောက်သွားမည့်စိုးလ်ကခံစားနိုင်သည်ဟု မှတ်ယူဖြစ်သည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်အာဏာဖြင့် ခရစ်တော်၏ရောက်ရှိနေခြင်းကို စောင့်မျှော်နေရန်အကြောင်းမရှိဟု သူတို့ယူမှတ်ကြသည်။—ဂလာတိ ၅:၇-၉; ကောလောသဲ ၂:၈; ၁ သက်သာလောနိတ် ၅:၂၁ နှိုင်းယှဉ်။

၁၀ ဤအခြေအနေသည် အခြားသောတိုးတက်ဖြစ်ပေါ်မှုများအားဖြင့် ထင်ရှားပေါ်လွင်လာခဲ့သည်။ မိမိတို့ကိုယ်ကို ခရစ်ယာန်ကြီးကြပ်မှူးများဟုဆိုသူအချို့တို့သည် မိမိတို့၏အသင်းတော်များကို မိမိတို့၏ထင်ပေါ်ကျော်ကြားမှုရယူရန်လမ်းကြောင်းအဖြစ် အသုံးပြုလာကြသည်။ မိမိတို့၏ကိုယ်ပိုင်အယူအဆများနှင့် သွန်သင်ချက်များသည် ကျမ်းစာ၏စံချိန်နှင့်တန်းတူဖြစ်သည် သို့မဟုတ် ပို၍ပင်သာလွန်ကောင်းမွန်သည်ဟု အဆိုပြုလာကြသည်။ အခွင့်အရေးကြုံလာသည့်အခါ ဤဖောက်ပြန်သောချာ့ချ်သည် လောကီတိုင်းနိုင်ငံ၏အကျိုးကိုလုပ်ဆောင်ရန်ပင် အသုံးခံခွင့်ပြုခဲ့သည်။—တမန်တော် ၂၀:၃၀; ၂ ပေတရု ၂:၁၊ ၃။

တိုး၍စောင့်နေခြင်း၏ ရလဒ်များ

၁၁၊ ၁၂။ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသည် အဘယ်ကြောင့် စစ်မှန်သောဝတ်ပြုရေး ပြန်ထမ်းဆောင်ခြင်းကို မှတ်သားမပြသနည်း။

၁၁ ၎င်းတို့၏ နှစ်ရာစုများစွာဆိုးဆိုးရွားရွားကျင့်ကြံမှုနောက်ပိုင်း ၁၆ ရာစုရောက်သောအခါ ပြန်လည်ထူထောင်ရေးသမားအချို့တို့သည် ယင်းလုပ်ရပ်များကို ထုတ်ဖော်ပြောဆိုလာကြသည်။ သို့သော် ယင်းသည် စစ်မှန်သောဝတ်ပြုရေးသို့ ပြန်လည်ဦးတည်ခြင်းကိုပြသည့် အမှတ်လက္ခဏာမဟုတ်ခဲ့ပါ။ အဘယ်ကြောင့်နည်း။

၁၂ အသီးသီးသောပရိုတက်စတင့်အုပ်စုများသည် ရောမဩဇာအောက်မှ လွတ်မြောက်ခဲ့ကြသော်လည်း သူတို့နှင့်အတူ အယူဖောက်ပြန်ခြင်း၏ အခြေခံသွန်သင်ချက်များနှင့် အကျင့်ဓလေ့များ—ဓမ္မဆရာ-ဒါယကာ အယူဝါဒ၊ သုံးပါးတစ်ဆူ၊ စိုးလ်မသေနိုင်ခြင်း၊ သေပြီးနောက်ထာဝရညှဉ်းဆဲခံရခြင်း စသည့်အယူဝါဒများကိုယုံကြည်ခြင်း—ပါလာကြသည်။ ရောမချာ့ချ်များနည်းတူ သူတို့သည် လောက၏အစိတ်အပိုင်းဆက်၍ဖြစ်နေကြပြီး နိုင်ငံရေးကိစ္စများနှင့် လက်ပွန်းတတီးရှိနေခဲ့ကြသည်။ ထို့ကြောင့် ဘုရင်အဖြစ် ခရစ်တော်ကြွလာမည်ဟူသောမျှော်လင့်ချက်ကို စွန့်ပယ်သည့်အဖြစ်သို့ ဦးတည်လာခဲ့ကြသည်။

