မာလာဝီမှသတင်းကောင်း!
၁၉၉၃ ခု၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အရှေ့တောင်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် မာလာဝီ၌ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းသည် တရားဝင်မှတ်ပုံတင်ခြင်းခံရသည်။ ယင်းက ယေဟောဝါသက်သေများအား ကျမ်းစာသမ္မာတရားများကို မာလာဝီနိုင်ငံသားတို့အား ဟောပြောရန် တရားဝင်အသိအမှတ်ပြုခံရခြင်းနှင့် လွတ်လပ်မှုကို ရရှိစေသည်။
လွန်ခဲ့သည့် ၁၉၄၈ ခုနှစ်က မာလာဝီရှိ ယေဟောဝါသက်သေတို့၏ လုပ်ငန်းကို စီမံညှိနှိုင်းရန် ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးကို တည်ထောင်ခဲ့သည်။ ၁၉၅၇ ခု၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကင်းမျှော်စင်အသင်းသည် ပထမဆုံးအကြိမ် မှတ်ပုံတင်ခြင်းခံခဲ့ရသည်။ ယေဟောဝါသက်သေတို့သည် အလျင်အမြန်တိုးပွားခြင်း၌ နှစ်ပေါင်းအတော်များများ ပျော်မွေ့ခဲ့ကြသည်။ သို့သော် ၁၉၆၄ ခုနှစ်တွင် ပြင်းထန်သည့်နှိပ်စက်ညှဉ်းပန်းခြင်း စတင်ကျရောက်ခဲ့သည်။ အဘယ်ကြောင့်နည်း။
ဘုရားသခင်ကိုနာခံသောအားဖြင့် ယေဟောဝါသက်သေများသည် နိုင်ငံရေးတွင် မတိမ်းမယိမ်းကြားနေခဲ့ကြသည်။ (ယောဟန် ၁၇:၁၆) အချို့တို့က ကျမ်းစာဆိုင်ရာဤအနေအထားကို ကောင်းစွာနားမလည်ဘဲ သက်သေခံများအား အစွန်းရောက်ဘာသာ၊ ရာဇဝတ်ကောင်များဟု အလွဲဖော်ပြကြသည်မှာထင်ရှားသည်။ သို့နှင့် အချို့တို့က ငြိမ်းချမ်းရေးမြတ်နိုးသော ဤခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခြင်းသည် တရားမျှတမှုရှိသည်ဟု ယူမှတ်ကြသည်။ သက်သေခံများစွာတို့သည် အလုပ်ဖြုတ်ခံရ၊ အရိုက်အနှက်ခံရပြီး အချို့တို့မူ အရှက်ခွဲခံရကြသည်။ အချို့တို့သည် မိမိတို့၏သားသမီးများနှင့် တကွဲတပြားဖြစ်အောင် အတင်းအကျပ်ပြုခြင်းခံရကြသည်။
၁၉၇၂ ခုနှစ်တွင် သက်သေခံ ၃၀,၀၀၀ ကျော်နှင့် သူတို့နှင့် ကျမ်းစာလေ့လာနေသူ အချို့တို့သည် အသက်ဘေးအန္တရာယ်ကြောင့် ထိုနိုင်ငံမှထွက်ခွာသွားကြရသည်။ ထောင်ပေါင်းများစွာတို့သည် အိမ်နီးချင်းမိုဇမ်ဘစ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အခြေချကြသည်။ သို့သော် ၁၉၇၅ ခုနှစ်တွင် ထိုဒုက္ခသည်များသည် သာ၍ပြင်းထန်သည့်ညှဉ်းပန်းမှုကိုခံရသော မာလာဝီသို့ ပြန်ပို့ခြင်းခံရကြသည်။ များစွာတို့သည် ချွေးတပ်စခန်းများထဲထည့်ခြင်း ခံရကြသည်။ ဤဒုက္ခမွှေနှောက်မှုများကြားတွင် ကင်းမျှော်စင်အသင်းသည် မာလာဝီနိုင်ငံရှိ တရားဝင်အဖွဲ့အစည်းများစာရင်းမှ ပယ်ဖျက်ခံလိုက်ရသည်။ ထိုအချိန်မှစ၍ ယေဟောဝါသက်သေများနှင့် သူတို့၏တရားဝင်အဖွဲ့အစည်းများ ပိတ်ပင်ခံရတော့သည်။
ဤအဖြစ်အပျက်များကြားမှပင် သက်သေခံများသည် လက်တုံ့မပြန်ကြပါ။ အစိုးရကို ဆန့်ကျင်ပြောဆိုရန် အုပ်စုဖွဲ့ခြင်း သို့မဟုတ် ဆူပူလှုပ်ရှားခြင်းများကို မလုပ်ကြပါ။ ယင်းသို့ပြုမည့်အစား သူတို့သည် “အစိုးရသောမင်းအာဏာစက်” အား လျောက်ပတ်သည့် ရိုသေလေးစားမှု တင်ပြရန်ဟူသော မိမိတို့၏ခရစ်ယာန်တာဝန်ကို ဆုတောင်းခြင်းနှင့်တကွ ဆက်လက်ထိန်းသိမ်းကြသည်။ (ရောမ ၁၃:၁-၇; ၁ တိမောသေ ၂:၁၊ ၂) သက်သေခံများသည် သမ္မာကျမ်းစာတွင် ချမှတ်ထားသော ခရစ်ယာန်အသက်တာဆိုင်ရာ မြင့်မားသည့်စံချိန်များကို ကိုင်စွဲထားကြခြင်းအားဖြင့် ပြုမူကျင့်ကြံပုံတွင် အကောင်းဆုံးပုံသက်သေကို တင်ပြကြသည်။
မာလာဝီရှိ ယေဟောဝါသက်သေတို့သည် သူတို့အသစ်ခံစားရရှိသော လွတ်လပ်မှုနှင့်အတူ ကျမ်းဆိုင်ရာသမ္မာတရားကို “အချိန်ရှိ” စဉ်အခါ အရေးတကြီးဆက်၍ဟောပြောနေကြရန် စိတ်ပိုင်းဖြတ်ထားကြသည်။—၂ တိမောသေ ၄:၂။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
၁၉၆၀ ပြည့်လွန်နှစ်များက မာလာဝီဗေသလမိသားစုနှင့်အတူ အယ်မ်. ဂျီ. ဟင်ရှယ်လ်