၁၃။ (က) လူအချို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အမှန်တကယ်တန်ဖိုးထားကြောင်း အဘယ်အကြောင်းက တင်ပြသနည်း။ (ခ) ၁၉ ရာစုအတွင်း ခရစ်ယာန်အခေါ်ခံသူအချို့သည် အဘယ်အဖြစ်အပျက်ကို အထူးစိတ်ဝင်စားလာခဲ့သနည်း။ (ဂ) များစွာသောသူတို့သည် အဘယ်ကြောင့် စိတ်ပျက်ခဲ့ကြရသနည်း။

၁၃ သို့သော် တမန်တော်များသေပြီးနောက်တွင် (ဂျုံမျိုးစေ့ဖြင့်ကိုယ်တော်ပုံခိုင်းသော) ဘုရားသခင့်နိုင်ငံတော်အမွေခံအစစ်များသည် ခရစ်ယာန်အတုများ (သို့မဟုတ်၊ တောမျိုးစေ့များ) နှင့်အတူ ရိတ်သိမ်းချိန်ရောက်သည့်အထိ ဆက်လက်ရှင်သန်နေကြမည်ဟု ယေရှုကြိုပြောထားပါသည်။ (မဿဲ ၁၃:၂၉၊ ၃၀) ယနေ့ကျွန်ုပ်တို့သည် သခင်က ဂျုံမျိုးစေ့ဟုယူမှတ်သောသူ မည်၍မည်မျှရှိသည်ကို အတိအကျမသိနိုင်ပါ။ သို့သော် မှတ်သားစရာကား ၁၄၊ ၁၅ နှင့် ၁၆ ရာစုနှစ်များအတွင်း မိမိတို့၏အသက်နှင့်လွတ်လပ်မှုကိုစတေးကာ သာမန်လူများဖတ်နိုင်သည့်ဘာသာစကားသို့ သမ္မာကျမ်းစာကိုပြန်ဆိုခဲ့သူများရှိခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်ကပါဌ်တော်ဟုလက်ခံရုံမျှမက သုံးပါးတစ်ဆူသည် ကျမ်းစာနှင့်မညီဟု ငြင်းဆန်သူများလည်း ရှိခဲ့သည်။ အချို့ဆိုလျှင် စိုးလ်မသေနိုင်ခြင်းနှင့် မီးငရဲတွင်နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် လုံးဝကိုက်ညီမှုမရှိသောအယူဝါဒများအဖြစ် ငြင်းပယ်ခဲ့ကြသည်။ ၁၉ ရာစုနှစ်အတွင်းကလည်း သမ္မာကျမ်းစာကိုလေ့လာမှုတိုးပွားလာသည့်ရလဒ်အဖြစ် အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံများမှအုပ်စုများသည် ခရစ်တော်ပြန်လည်ရောက်ရှိမည့်အချိန် အလွန်နီးကပ်နေကြောင်း သူတို့၏ယုံကြည်ချက်ကို စတင်ဖော်ပြခဲ့ကြသည်။ သို့သော် သူတို့၏မျှော်လင့်ချက်အများစုသည် စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်နည်း။ အတိုင်းအတာတော်တော်များများတွင် သူတို့သည် သမ္မာကျမ်းစာအစား လူများကို အလွန်အမင်းယုံကြည်အားထားခဲ့ကြသောကြောင့်ဖြစ်သည်။

ဤသူတို့သည် သတိနှင့်စောင့်နေသူများဖြစ်ကြောင်း မည်သို့သက်သေထူ

၁၄။ စီ. တီ. ရပ်စယ်လ်နှင့် သူ၏အပေါင်းအဖော်အချို့အသုံးပြုခဲ့သည့် ကျမ်းစာလေ့လာနည်းကို ဖော်ပြပါ။

၁၄ သို့နှင့် ၁၈၇၀ ပြည့်နှစ်ရောက်သောအခါ ချားလ်စ်တေဇ်ရပ်စယ်လ်နှင့် သူ၏အပေါင်းအဖော်အချို့တို့သည် ပဲင်စီဘေးနီးယားပြည်နယ်၊ အလဂေနီတွင် အုပ်စုတစ်စုကိုဖွဲ့လိုက်သည်။ ထိုသူတို့သည် သူတို့လက်ခံခဲ့သောကျမ်းစာသမ္မာတရားအမြောက်အမြားကို ဦးဆုံးသိမြင်နားလည်လာကြသူများမဟုတ်ပါ။ သို့သော် လေ့လာမှုပြုစဉ် ပေးထားသည့်မေးခွန်းတစ်ခုနှင့်ပတ်သက်သော ကျမ်းချက်အားလုံးကို ဂရုတစိုက်စစ်ဆေးသည့်အလေ့အထပြုခဲ့ကြသည်။aသူတို့၏ဦးတည်ချက်မှာ လက်ခံထားပြီးသားအယူအဆကို ထောက်ခံသည့်ကျမ်းချက်များလိုက်ရှာရန်မဟုတ်ဘဲ အကြောင်းအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာပြောသမျှအားလုံးတို့နှင့် ကိုက်ညီသည့်ကောက်ချက်များကို မှန်မှန်ကန်ကန်ချနိုင်ရန်ဖြစ်သည်။

၁၅။ (က) ညီအစ်ကိုရပ်စယ်လ်အပြင် အခြားသူများသည် အဘယ်အရာကို သိရှိခဲ့သနည်း။ (ခ) ကျမ်းစာကျောင်းသားများသည် သူတို့နှင့်မတူကြောင်း မည်သည့်အရာကမှတ်သားပြသနည်း။

၁၅ သူတို့မတိုင်မီ အခြားသူအနည်းငယ်တို့က ခရစ်တော်သည် မျက်မြင်မရနာမ်ဝိညာဉ်အဖြစ်ဖြင့် ပြန်ရောက်ရှိလာမည်ကို သဘောပေါက်ခဲ့ကြသည်။ အချို့တို့က ခရစ်တော်ပြန်ကြွလာခြင်း၏ရည်ရွယ်ချက်သည် မြေကြီးကိုမီးရှို့ပြီး လူသားအားလုံးကိုသုတ်သင်ပစ်ရန်မဟုတ်ဘဲ မြေကြီးပေါ်ရှိမိသားစုအားလုံးကို ကောင်းချီးပေးရန်ဖြစ်သည်ဟု သိမြင်ခဲ့ကြသည်။ ၁၉၁၄ ခုနှစ်သည် တစ်ပါးအမျိုးသားကာလကုန်ဆုံးချိန်ကို အမှတ်သညာပြုမည်ဟု သဘောပေါက်ခဲ့ကြသူအချို့ပင်ရှိခဲ့သည်။ သို့သော် ညီအစ်ကိုရပ်စယ်လ်နှင့်ပေါင်းသင်းနေသော ကျမ်းစာကျောင်းသားများအတွက် ယင်းတို့သည် ဓမ္မပညာဆွေးနွေးခန်းအတွက် အချက်အလက်များထက်မက ပို၍အဓိပ္ပာယ်ရှိခဲ့သည်။ သူတို့သည် ဤသမ္မာတရားများဖြင့် ဝန်းရံသည့်အသက်တာကို တည်ဆောက်ခဲ့ကြပြီး ထိုအချိန်အတွင်း ယခင်တစ်ခါမျှမကြုံခဲ့ဖူးသည့်အတိုင်းအတာဖြင့် နိုင်ငံတကာလူသိရှင်ကြားဖြစ်အောင်ပြုခဲ့ကြသည်။

၁၆။ ၁၉၁၄ ခုနှစ်တွင် ညီအစ်ကိုရပ်စယ်လ်က “ကျွန်ုပ်တို့သည် စမ်းသပ်ရာကာလတွင် အသက်ရှင်နေကြ” ၏ဟု အဘယ်ကြောင့်ရေးသားခဲ့ရသနည်း။

၁၆ သို့တိုင် သူတို့သည် ဆက်၍သတိနှင့်စောင့်မျှော်ရန် လိုနေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဥပမာတစ်ခုအနေနှင့် ၁၉၁၄ ခုနှစ်သည် သမ္မာကျမ်းစာပရောဖက်ပြုချက်၏ မှတ်သားခြင်းခံရသောနှစ်ဖြစ်သော်လည်း ထိုနှစ်တွင် ဘာဖြစ်ပျက်မည်ကို သူတို့အသေအချာမသိခဲ့ကြချေ။ ယင်းက သူတို့အတွက်စမ်းသပ်မှုဖြစ်ခဲ့သည်။ ၁၉၁၄ ခု၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် မဂ္ဂဇင်းတွင် ညီအစ်ကိုရပ်စယ်လ် ဤသို့ရေးခဲ့သည်– “ကျွန်ုပ်တို့သည် စမ်းသပ်ရာကာလတွင် အသက်ရှင်နေကြကြောင်း သတိရကြစို့။ . . . သခင်နှင့် ကိုယ်တော့်သမ္မာတရားကို တစ်ဦးတစ်ယောက်ကစွန့်ခွာကာ သခင်အတွက် ပူဇော်ခြင်းကို ရပ်ဆိုင်းရန် အကြောင်းတစ်စုံတစ်ရာပေါ်လာခဲ့သော် ယင်းသည် သခင်၌စိတ်ဝင်စားမှုကိုလှုံ့ဆော်ပေးသော ဘုရားသခင်အားချစ်သည့်မေတ္တာက မဟုတ်ဘဲ အခြားတစ်စုံတစ်ခုကဖြစ်ရမည်; အချိန်သည်တိုတောင်းသည်ဟု ယူမှတ်ခဲ့ကြ၍ဖြစ်နိုင်သည်; ဆက်ကပ်အပ်နှံမှုသည် အချိန်ကာလတစ်ခုအတွက်သာဖြစ်ခဲ့သည်။”

၁၇။ အေ. အိပ်ချ်. မက္ခမီလန်နှင့် သူ့ကဲ့သို့သောသူအချို့သည် ဝိညာဏဟန်ချက် မည်သို့ဆက်လက်ရှိကြသနည်း။

၁၇ ထိုအချိန်က အချို့တို့သည် ယေဟောဝါ၏လုပ်ငန်းတော်ကို စွန့်လွှတ်ခဲ့ကြသည်။ သို့သော် ညီအစ်ကို အေ. အိပ်ချ်. မက္ခမီလန်ကမူ ထိုအထဲတွင်မပါခဲ့ချေ။ နောင်နှစ်အနည်းငယ်ကြာသောအခါ သူဤသို့ပွင့်လင်းစွာဝန်ခံခဲ့သည်– “တစ်ခါတလေ ရက်စွဲတစ်ခုခုနဲ့ပတ်သက်လို့ ကျွန်တော်တို့မျှော်လင့်တာဟာ ကျမ်းစာအာမခံထားတာထက်ပိုသွားတယ်။” သို့နှင့် ဝိညာဏမျှတမှုရှိရန် မည်သည့်အရာက သူ့အားအကူအညီဖြစ်စေခဲ့သနည်း။ သူပြောသည့်အတိုင်းဆိုလျှင် “ထိုမျှော်လင့်ချက်သည် မပြည့်စုံဘဲရှိသောအခါ ယင်းသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို မပြောင်းလဲစေပါ” ဟူ၍ သူသဘောပေါက်ထားသောကြောင့်ဖြစ်သည်။ သူ ဤသို့လည်းဆက်၍ပြောသေးသည်– “ကျွန်တော်တို့ဟာ ကိုယ့်အမှားတွေကိုဝန်ခံသင့်ပြီး ဉာဏ်အလင်းပိုထွန်းလင်းလာဖို့ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆက်ရှာဖွေဆည်းပူးသင့်တယ်။”bထိုကနဦးကျမ်းစာကျောင်းသားများသည် သူတို့၏ထင်မြင်ယူဆချက်ကို ဘုရားသခင့်နှုတ်ကပါဌ်တော်၏ပြုပြင်ချိန်ညှိမှုခံယူရန် နှိမ့်ချစွာပင် ကျမ်းစာကိုပြန်လည်စစ်ဆေးကြသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။

၁၈။ ခရစ်ယာန်သတိနှင့်ဆက်စောင့်နေခြင်းက လောက၏အစိတ်အပိုင်းမဖြစ်ခြင်းကိစ္စတွင် အဘယ်တိုး၍ကောင်းမွန်လာသောအကျိုးများကို ဖြစ်ပွားစေခဲ့ပြီနည်း။

၁၈ ထိုအချိန်နောက်ပိုင်းကာလတွင် သတိနှင့်စောင့်မျှော်ရန်လိုအပ်ခြင်းသည် ပေါ့လျော့မသွားပါ။ ခရစ်ယာန်များသည် လောက၏အစိတ်အပိုင်းမဖြစ်ရကြောင်း သူတို့သိကြသည်အမှန်။ (ယောဟန် ၁၇:၁၄; ယာကုပ် ၄:၄) ယင်းနှင့်အညီ သူတို့သည် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဘုရားနိုင်ငံတော်ဆိုင်ရာ နိုင်ငံရေးသရုပ်သကန်ဖြစ်သည်ဟုထောက်ခံသော ခရစ်ယာန်ဘောင်နှင့်လိုက်၍ ပါဝင်ခြင်းမပြုကြပါ။ သို့သော် ခရစ်ယာန်ကြားနေခြင်းအကြောင်းကို ရှင်းလင်းစွာသဘောပေါက်သည့် ၁၉၃၉ ခုနှစ်မတိုင်မီအထိ ထိုသို့မဟုတ်ခဲ့ပါ။—၁၉၃၉၊ နိုဝင်ဘာ ၁ ကင်းမျှော်စင် [လိပ်] ရှု။

၁၉။ အဖွဲ့အစည်းသည် သတိနှင့်စောင့်ခဲ့သောကြောင့် အသင်းတော်ကြီးကြပ်ကွပ်ကဲမှုတွင် အဘယ်အကျိုးများခံစားရသနည်း။

၁၉ ဟောပြောခြင်းအမှုကိုအသင်းတော်တွင်သာ မိမိတို့ပြုလုပ်အပ်သည်ဟု ယူမှတ်သော ရွေးချယ်ခံအကြီးအကဲအချို့ရှိခဲ့သော်လည်း သူတို့တွင် ဓမ္မဆရာအတန်းအစားဟူ၍ တစ်ခါမျှမရှိခဲ့ပါ။ သို့တစေ အဖွဲ့အစည်းသည် ကျမ်းစာနှင့်ညီညွတ်လိုသည့် ထက်သန်သောဆန္ဒဖြင့် အကြီးအကဲများ၏အခန်းကဏ္ဍကို ကျမ်းစာအသိပညာနှင့်အညီ ကင်းမျှော်စင် စာစောင်မှနေ၍ ထပ်ခါထပ်ခါပြန်လည်သုံးသပ်တင်ပြခဲ့သည်။ ကျမ်းစာတွင်ဖော်ပြထားချက်များနှင့်အညီ အဖွဲ့အစည်းလိုက် ပြုပြင်ပြောင်းလဲချက်များကို ပြုလုပ်ခဲ့သည်။

၂၀-၂၂။ ကြိုတင်ဟောထားသည့် ကမ္ဘာချီ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် အဖွဲ့အစည်းတစ်ခုလုံးကို မည်သို့တဖြည်းဖြည်း တိုး၍တည့်မတ်ပေးခဲ့သနည်း။

၂၀ အဖွဲ့အစည်းတစ်ခုလုံးကို ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင့်နှုတ်ကပါဌ်တော်ထင်ရှားဖော်ပြထားသည့်လုပ်ငန်းအား အပြည့်အဝကျေပွန်စွာလုပ်ဆောင်ရန် ပြုပြင်တည့်မတ်ခဲ့ရသည်။ (ဟေရှာယ ၆၁:၁၊ ၂) ကျွန်ုပ်တို့ခေတ်တွင် သတင်းကောင်းကို မည်သည့်အတိုင်းအတာအထိ ကြေညာရမည်နည်း။ “ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အားဟောပြောရမည်” ဟုယေရှုပြောခဲ့သည်။ (မာကု ၁၃:၁၀) လူ့ရှုထောင့်မှဆိုလျှင် ထိုလုပ်ငန်းသည် မဖြစ်နိုင်ဖွယ်ရာဖြစ်လေ့ရှိသည်။

၂၁ သို့သော် အသင်းတော်၏ဦးခေါင်း ယေရှုခရစ်ကို ယုံကြည်စိတ်ချမှုဖြင့် သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းစားသည် ရှေ့သို့ချီတက်ခဲ့သည်။ (မဿဲ ၂၄:၄၅) သူတို့သည် လုပ်ဆောင်ပြီးမြောက်ရမည့်လုပ်ငန်းကို ယေဟောဝါ၏လူများအား သစ္စာရှိစွာနှင့်တည်ကြည်မြဲမြံစွာ ညွှန်ပြခဲ့သည်။ ၁၉၁၉ ခုနှစ်မှစ၍ နောက်ပိုင်းတွင် လယ်ကွင်းဓမ္မအမှု၌ သိသာထင်ရှားသည့် တိုးတက်မှုများ ရှိလာခဲ့သည်။ တစ်အိမ်မှတစ်အိမ်သွား၍ သူစိမ်းများနှင့်စကားပြောရန် များစွာသောသူများအတွက် မလွယ်ကူခဲ့ပါ။ (တမန်တော် ၂၀:၂၀) သို့သော် (၁၉၁၉ တွင်) “မကြောက်တတ်သောသူများသည် ကောင်းချီးခံစားရ၊” (၁၉၂၁ တွင်) “ရဲစွမ်းသတ္တိရှိလော့” ကဲ့သို့သော လေ့လာသည့်ဆောင်းပါးများက ယေဟောဝါအား ယုံစားမှုနှင့်အတူ လုပ်ငန်းကိုစတင်ရန် အချို့သူတို့အား အကူအညီဖြစ်စေခဲ့သည်။

၂၂ ၁၉၂၂ ခုနှစ်တွင် “ဘုရင်နှင့်သူ၏နိုင်ငံတော်အကြောင်း ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” ဟူသောအပူတပြင်းတောင်းဆိုချက်က ဤလုပ်ငန်းကို ထိုက်တန်သည့်ထင်ပေါ်ကျော်ကြားမှုဖြစ်စေရန် လှုံ့ဆော်မှုပေးခဲ့သည်။ ၁၉၂၇ ခုနှစ်နှင့်နောက်ပိုင်းတွင် ကျမ်းပေးတာဝန်ကို လက်မခံသောအကြီးအကဲများသည် ဖယ်ရှားခြင်းခံခဲ့ရသည်။ ထိုအချိန်လောက်တွင် အသင်းမ၏ နယ်လှည့်ကိုယ်စားလှယ်များသည် ဒေသဆိုင်ရာလုပ်ငန်းတော်ဒါရိုက်တာများအဖြစ် ခန့်အပ်ခံရကြပြီး လယ်ကွင်းလုပ်ငန်းတွင် ကြေညာသူတစ်ဦးစီအား ညွှန်ကြားမှုပေးသည်။ လူတိုင်းရှေ့ဆောင်မလုပ်နိုင်သော်လည်း စနေတနင်္ဂနွေနေ့များတွင် များစွာသောသူတို့သည် လုပ်ငန်းတော်၌ တစ်နေကုန်ပါဝင်ကြသည်။ နံနက်စောစောတွင်စတင်ကြပြီး နေ့လည်စာစားရန် ခဏသာရပ်နားကာ ညနေပိုင်းအထိဆက်၍လုပ်ကြသည်။ ထိုအချိန်များသည် သီအိုကရက်တစ်တိုးတက်မှုဆိုင်ရာ ထူးခြားထင်ရှားသောအချိန်များဖြစ်ခဲ့ပြီး ယေဟောဝါသည် မိမိလူများအား မည်သို့ဦးဆောင်ခဲ့ကြောင်းကို ကျွန်ုပ်တို့ပြန်လည်သုံးသပ်ခြင်းမှ များစွာအကျိုးဖြစ်ထွန်းသည်။ ကိုယ်တော်သည် ထိုသို့ပင်ဆက်၍ ဦးဆောင်နေတော်မူပြီး ကိုယ်တော်၏ကောင်းချီးအားဖြင့် တည်ထောင်ပြီးသော နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းသည် အောင်မြင်စွာ နိဂုံးချုပ်မည်ဖြစ်သည်။

အသင် သတိနှင့်ဆက်စောင့်နေသလော

၂၃။ ခရစ်ယာန်မေတ္တာနှင့် လောကနှင့်မစပ်ဆိုင်ခြင်းကိစ္စတွင် ကျွန်ုပ်တို့တစ်ဦးစီသည် သတိနှင့်ဆက်စောင့်နေကြောင်း မည်သို့တင်ပြနိုင်သနည်း။

၂၃ ယေဟောဝါ၏ညွှန်ကြားမှုကိုတုံ့ပြန်သောအားဖြင့် ကိုယ်တော့်အဖွဲ့အစည်းသည် လောက၏အစိတ်အပိုင်းဖြစ်ကြောင်း မှတ်သားဖော်ပြသည့် အကျင့်အကြံများနှင့် စိတ်နေသဘောထားများ၊ ယင်းတို့ကြောင့် လောကနှင့်အတူ ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်များကို ကျွန်ုပ်တို့အား ဆက်၍သတိပေးနှိုးဆော်နေလျက်ရှိသည်။ (၁ ယောဟန် ၂:၁၇) ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်လည်း ယေဟောဝါ၏လမ်းညွှန်မှုကို တုံ့ပြန်သောအားဖြင့် သတိနှင့်စောင့်ရန် လိုအပ်သည်။ အတူတကွနေထိုင်လုပ်ကိုင်တတ်ရန်ကိုလည်း ကျွန်ုပ်တို့အားယေဟောဝါညွှန်ကြားတော်မူသည်။ ခရစ်ယာန်မေတ္တာသည် မည်သို့အဓိပ္ပာယ်ရှိကြောင်းကို ကျွန်ုပ်တို့နားလည်သည်ထက်နားလည်လာစေရန် ကိုယ်တော့်အဖွဲ့အစည်းက အကူအညီပေးလာခဲ့သည်။ (၁ ပေတရု ၄:၇၊ ၈) သတိနှင့်ဆက်စောင့်နေကြခြင်းငှာ အချင်းချင်းတို့၏မစုံလင်မှုများကြား ယင်းသြဝါဒကို လက်တွေ့ကျင့်သုံးရန် စိတ်အားထက်သန်စွာကြိုးစားဖို့ လိုပါသည်။

၂၄၊ ၂၅။ အဘယ်အရေးကြီးအလေးပေးရာများတွင် ကျွန်ုပ်တို့သတိနှင့်စောင့်နေသင့်ပြီး အဘယ်မျှော်လင့်ချက်ရှိထား၍ ထိုသို့ပြုခြင်း ဖြစ်သနည်း။

၂၄ သစ္စာနှင့်သတိပညာရှိကျေးကျွန် ဤသို့မှန်မှန်သတိပေးခဲ့ပြီ– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။” (သု. ၃:၅) “မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။” (၁ သက်သာလောနိတ် ၅:၁၇) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အခြေပြု၍ ဆုံးဖြတ်တတ်ကြရန်၊ ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ‘ကျွန်ုပ်တို့ခြေရှေ့မှာမီးခွက်ဖြစ်စေ၍ ကျွန်ုပ်တို့လမ်းခရီးကို လင်းစေရန်’ ကျွန်ုပ်တို့အားသြဝါဒပေးထားသည်။ (ဆာလံ ၁၁၉:၁၀၅) ကျွန်ုပ်တို့ခေတ်တွင်ဆောင်ရွက်လိမ့်မည်ဟု ယေရှုကြိုတင်ဟောထားသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ကျွန်ုပ်တို့အသက်တာတွင်ရှေးဦးထားကြရန် မေတ္တာပါစွာဖြင့် ကျွန်ုပ်တို့အားတိုက်တွန်းထားသည်။—မဿဲ ၂၄:၁၄။

၂၅ မှန်ပါသည်။ သစ္စာနှင့်သတိပညာရှိသောကျေးကျွန်သည် အမှန်ပင် သတိနှင့်စောင့်မျှော်နေသည်။ ကျွန်ုပ်တို့တစ်ဦးစီသည်လည်း သတိနှင့်စောင့်မျှော်နေကြရန်လိုအပ်သည်။ ထိုသို့နေခြင်း၏ရလဒ်အနေနှင့် တရားစီရင်ရန် လူသားကြွမလာမီအချိန်တွင် လူသားရှေ့ မျက်နှာသာရအနေအထားဖြင့် ရပ်တည်သူများထဲ၌ ကျွန်ုပ်တို့အပါအဝင်ဖြစ်နိုင်ကြပါစေ။—မဿဲ ၂၄:၃၀; လုကာ ၂၁:၃၄-၃၆။

[အောက်ခြေမှတ်ချက်များ]

a အေ. အိပ်ချ်. မက္ခမီလန်ရေးသည့် ယုံကြည်ခြင်းချီတက်ပွဲ၊ ပရဲင်တစ္စဟောလ် ကော်ပိုရေးရှင်းအဖွဲ့၊ ၁၉၅၇၊ စာမျက်နှာ ၁၉-၂၂။

b ၁၉၆၆၊ ဩဂုတ် ၁၅ ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၅၀၄-၁၀ ရှု။

ပြန်လည်သုံးသပ်ရာတွင်

◻ မဿဲ ၂၄:၄၂ တွင်ဖော်ပြထားသည့်အတိုင်း အဘယ်ကြောင့်သတိနှင့်ဆက်စောင့်နေရန်လိုအပ်သနည်း။

◻ ယေရှုနှင့် ကိုယ်တော်၏ ပထမရာစုတပည့်နောက်လိုက်များသည် ဝိညာဏရေးအရ မည်သို့သတိနှင့်စောင့်နေခဲ့ကြသနည်း။

◻ ၁၈၇၀ ပြည့်နှစ်ကတည်းက ယေဟောဝါသက်သေများသည် သတိနှင့်စောင့်ခဲ့သောကြောင့် အဘယ်အဖြစ်အပျက်များ ပေါ်ထွန်းခဲ့ပြီနည်း။

◻ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် သတိနှင့်စောင့်နေကြောင်း အဘယ်အရာက သက်သေထူမည်နည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခမည်းတော်အပ်နှင်းထားသည့်လုပ်ငန်းတွင် ယေရှုအလုပ်များနေတော်မူသည်။ လှိုက်လှဲစွာလည်း ဆုတောင်းတော်မူခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သူ၏နောက်ပိုင်းနှစ်များတွင်ရှိ ချားလ်စ် တေဇ် ရပ်စယ်လ်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူ ၄,၇၀၀,၀၀၀ ကျော်တို့သည် ကမ္ဘာအနှံ့တွင် တက်ကြွလှုပ်ရှားနေကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